Showing posts with label Migration. Show all posts
Showing posts with label Migration. Show all posts

ဘန်ကောက်အနီး ဆောက်လုပ်ဆဲတိုက်ပြိုကျ ၊ ၃ ဦး သေဆုံး

Tuesday, August 12, 2014 0 comments

 ~



ဘန်ကောက်နဲ့ သိပ်မဝေးတဲ့ နေရာတခုမှာ တနင်္လာညနေပိုင်းက ဆောက်လက်စ ၆ ထပ်တိုက် ပြိုကျတဲ့အတွက် ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့  သိရပါတယ်။ 



  • ဓာတ်ပုံများ   - www.bangkokpost.com


ရေနွေးပူလောင်းခံရသူကို ဒေါ်လာတသိန်းကျော် လျော်ကြေးပေးရမယ်

Wednesday, July 2, 2014 0 comments

 ~


ထိုင်းနိုင်ငံမှာ ရေနွေးပူလောင်းနှိပ်စက်ခံခဲ့ရတဲ့ ကရင်ကလေးငယ်ကို ဘတ် ၄.၆ သန်း (ဒေါ်လာ တသိန်းခွဲနီးပါး) လျော်ကြေးပေးဖို့ ကန်ဖဲ့ပက် တရားရုံးက ဆုံးဖြတ်လိုက်တယ်။
နှိပ်စက်တဲ့ ထိုင်းအလုပ်ရှင် လင်မယားကတော့ လွတ်နေတုန်း။

Thai reporters photograph a 12-year-old Karen girl who suffered extreme abuse at the hands of a Thai couple last year. The Thai prosecutor has thus far failed to open a criminal case against the perpetrators. (Photo: Pattaya Daily News)

ကလေးရဲ့ အကျိုးဆောင်ရှေ့နေတွေကတော့ ဒီလျော်ကြေးရဖို့အတွက် ဒီလင်မယားရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို စုံစမ်းပါလိမ့်မယ်။

ဒီလင်မယားမှာ ဒီငွေပမာဏကို ပေးလျော်နိုင်တဲ့ ဥစ္စာဓန ရှိမရှိ ဆိုတာကတော့ မသိရသေးပါ။

ရဲတပ်ဖွဲ့က သူတို့ကို စုံစမ်းရှာဖွေနေတာလည်း အရာမရောက်သေးပါဘူး။

အသက် ၁၂ နှစ်အရွယ် ဒီကလေးနဲ့ အင်တာဗျူးကို http://blog.irrawaddy.org/2013/02/blog-post_2293.html မှာ ဖတ်နိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ နှိပ်စက်တဲ့ အဲဒီလင်မယားလက်ကနေ ထွက်ပြေး လွတ်မြောက်ခဲ့တာပါ။

ဒီလင်မယားကို ကလေးသူငယ်နှိပ်စက်ညှဉ်းပန်းမှု၊ ကလေးအလုပ်သမားအမှု၊ တရားမဝင် ထိန်းသိမ်းမှုတို့နဲ့ အရေးယူခဲ့ပါသေးတယ်။
အမှုတွေ ကြီးပေမယ့် သူတို့ကို အာမခံ ပေးလိုက်ပါတယ်။ ခုတော့ သူတို့ ထွက်ပြေးနေဆဲပါ။

ကလေးကိုတော့ ကန်ဖန်ပက်မှာပဲ အစိုးရက ဂရုစိုက်ထားတယ်။ ဘန်ကောက်က Mahidol University’s Ramathibodi  လို့ ခေါ်တဲ့ ဆေးရုံက ခေါ်ရင်တော့ သွားရောက် ကုသမှု ခံယူရတယ်လို့ ဆိုတယ်။
သူ့မိဘကလည်း ကန်ဖန်ပက်မြို့မှာပဲ အလုပ်လုပ်နေတယ်လို့ ဆိုတယ်။

ဒီကလေးရဲ့ လက်က အတော်လေး ပျက်စီးသွားတယ်။
အရွယ်ရောက်လာရင် သူ ကိုယ်ဝန်ဆောင် ကလေးမွေးနိုင်ပေမယ့် သူ့ကလေးကို နို့တိုက်နိုင်မယ်မဟုတ်ဘူးလို့ ဆိုပါတယ်။
နှိပ်စက်မှုက အဲဒီလောက်အထိ ပြင်းထန်ပါတယ်။

မူရင်းသတင်းအပြည့်အစုံက ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာမှာ ဒီညနေပိုင်း တက်လာတာ ဖြစ်ပါတယ်။

  ဆုံးဖြတ်လိုက်တဲ့ လျော်ကြေးပမာဏက  ဒေါ်လာတသိန်းခွဲနီးပါး ရှိပါတယ်။ ဒါဟာ မြန်မာငွေ သိန်း ၁,၅ဝဝ နီးပါး ရှိပါတယ်။
ဒီဒဏ်ရာတွေကို သူ့ဘ၀တလျှောက်လုံး လိုအပ်သလို ကုသမှု ခံယူဖို့၊ သူ့ရဲ့ မူရင်းအနေအထား ပျက်စီးမှု တို့အတွက် သတ်မှတ်တဲ့ လျော်ကြေး ဖြစ်ပါလိမ့်မယ်။

ဒီလို တရားစီရင်မှုဟာ ဥပဒေချိုးဖောက်သူတွေကို တရားဥပဒေကြောင်းအရ အရေးယူရေး ဆောင်ရွက်ကြဖို့ တိုက်တွန်းချက်လည်း ဖြစ်နေပါတယ်။

   

http://www.irrawaddy.org/burma/thai-court-awards-abused-karen-girl-140k-compensation.html
 


.

ထိုင်းနိုင်ငံတွင်းအဖမ်းအဆီးနဲ့ မြန်မာအလုပ်သမားများ

Saturday, June 21, 2014 0 comments

 ~




ဒီတပတ်မှာတော့ ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်း အလုပ်သမားတွေ အပါအ၀င် နိုင်ငံခြားသား အလုပ်သမားတွေ ဖမ်းဆီးပြီး နေရပ်ရင်း ပြန်ပို့တာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဧရာဝတီ ၀ိုင်းတော်သားတွေက သုံးသပ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျနော်ကတော့ ဧရာဝတီသတင်းဌာနရဲ့ သတင်းထောက် လင်းသန့်ဖြစ်ပြီး ကျနော်နဲ့အတူ ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ ဧရာဝတီ ၀ိုင်းတော်သားတွေဖြစ်တဲ့ ကိုရန်ပိုင်နဲ့ ကိုကျော်ခတို့ပဲ ဖြစ်ပါတယ်။

လင်းသန့်။       ။ အခု ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လကပဲ စစ်အာဏာ သိမ်းပြီးတဲ့နောက်ကွယ်မှာ အလုပ်သမားတွေ အထူးသဖြင့်တော့ ရွေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးမှုတွေ ဆက်တိုက်ကိုဖြစ်လာတယ်။ ဒီလို ဆက်တိုက်ဖြစ်လာတဲ့အခါမှာ တရားဝင် အလုပ်သမားတွေကော၊ တရားမ၀င် အလုပ်သမားတွေကော တော်တော်များများကို ထိုင်း အာဏာသိမ်း စစ်ကောင်စီက စီမံချက်ချပြီးတော့ ဖမ်းဆီးမှုတွေက အရှိန်မြင့်လာတယ်။ အဲဒီအထဲမှာ အများဆုံး အဖမ်းခံရတာတော့ မြန်မာနိုင်ငံသားတွေပေါ့လေ။ ထိုင်းနိုင်ငံမှာ လာအိုတို့၊ ကမ္ဘောဒီးယားတို့ အိမ်နီးချင်း နိုင်ငံတွေကနေပြီးတော့ ရေကြည်ရာ မြက်နုရာ လုပ်အားခပိုရတဲ့ ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်ကြနေရင်းနဲ့ မြန်မာနိုင်ငံသားတွေကတော့ အများဆုံး ရှိတာပေါ့။
အခု ဖမ်းဆီးရရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ တချို့ဆို တရားဝင် အလုပ်သမားတွေ ဖြစ်သလို၊ တချို့လည်းပဲ တရားမ၀င် အလုပ်သမားတွေ ဖြစ်နေတာ တွေ့ရတယ်။
 ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာ၊ ဒုက္ခရောက်တာတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေကလည်းပဲ ၀ိုင်းဝန်းကြိုးစားနေတာတွေ တွေ့ရတယ်။
 ဒါပေမယ့်လို့ သူတို့အားမရဖြစ်နေတဲ့ အချက်ကတော့ မြန်မာသံရုံးက ဘယ်လောက်အထိ လုပ်ပေးနိုင်သလဲ၊ ဘယ်လို အကာအကွယ်တွေ ပေးနေသလဲ။
ဒီနေ့ မနက်မှာပဲ ဖမ်းဆီးခံ အလုပ်သမားတွေရဲ့ ကိစ္စကို ကူညီပေး၊ ဖြေရှင်းပေးဖို့ တာဝန်ပျက်ကွက်နေတယ်၊ အားနည်းချက်တွေ ရှိနေတယ်ဆိုပြီးတော့ မြန်မာသံရုံးမှာ ဆန္ဒပြမှုတခု ဖြစ်သွားတာ တွေ့ရတယ်။ ကိုကျော်ခ အဲကိစ္စတွေကို နည်းနည်းရှင်းပြပါဦးဗျ။

ကျော်ခ။                   ။ ဟုတ်တယ်။ အခု လတ်တလော စီမံချက်ပုံစံမျိုးနဲ့ ဖမ်းနေတဲ့အထဲမှာ တရားမ၀င် အလုပ်သမားတွေ ပါသလို၊ တရားဝင် အလုပ်သမားတွေလည်း ပါတယ်ပေါ့။
 အထောက်အထား အပြည့်အစုံရှိတဲ့ အလုပ်သမားတွေကိုပါ ဖမ်းဆီးနေတယ် ဆိုပြီးတော့မှ သူကပြောတာပေါ့လေ။
အဲလို ဖမ်းဆီးနေတဲ့အပေါ်မှာ မြန်မာသံရုံး အနေနဲ့ လုံးဝကို အထောက်အကူ မပေးဘူး။ အလုပ်သမားတွေဘက်က ဖြေရှင်းချက် ဘာမှလုပ်မပေးဘူး ဆိုပြီးတော့ ဆန္ဒပြတာပေါ့ အဲဒီတယောက်က၊ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ သူကနေပြီးတော့ တကိုယ်တော် သွားပြီးတော့ ဆန္ဒပြတာပေါ့၊ ဆန္ဒဖော်ထုတ်တာပေါ့။ အဲဒီမှာတော့ သူ့ကိုတော့ သံရုံးကနေပြီး ခေါ်ပြီးတွေ့တယ်။ တွေ့တဲ့အချိန်မှာ သူက ပြောပြတယ်။ သူက မြန်မာ အလုပ်သမားတွေကို ဖမ်းဆီးပြီးတော့ ထိုင်းရဲတွေက ငွေညှစ်တယ်။ နောက်ပြီးတော့ အထောက်အထားရှိရဲ့နဲ့ ပိုက်ဆံပေးနေရတယ် ဆိုတဲ့ ဟာမျိုးတွေမှာ အဲဒီအထောက်အထားတွေကို မျက်မြင်သက်သေနဲ့ ဗွီဒီယိုနဲ့ ဓာတ်ပုံနဲ့ဟာတွေကိုလည်း သူ့အနေနဲ့ သံရုံးကို အရေးယူပေးဖို့ အထောက်အထားအနေနဲ့ ပေးတယ်။ ဒါပေမယ့် သံရုံးက ဒီဟာကို လုံးဝကို Action လုပ်ပေးတာ တခုမှကို မရှိဘူး။ လိုက်ပါဆောင်ရွက်ပေးတာ လုံးဝမရှိဘူး။
သူ့တို့ပို့တာက ပို့တာရှိပေမယ့် သံရုံးက လုံးဝကို နှုတ်ဆိတ်ငြိမ်သက်နေတဲ့အတွက်ကြောင့် သူကိုယ်တိုင် သံရုံးရှေ့မှာ လာပြီးတော့ အခုလို ဆန္ဒဖော်ထုတ်ရတာ ဆိုပြီးတော့မှ သူ ဆန္ဒပြသွားတာပေါ့လေ။

လင်းသန့်။       ။ မနေ့ကပဲ ကျနော်သိတာက မြန်မာသံရုံးက သံအရာရှိက လက်ရေးမူနဲ့ပေါ့ဗျာ။ ကြေငြာချက်တစောင် ထုတ်ပြန်ထားတာ တွေ့ရတယ်ဗျ။ ထူးထူးခြားခြား လက်ရေးမူဆိုတော့ တော်တော်တော့ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေပေါ့။ အကြောင်းကြားပေါ့ အဖမ်းဆီးခံရတယ်၊ တရားဝင် အလုပ်သမားပဲဖြစ်ဖြစ်၊ တရားမ၀င် အလုပ်သမားပဲဖြစ်ဖြစ် အဖမ်းဆီးခံရတယ်၊ အခက်အခဲဖြစ်တယ်ဆိုရင် ဒီဖုန်းနံပါတ်တွေကို ဆက်သွယ်ပါလို့တော့ ပြောတယ်။ အဲ့ဒါတွေကို မြန်မာအလုပ်သမားတွေ ဘယ်လောက်သိသလဲ။ မြန်မာသံရုံးရဲ့ ထုတ်ပြန်ကြေငြာချက်ကိုကော မြန်မာအလုပ်သမားတွေ ဘယ်လောက်သိသလဲ။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသား အလုပ်သမား အများစု ၈၅ ရာခိုင်နှုန်းက မြန်မာအလုပ်သမားတွေလို့ ပြောလို့ရတယ်။ ကျနော်တို့ လေ့လာစစ်တမ်း ကောက်ချက်တွေအရ သိရတာကတော့ ၃ သန်းနီးပါးလောက် ရှိတယ်လို့ သိရတယ်။ ဟုတ်ပီ မြန်မာနိုင်ငံသားတွေ အတွက်ကကော သံရုံးက ထုတ်တဲ့စာက ဘယ်လောက်အထိ ထိရောက်မှုတွေ ရှိမလဲ။

ကျော်ခ။                   ။ ခုနကပြောတဲ့အထဲမှာ ပါသွားပြီ။ ဒီအလုပ်သမားတွေအတွက် သတိချပ်ဖို့အတွက် တရားဝင် လက်မှတ်တွေရှိနေတယ်၊ စာအုပ်စာတမ်းတွေ ရှိနေရက်သားနဲ့ ဖမ်းရင် သံရုံးကိုလာပြောပါဆိုပြီး ရေးပြီးတော့ကို ပို့လိုက်တဲ့စာကိုက သံရုံးအနေနဲ့ ဒီလို လက်ရေးမူနဲ့ ထုတ်တယ်ဆိုထဲက စဉ်းစားကြည့် လက်ရေးမူနဲ့ထုတ်ပြီး အဲလိုပို့တယ်။ အဲဒီဟာကလည်း ဘယ်လောက်အထိ ပြန့်နှံ့သလဲဆိုတာလည်း မူတည်သေးတယ်။ ဥပမာ သူတို့က ဘယ်လောက်ပဲ အလုပ်သမားတွေကို သိစေချင်တဲ့ ဆန္ဒ၊ ကိုယ့်နိုင်ငံက အလုပ်သမားတွေ ဒုက္ခမရောက်အောင် သိစေချင်တဲ့ ဆန္ဒရှိရင် မီဒီယာ အဖွဲ့အစည်းတွေ ဒါမှမဟုတ် ထိုင်းနိုင်ငံထဲမှာ လုပ်ဆောင်နေတဲ့ အလုပ်သမားရေး အဖွဲ့အစည်းတွေ အဲလို နီးစပ်ရာ အဖွဲ့အစည်းတွေကနေပြီးတော့မှ ကြိုတင်ပြီးတော့ ကြော်ငြာပေးရမှာပေါ့နော်။ အခုလို ကိုယ့်နဲ့နီးစပ်တဲ့ တဦးတလေဆီက တင်တယ်ဆိုတော့ ဒါတောင်မှ Facebook လိုဟာမျိုးက အရမ်းကျယ်ပြန့်နေလို့ သိလာတဲ့ပုံစံမျိုးပေါ့လေ။ တကယ့် တကယ်ဆိုရင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့ အင်အားက နည်းနေတယ်။

လင်းသန့်။       ။ ဟုတ်ပြီ။ အခုဟာက မြန်မာအလုပ်သမားတင်မကဘူး။ ထိုင်းမှာဖြစ်တာက ကျနော်သတိထားမိတာက နိုင်ငံခြားသား အလုပ်သမား တော်တော်များများက ထိုင်းမှာရှိကြတာကိုး။ အခု နိုင်ငံခြားသား အလုပ်သမားတွေထဲမှာ ထူးထူးခြားခြားပဲဗျာ ဖမ်းတာဆီးတာတွေ ရှိနေသလို၊ ကမ္ဘောဒီးယား အလုပ်သမားတွေလည်း တော်တော်များများ ပြန်သွားပြီ၊ သိန်းနဲ့ချီသွားပြီနော်။ အဲ့ဒါနဲ့ပတ်သက်လို့ကော ကိုရန်နိုင် ဘာတွေသိထားသေးလဲ။

ရန်နိုင်။           ။ ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံက လာအလုပ်လုပ်နေကြတဲ့ အလုပ်သမား တော်တော်များများကို သံဒေါက်လို့ ခေါ်ကြတာပေါ့။ အခု သံဒေါက်တွေကို ဖမ်းရယ်၊ ဆီးရယ်လုပ်တဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို ကျနော်တို့ စကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ မေလ ၂၂ ရက်နေ့ပေါ့နော်။ ထိုင်းစစ်တပ်က အာဏာသိမ်းတဲ့နေ့က စပြီးကြည့်ရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အာဏာသိမ်းလိုက်တဲ့အခါမှာ အကြိုက်တဲ့လူတွေ အထူးသဖြင့် အရင် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က ကမ္ဘောဒီးယားကနေ အခြေစိုက်ပြီး အခု လက်ရှိ ထိုင်းစစ်တပ်ကို ပုန်ကန်မယ်၊ ဆန့်ကျင်မယ်ဆိုတဲ့ အကြောင်းအရာတွေကလည်း ကောလဟာလတွေရော၊ အကုန်လုံး ထုတ်ပြောတာတွေရော ရှိလာတဲ့အခါမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား အနည်းငယ် တင်းမာလာကြတယ်ပေါ့။
တင်းမာလာတဲ့ အချိန်မှာ နောက်တခုက စစ်အုပ်ချုပ်ရေး ၀င်ပြီးဆိုကတည်းက ဘာပဲပြောပြောပေါ့ တရားဥပဒေ စိုးမိုးရေးကို သူတို့အရင်လုပ်ရတော့မယ်။ လက်နက်ပုန်း ရှာရမယ်။ မူးယစ်ဆေး ရှာရမယ်။ နောက်ပြီးတော့ တရားမ၀င် အလုပ်လုပ်နေတဲ့ အလုပ်သမားတွေနဲ့ ပတ်သက်လို့ သူကိုင်တွယ်ရတော့မယ်။ အဲဒီကျရင် စစ်ရယ် ဆေးရယ် ဖြစ်လာတော့မယ်။ စစ်ရယ် ဆေးရယ် ဖြစ်လာကြတဲ့အခါကျတော့ ဘာပဲပြောပြော တရားမ၀င်ဘူးဆိုရင် သူ ဖမ်းတယ် ဆီးမယ်။
အဲဒါကြောင့်  ကမ္ဘောဒီးယား အလုပ်သမားတွေကို သူဖမ်းလိုက်တယ်။ ဖမ်းလိုက်တဲ့အခါမှာ ကမ္ဘောဒီးယား အလုပ်သမားတွေကလည်း ဖမ်းတာ ဆီးတာ စပြီဆိုပြီးတော့ သူတို့အကုန်လုံး ထွက်ပြေးကြတာပေါ့။ အဲနေရာမှာ ထူးခြားတာက ကမ္ဘောဒီးယား နိုင်ငံရဲ့ နိုင်ငံရေး ကစားမှုကိုလည်း သွားတွေ့ရတယ်။ ဘာလဲဆိုတော့ ခုနက ပြောသလိုပေါ့ ၀န်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင်ကိုက နယ်စပ်က သွားကြိုပြီးတော့ အလုပ်သမားတွေ ပြန်လာကြပါ။ ငါတို့နိုင်ငံမှာ အလုပ်တွေရပီ။ ကျနော်တို့ ဗမာပြည်လိုပေါ့ဗျာ။ အလုပ်တွေပေးမယ်၊ ပြန်လာကြပါဆိုတဲ့ ပုံစံမျိုးတွေနဲ့ သူကိုယ်၌က ပြောတာလေ။ ပြောတဲ့အခါမှာ အကုန်လုံးက တကယ်ကို ထွက်ပြေးသွားတာ၊ အခုဆိုရင် အလုပ်သမား တစ်သိန်းနဲ့ နှစ်သောင်းကျော် ကမ္ဘောဒီးယား အလုပ်သမားတွေ ရထားပေါ်က ပြေးကြတယ်၊ အကုန်လုံးပေါ့။
နည်းလမ်းပေါင်းစုံနဲ့ အကုန်သွားကြ လာကြပေါ့နော်။ အကုန်လုံး ထွက်ပြေးကြတဲ့အခါမှာ ကမ္ဘောဒီးယား အလုပ်သမားတွေကို ထိုင်းအစိုးရက မောင်းထုတ်တယ်လို့တောင် တချို့က စွပ်စွဲကြတယ်။ ရည်ရွယ်ချက်ကလည်း ရှိရင်ရှိမှာပေါ့ဗျာ။ ဒါပေမယ့် တကယ်ကျတော့လည်း သူတို့က မောင်းထုတ်တာ မဟုတ်ဘူး။ စစ်ရယ် ဆေးရယ် လုပ်လိုက်တဲ့အခါကျတော့ သူတို့ထွက်ပြေးသွားကြတဲ့ သဘောပါပဲ။

လင်းသန့်။       ။ အဲဒီမှာ ကျနော် မနေ့ကတုန်းက တွေ့တာတော့ ထိုင်းအစိုးရ အာဏာသိမ်းကောင်စီကနေ ပြောထားတာကတော့ သူတို့ ဒီ တရားဝင်ကော၊ တရားမ၀င်ကော အလုပ်သမားတွေ မဖမ်းဆီးပါဘူးပေါ့နော်။ အခုဆိုရင် သူတို့အနေနဲ့ အလုပ်သမားပါမစ်ပေါ့၊ အလုပ်လုပ်ခွင့် လက်မှတ်ပေါ့ ရဖို့အတွက် စနစ်တကျဖြစ်ဖို့ ကော်မတီတွေဖွဲ့ပြီးတော့ လုပ်ဆောင်နေတယ်ပေါ့လေ။ ဖမ်းတယ်၊ ဆီးတယ်၊ ငွေညှစ်တယ်ဆိုရင် သူတို့ဆီကို တိုင်ပါ၊ အကြောင်းကြားပါလို့ ပြောတာပေါ့။

ရန်ပိုင်။           ။ ဒီနေရာမှာလည်း ပြဿနာက ထိုင်းအစိုးရ၀န်ထမ်း ရဲတွေပေါ့နော် သူတို့ရဲ့ ပြဿနာက ဘာလဲဆိုတော့ ဒီအားနည်းချက်တွေ အလုပ်သမားတွေ တဖက်နဲ့တဖက် တယောက်နဲ့တယောက် အလုပ်ရှင် မကိုက်တာ၊ သူတို့ပြောတုန်းက ဒီအလုပ် လုပ်ရမယ်ပြေတယ်။ ဒါပေမယ့် တခြားအလုပ်မှာ သွားလုပ်တာ၊ တရားမ၀င်တာတွေကို တွေ့ရင် ဖမ်းဆီးတာတင် မဟုတ်ဘူး ငွေညှစ်တာတွေပါ ပါလာတော့ မြန်မာ အလုပ်သမားတွေဆိုရင် အိမ်ထဲက အိမ်ပြင်တောင် မထွက်ရတော့ဘူး။ ကမ္ဘောဒီးယားတွေ ထွက်ပြေးကြတယ်ပေါ့နော်။ အဲဒါကြောင့် မနေ့က ကိုလင်းသန့်ပြောတဲ့ အလုပ်သမားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်က ကြေညာချက်ကို ထုတ်ပေးလိုက်တဲ့သဘော ရှိပါတယ်။

ကိုလင်းသန့်။    ။ ဆိုတော့ အခုလိုမျိုး သူတို့ကြေညာချက်ထုတ်တယ်ဆိုတာကလည်း အထူးသဖြင့်ပေါ့ နိုင်ငံခြားသား အလုပ်သမားတွေ တော်တော်စိုးရိမ်မှုဖြစ်လာတာ၊ ဆိုတော့ ထိုင်းနိုင်ငံမှာရော မြန်မာအလုပ်သမား တွေ၊ ကျနော်တို့ မြန်မာနိုင်ငံသားတွေ၊ ဘယ်လောက်ထိ ဒုက္ခရောက်နေလဲ၊ ဘယ်လောက်ထိ အဖမ်းခံ နေကျရလဲ ကိုကျော်ခ အဲ့ဒါလေးရှင်းပြပေးပါဦး။

ကိုကျော်ခ။    ။ မြန်မာအလုပ်သမားတွေကို စဖမ်းလိုက်တာကတော့ စစ်အာဏာသိမ်းပြီး မဲဆောက်မှာ စဖမ်းလိုက်တာပေါ့။ နောက်ပိုင်းစီမံချက်နဲ့ ဖမ်းတဲ့ တပတ်အတွင်းမှာကျတော့ ချင်းမိုင်၊ ဘန်ကောက်၊ ဒီမဟာချိုင့်ပေါ့၊ အဲ့ဒီဘက်မှာ အဓိက များသောအားဖြင့် ဖမ်းတယ်။ ဖမ်းဆီးတဲ့နေရာမှာ တရားမ၀င် အလုပ်သမားတွေကို အဓိက ပြစ်မှတ်ထားပြီး ဖမ်းတယ်ဆိုပြီးတော့မှ ချင်းမိုင်မှာဆိုရင် ဟိုတနေ့က တရားဝင် လက်မှတ်အပြည့်အစုံ ရှိတဲ့ လူတွေကိုတောင်မှ ဖမ်းတယ်၊ အဖမ်းခံရတဲ့ လူတယောက်က ဘာပြောလဲဆိုတော့ ကျနော့်ဆီမှာ အထောက်အထား အပြည့်အစုံရှိရဲ့သားနဲ့ ဘာလို့ဖမ်းတာလဲဆို ရဲက ဘာပြောလဲဆိုတော့ အမှိုက် ရှင်းတာလို့တောင်ပြောတယ်။ အဲ့လိုမျိုး အနေအထားမျိုးတွေတောင်ဖြစ်နေတယ်။
ဒီမှာက တော်တော့ကို ကြောက်နေကြတယ် အလုပ်သမားတွေ၊ သူတို့ အဓိက ပစ်မှတ်ထားပြီး လိုက်ဖမ်းတာက မြန်မာအလုပ်သမား တွေ အများဆုံးရှိတဲ့နေရာတွေ၊ အလုပ်လုပ်တဲ့နေရာတွေ၊ ဈေးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေနေတဲ့ တန်းလျားတွေကို အဓိက ၀င်ပြီးတော့ဖမ်းတာ၊ အခုဆိုလို့ရှိရင် မြန်မာ့အလုပ်သမား တွေအများကြီးရှိတဲ့နေရာတွေမှာဆိုလို့ရှိရင် သူတို့တောင် နေရာရွေ့ပြောင်းပြီးတော့  နေရတဲ့အနေအထားမျိုး တွေရှိတယ်။ တချို့ဆို အထောက်အထားခိုင်ခိုင်လုံလုံ
ရှိရဲ့သားနဲ့ အလုပ်သွားဖို့ကို တွန်ဆုတ်နေတဲ့အနေအ ထားမျိုးပေါ့ အရမ်းကြမ်းတာကိုး။

ကိုရန်ပိုင်။    ။ ကျနော်ထင်တာကတော့ သူကလည်း နဂိုကတည်းကိုက အလုပ်သမားဆိုတာ တရားဝင်လာလာ၊ မလာလာ ထိုင်းနိုင်ငံမှာလာအလုပ်လုပ်ပြီ ဆိုကတည်းက ငယ်နိုင်လိုဖြစ်နေတာပေါ့ ရဲတွေဆိုတာက။ တရားဝင်လာလည်း ငါငွေရမှာပဲဆိုပြီးတော့ ဒီကောင်ငွေညှစ်နေတဲ့ သဘောရှိတယ်။

ကိုလင်းသန့်။    ။ တချို့ ကျနော်သတင်းတွေထဲမှာ တွေ့ရတာဆိုရင် တချို့ အလုပ်သမားတွေပြောတာ၊ အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်နေသူ ပြောတာက ဖမ်းတယ်ဆီးတယ်ဆိုတာ တချို့ တရားဝင်စာရွက် အထောက်အထားတွေ ရှိတယ်ဆိုတောင်မှ တချို့ အဖြဲခံရတာတွေရှိတယ်။  ဖျက်ဆီးခံလိုက်ရတာတွေရှိတယ်။ အဲ့ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့မြန်မာ သံရုံးအနေနဲ့ ထိထိရောက်ရောက် ဒါမျိုးတွေ မဖြစ်ဖို့တော့ လိုတာပေါ့။ ဒါပေမယ့် မနေ့ကတော့ ကျနော်သတိထားမိတာ မြန်မာအစိုးရကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမား တွေ မဖမ်းဖို့၊ မဆီးဖို့ မေတ္တာရပ်ခံထားတယ်၊ ဘာတို့၊ ညာတို့၊ အထူးသဖြင့် ဘာကြောင့်ဖြစ်နေတာလဲဆိုတော့ ကျနော်တို့ သတိထားမိတာက  မြန်မာနိုင်ငံသား ထိုင်းနိုင်ငံရောက်နေတဲ့ လူတွေထဲမှာ ဗီဇာ သက်တမ်း ကျော်နေတာတွေ အများကြီးရှိတယ်။
အဲ့ဒီမှာ ဗီဇာ သက်တမ်းကျော်နေတာတွေထဲမှာမှ ထိုင်းနိုင်ငံ မတည်ငြိမ်တဲ့ အခါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု လုပ်တဲ့အခါ ကြန့်ကြာနေတာတွေ ရှိတယ်။ ဒီအတွက်ကြောင့် မြန်မာအစိုးရ က မေတ္တာရပ်ခံတယ်လို့ဆိုတယ်။  ဆိုတော့ အဲ့ဒီအဖမ်းခံရတဲ့ သူတွေထဲမှာ ၄ နှစ်ကျော် ဗီဇာသက်တမ်းရှိတဲ့သူ ရော၊ မရှိတဲ့သူရော ၊ တရားဝင် အထောက်အထားရှိတဲ့သူတွေရော ၊ မရှိတဲ့သူတွေရော ၊ အကုန်လုံးပါနေတယ်။ ဘယ်လောက်ထိ  ဒီဟာက ကျယ်ကျယ်ပြန့်ပြန့်ရှိနေသလဲ။

ကိုကျော်ခ။    ။ ပြောရမယ်ဆိုရင် အခု ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားက စုစုပေါင်း သုံးသန်းနီးပါး လောက်ရှိတယ်။  သုံးသန်းနီးပါးမှာမှ ၂၀၀၉ နောက်ပိုင်းမှာ လုပ်ပေးတဲ့ ယာယီ ပတ်စပို့စ် ဆိုလို့ရှိရင်  ၁၇ သိန်း ကျော်ပဲ တရားဝင်ရှိခဲ့တာကိုး။
စလုပ်တာက ၂၀၀၉ ၊ ၂၀၀၉ က လေးနှစ် သက်တမ်းဆိုတော့ အခုဆို လေးနှစ် တောင်ကျော်နေပြီပေါ့လေ။ ဆိုတော့ အဲ့ဒီ ၁၇ သန်းကလည်း တရားမ၀င် အလုပ်သမားက ၁၀ ကျော်လောက် ပြန်ဖြစ်နေပြီ၊ ဥပမာ အလွန်ဆုံးရှိရင် ၂သိန်း၊ ၃ သိန်းလောက်ပဲ တရားဝင်အနေနဲ့ ရှိနေကြတော့မယ်။ ရှေ့က သက်တမ်းကုန်သွားတာနဲ့ နောက်က သက်တမ်းမဆက်နိုင်တဲ့ ကြားကာလမှာ အထောက်အထား မဆက်နိုင် သေးတဲ့ လူတွေအကုန်လုံးက တရားမ၀င်လိုမျိုးဖြစ်နေတာလေ။ ဒီကိစ္စတွေကို ထိုင်းအစိုးရရော၊ မြန်မာအစိုးရ ရော ဘယ်လိုဖြေရှင်းမလဲဆိုတာက နောက်ကဏ္ဍဖြစ်နေပြီ၊ လောလောဆယ်တော့ လုံးဝ အဖမ်းခံရတဲ့အခြေ အနေဖြစ်နေပြီ။

ကိုလင်းသန့်။    ။ ထူးခြားတာက  ဖမ်းတာ၊ ဆီးတာကို ကျနော်တွေ့တာက မဲဆောက်တို့၊ ဘန်ကောက်တို့ ချင်းမိုင်တို့ ထိုင်းနိုင်ငံ တောင်ပိုင်းတို့မှာဆိုရင် စစ်ဆင်ရေး ပုံစံမျိုးလည်းဖမ်းတယ်၊ သူတို့ နေတဲ့တဲတွေပေါ့ အထူးသဖြင့် မြန်မာအလုပ်သမားတွေကနေပြီးတော့ ထိုင်းအလုပ်ရှင် ၊ ထိုင်းမြေရှင်တွေဆီက မြေငှားပြီးတော့  တဲတွေဆောက်ပြီးနေကြတာပေါ့။ 
အဲ့ဒီတဲတွေပါ သူတို့က ဖျက်ဆီးပစ်တာ။ ပြောမယ်ဆိုရင် ဘ၀တွေပါ ပျက်သွားကျတာ။ ဒီလိုမျိုးအခြေအနေတွေက တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပြီး စိုးရိမ်စရာ အခြေအနေမျိုးတွေဖြစ်လာပြီ။
အထူးသဖြင့်ပေါ့ဗျာ မြန်မာအလုပ်သမားတွေက နဂိုကမှ ကိုယ့်နိုင်ငံမှာ စီးပွားရေး အဆင်မပြေလို့၊ ဒီနိုင်ငံမှာ လာပြီး အလုပ်လုပ်ရတဲ့အခါမှာ ဖမ်းတယ်၊ ဆီးတယ်နဲ့ ဖြစ်ကြတာ၊ ဒီလို ဖမ်းတယ်၊ ဆီးတဲ့နေရာမှာဆိုလည်း ပိုဆိုးသွားတာက ဟိုတလောကဆိုရင် သတင်းတွေထဲမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံ သားတွေထဲမှာမှ ထိုင်းနိုင်ငံမှာ အင်မတန်မှ လူပြော သူပြောများတဲ့  ရာဘ ဆေးပြားပေါ့ဗျာ အဲ့ဒါမျိုးတွေ မိတာ ကလည်း တော်တော်ဆိုးဆိုးရွားရွားတွေ့ရတယ်။
ဆိုတော့ ဒီလိုဟာမျိုးတွေကို ဘယ်လိုဖြေရှင်းကြမလဲ၊ ဒီလို ပြဿနာတွေရဲ့ ရင်းမြစ်က ဘာတွေလဲ။
 ဒီပြဿနာတွေ ချုပ်ငြိမ်းသွားအောင် ဘယ်လိုတွေ ဒီနှစ် နိုင်ငံအစိုးရ ခေါင်းဆောင်တွေ၊ သက်ဆိုင်ရာ အလုပ်သမားတွေနဲ့ အလုပ်သမားရေး ကူညီဆောင်ရွက်နေသူတွေ၊ ကျနော်တို့ ကဏ္ဍအသီးသီးက ပုဂ္ဂိုလ်တွေ ဘယ်လိုတွေ လုပ်ပေးနိုင်မလဲ။

ကိုကျော်ခ။    ။ လောလောဆယ်တော့ ထိုင်းအစိုးရ အာဏာသိမ်းစစ်တပ်ကနေပြီးတော့ အလုပ်သမားတွေ အရေးကို လက်မှတ် ဆက်လုပ်နိုင်ဖို့အတွက် ကော်မတီ တခုဖွဲ့လိုက်တယ် အဲ့ဒါတော့ သတင်းကောင်းပဲ။ သူက လုပ်နေပြီးတော့မှ မနေ့က ကာကွယ်ရေးဦးစီးချုပ်ကလည်းပဲ ပြောပါတယ် အလုပ်သမားတွေ မပြန်ကြပါနဲ့ သူတို့ မဖမ်းတော့ပါဘူးလို့ ပြောတယ်၊ ဒါပေမယ့် တဖက်မှာက ရဲက ဖမ်းနေတယ်။  ရဲကကျတော့ ရှပ်နီအဖွဲ့ရဲ့ အင်အားစုအဖွဲ့ထဲမှာပါတဲ့ တချို့ရဲတွေကကျတော့  ဒီနိုင်ငံရေးအရ ကစားတဲ့ ပုံစံမျိုးနဲ့ ဖမ်းပြတယ်။ ဒီကြားထဲမှာ မြန်မာအလုပ်သမားတွေ ကမ္ဘောဒီးယားတို့၊ လာအို တို့အလုပ်သမားတွေက ဓားစားခံလိုဖြစ်နေတယ်ဆိုတော့ အဲ့ဒီလိုမျိုး တဖက်မှာမဖမ်းဘူး၊ အလုပ်သမားလက်မှတ်တွေ ထပ်လုပ်နိုင်ဖို့ အတွက် ကော်မတီဖွဲ့တယ်ဆို ပေမယ့် တဖက်မှာ အဲ့လိုမျိုး ဖမ်းဆီးမှုတွေ ရှိနေတာပေါ့လေ။  မြန်မာအလုပ်သမားတွေက အမှန်အတိုင်းပြောရ ရင်တော့မြန်မာနိုင်ငံကို လုံးဝ မပြန်ချင်ကြဘူးဗျ။ ဥပမာ ဒီမှာဖမ်းပြီးတော့ နယ်စပ်ကို ပို့လိုက်တယ်၊ မြ၀တီ၊ မဲဆောက်ဘက်ကို ပို့လိုက်ပြီဆိုလို့ရှိရင် ဟိုဘက်ကမ်းကိုပို့ပြီးရင် နေရပ်ရင်းကို မပြန်ဘူး၊ဟိုဘက်ကမ်းကနေပြီး တော့ တနည်းနည်းနဲ့ ဒီဘက်ကမ်းကို ပြန်လာကြတာပေါ့။

ကိုရန်ပိုင်။    ။ စားဝတ်နေရေးက ဒီဘက်ကမ်းမှာပဲရှိတယ် ဆိုတဲ့အခါကျတော့ ပြန်လာကြတာပေါ့။

ကိုလင်းသန့်။    ။ တဖက်ကလည်း ကျနော်သိသလောက် ထိုင်းအစိုးရအာဏာပိုင် တာဝန်ရှိပုဂ္ဂိုလ်တွေက ထုတ်ပြောတာကျတော့ မပြန်ကြပါနဲ့ တရားဝင် အလုပ်သမားရော၊ တရားမ၀င် အလုပ်သမားရော မပြန်ကြပါနဲ့ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်း တော်တော်များများကို နိုင်ငံခြားသား ရွေ့ပြောင်းအလုပ် သမားတွေက ကြားကိုင်နေတာဆိုတော့ နိုင်ငံခြားသားအလုပ်သမား  ရွေ့ပြောင်း အလုပ်သမားတွေ ပြန်သွားကျရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကလည်းအများကြီး ထိခိုက်သွားစရာရှိတယ်။ ဒီကြားထဲမှာ ကျနော်တို့ မြန်မာနိုင်ငံသား ရွေ့ပြောင်း အလုပ်သမားတွေက မြန်မာအစိုးရကနေပြီးတော့ အကာအကွယ်ပေးဖို့ကတော့ ပိုပြီးတော့ လိုအပ်မှုတွေရှိတာပေါ့။ မြန်မာနိုင်ငံမှာ စီးပွားရေးအဆင်မပြေလို့ တိုင်းတပါးအိမ်နီးချင်း ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်တဲ့  မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရနဲ့ တခြား လူ့အဖွဲ့အစည်းကနေပြီး ဘယ်လောက်အထိ ပိုပြီးတော့ အကာအကွယ်ပေးနိုင်တဲ့အခြေအနေတွေကို ဖန်တီးဖို့ ကြိုးစားဖို့ လိုအပ်တယ်လို့ သုံးသပ်ရင်းနဲ့ ကျနော်တို့ ဒိတ်လိုင်းဧရာဝတီ အစီအစဉ်ကို ဒီမှာတင်ပဲ အဆုံးသတ်လိုက်ပါတယ်။
ကျနော်ကတော့ ဧရာဝတီ သတင်းထောက် လင်းသန့်ဖြစ်ပြီး၊ ကျနော်နဲ့အတူ ပါဝင်ဆွေးနွေးတဲ့သူတွေကတော့ ဧရာဝတီ
ဝိုင်းတော်သားတွေဖြစ်တဲ့ ကိုရန်ပိုင်နဲ့ ကိုကျော်ခဖြစ်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။

 



.

စလုံးမှာ မြန်မာအိမ်ဖော်အမျိုးသမီးလို့ယူဆရသူရဲ့အလောင်းတွေ့

Friday, March 14, 2014 0 comments


စင်ကာပူနိုင်ငံမှာ မြန်မာအမျိုးသမီးတဦးရဲ့ အလောင်းကို မနေ့ ကြာသပတေးနေ့ညက တွေ့ခဲ့တယ်ဆိုတဲ့ သတင်းဆိုးတခု ဒီမနက်ပဲ ကြားလိုက်ရပါတယ်။ 




Bishan Street 22 က Block 263 မှာ မနေ့ မတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီခွဲလောက်က ရဲဋ္ဌာနကို အကူအညီတောင်းခံတဲ့ ဖုန်းဆက်လာတာနဲ့ ရဲတွေလည်း အဲဒီနေရာ သွားလိုက်တဲ့အခါမှာတော့ အဆောက် အဦ ရဲ့ အခြေနားမှာ မလှုပ်မယှက်နဲ့ လဲကျနေတဲ့ အသက် ၃ဝ အရွယ် အမျိုးသမီးတဦးကိုတွေ့ လိုက်ရတာပဲလို့ စင်ကာပူ C.N.A သတင်းတပုဒ်က ပြောပါတယ်။ 

ဆရာဝန်ကပြောတာမှာတော့ အဲဒီ အမျိုးသမီးဟာ သေဆုံးနေပြီဖြစ်ပြီး ဓမ္မတာအတိုင်း သေ ဆုံးတာ ဟုတ်၊ မဟုတ် ရဲတွေကတော့ စုံစမ်းစစ်ဆေးနေပြီလို့ ဆိုပါတယ်။ 

အဲဒီ အမျိုးသမီးဟာ မြန်မာနိုင်ငံကနေလာတဲ့ အိမ်ဖော် တဦး ဖြစ်မယ်လို့ ယုံကြည်ရကြောင်း သတင်းက ဆိုပါတယ်။ 
 

အိမ့်သံစဉ် ~ 



 






မြန်မာတွေသွားမယ့်ဟောင်ကောင်မှာ အင်ဒိုအိမ်ဖော် နှိပ်စက်ခံရမှု

Tuesday, January 21, 2014 0 comments

~



အင်ဒိုနီရှားအိမ်ဖော်အမျိုးသမီးငယ်တယောက် ဆိုးဆိုးရွားရွား နှိပ်စက်ခံရခြင်းအတွက် ဥပဒေအရ အရေးယူပေးဖို့အတွက် တနင်္ဂနွေနေ့က ဟောင်ကောင်မှာ ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။
 -
 


မလေးရှားမှာထုတ်ပေးမယ့် နည်းပညာသုံး အလုပ်သမားကတ်

Saturday, January 11, 2014 0 comments

~



မလေးရှားရောက်မြန်မာတွေ အဆင့်မြင့်နည်းပညာနဲ့လုပ်ထားတဲ့ အလုပ်သမားကတ် ရကြပါတော့မယ်။

A ‘mobile police station’ used to carry out passport and work permit checks on migrant workers is pictured near Kuala Lumpur’s Berjaya Times Square.
(Photo: Kyaw Hsu Mon / The Irrawaddy)


ပွဲစားခ နဲ့ ရဲကြေး ပေးနေရတဲ့ ထိုင်းရောက်မြန်မာများ

Tuesday, March 26, 2013 2 comments


မကြာသေးခင်က မဲဆောက်မြို့မှ  မြဝတီမြို့ဘက်သို့ ကူးရန် ထိုင်းမြန်မာနယ်စပ်ဂိတ်တံခါး ဖွင့်ချိန် နံနက်  ၆ နာရီ အရောက်သွားခဲ့သည်။ 

 

(ဓာတ်ပုံ - ကေဇီလင်း) 


 ဂိတ်ဖွင့်ချိန်ဖြစ်သောကြောင့် တဘက်ကမ်းကို အစောဆုံး ရောက်နိုင်သည်ဟု ယူဆခဲ့သော်လည်း ဂိတ်တွင်   ပြည်တော်ပြန်မည့် မြန်မာအလုပ်သမားတို့က ရာနှင့်ချီ ရောက်နေသဖြင့် အံ့သြမိ၏။

  ပျားပန်းခတ်သလို စည်ကားသည့် နယ်စပ်ဂိတ်ရှေ့ လူအများတန်းစီရာမှာ ဝင်စီလိုက်သည် ဆိုလျှင်ပဲ  ဝန်ဆောင်မှုပေးဖို့ တတွတ်တွတ်ဖိတ်ခေါ်နေသည့် ပွဲစားများက အနားရောက်လာသည်။

ပွဲစားတို့ထုံးစံအတိုင်း အပြောချို၏။ ထိုသူတို့သည် လူတယောက် စောင့်ဆိုင်းရချိန်ကို ချုံ့ပစ်နိုင်စွမ်းရှိသူများ ဖြစ်၏။
မိမိရှေ့ မနက် ၃ နာရီ၊ ၄ နာရီကတည်းက ဂိတ်ပေါက်ရှေ့လာရောက်တန်းစီနေသော သူများထက် ဆောလျင်စွာ နယ်စပ်ဖြတ်လိုသူများအတွက် ကြားပွဲစားများကား အုံဖွ မန်းပေးတတ်သူများ ဖြစ်နေပြန်၏။ 

 

(ဓာတ်ပုံ - လေးဝါ/ဧရာဝတီ) 
 

 နယ်စပ်မှ တဆင့် ယာယီနိုင်ငံကူးလက်မှတ် (ခေါ်) အလုပ်သမားပတ်စ်ပို့ ကိုင်ဆောင်သူ မြန်မာပြည်သားတို့ အိမ်အပြန်မှာ လွယ်လင့်တကူတော့ မဟုတ်ပါလေ။
Re-entry visa ခေါ် ထိုင်းသို့ တရားဝင် ပြန်ဝင်ခွင့် ဗီဇာ  တောင်းခံပြီး အိမ်ပြန်နိုင်သည်။
နောက် ထိုင်းသို့ပြန်လာပါကလည်း မိမိရှိပြီးသား ဗီဇာသက်တမ်းအတိုင်း နေလို့ရသည်၊ ခဏခဏ ဗီဇာလျှောက်စရာ မလို။ ရဲဖမ်းလို့ မရ။
ထို ပြန်လည်ဝင်ရောက်ခွင့် ဗီဇာအတွက် ထိုင်းလဝကကိုပေးရသည့် ငွေကြေးက တခေါက်ကို ဘတ် တထောင်။ (တချို့လည်း တရားဝင်တုံးထုကာ တံတားမှ ပြန်ကြသည်။ တချို့ကတော့ ရှုပ်သည်ဆိုတာ လှေဖြင့် အလွယ်ကူးပြန်ကြသည်။)

နယ်စပ် ပွဲစား

ဘန်ကောက်ပြန် မြန်မာများကတော့ တထောင်ပေးပြီး တံတားက ဖြတ်ကြသည်။ သို့သော် ထို တထောင်တန် ဗီဇာအတွက် စာရွက်စာတမ်းကိစ္စက တနေ့တာကုန်ချင်လည်း ကုန်သွားနိုင်သည်။
ထိုအတွက် ပွဲစားကို အပ်ကြရသည်။ ပွဲစားခ သုံးလေးရာ ပိုပေးလိုက်ကြသည်။ သွားလိုရာ အမြန်ရောက်ဖို့ အရေးကြီးသည်ဟု စိတ်ထဲ ထားကြသည်။
တခါမှ မသွားဖူး မလာဖူးသူများ၊ ရုံးကန္နားကြောက်သူ စကားနားမလည်သူ၊ လိုရာအမြန်ရောက်လိုသူ စသဖြင့် လူအထွေထွေမှာ ပွဲစားကို အသုံးပြုကြသည်။

မငှားခင်က ပွဲစားအပြောချိုသလောက် အလုပ်တခု အပ်လိုက်လျှင် ထိုပွဲစားမှာ အချိုးပြောင်းတတ်သည်။
ဂိတ်မှာ တုံးထုဖို့ ခဏချင်း ရမည်ဟု ဆိုလျှင် ယုံကြည်ဖို့ ခက်ပါသည်။
ယုံပြီး ပိုက်ဆံပေးခိုင်းလိုက်လျှင် အနည်းနှင့်အများတော့ စောင့်ရမည်ကို ကြိုတင်သတိချပ်သင့်သည်။ အလိမ်ခံရဖို့ များ၏။

နယ်စပ် ရဲကြေး


ယခင်က ထိုင်းရောက်မြန်မာပြည်သားများမှာ အလုပ်လုပ်ခွင့်လက်မှတ် မရှိကြခြင်းကြောင့် မကြာခဏ ထိုင်းရဲဖမ်းဆီးခြင်း ခံကြရသည်။
အမိနိုင်ငံသို့ အချုပ်ကားဖြင့် ပြန်လည်ပို့ဆောင်ခြင်း ခံကြရသည်။

ယခု   နိုင်ငံသားစိစစ်ပြီးနောက်တွင် ၆ နှစ်သက်တမ်းရှိသည့် အလုပ်သမား ပတ်စပို့များ ထုတ်ပေးလိုက်သောအခါ  ရွှေ့ပြောင်းလုပ်သား မြန်မာပြည်သားအများစုမှာ ယာယီပတ်စပို့ ကိုယ်စီနှင့် ဖြစ်လာကြသည်။

ထိုပတ်စပို့ကလည်း ကြေးကြီး၏။ တော်ရုံ မလုပ်နိုင်။
သတ်မှတ်ငွေကြေးထက် နှစ်ဆ သုံးဆ ပိုပေးပြီး ပွဲစားများမှတဆင့် လုပ်ဆောင်မှသာ လွယ်ကူ၏။
သို့သော် အလုပ်သမားပတ်စပို့ လုပ်ပြီးပါကလည်း အလုပ်လုပ်ခွင့်ကတ်(ထိုင်းအခေါ် - ဘတ်) မရှိပါက ရဲဖမ်းပိုင်ခွင့်ရှိသည်။
 အများအပြားက ဒါကို သိပ်နားမလည်ကြ။
ယာယီပတ်စပို့သာ လုပ်ပီး အလုပ်လုပ်ခွင့် မလျှောက်ဘဲ နေကြ၏။ တကယ်တမ်း ပြန်သောအခါ ရဲက စစ်လျှင် ဒဏ်ကြေးဆောင်ရ၏။


(ဓာတ်ပုံ - လေးဝါ/ဧရာဝတီ)


ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မနက် ၅ နာရီကျော် နယ်စပ်ဂိတ်ကို လာစဉ် မဲဆောက်လေယာဉ်ကွင်းရှေ့တွင် ထိုင်းရဲများက လိုင်းကားများကို စစ်ဆေးနေသည်။
ထိုင်းရဲများ အလုပ်လုပ်လှချည်လားဟု စိတ်က  မှတ်ချက်ပြုခဲ့လိုက်သေးသည်။
သူတို့ စစ်ဆေးသည့်  ထိုလိုင်းကားများပေါ်တွင်  အိမ်ပြန်မည့် မြန်မာအလုပ်သမားများ စီးနင်းလိုက်ပါလာကြသည်။

မကြာခင် တန်းစီနေရာရောက်တော့ ကိုယ့်ရှေ့က ရောက်နှင့်နေသူတွေနဲ့ စကားစပ်မိသည်။ တချို့က မနက် ၄ နာရီကတည်းက အိမ်ကထွက်လာပီး ဂိတ်ရှေ့ လာတန်းစီနေကြသူများဖြစ်သည်။

အနီးအနားက လူငယ်အုပ်စုတစုကတော့ ခုနက မြင်ခဲ့သည့် ထိုင်းရဲများ စစ်ဆေးမှုကို ခံယူပြီးသူများ ဖြစ်လို့နေသည်။
ယာယီပတ်စပို့သာရှိပြီး ဘတ်မရှိပါက (အလုပ်လုပ်ခွင့်ကတ် မရှိပါက) ထိုင်းဘတ်ငွေ တထောင် ပေးဆောင်ခဲ့ရကြောင်း၊
သူတို့ ကားပေါ်တွင် လူ ၃ – ၄ ယောက်လောက် ထိုသို့ ပေးခဲ့ရကြောင်း အချင်းချင်း စကား ဖလှယ်နေကြခြင်း ဖြစ်သည်။

အလုပ်လုပ်လွန်းသော ထိုရဲများ ဒဏ်ကြေးငွေ အတော်ရမည့်ပုံဖြစ်သည်။
အထောက်အထား မပြည့်စုံသော၊ စာရွက်စာတမ်းကိစ္စ နားမလည်သော မြန်မာပြည်သားအများအပြားက ဒဏ်ရိုက်ခံရမည်ကို ကြိုမသိ၊ ဒဏ်ငွေပေးသည့်အခါ ဖြတ်ပိုင်းတောင်းရကောင်းမှန်းလည်း သိချင်မှ သိကြမည်။

မိအေး အကြိမ်ကြိမ်နာ

ရွှေ့ပြောင်းမြန်မာလုပ်သား ထောင်နှင့်ချီ နေ့စဉ် ဝင်ထွက်နေသော၊ နေရောင်မလာခင်ပင် နယ်စပ်မှာ လေးငါးရာကျော် ရောက်နှင့်နေသော နယ်စပ်ဂိတ်မှာ လူလှိုင်းလုံးကြီးနှင့် တူနေသည်။
အထောက်အထားရှိ၊ အထောက်အထားမဲ့ အလုပ်သမားများထံမှ ဝန်ဆောင်မှုကြေးငွေဖြင့် ရှာဖွေနေသော ပွဲစားကြီး၊ ပွဲစားလတ်၊ ပွဲစားသေးများ၊ လုပ်ငန်းရှင်များက  လူလှိုင်းလုံးကြီးစီးပြီး ဝင်ငွေကောင်း၊ ဂွင်မိထားကြ၏၊

ထိုလူလှိုင်းမှာ မိအေး ၂ ခါထက်မနည်း ခံရသူများ၊  ရွှေ့ပြောင်းလုပ်သားဟု ခေါ်ဆိုသော တနေရာမှ တနေရာသို့ ရွှေ့ပြောင်းလုပ်ကိုင်သည့် မြန်မာပြည်သားများပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ထိုလူလှိုင်းကြီးက ကာလအတန်ကြာ ဆက်လက် ရှိနေဦးမည်ဖြစ်သည်။

ကေဇီလင်း ~ 


  
ဧရာဝတီ Facebook / ဧရာဝတီ Twitter
-

-

သင်္ကြန်အိမ်ပြန်သူများနဲ့ မဲဆောက်ရဲကြေး

1 comments


 သင်္ကြန်ကာလနေရပ်ပြန်ရန်  မဲဆောက်မြို့ကို ဖြတ်သွားသည့် မြန်မာအလုပ်သမား အများအပြား ရဲကြေး ဘတ်တထောင် (၃၅ ဒေါ်လာခန့်) ပေးနေရသည်ဟု ပြောကြသည်။

ယနေ့နံနက်က မဲဆောက်လေယာဉ်ကွင်းရှေ့တွင် အုပ်စုဖွဲ့စောင့်ဆိုင်းနေသည့်ရဲများက အလုပ်သမားများကို ရပ်တန့်စစ်ဆေးစဉ် နိုင်ငံကူးလက်မှတ်ရှိသူများကိုလည်း  ခြိမ်းခြောက်ပြီး  ငွေညစ်ခဲ့သည်ဟု မြန်မာအလုပ်သမား ကိုအောင်က ပြောသည်။

၎င်းက ”ဒီမနက် မဲဆောက်ကားဂိတ်က ဆင်းပြီး မြဝတီကမ်းနားကို အလာမှာ ထိုင်းရဲက စာအုပ်ပါရဲ့သားနဲ့ တယောက်ကို ဘတ် ၁,ဝဝဝ တောင်းတယ်၊ ဘာအတွက်လဲ မေးတော့ - စကား မများနဲ့၊ တောင်းတာကိုပေး၊ မင်းတို့ကို ဖမ်းပြီး ထောင်ထဲပို့လိုက်မယ် လို့ ပြောတယ်” ဟု ကိုအောင်က ဧရာဝတီသတင်းဌာနကို ရှင်းပြသည်။ 

အလားတူဖြစ်ရပ်မျိုးကို ယခုတလော နေရပ်ပြန်သူတို့  နေ့စဉ်နီးပါးကြုံတွေ့နေရသည်ဟုလည်း မြန်မာအလုပ်သမား အများအပြားက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူသို့ ပြန်မည့် မသန်းခ-
”မနေ့က ကျမတို့လင်မယားဆီကနေ ဘတ် ၂,ဝဝဝ ယူလိုက်တယ်။
သံရုံးကို ဖုန်းဆက်မယ်ဆိုတော့ ဖုန်း သိမ်းလိုက်တယ် အမျိုးမျိုး ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်ပါတယ်။
ဒါက အသားလွတ်စော်ကားခံရတာဖြစ်တယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားများ မတရားပြုမူခံရမှုများ ကင်းဝေးရန်အတွက် ဘန်ကောက်ရှိမြန်မာသံရုံးအနေနှင့်မဲ ဆောက်တွင် စောင့်ကြည့်လေ့လာသည့်
အဖွဲ့တဖွဲ ထားရှိသင့်သည်ဟုလည်း မသန်းခင်ကပြောသည်။

မြန်မာအလုပ်သမားတဦးဖြစ်သည့် ကိုကြီးကျော် ဆိုသူက -
”သင်္ကြန်မတိုင်ခင်နဲ့ အလွန်ကာလတွေမှာ မဲဆောက်ကနေ မြဝတီကူးပြီး နေရပ်ပြန်တဲ့လူတွေ တနေ့ကို ထောင်နဲ့ချီပြီးရှိတယ်။
ဘန်ကောက်ကမြန်မာသံရုံးကို ဖုန်းဆက်တော့ သံရုံးက ထိထိရောက်ရောက် ဘာမှ အကူအညီပေးတာ မရှိဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်းပိုင်းမှ ပြန်လာကြသော မြန်မာအလုပ်သမားများ နယ်စပ်ဂိတ်များသို့ သွားရောက်လေ့ရှိသည့်  နံနက် ၄ နာရီမှ နံနက် ၈ နာရီ ကာလအတွင်း လမ်းတွင် စစ်ဆေးမေးမြန်းသည့် ရဲတို့နှင့် တိုးလေ့ရှိသည်။

နိုင်ငံကူးခွင့်ရသည့် ယာယီပတ်စပို့သာရှိပြီး
အလုပ်လုပ်ခွင့်လက်မှတ် မရှိသူများကို ရဲက ဒဏ်ရိုက်ခြင်းဖြစ်နိုင်သည်ဟု ဆိုသူက ဆိုကြသည်။
အထက်ပါ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ဧရာဝတီက မဲဆောက်မြို့ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ - အလုပ်သမားများထံမှ ငွေကြေးတောင်းခံရန် မည်သူ့ကိုမျှ တာဝန်ပေးအပ်ခြင်း မရှိကြောင်း၊ ထိုသို့ ငွေကြေး တောင်းဆိုခံရပါက တိုင်ကြားနိုင်ကြောင်း တာဝန်ကျအရာရှိက ပြန်လည် ဖြေကြားသည်။

ဆက်စပ်ဆောင်းပါး - ပွဲစားခ နဲ့ ရဲကြေး ပေးနေရတဲ့ ထိုင်းရောက်မြန်မာများ ကို လာမည့် နာရီပိုင်းအတွင်း ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/03/blog-post_4491.html တွင် ဆက်လက် ဖော်ပြပါမည်။

 ယနေ့နံနက်ကမဲဆောက်-မြဝတီချစ်ကြည်ရေးတံတားမှတဆင့် နေရပ်ပြန်ကြမည့် မြန်မာအလုပ်သမား နယ်စပ်ဂိတ်တွင် တန်းစီစောင့်ဆိုင်းနေကြသည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံများ - လေးဝါ/ဧရာဝတီ) 
 




 
 ဧရာဝတီ Facebook / ဧရာဝတီ Twitter

ယာယီနိုင်ငံကူးလက်မှတ် နေ့ချင်းပြီး ထုတ်ပေးမယ်

Wednesday, February 13, 2013 0 comments

 ~
 ပြည်တော်မြင့် ~

ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း မရှိသေးသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ခန့်မှန်းချေ ၁၀ သိန်းခန့်အတွက် သတင်းကောင်းတခု ရှိနေသည်။




ထိုင်းရောက်မြန်မာများ နဲ့ အလုပ်သမားလက်မှတ်

Sunday, February 10, 2013 1 comments

~


ထိုင်းမှာရောက်နေတဲ့ မြန်မာပြည်သားတွေထဲမှာ  အလုပ်သမားလက်မှတ်ရရှိရေးအတွက် စာရွက်စာတမ်းကိစ္စ ဆောင်ရွက်ဖို့ လိုအပ်နေသေးတဲ့ အရေအတွက် တသန်း ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။




ပုဂံရောက် ပဒေါင်

Thursday, January 31, 2013 0 comments

~



နယ်စပ်ဒေသမှာပဲ တွေ့ရတတ်တဲ့ ပဒေါင်တိုင်းရင်းသားတွေထဲက တချို့ဟာ ကမ္ဘာကျော် ပုဂံဒေသမှာ သွားရောက် အခြေချနေကြပါတယ် တဲ့။

ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်နားက ဆန်းဘွန်းရွာမှာ တွေ့ရတဲ့ ပဒေါင်တိုင်းရင်းသူတဦး (ဓာတ်ပုံ - ကောင်းညီဟန်/ဧရာဝတီ)
အဲဒီလို ပြောင်းရွှေ့ အခြေချတဲ့ ပဒေါင်တို့အကြောင်း 7Day

နယ်စပ်ကျောင်းများအတွက် NLD ပညာရေးကွန်ရက်ရဲ့ အလှူငွေ

Monday, January 28, 2013 2 comments

~



ထိုင်း-မြန်မာနယ်စပ်မဲဆောက်ဒေသက ပညာရေးရံပုံငွေ အခက်အခဲဖြစ်နေတဲ့ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်း ၉ ကျောင်းအတွက် အလှူငွေကျပ် ၁၂၈ သိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပညာရေးကွန်ရက် အဖွဲ့က ပထမဆုံးအကြိမ် အနေနဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းကမြ၀တီမြို့မှာ ပေးအပ် လှူဒါန်းခဲ့ပါတယ်။

ပညာရေးရံပုံငွေပေးအပ်ပွဲ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

မဲဆောက်ဒေသမှာအခြေစိုက်တဲ့ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်း ၈၀ နီးပါး ရှိတဲ့အနက်က ဘယ်အဖွဲ့အစည်းရဲ့ အကူအညီမှ မရတဲ့ ကျောင်းတွေကို ပေးအပ်တာဖြစ်တယ်၊
 ဒီအစီအစဉ်အတွက် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်စင်သီယာမောင် အပါအ၀င် ရွှေ့ပြောင်းမြန်မာပညာရေးကော်မတီက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ပေးအပ်ပါတယ်လို့ ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး၊ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတွေဖြစ်တဲ့

The Best Friend ကျောင်းက ကျပ် ၆ သိန်း၊
မိုးမခကျောင်း -  ၈ သိန်း၊
Sophia Wisdon Park ကျောင်း - ၁၃ သိန်း၊
New Blood ကျောင်း - ၃၂ သိန်း၊
မင်းမဟော် ကျောင်း - ၁၀ သိန်း၊
Nam Tok ကျောင်း -  ၂၄ သိန်း၊
BMTA ကျောင်း -  ၁၂ သိန်း၊
BHSOH ကျောင်း -  ၁၀ သိန်း
ရောင်နီဦးကျောင်း -  ၁၀ သိန်း
ပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာကျောင်းတွေက တာဝန်ရှိသူတွေ သွားရောက် လက်ခံခဲ့ကြပါတယ်။

ဒီငွေတွေဟာ အရင်လကုန်ပိုင်းက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ပညာရေးကွန်ရက်အဖွဲ့က ပြုလုပ်တဲ့ ၂ နှစ်ပြည့် ရံပုံငွေပွဲမှာ ရရှိခဲ့တဲ့ ကျပ်သိန်းငါးထောင်ကျော်ထဲကဖြစ်ပြီး ဒီငွေတွေဟာ အများပြောနေကြသလို ခရိုနီတွေရဲ့ငွေ မဟုတ်ဘဲ ပညာရေးအတွက် အလှူရှင် အများအပြားက ထည့်ဝင်ထားတဲ့ငွေတွေဖြစ်တယ် လို့လည်း ပညာရေးကွန်ရက် တာဝန်ရှိသူတွေက သတင်းထောက်တွေကို ရှင်းလင်း ပြောဆိုခဲ့ကြပါတယ်။

ရံပုံငွေ ရရှိခဲ့ကြတဲ့ကျောင်းက တာဝန်ရှိသူတွေကတော့ ဒီငွေတွေကို မြန်မာကလေးတွေရဲ့ပညာရေးကဏ္ဍတွေမှာ အကျိုးရှိရှိ အသုံးပြုသွားကြမယ်လို့ ဧရာဝတီသတင်းဌာနကို ပြောကြပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာရှိတဲ့ မဲဆောက်၊ မယ်လမတ်နဲ့ ဖို့ဖတ် ၃ မြို့နယ်မှာ ရွှေ့ပြောင်းမြန်မာကလေးတွေ ပညာသင်နေတဲ့  ကျောင်း အကြီးအသေး ၈၀ နီးပါရှိပြီး ကျောင်းသူကျောင်းသား အရေအတွက်က  ၁၅,၀၀၀ ဝန်းကျင် ရှိပါတယ်။

အဲဒီဒေသမှာ အရွယ်ရောက်ပြီး ကျောင်းမနေနိုင်တဲ့ မြန်မာကလေးငယ်အရေအတွက်က ၂၅,၀၀၀ ကျော်ရှိတယ်လို့ ရွှေ့ပြောင်းပညာရေးကော်မတီနဲ့  အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စစ်တမ်းအရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် ၁၉၈၈ ခုနှစ်ကစပြီး နယ်စပ်မှာ အလုပ်အကိုင် လာရောက်ရှာ ဖွေကြတဲ့ မိဘတွေနဲ့လိုက်ပါလာကြတဲ့ ကလေးငယ်တွေထဲကအချို့ဆိုရင် နယ်စပ်မှာပဲ လူလားမြောက်ပြီး ထိုင်းမဟုတ် ဗမာမဟုတ်နဲ့ နိုင်ငံမဲ့ဖြစ်နေကြတာ  အများအပြားရှိတယ်လို့လည်း လေ့လာသူတွေရဲ့မှတ်တမ်းများအရ သိရှိရပါတယ်။

တနင်္ဂနွေနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ NLD က တာဝန်ရှိသူတဦးကတော့ ဒီကလေးတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ သူတို့ပါတီက လုံးပမ်းနေပါတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကွန်ရက်ရဲ့ အလှူငွေ ၁၂၅ သိန်း ဖြစ်ပေမယ့် တခြားအလှူရှင်တွေရဲ့ ကူညီမှုကို ထည့်ပေါင်းလိုက်တော့ ၁၂၈ သိန်းဖြစ်သွားပါတယ်။


ပြည်တော်မြင့် ~
























-

မြန်မာအလုပ်သမားတွေ ထိုင်းမှာ တနေ့ ဆယ်ဒေါ်လာ ရမှာလား

Tuesday, January 15, 2013 0 comments

~



သန်းထိုက်ဦး ~

ထိုင်းအစိုးရက အလုပ်သမားများအတွက်  တနေ့တာ  အနည်းဆုံး လုပ်အားခကို ဘတ် ၃၀၀ သတ်မှတ်လိုက်သဖြင့် လုပ်ငန်းရှင် အများအပြားက ၎င်းတို့၏ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း တို့ကို မြန်မာနိုင်ငံဘက် အခြမ်းသို့ ပြောင်းရွှေ့ လုပ်ကိုင်ရန် စိတ်ကူးနေကြသည်။

(ထိုငွေပမာဏမှာ ဆယ်ဒေါ်လာခန့်/ကျပ်ရှစ်ထောင်ခန့် နှင့် ညီမျှသည်)

ကော့သောင်းမြို့ တဘက်ကမ်း ရနောင်းမြို့ ရေလုပ်ငန်းခွင်မှ မြန်မာပြည်သားများ (ဓာတ်ပုံ - သန်းထိုက်ဦး)
ထိုသို့ စိတ်ကူးနေကြခြင်းကို လက်တွေ့ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသရောက် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးစိန်ဌေးက သုံးသပ်သည်။

“အလုပ်ရုံတွေ ဟိုမှာ သွားဆောက်မယ် ဆိုတာက သူတို့ ပြောသလောက် လွယ်တာမှ မဟုတ်တာ၊ အဲဒီလို ပြောသလောက် လွယ်လို့ရှိရင် စက်ရုံတွေ  ရွှေ့သွားတာကြာပြီး” ဟု ဦးစိန်ဌေးက  ဧရာဝတီသို့ ပြောသည်။

ခက်ခဲနေသည့် အကြောင်းရင်းထဲတွင်  လျှပ်စစ်မီး မလုံလောက်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး အားနည်းချက်၊ နှင့် အလုပ်သမားအသစ် ထပ်မံ ရှာဖွေရေး စသည်တို့ ပါဝင်သည်ဟု ဦးစိန်ဌေးက ဆက်လက် ရှင်းပြသည်။

ယခုလ ၁ ရက်နေ့က အစပြုသည့် အနည်းဆုံး လုပ်အားခ ဘတ် ၃၀၀ သတ်မှတ်ချက်ကို လုပ်ငန်းရှင်တို့က ညည်းတွားနေကြခြင်းကိုလည်း သူက ဝေဖန်လိုက်သည်။

“တနေ့ ၃၀၀ မပေးနိုင်ဘူး ဘာညာ ဆိုတာက ပေါက်တတ်ကရ လျှောက်ပြောနေတာ၊ တကယ် ပေးလိုက်လို့လဲ ဘာမှဖြစ်တာ မဟုတ်ဘူး၊ ဒါကတော့ ကစားနေကြတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဘန်ကောက်နှင့် တခြားသော မြို့ကြီးများတွင်  တရားဝင် လာရောက်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား အများအပြား  တနေ့ ၃၀၀ ရနေပြီဟု သိရသည်။

ဦးစိန်ဌေးက ဇန်န၀ါလအတွက် လစာ ထုတ်မည့် နေ့ရက် မရောက်သေးသောကြောင့်  စည်းကမ်းချက်အတိုင်း ပေးမပေး  မသိရသေး ကြောင်း၊  ထိုင်း လုပ်ငန်းရှင်များ မပေးပါက ထိုင်းအလုပ်သမားဝန်ကြီးထံ တောင်းဆိုမှုများပြုလုပ်သွားမည်ဟု ပြောသည်။

ထိုင်း ဥပဒေနှင့် နိုင်ငံတကာ အလုပ်သမား ဥပဒေတို့တွင် ပြဋ္ဌာန်းထားချက်အရ  ရပိုင်ခွင့်များသည်   ထိုင်းတွင် ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား  တို့မှ အလုပ်သမားများနှင့်လည်း အကျုံးဝင်ကြောင်း သိရသည်။

လုပ်ငန်းရှင်တယောက်၏အသံ -
ထိုင်း-မလေးရှား နယ်စပ် နရာသီဝပ်မြို့ရှိ ဟိုတယ် အကြီးအကဲတယောက်က အောက်ပါအတိုင်း ပြောသည် -

ယခုလလောလောဆယ်မှာတော့  ၃၀၀ တိုးပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီဒေသမှာ ပြဿနာ တစုံတရာ မရှိသေးပါဘူး၊
ဒါပေမယ့်  အလုပ်သမား ၁၀ ယောက်လောက် ရှိတဲ့ ဟိုတယ် အသေးစာတွေကတော့ ထိခိုက်မှာ မဟုတ်ဘူး၊
အလုပ်သမား ဦးရေ ၅၀ ကနေ ၁၀၀ လောက်ရှိတဲ့ ဟိုတယ်ပိုင်ရှင်တွေကတော့ ထိခိုက်မှာ သေချာပါတယ်။

ထိုင်းနိုင်ငံအနှံ့တွင် ဆောက်လုပ်ရေး၊ အိမ်အကူ၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား
စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။
မြန်မာပြည်သားတို့ ထိုင်းတွင် တနေ့တာ   လုပ်အားခ ဘတ် ၃၀၀ ရရှိရေးမှာ လုပ်ငန်းရှင်များအပေါ်တွင်သာ မူတည်နေတော့သည်ဟု ဆိုနိုင်သည်။

အလုပ်သမားအရေး ဆောင်ရွက်သူများက ဖိအားပေးလျှင် အစိုးရသတ်မှတ်ချက်ကို လိုက်နာသည့် လုပ်ငန်းရှင်များ ထပ်မံ ပေ
ါ်ပေါက်လာဖွယ်ရှိသည်ဟု ယူဆရသည်။
























- -

မြန်မာ ၅၆ ယောက် ရနောင်းမှာ အဖမ်းခံရ

Tuesday, December 4, 2012 0 comments


~




သန်းထိုက်ဦး ~



ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်မှာ ပွဲစားခ ဘတ်ငွေ ငါးထောင်ကနေ ရှစ်ထောင် အထိ အကုန်အကျခံပြီးတော့ ရောက်ရှိလာကြတဲ့ မြန်မာပြည်သား ၅၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေမှာ ရေးထားပါတယ်။

(ပွဲစားခက မြန်မာငွေနဲ့တွက်ရင် ကျပ် ၁၃၀,၀၀ ကနေ ၂၂၀,၀၀၀ အထိ ဖြစ်ပါတယ်)

(ဓာတ်ပုံ - www.dailynews.co.th)
သူတို့ အဖမ်းခံရတယ် ဆိုတဲ့ ရနောင်းမြို့က  ကော့သောင်းမြို့တဘက်ကမ်းမှာ တည်ရှိပါတယ်။

တခြားဒေသကို ကားတွေနဲ့ အသွား စစ်ဆေးရေး ဂိတ်တခုမှာ အခုလို အဖမ်းခံရတယ်၊
ကားသမား တွေ ကတော့ စစ်ဆေးရေး ဂိတ်က အာဏာပိုင်တွေကို မြင်တာနဲ့ ကားရပ်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။

အဖမ်းခံရသူတွေအထဲမှာ အမျိုးသမီး ၇ ယောက် ပါဝင်ပြီး ကျန်တာတွေကတော့ အမျိုးသားတွေ ဖြစ်တယ်၊ သူတို့တွေကို ပွဲစားတွေက  ဆူရတ်ဌာနီမြို့နယ်မှာ အလုပ်သွင်းပေးဖို့  စီစဉ်ထားကြတာပါ တဲ့။

ဒီဖြစ်ရပ်နဲ့ပါ ဆိုရင် ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်တဲ့ မြန်မာပြည်သားတွေ အလုံးအရင်းနဲ့ အဖမ်းခံရတာ ဒီဇင်ဘာလဆန်းပိုင်းမှာပဲ ၁၂၅ ယောက် ရှိသွားပါပြီ။

ယခုလ ၂ ရက်နေ့က မြန်မာပြည်သား ၆၉ ဦးကို ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်စပ် တဖက်ကမ်း စံခလဘူရီမြို့နယ်မှာ ဖမ်းမိတာပါ။ ဖမ်ဆီးခံရသူများထဲမှာလည်း သက်ကြီး ရွယ်အိုနဲ့ အသက် တနှစ်အရွယ် ကလေးတွေလဲ ပါတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကို ယခုလော မြန်မာနိုင်ငံသားတွေ ၀င်လာတာဟာ မကြာသေးခင်က ထိုင်းအလုပ်သမားဝန်ကြီး ဌာနက လာမယ့်  ဇန်န၀ါလ ၁ ရက်နေ့က အစပြုပြီး  အလုပ်သမားတွေကို  တနေ့ လုပ်အားခ အနည်းဆုံး ဘတ်ငွေ ၃၀၀ ပေးရမယ်လို့ သတ်မှတ်ထားချိန်နဲ့ တိုက်ဆိုင် နေပါတယ်။

(ဓာတ်ပုံ - www.dailynews.co.th)

တချိန်တည်းမှာလည်း အဖမ်းအဆီး ဆိုင်ရာ ကြေညာချက်လည်း ရှိပါတယ် -

ထိုင်းနိုင်ငံမှာ တရားမ၀င် နေထိုင် လုပ်ကိုင်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသားတွေကို ဖမ်းဆီးပြီးတော့ သက်ဆိုင် ရာ နိုင်ငံ  ပြန်ပို့မယ့် အရေးယူမှုကို လာယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်းမှာ  ပြုလုပ်မယ်လို့ ထိုင်း အလုပ်သမားဝန် ကြီးဌာနက ကြေညာထားတာပါပဲ။

တရားဝင်လက်မှတ်မရှိတဲ့ ဒီလိုအိမ်နီးချင်းနိုင်ငံက အလုပ်သမားမျိုးကို တွေ့ရင်တော့ ဖမ်းပြီး ပြန်ပို့တာ ထုံးစံပါပဲ။ အခုလို ကြေညာချက် ထုတ်တယ် ဆိုတော့ ခါတိုင်းထက် ပိုဖမ်းမယ်၊ စစ်ဆင်ရေးသဘောမျိုး လိုက်လံရှာဖွေ ဖမ်းဆီး ပြန်ပို့တာ လုပ်မယ်ဆိုတဲ့သဘောပါ။

ထိုင်း အစိုးရအနေနဲ့ကတော့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် (Nationality Verification Process – NVP) အရ နောက်ဆုံး သတ် မှတ်ပေးထားတဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်သူများကိုပဲ အရေးယူမယ်လို့ ဆိုပါတယ်။

မြန်မာပြည် အနယ်နယ် အရပ်ရပ်က အလုပ်အကိုင် ရှာဖွေသူတွေဟာ ထိုင်းနိုင်ငံမှာ ၀င်ရောက် အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ဒေသ ကို နေ့စဉ်နဲ့ အမျှ ရောက်ရှိနေပါတယ်။

ထိုင်းနိုင်ငံတဝန်း ဆောက်လုပ်ရေး၊ အိမ်အကူ၊ ရေလုပ်သား၊ စားသောက်ဆိုင် စတဲ့  လုပ်ငန်းများမှာ အလုပ်လုပ်ကိုင်နေတဲ့  မြန်မာပြည်သား အရေအတွက်က  ၂ သန်းကနေ ၄ သန်း အထိ ရှိနိုင်တယ်လို့ အလုပ်သမားအဖွဲ့တွေကခန့်မှန်ထားပါတယ်။





















-

ကန်ချနဘူရီမှာ မြန်မာပြည်သား ၆၁ ဦး အဖမ်းခံရ

Wednesday, November 14, 2012 0 comments

~





သန်းထိုက်ဦး ~



(ဓာတ်ပုံများ  - www.thairath.co.th)

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့နယ်မှာ တရားမ၀င် ရောက်ရှိနေတဲ့ မြန်မာပြည်သား  ၆၁ ယောက် မနေ့က  အဖမ်းခံရပါတယ် တဲ့။

သူတို့ ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ဖို့ နေအိမ်တခုမှာ ခေတ္တ ရောက်ရှိစဉ် အဖမ်းခံရတာပါ တဲ့။ ထိုင်းအာဏာပိုင်တို့ကတော့ အိမ်ရှင်ဟာ လူကုန်ကူးသူလို့ ယူဆနေပါတယ်။

အိမ်ရှင် ဖြစ်တဲ့ အသက် ၂၁ အရွယ် အိမ်ရှင် ထိုင်းနိုင်ငံသားကိုလည်း  တရားမ၀င် အလုပ်သမားများ လက်ခံထားမှုနဲ့ အရေးယူထားတယ်လို့ ဆိုတယ်။

မြန်မာပြည်သားတွေကိုတော့ အဲဒီမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပြီး မကြာခင်  မြန်မာနိုင်ငံဘက်ကို ပြန်ပို့မယ်လို့ ဆိုပါတယ်။



အဲဒါကတော့ www.thairath.co.th မှာ ထိုင်းဘာသာနဲ့ ရေးထားတဲ့ သတင်း ကောက်နုတ်ချက်ပါ။

မြန်မာပြည် အနယ်နယ်အရပ်ရပ်က အလုပ်အကိုင် ရှာဖွေသူတွေဟာ ထိုင်းနိုင်ငံတွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ဒေသကို နေ့စဉ်နဲ့အမျှ ရောက်ရှိနေပါတယ်။

ထိုင်းကို တခါမှ မရောက်ဖူးသူတွေ ပါသလို ရောက်ဖူး၊ သွားလာ နေထိုင်လုပ်ကိုင်ဖူးသူလည်း ပါပါတယ်။

လူသယ်ယူပို့ဆောင်သူ၊ ပွဲစား၊ လူကုန်ကူးသမား စတဲ့ စတဲ့ အဆက်အသွယ်အမျိုးမျိုးကို ချိတ်ဆက်ပြီး ထိုင်းနိုင်ငံထဲက ကိုယ်သွားလိုတဲ့ နေရာကို သွားကြတာပါ။

ထိုင်း၊ မြန်မာ နှစ်နိုင်ငံဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ စတဲ့ ပြည်နယ်/တိုင်းဒေသကြီး ၅ ခုကနေ နယ်စပ်ဖြတ်ကျော် သွားရောက်တဲ့လမ်းကြောင်း အများအပြား ရှိပါတယ်။


အထက်ဖော်ပြပါ ၆၁ ဦး ထိုင်းနိုင်ငံအတွင်း ၀င်ရောက်သွားတဲ့ လမ်းကြောင်းကတော့ ဘုရားသုံးဆူလမ်း ဖြစ်ဖွယ် ရှိပါတယ်။

ထိုင်းမှာ မြန်မာပြည်သား သိန်းသန်းချီ နေထိုင် လုပ်ကိုင်နေပေမယ့် တရားဝင် စာရွက်စာတမ်း အထောက်အထား ကိုင်ဆောင်မထားနိုင်သူ အများအပြား ရှိပါတယ်။ 



အလုပ်သမားလက်မှတ် လျှောက်ထား ရယူလိုတဲ့ အလုပ်သမားဟာ အလုပ်ရှင်ရဲ့ အကူအညီနဲ့ လျှောက်ထားနိုင်ပါတယ်။

























-

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved