Showing posts with label Naing Min Thwin. Show all posts
Showing posts with label Naing Min Thwin. Show all posts

တရုတ်စစ်သားတွေ ဆားရည်စိမ် အသီးအရွက်ပဲ စားနေရသလား

Thursday, April 9, 2015 0 comments



photo - washingtonpost.com

တရုတ်စစ်သားတစုက ဆားရည်စိမ် အသီးအရွက်တွေကိုသာ စားနေကြရတဲ့ သတင်းနဲ့ ဓာတ်ပုံတွေ အွန်လိုင်း လူမှုကွန်ယက်နဲ့ မီဒီယာတွေမှာ ဖော်ပြခဲ့ပြီး နောက်ပိုင်း တရုတ်နိုင်ငံမှ လူမှုကွန်ရက်တွေမှာ ဝေဖန် ပြောဆိုမှုတွေ အမြောက်အများထွက်ပေါ်လာခဲ့ကြောင်း ဘီဘီစီ သတင်းတပုဒ်က ဆိုပါတယ်။ တရုတ်အစိုးရပိုင်သတင်းဌာနတွေကလည်း ပြန်လည် တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ပဋိပက္ခများ ပိုများလာနေတဲ့ ယီမင်နိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား ၅၇၁ ဦးကို မိခင်နိုင်ငံသို့ ပြန်လည် ခေါ်ယူရန်အတွက် ပြီးခဲ့တဲ့ အပတ်အတွင်းမှာ အစိုးရက စစ်သင်္ဘောကြီး ၂ စီးကို စေလွှတ်ပေးခဲ့တာပါ။

ဧပြီလ ၁ ရက်နေ့မှာ Beijing News သတင်းဌာနက ပြန်လည်ရောက်ရှိလာသူ တဦးကို တွေ့ဆုံမြေးမြန်းခဲ့ပြီး “စစ်သင်္ဘော ပေါ်မှာ စစ်သားတွေက ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေ စားရတဲ့ အချိန်မှာ ကျနော်တို့က ဟင်း ၈ မျိုးနဲ့ စားရတယ်။ ဘီယာတောင်ပါသေးတယ်။” လို့ အမျိုးသားတယောက်က ပြောပြခဲ့ကြောင်း သတင်းကဖော်ပြခဲ့ပါတယ်။ “ကျနော် တုန်လှုပ်သွားပါတယ်။ မိခင်မြေရဲ့ နွေးထွေးမှုကို ခံစားရတယ်။” လို့လည်း သူက ဆက်ပြောတယ်လို့ ဆိုပါတယ်။

တရုတ် အစိုးရပိုင် မီဒီယာတွေက အဲ့ဒီသတင်းကို သူတို့ရဲ့တပ်ဖွဲ့များ၏ ရဲရင့်မှုနဲ့ အနစ်နာခံမှုကို ဖော်ပြနိုင်မယ့် အခွင့် အရေးတခုအဖြစ် သဘောထားခဲ့ပါတယ်။ အစိုးရရဲ့ Xinhua သတင်းဌာနနဲ့ အခြားသတင်းဌာနတွေက အဲ့ဒီသတင်းကို ပြန်လည် ရေးသားခဲ့ကြပါတယ်။ ပြန်လည်ထွက်ပြေးလာသူတဦးရဲ့အတွေ့အကြုံအရ “ကျနော်တို့ ဟင်း ၈ မျိုးစားရတယ်။ စစ်သားတွေမှာ ဆားရည်စိမ် အသီးအရွက်တွေပဲရှိတယ်။” အစရှိသဖြင့် ခေါင်းစဉ်တပ်ခဲ့ကြတာပါ။ ခရီးသည်တွေ စား သောက်နေတဲ့ ပုံတွေကိုလည်း ဖော်ပြခဲ့ကြပါတယ်။

အစားအသောက်တွေ စားသောက်နေကြတဲ့ ခရီးသည်များ(photo - bbc.com)

သို့သော်လည်း ဂုဏ်ယူစရာ ဖြစ်လာရမယ့် အစား အွန်လိုင်းပေါ်မှ တရုတ်ပြည်သူတွေအတွက်ကတော့ အဲ့ဒီသတင်းက ဒေါသ ထွက်စရာဖြစ်ခဲ့တယ်လို့ ဘီဘီစီ သတင်းက ဆိုပါတယ်။ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများရဲ့စီမံခန့်ခွဲမှု အားနည်းခြင်း ကို ရောင်ပြန်ဟပ်ပြနေခြင်း ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ တရုတ်နိုင်ငံသားတဦးက တရုတ်လူမှုကွန်ယက် မီဒီယာတခု ဖြစ်တဲ့ Sina Weibo တွင် “စစ်ရေး အသုံးစရိတ်တွေ ဘယ်ရောက်ကုန်ပြီလဲ။” လို့ မေးခွန်းထုတ်ခဲ့တာကို တွေ့ရပါတယ်။ ဟင်းလျာ ၈ မျိုးရှိတယ်ဆိုရင် ခရီးသည်များနဲ့ စစ်သားများ ၄ မျိုးစီ ခွဲဝေစားလျှင် မရနိုင်ဘူးလားလို့ ထောက်ပြသူ အများအပြားလည်းရှိခဲ့ပါတယ်။ “ဆားရည်စိမ် အသီးအရွက်တွေက အာဟာရ မဖြစ်ဘူး။” လို့လည်း တယောက်က ဝေဖန်ခဲ့ပါတယ်။ အဆိုပါသတင်းနဲ့ ပတ်သက်လို့ Sina Weibo နဲ့ တခြား တရုတ် အွန်လိုင်း လူမှုကွန်ရက်တခုဖြစ်တဲ့ Tencent QQ မှာမှတ်ချက်ပေါင်း သောင်းနှင့်ချီ၍ ရှိခဲ့ပါတယ်။

ဝေဖန်မှုများ ရှိခဲ့သည့်တိုင် တရုတ်အစိုးရ သတင်းမီဒီယာများက သူတို့ရဲ့ ရည်ရွယ်ချက်ကို နောက်မဆုတ်ခဲ့ပါ။ တရုတ် အစိုးရ ထိန်းချုပ်ထားတဲ့ သတင်းစာ တစောင်ဖြစ်သော Global Times က မိုဘိုင်းစာပို့ဝန်ဆောင်မှုတခု ဖြစ်တဲ့ WeChat မှ တဆင့် ဖြန့်ချိခဲ့သော ဆောင်းပါးတပုဒ်မှာ စစ်တပ်ရဲ့ ဆောင်ရွက်မှုကို ကာကွယ်ခဲ့ပြီး အပြစ်မြင်နေမှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ပါတယ်။ ကောင်းမွန်တဲ့ အလုပ်ဖြစ်၍ မှားယွင်းသော ကိစ္စမဟုတ်ကြောင်း၊ ပင်လယ်ပြင်တွင် ဈေးဆိုင်လည်း မရှိကြောင်း တုန့်ပြန်ခဲ့ပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံမှ အင်တာနက် အသုံးပြုသူများက ကျေနပ် လက်ခံခဲ့ကြပုံမရပါ။ အဆိုပါ ဆောင်းပါးကို Tencent QQ ၀က်ဆိုက်တွင် ပြန်လည်ဖော်ပြတဲ့အခါ တုန့်ပြန်ဖြေရှင်းချက်ဟာ ရေရာခြင်းမရှိဟု ယူဆသော မှတ်ချက် ရေးသားသူ ၁၁၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးတပ်မတော်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ ကလည်း အလားတူ သတင်းမျိုး ရှိခဲ့ပါသေးတယ်။ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ယူနန်ပြည်နယ်သို့ ရောက်ရှိလာတဲ့ တရုတ် စစ်သားတွေက ညစ်ပတ်နေတဲ့ ခေါက်ဆွဲများ စားနေတဲ့ ဓာတ်ပုံတွေကြောင့် အင်တာနက် အသုံးပြုသူများ ဒေါသဖြစ် ခဲ့ကြရသေးပါတယ်။

သန့်ရှင်းသော ရေမရှိသည့်အတွက်ဟု သိရပါတယ်။ တရုတ်စစ်တပ်က အသုံးစရိတ် တိုးမြှင့်နေတဲ့ အချိန် အထူးသဖြင့် နည်းပညာမြင့် စက်လက်နက် ပစ္စည်းများအတွက် အသုံးပြုနေချိန်မှာ တရုတ် အစိုးရပိုင် သတင်း မီဒီယာများက တရုတ်စစ်သားများရဲ့ စွန့်လွှတ် အနစ်နာခံမှုကို ပုံဖော်ပြနေခြင်းမှာ  မိမိတို့ရဲ့စစ်သားတွေကို ပိုမိုကောင်းမွန် စွာ ထောက်ပံ့ပေးစေလိုတဲ့ ပြည်သူများရဲ့ စစ်မှန်သော ဆန္ဒနဲ့ ကွာခြားမှု ကျယ်ပြန့်လာနေတာကို အခုဖြစ်ရပ်တွေက ဖော်ပြနေခြင်း ဖြစ်တယ်လို့ ဘီဘီစီ သတင်းမှာရေးသားထားပါတယ်။

ပြီးခဲ့တဲ့ နှစ်က တရုတ်နိုင်ငံဟာ ကာကွယ်ရေး အသုံးစရိတ်ကို ၁၂.၂ ရာခိုင်နှုန်းတိုးမြှင့်၍ အမေရိကန် ဒေါ်လာ ၁၃၀ ဘီ လီယံအထိ သုံးစွဲခဲ့ပြီး ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး တပ်မတော်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ခေတ်မီအောင် မြှင့်တင်ရန် လိုအပ်တယ်လို့ အစိုးရက ပြောကြားခဲ့ပါတယ်။


ကိုးကားသတင်း။  ။ http://www.bbc.com/news/blogs-trending-32164488

တိတ်ဆိတ်တဲ့ နံရံတွေကြားကနားခိုရာနေရာလေးတခု (သို့မဟုတ်)“ The Blind Tiger”

Thursday, March 19, 2015 0 comments





 တကယ်လို့ The Blind Tiger မှာ အချိန်းအချက်တခုခုပြုတော့မယ်ဆိုရင်တော့ သင် နှစ်သက်သဘောကျသူ တယောက်ယောက်ကို ခေါ်သွားလိုက်ပါ။ အဲဒီမှာရနိုင်တဲ့ Spicy Cocktail တွေက မျက်နှာကို တစက်လောက် စင်သွားမိရုံနဲ့တောင်မှ သိပ်ကောင်းတဲ့ ပူနွေးရှိန်းမြမှုကို ခံစားရနိုင်ပါတယ်။

ညနေခင်းတခုကို ဘယ်လိုစတင်ရမလဲဆိုတာကိုလည်း အကြံပြုပါရစေ။ ကော့တေးလ်ဖျော်စပ်တဲ့ ထိုင်းအမျိုးသား Addy ကို သင့်အတွက် “Burma Strawberry” တခွက် ဖျော်စပ်ပေးဖို့ ခိုင်းလိုက်ပါ။ ပထမဆုံးအနေနဲ့ စတော်ဘယ်ရီနဲ့ ငရုပ်သီးခပ်ထားတဲ့ ဗော့ဒ်ဂါ ကော့တေးလ်က သင့်ကိုချိုမြိန်ပြီး လန်းဆန်းတက်ကြွစေမှာပါ။ ပြီးရင်တော့ အံ့အားသင့် လောက်တဲ့ ခံစားမှုအပြောင်းအလဲကို ကြုံတွေ့ ရတော့မှာပဲဖြစ်ပါတယ်။ အားနည်းသူတွေ၊ အစာအိမ် မကောင်းသူတွေ အတွက်တော့ အဆင်မပြေလှတဲ့ ကော့တေးက Gekko ရဲ့ Horse’s Neck နဲ့အတူ ရန်ကုန်မှာ အကောင်းဆုံး ကော့တေး အဆင့်ကို ရရှိထားပါတယ်။

The Blind Tiger ရဲ့ပိုင်ရှင်ဖြစ်သူ Sophie Barry က ဓာတ်ပုံဆရာမအဖြစ် သူ့ဘဝရဲ့ အချိန်အတော်များများကို ကုန်ဆုံးစေခဲ့သူ တဦးပါ။ အဲဒီနောက်တော့ သူဟာ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ် မြို့မှာ မက်ဆီကန်စတိုင် စားသောက်ဆိုင်တခုကို ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ ညီမဖြစ်သူနဲ့ နီးနီးနေနိုင်ရန် ရန်ကုန်မြို့မှာ အခြေချခဲ့တာပါ။ ယောမင်းကြီးလမ်းတ၀ိုက်ဟာ ဘားတခု ဖွင့်လှစ်ဖို့ရန်အတွက် နေရာကောင်းတခု ဖြစ်ကြောင်းကို သူသဘောပေါက် နားလည်ခဲ့ပါတယ်။ United ကွန်ဒိုရဲ့ မြေညီထပ်မှာရှိတဲ့ အင်တာနက် ကဖေး ဆိုင်ဟောင်းတခုကို တွေ့လိုက်တဲ့အခါမှာတော့ Sophie Barry ဟာ အသံလုံနံရံတွေနဲ့ အရက်ပုန်းလေးတဆိုင်ရဲ့ရသကို ခံစားမိစေဖို့  အကောင်အထည်ဖော် ဖြစ်ခဲ့ပါတော့တယ်။

န၀ဒေးလမ်းနဲ့ အလံပြဘုရားလမ်းထောင့်မှာရှိတဲ့ The Blind Tiger ဆိုင်ကလေးကို ရှာတွေ့ဖို့ဆိုရင်တော့ မြေညီထပ်မှာ နံရံအပြည့်ရေးဆွဲထားတဲ့ Graffiti လက်ရာတွေကိုခြေရာခံပြီးရှာဖွေကြည့်ရမှာပါ။ ကွေ့ကွေ့ကောက်ကောက် စင်္ကြန်လမ်းကလေးတွေအလွန်မှာတော့ ထူထဲကြီးမားလှတဲ့ သစ်သားတံခါးကြီးရဲ့ အပေါ်မှာ စီးကရက်ခဲထားတဲ့ ကျားတကောင်ပုံရှိနေပါတယ်။ အဲဒီနောက် တံခါးကိုခေါက်လိုက်ပြီဆိုရင်တော့ အရင်ဆုံးဆိုင် ၀န်ထမ်းတယောက်က သင့်ကို ချောင်းကြည့်ပေါက်ကလေးကနေ ချောင်းကြည့်လာပါလိမ့်မယ်။ ဆိုင်ရဲ့ ၀န်ထမ်းအတော်များများက ဒူဘိုင်းမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးသူတွေလို့ သိရပါတယ်။ ဆိုင်တွင်း အဆင်အပြင်ကတော့ အမှောင်နဲ့ သားနားလှတဲ့ အဖိုးစားနား ကြီးမားခြင်းတွေကို ရောမွှေထားတယ်လို့ဆိုရမှာပါ။ ပုတီးစေ့ လိုက်ကာတွေနဲ့ စိတ်လှုပ်ရှားစရာ ပန်းချီကားချပ်တွေက Bordeaux နံရံတွေ၊ ထူထဲကြီးမားတဲ့ သစ်သားပရိဘောဂတွေနဲ့ အားပြိုင်နေကြပါတယ်။

အားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ The Blind Tiger ဟာ ညဖက်မှာ စတည်းချဖို့၊ ဂီတကိုနားထောင်ဖို့နဲ့ နာရီ အတော်ကြာကြာ အချိန်ဖြုန်းဖို့ အဆင်ပြေတဲ့ နေရာတခုပါ။

ည ဆယ်နာရီခွဲအထိဖွင့်တဲ့ The Blind Tiger ကတော့ ကြက်သွန်ဖြူနဲ့ ပုဇွန်ဟင်းကို mojito ကော့တေးနဲ့ တွဲဖက်စားသုံးလိုသူတွေမှသည် မိသားစုတစုလောက် စားနိုင်တဲ့ ဘာဂါအကြီးကြီးတခုကို စားသုံးလိုသူတွေအထိ ဆာလောင်မှု အဆင့်အမျိုးမျိုးအတွက် ဖြည့်စွမ်းပေးနိုင်ပါလိမ့်မယ်။

ဟင်းလျာစာရင်းမှာ လောလောလတ်လတ် ဖြည့်စွက်ထားတဲ့ ဘာဂါတခြမ်း (half-burger) ကတော့ တလုပ်စာ မျှလောက်သာ ရှိပါတယ်။ အဲဒါကိုတော့ Caramal အချိုရည် ဖြည့်စွက်ထားတဲ့ ကြက်သွန်နီ၊ ၀က်ပေါင်ခြောက်တို့နဲ့အတူ သင်နှစ်သက်ရာ ချိစ် တမျိုးမျိုးနဲ့ တွဲဖက်ပြီး Brioche ပေါင်မုန့်လုံးကလေးနဲ့ တွဲဖက်စားသုံးရမှာပါ။ နည်းနည်း Juicy ဖြစ်တဲ့ အဲဒီ ဘာဂါက လူကြိုက်များလှပြီး ရန်ကုန်မြို့မှာရှိတဲ့ တခြားသော ဘာဂါတွေထက်လည်း တမူထူးနေပါတယ်။
ဟင်းလျာစာရင်းထဲမှာ နောက်ထပ် ညွှန်းဆိုချင်တာကတော့ အသားလုံးတွေနဲ့ ပုစွန်မုန့်တွေပါပဲ။ တယောက်စာ တပွဲက ဥရောပသားတယောက်အတွက်ဆိုရင် နည်းတယ်လို့ ဆိုနိုင်ပေမယ့် အရသာကတော့ ထူးလှပါတယ်။

အသံလုံ နံရံတွေရဲ့နောက်မှာနေ့စဉ်ဘဝရဲ့ မောပန်းငြီးငွေ့မှုတွေကနေ ပုန်းခိုနားနေနိုင်တဲ့ The Blind Tiger ကို မသွားရောက်မီ ကြိုတင်သတိပေးလိုတာကတော့ စောစောသွား၊ ညစာစောစော စားရင်း အချိန်ဖြုန်းပြီးတဲ့နောက် ဗိုက်လေးလေးနဲ့ ညဖက် အိမ်ပြန်ချိန်မှာ သင့်ရဲ့ ပိုက်ဆံအိတ်ကတော့ ပြားကပ်သွားနိုင်ပေမယ့် စိတ်ကျေနပ်မှုကတော့ အပြည့်အဝရနိုင်လိမ့်မယ် ဆိုတာပါပဲ။



CLAUDIA SOSA



(မတ်လထုတ် The Irrawaddy မဂ္ဂဇင်းမှာပါရှိတဲ့ Bar with a Bite ဆောင်းပါးကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ပါတယ်)

"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၁၂ မှ ကူးယူဖော်ပြသည် "

ကားပျံတွေလာတော့မည်

Tuesday, March 17, 2015 0 comments



photo- www.aeromobil.com


လေပေါ်မှာ ပျံသန်းနိုင်တဲ့ ကားတစီးလိုချင်သူတွေအတွက် နောက်ထပ် နှစ်အနည်းငယ်မျှသာ စောင့်ဆိုင်းရတော့မယ်လို့ မြေပြင်မှာသာမက လေထဲတွင်လည်း ပျံသန်းနိုင်တဲ့ ကားကို တီထွင်နေတဲ့ ကုမ္ပဏီတခုက ဆိုလိုက်ပါတယ်။

ပြိုင်ကားကို အပေါ့စားလေယာဉ်ငယ် အသွင်ပြောင်းလဲထားပြီး လူနှစ်ယောက်စီးနင်းလိုက်ပါနိုင်တဲ့ အဲ့ဒီ ကားပျံကို နောက် ၂ နှစ်အကြာမှာ ရောင်းချပေးဖို့ ရည်ရွယ်ထားတယ်လို့  စလိုဗက်ကီးယား အခြေစိုက် Aeromobil ကုမ္ပဏီက ဆိုပါတယ်။

 “၂၀၁၇ ခုနှစ်မှာ ဈေးကွက်မှာ ရောင်းချနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။” ဟု Aeromobil ကို ပူးတွဲတည် ထောင်ခဲ့သူ အမှုဆောင်အရာရှိချုပ် Juraj Vaculik က အမေရိကန်နိုင်ငံ အော်စတင် မြို့တွင် ပြုလုပ်တဲ့ ကွန်းဖရင့်တခုမှာ မတ်လ ၁၅ ရက်နေ့က ပြောကြားခဲ့တာပါ။

ချမ်းသာကြွယ်ဝပြီး မော်တော်ကားကောင်းကြိုက်သူတွေ၊ ပျံသန်းရေးကို စိတ်ဝင်စားသူတွေအတွက် ရည်ရွယ် ထုတ်လုပ်မယ့် မော်တော်ကားပျံဟာ ပုံမှန်ဓာတ်ဆီကို အသုံးပြုပြီး အလိုအလျောက် မောင်းနှင်နိုင်တဲ့ စနစ်နဲ့ အလိုအလျှောက် အလုပ်လုပ်တဲ့ လေထီးလည်း တပ်ဆင်ထားပါတယ်။

ဈေးနှုန်းကို မသတ်မှတ်ရသေးပေမယ့်လည်း အမေရိကန်ဒေါ်လာ သိန်းနဲ့ချီ ရှိနိုင်မယ်လို့ Juraj Vaculik ကပြောပါတယ်။ တနေရာနဲ့တနေရာ သွားလာတဲ့နေရာမှာ လမ်းကို အသုံးပြုစရာမလိုအပ်တဲ့အတွက် အနာဂတ်မှာ လမ်းအတွက် ကုန်ကျလာနိုင်မယ့် စရိတ်ကိုပါ လျှော့ချနိုင်သွားလိမ့်မယ်လို့လည်း သူက ထပ်ပြောပါတယ်။

ဒါ့အပြင် ကားပျံတွေအတွက် ပျံသန်းရမယ့် အမြင့်ပေ သတ်မှတ်ချက်တွေ သီးခြားပြုလုပ်ပေးထားခြင်းအားဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကားပျံတွေဟာအမြင့် မီတာ ၃ထောင် (ပေ ၁၀၀၀၀ခန့်) အောက်မှာ ပျံသန်း နိုင်လိမ့်မယ်လို့လည်း Juraj Vaculik က ခန့်မှန်းထားပါတယ်။

Aeromobil ကုမ္ပဏီကို တည်ထောင်ခဲ့သူ နှစ်ဦးဖြစ်တဲ့ Juraj Vaculik နဲ့ Stefan Klein တို့က သူတို့ရဲ့ ပထမဆုံးသော ကားပျံကို ၂၀၁၃ ခုနှစ်က ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းနည်းပညာ ကွန်ဂရက်မှာ စတင်ပြသပြီး ကမ္ဘာကို အံ့အားသင့်စေခဲ့တာပါ။

အဲ့ဒီနောက် ထပ်မံအဆင့်မြှင့်ထားသော ကားပျံ အမျိုးအစားဖြစ်တဲ့ Aeromobil 3.0 ကို သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ မှာ မနှစ်က ပြသခဲ့တာပါ။ Aeromobil 3.0 ဟာ ပုံမှန်ကားပါကင်နေရာတခုမှာပဲ ရပ်ထားနိုင်ပြီး ပျံတက်ဖို့အတွက် မြက်ခင်းပြေးလမ်းအရှည် မီတာ ၂၀၀ မျှသာလိုအပ်တာပါ။ ဆင်းသက်တဲ့အခါမှာလည်း မြက်ခင်းပြင်ပြေးလမ်းအရှည် မီတာ ၅၀ ပဲ လိုအပ်ပါတယ်။

 “အခု ကျနော်တို့ လေဆိပ်တွေ မလိုတော့ပါဘူး။” လို့ Juraj Vaculik ကပြောပါတယ်။

ပြေးလမ်းမြက်ခင်းပြင်ကို အဝေးပြေးကားလမ်းများဘေး သို့မဟုတ် ဓာတ်ဆီဆိုင်များ အနီးတွင် အလွယ်တကူတည် ဆောက်နိုင်တယ်လို့လည်း သူကဆိုပါတယ်။ ဓာတ်ဆီဆိုင်ပိုင်ရှင်တွေအနေနဲ့ အသုံးပြုခ ကောက်ခံရရှိနိုင်တယ်လို့လည်း သူ က အကြံပြုလိုက်ပါတယ်။

Aeromobil 3.0 ဟာ ကားအဖြစ်မောင်းနှင်မယ်ဆိုရင်လည်း အမြန်ဆုံး တနာရီ ၉၉မိုင် နှုန်းဖြင့် မောင်းနှင်နိုင်ပြီး အဝေးဆုံး ၅၄၅ မိုင် မောင်းနှင်နိုင်ပါတယ်။ လေယာဉ်အဖြစ် ပျံသန်းချိန်တွင် တနာရီ ၁၂၄မိုင် နှုန်းဖြင့် ပျံသန်းနိုင်ပြီး အဝေးဆုံး ၄၃၅ မိုင် ပျံသန်းနိုင်တာပါ။ လေထဲသို့ ပျံတက်ရန်အတွက် လိုအပ်တဲ့ အရှိန်မှာလည်း တနာရီ ၈၁ မိုင် ဖြစ်ပါတယ်။

ဒါပေမယ့် ကားပျံတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့အတွက် ရင်ဆိုင်ရမယ့် နည်းဥပဒေတွေနဲ့ အသိအမှတ်ပြု ထောက်ခံမှုတွေ လိုအပ်နေသေးတယ်လို့လည်း သူက၀န်ခံပြောဆိုခဲ့ပါတယ်။

 “ကျနော်တို့ ရင်ဆိုင်ရမယ့် မြေပြင်နဲ့ဆိုင်တဲ့ ဝေဟင်နဲ့ ဆိုင်တဲ့ ဗျူရိုကရေစီ ကိစ္စတွေက နှစ် ၁၀၀ စာလောက်ရှိနေပါတယ်။ သိပ်တော့ မလွယ်လှပါဘူး။” လို့ Juraj Vaculik က ဆိုပါတယ်။ ဒါပေမယ့်လည်း သူတို့ ကုမ္ပဏီကို ယခုအချိန်အထိ  ဥရောပ သမဂ္ဂက ခိုင်ခိုင်မာမာထောက်ခံ ပေးထားတယ်လို့ သူကထပ်ပြောပါတယ်။


Ref: CBC News


လူမှုနိုင်ငံရေးပကတိအခြေအနေများကိုထင်ဟပ်သွားတဲ့ အော်စကာဆုပေးပွဲ

Wednesday, February 25, 2015 0 comments




 ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ၈၇ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် ဆုလက်ခံပြီး စကားပြောကြားရာတွင် နိုင်ငံရေးနှင့် လူမှုရေးကိစ္စများ ထည့်သွင်းပြောဆိုသွားသူ ဆုရှင်တဦးရှိခဲ့ပါသည်။

“Boyhood” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရရှိခဲ့သော Patricia Arquette က အမေရိကန်နိုင်ငံတွင် အမျိုးသမီးများ (အမျိုးသားများနှင့်) တန်းတူ အခွင့်အရေးနှင့် လုပ်ခလစာ ရရှိရေးအတွက် ခွန်အားပေးသည့် စကားများကို ထည့်သွင်းပြောကြားသွားခဲ့သည်။ Patricia Arquette သည် မြန်မာ့ ၈၈ အရေးအခင်းကိုအခြေခံ၍ ရုပ်ရှပ် Beyond Yangon တွင်လည်းသရုပ်ဆောင်ခဲ့ဖူးသည်။

“ကလေးမွေးဖွားပေးတဲ့ အမျိုးသမီးတိုင်းအတွက်၊ အခွန်ပေးဆောင်နေသူတိုင်းနဲ့ ဒီနိုင်ငံက နိုင်ငံသားတွေအတွက် လူတိုင်းမှာ ညီမျှတဲ့ အခွင့်အရေးရှိဖို့အတွက် ကျမတို့တိုက်ပွဲဝင်ခဲ့ပါတယ်။ အခုချိန်ဟာ လစာတန်းတူညီမျှစွာ ရရှိရမယ့်၊ အားလုံးအတွက်၊ အမေရိကန်နိုင်ငံက အမျိုးသမီးတွေအတွက် တန်းတူအခွင့်အရေး ရရှိရမယ့် အချိန်ဖြစ်ပါတယ်” ဟု သူကပြောသည်။ 



Patricia Arquette

ပရိသတ်များကလည်း သူ့ကို ဆူညံစွာအော်ဟစ်ထောက်ခံပြီး လက်ခုပ်တီးခဲ့ကြသည်။ အော်စကာဆုအတွင် Patricia Arquette နှင့်အတူ ဆန်ကာတင်စာရင်းဝင်ခဲ့သော မင်းသမီးကြီး Meryl Streep ကလည်း လက်ညိုးထောင်၍ သဘောတူ ထောက်ခံကြောင်း ပြသခဲ့သည်။

အော်စကာဆုပေးပွဲတွင် အအောင်မြင်ဆုံး ဖြစ်ခဲ့ရသည်မှာ "Birdman" ရုပ်ရှင်ကားဖြစ်ပြီး အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုတ်တာဆု၊ဇာတ်ညွှန်းဆုနှင့်ဓာတ်ပုံဆုများရရှိခဲ့သည်။ ထိုသို့ရရှိခဲ့ခြင်းအတွက်လည်း အံ့သြသူအနည်းငယ်မျှသာ ရှိခဲ့ပါသည်။“စိတ်အပန်းဖြေဖို့အတွက်သက်သက်နဲ့ "Birdman" ဇာတ်ကားကိုမကြည့်ပါနဲ့ဟု The New Yoker သတင်းစာက၂၀၁၄ ခုနှစ်အောက်တိုဘာလတွင် ညွှန်းခဲ့ဖူးသော ဇာတ်ကားလည်းဖြစ်ပါသည်။


Lady Gaga နှင့် Julianne Moore

နာမည်ကျနေသည့် ရုပ်ရှင်မင်းသားတယောက်က ဘရော့ဝေးပြဇာတ် လောကသို့ ကူးပြောင်းလာစဉ်ရင်ဆိုင်ရသည့် အခက်အခဲများကို ရိုက်ကူးထားသည့် "Birdman" ဇာတ်ကားတွင်အဓိကဇာတ်ဆောင်အဖြစ်လူစွမ်းကောင်း “Batman” ဇာတ်ကားများဖြင့် ကျော်ကြားခဲ့သော မင်းသား Michael Keaton က သရုပ်ဆောင်ထားသည်။

“မက္ကဆီကန် နှစ်ယောက် ဆုဆက်တိုက်ရတာ သံသယရှိချင်စရာပဲလို့ ကျနော်ထင်ပါတယ်” ဟု "Birdman" ၏ ဒါရိုက်တာဖြစ်သူ မက္ကဆီကန်လူမျိုး Alejandro Iñárritu က စင်မြင့်ပေါ်တွင် အရွှန်းဖောက်ခဲ့သည်။ ၂၀၁၄ ခုနှစ်ကလည်း အခြားသောမက္ကဆီကန်ဒါရိုက်တာတဦးဖြစ်သော AlfsonCuaron က "Gravity" ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည်ကို ရည်ရွယ်ခြင်း ဖြစ်သည်။ 



၂၀၁၅ ခုနှစ် အော်စကာဆုနှင့်အတူ တွေ့ရသည့် Alejandro Inarritu

သို့သော်လည်း အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကိုမူ နာမည်ကျော် သိပ္ပံပညာရှင် Stephen Hawking အဖြစ် “The Theory of Everything” ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သော Eddie Redmayne က "Birdman" မှ Michael Keaton ကို ကျော်ဖြတ်ပြီး ရရှိသွားသည်။ 


 “The Theory of Everything” ဇာတ်ကားသည် ၎င်း၏ခေါင်းစဉ်နှင့် လိုက်ဖက်အောင် အထူးတလည်ကြိုးစား၍ အသိအမှတ်ပြုရမည့် လူသားတဦးဖြစ်သော Stephen Hawking ၏ စိတ်ကူးစိတ်သန်းများ၊ ဘ၀ခံစားချက်များနှင့် ရောဂါ ဝေဒနာကို တိုက်ခိုက်ကျော်ဖြတ်ရသည့် အခက်အခဲများကို James Marsh ရေးသားသည့် Stephen Hawking ၏ အထ္ထုပ္ပတ္တိစာအုပ်ကို အခြေခံ၍ရိုက်ကူးတင်ပြထားခြင်းဖြစ်သည်။

Eddie Redmayne


 အော်စကာဆုပေးပွဲပြီး၍များမကြာမီအချိန်မှာပင် Stephen Hawking က သူ၏ Facebook စာမျက်နှာတွင် Eddie Redmayne ကိုဂုဏ်ပြုကြောင်းဖော်ပြခဲ့သည်။ “The Theory of Everything” ဇာတ်ကားမှာ ကျနော့်အနေနဲ့ သရုပ်ဆောင်ပြီး အော်စကာဆုရသွားတဲ့ Eddie Redmayne ကို ဂုဏ်ပြုပါတယ်။ မင်းအကောင်းဆုံးလုပ်ခဲ့ပါတယ် Eddie, ငါမင်းအတွက်ဂုဏ်ယူပါတယ်” ဟု Stephen Hawking ကရေးသားခဲ့သည်။

အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုမူ “Still Alice” ဇာတ်ကားတွင် ဦးနှောက်ပုံမှန်အလုပ်မလုပ်သည့် Alzheimer ရောဂါ ခံစားနေရတဲ့ ဘာသာဗေဒပညာရှင် အမျိုးသမီးပါမောက္ခဒေါက်တာ Alice Howland အဖြစ် သရုပ်ဆောင်ခဲ့သော မင်းသမီးကြီး Julianne Moore ကရရှိသွားသည်။


“အော်စကာဆုတဆုရလိုက်ရင် အသက်၅နှစ်ပိုရှည်သွားနိုင်တယ်လို့ ရေးထားတဲ့ဆောင်းပါးတပုဒ် ကျမဖတ်ဖူးပါတယ်။ တကယ်လို့ အဲဒါမှန်မယ်ဆိုရင်တော့ ဆုရွေးချယ်တဲ့အဖွဲ့ကို ကျမတကယ်ကိုကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမခင်ပွန်းကကျမထက်အသက်ငယ်နေလို့ပါ” ဟု မင်းသမီးကြီးJulianne Moore က နောက်ပြောင်ခဲ့သည်။


အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို “Whiplash” ဇာတ်ကားတွင် ဂီတဆရာအဖြစ်သရုပ်ဆောင်ခဲ့သော J.K Simmons က ရရှိခဲ့သည်။

ယခုနှစ်အော်စကာဆုပေးပွဲတွင်လူကြိုက်များသည့် “Lego Movie” ဇာတ်ကားကို အကောင်းဆုံး အထူးပြုလုပ်ချက် ရုပ်ရှင်စာရင်းမှ ဖယ်ထုတ်ခဲ့သည့်အတွက် ဝေဖန်မှုများရှိခဲ့သည်။ ၎င်းအစား “Big Hero 6” ဇာတ်ကားက ဆုရရှိသွားခဲ့သည်။

အကောင်းဆုံး မူရင်းသီချင်းဆုကို “Selma” ဇာတ်ကားမှ “Glory” သီချင်းဖြင့်ရရှိသွားသော John Legend နှင့် Common တို့ကလည်း တန်းတူညီမျှမှု၊ ဆန္ဒမဲပေးပိုင်ခွင့်နှင့် အမေရိကန်နိုင်ငံမှ အာဖရိကနွယ်ဖွားများ၏ ထောင်ကျသည့်နှုန်းများနှင့် ပတ်သက်သော စိတ်လှုပ်ရှားဖွယ်ရာ စကားများကို စင်မြင့်ပေါ်မှ ပြောကြားသွားခဲ့ကြသည်။




Ref : Fox News, Polipico, The New Yoker


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၉ မှ ကူးယူဖော်ပြသည်"



မြို့ပြဆူညံမှုများနှင့် ကင်းလွတ်ရာပန်းဆိုးတန်းက RangoonTea House

Tuesday, February 24, 2015 0 comments


ဓာတ်ပုံများ -  Steve Tickner/ The Irrawaddy

 အင်္ဂလန်နိုင်ငံမြောက်ပိုင်းတွင် ကြီးပြင်းခဲ့ရသော်လည်း မြန်မာနိုင်ငံသည် ကိုထက်မြက်ဦးအတွက် အပျော်ဆုံး နေရာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သူတို့မိသားစုအားလပ်ရက်များတွင် သွားရောက်လေ့ရှိသည့် နေရာဖြစ်သလို ဆန်းဒါးလန်းမှာရှိစဉ် သူ့မိခင် ချက်ကျွေးတတ်သော အစားအစာများ၏ မူရင်းဒေသလည်း ဖြစ်နေပါသည်။

 
ဆိုင်ပိုင်ရှင် - ကိုထက်မြက်ဦး

တက္ကသိုလ်ကဘွဲ့ရပြီး တပတ်အကြာမှာပဲ ကိုထက်မြက်ဦး  မြန်မာနိုင်ငံသို့  ပြန်လာခဲ့သည်။ အခုအချိန်မှာတော့ Rangoon Tea House ၏ ပိုင်ရှင် ဖြစ်နေလေပြီ။ Rangoon Tea House က မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မှ သမိုင်းဝင် နေရာတခုဖြစ်သည့် ပန်းဆိုးတန်းလမ်းအောက်ဆုံးဘလောက်မှာရှိသော အဆင့်မြင့် လက်ဖက်ရည်ဆိုင်တဆိုင်ဖြစ်သည်။

“ကလေးဘဝက ကျနော့်အတွက် ကျနော့်အမေလုပ်ပေးခဲ့တဲ့ အစားအသောက်တွေကြောင့် ဒီဆိုင် ဖြစ်လာပါတယ်” ဟု ကိုထက်မြက်ဦးကပြောသည်။ စမူဆာမှစ၍ မုန့်ဟင်းခါးအထိ ဒေသထွက် အရည် အသွေးမြင့်ပစ္စည်းများ အသုံးပြုထားသည့်အကြောင်း ရှင်းပြရင်း ထိုသို့ပြောခြင်းဖြစ်သည်။




အစားအစာစာရင်း (Menu) တွင်လည်း အဆင့်မီလက်ဖက်ရည်ဆိုင်များတွင် ရရှိနိုင်သည့် လက်ဖက်သုပ်၊ နန်းကြီးသုပ်၊ ကြက်သားပလာတာအစရှိသည်တို့ ပါဝင်နေသည်။ တချိန်တည်းမှာပင် မြန်မာအစားအစာကို ပထမဆုံး မြည်းစမ်းကြည့်မည့် သူများအတွက်လည်းလက်ဖက်အမျိုးမျိုး၏ သရုပ်ဖော်ပုံများကိုဖော်ပြထားသည်။

ဆိုင်၏ အပြင်အဆင်ကလည်း ပလက်ဖောင်းပေါ်တွင် ပလတ်စတစ်ခုံငယ်များ ချခင်းပြီး ဖွင့်ထားသည့် ပုံမှန်မြင်နေကျ လက်ဖက်ရည်ဆိုင်များနှင့် အတော်လေး ခြားနားနေသည်။ ခေတ်ဟောင်း တက္ကစီများတွင် သုံးသော မီတာများနှင့် ဆူဖြိုးသော ဝမ်းဗိုက်ပုံများ ပြသထားခြင်းက မြန်မာ့အယူအဆအရ ချမ်းသာ ကြွယ်ဝမှုပုံစံကို ဖော်ပြနေသည်။ အရောင် အတွဲအစပ်အနေဖြင့် အဖြူရောင်နှင့် အနက်ရောင်ကို လိုအပ် သလောက်သာ သုံးထားပြီး မြင့်မားသောမျက်နှာကြက်ကြောင့်  ကျယ်ဝန်းမှု၊  သန့်ရှင်းမှုကိုခံစားရရှိနိုင်ပါသည်။




ကိုထက်မြက်ဦးက အားလုံးနှင့် ဆီလျော်သော ပတ်ဝန်းကျင်ဖြစ်သည့် လက်ဖက်ရည်ဆိုင်၏ သဘောကိုလည်း ရှင်းပြသည်။ လက်ဖက်ရည်ဆိုင်ကို လူတိုင်းလာရောက်ပြီး အစားအစာများ စားသောက်နိုင်သည်။ စကားစမြည် ပြောဆိုနိုင်ကြသည်။

“လက်ဖက်ရည်ဆိုင်ဆိုတာခွဲခြားမှု မရှိရဘူး။ လူတိုင်းဒီကိုလာနိုင်တယ်”ဟုသူကပြောသည်။ သို့သော်လည်း လက်ဖက်ရည်တခွက်ကို ၁၅၀ဝ ကျပ် ဖြစ်သည့်အတွက် လူတိုင်းလာနိုင်ကြမည် မဟုတ်ပါ။

ထို့အပြင် ပန်းဆိုးတန်းလမ်းပေါ်တွင် ၅၀ဝ ကျပ်လောက်နှင့် ရနိုင်သည့် မုန့်ဟင်းခါးတပွဲကို ၅၀ဝ၀ ကျပ် ပေးရသည်။



“ကျနော်တို့က အမြတ်များများလိုချင်လို့ ဈေးတင်ရောင်းနေတာမဟုတ်ပါဘူး။ နိုင်ငံခြားသားခရီးသည်တွေ ဒီကိုလာပြီး မုန့်ဟင်းခါးတပွဲ အတွက် ၅၀ဝ၀ ပေးတာကိုလည်း မလိုချင်ပါဘူး။ ကျနော်တို့ အစားအစာရဲ့ အရည်အသွေးကြောင့်ပါ။ ကျနော်တို့ ဒီလောက်ယူရတာက ကျနော်တို့ ထည့်သွင်းအသုံးပြုထားတဲ့ ပစ္စည်းတွေ၊ ပေးရတဲ့အချိန်တွေနဲ့ အစားအစာတွေထဲမှာ ထည့်ပေးထားတဲ့ ကျနော်တို့ရဲ့ ဂရုစိုက်မှုကြောင့် ဖြစ်ပါတယ်” ဟု သူကပြောသည်။

အမှန်တကယ်ပင် သူပြောပြသည့် ဂရုစိုက်မှုဆိုတာကို နားထောင်ကြည့်ပြီး အစားအစာများ၏ နောက်ကွယ်တွင် ရှိနေသည့် လနှင့်ချီကာ ကြာမြင့်သော လုပ်ငန်းစဉ်များကို ကြားသိခဲ့လျှင် စမူဆာနှင့် စားရသည့် အချဉ်ရည်မှ သိမ်မွေ့သောမန်ကျည်းမှည့်အရသာ၊ မုန့်ဟင်းခါးနှင့်အတူ စားသုံးရမည့် ပဲကြော်များ၊ ကြက်သွန်ကြော်များကို ပိုမိုခံစားနိုင်ပေလိမ့်မည်။

Ragoon Tea House  က မြန်မာအစားအစာများကိုသန့်ရှင်းစွာ ပြုလုပ်ခြင်းဖြင့် အောင်မြင်မှု ရယူနိုင်ရန် မျှော်လင့်ထားသည်။



အုန်းနို့ခေါက်ဆွဲကိုအဆင့်အတန်းသစ်တခုရအောင် ပြုလုပ်ပြင်ဆင်နေသည်။ စာရေးသူ၏ အမြင်အရဆိုလျှင် အစားအစာများသည် သာမန်နှင့်ကွဲပြားသည့်အချိန်တွင် အကောင်းဆုံးဖြစ်ကြောင်း ငြင်းမရနိုင်ပါ။ လပေါင်းများစွာ အချိန်ယူပြင်ဆင်ခဲ့ရသည့် မုန့်ဟင်းခါးတွင် အဆင့်မြင့်ပစ္စည်းများ အသုံးပြုထားသည် ဆိုလျှင်ပင် အနံ့ အရသာ ဟန်ချက်ညီမျှမှုက အံ့အားသင့်ဖွယ်ရာဖြစ်ရန် အနည်းငယ်မျှ လိုအပ်နေသေးသည်။ သို့သော်လည်း ဝက်သားပေါက်စီ၏ အနံ့အရသာကတော့ တော်တော်လေး ကောင်းပါသည်။ မကြာသေးမီက အစားအစာစာရင်းတွင်  ဖြည့်သွင်းခဲ့သော အုန်းနို့ခေါက်ဆွဲနှင့် ငါးအစာသွပ် မုန့်ကလည်း ကောင်းမည့်ပုံရှိပါသည်။


Rangoon Tea House
အမှတ် - ၇၇၊ ပန်းဆိုးတန်းလမ်း(ကမ်းနားလမ်း ဘလောက်)၊ ပထမထပ်၊ ကျောက်တံတားမြို့နယ်၊
ဖုန်း - ၀၉-၅၁၇၈၃၂၉


CLAUDIA SOSA ရေးသည့် Far from the Madding Crowd ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်။


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၈ မှ ကူးယူဖော်ပြသည်"

အဟောင်းကြားမှာ အသစ်ကို ရှာဖွေကြသူများ

Saturday, September 27, 2014 0 comments


 ~





အမေရိကန် ဓာတ်ပုံဆရာမ Diana Markosian သည် မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ခဲ့စဉ် အနုပညာရှင်များ၊ ရက်ပ်ပါ Rapper များ၊ အကပညာရှင်များနှင့် တခြားသော ဖန်တီးသူ အနုပညာရှင် များနှင့် သွားလာအချိန်ကုန်ဆုံးရင်း မြန်မာလူငယ်များကို စိတ်ဝင်စားခဲ့သည်။

“မျိုးဆက်သစ်က အမျိုးအစား ကွဲပြားခြားနားတဲ့ အနာဂတ်အတွက် စိတ်အားထက်သန်နေကြတယ်လို့ ကျမ ထင်တယ်။ သူတို့က အစိုးရ ကတိပြုထားတဲ့အတိုင်း ပွင့်လင်းတဲ့ ခေတ်သစ်ကာလတခုကို သွားစေချင်ကြ တယ်။ နိုင်ငံရေး အရိပ်တွေဆီကနေထွက်ဖို့ ရဲရင့်နေတဲ့ လူငယ်တွေ ပိုပိုပြီး များလာတာကို ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ခံစားလို့ရနိုင်ပါတယ်” ဟု သူက အမေရိကန်အခြေစိုက် Slate မဂ္ဂဇင်းသို့ ပြောပြသည်။

“အပြောင်းအလဲကြားမှာ မောင်းနှင်နေကြသူ အများစုက ကျမရဲ့ အသက်အရွယ်လောက်တွေပါပဲ။ သူတို့က အသက် ၂၀ ကျော် အရွယ်တွေ၊ ပြီးတော့ လက်ရှိအခြေအနေကနေ ကျော်လွန်ပြီး သွားချင်နေ ကြသူတွေ” ဟု သူကဆက်ပြောသည်။

စမ်းသပ်ချက် တခုအနေဖြင့် သူသဘောကျသော မြန်မာလူငယ်တို့၏ ဓာတ်ပုံများ ရိုက်ကူးရန် သူဆုံးဖြတ်လိုက် သည်။ ဓာတ်ပုံများကို ညအချိန်တွင် ရန်ကုန်မြို့၏ ဟောင်းနွမ်းပျက်စီးနေသော နံရံများရှေ့တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

“ကျမက တင်စားမှုတခုအနေနဲ့ လူငယ်တွေကို နံရံဟောင်းတွေနဲ့ယှဉ်ပြီး ပြချင်ခဲ့ပါတယ်။ အတိတ်ကနေ ဝေးကွာဖို့ မျိုးဆက်သစ်တွေက သူတို့ကိုယ်တိုင် ကြိုးစား နေကြတာဖြစ်ပါတယ်။ သူတို့ဟာ တက်ြွကသူတွေ ဖြစ်ပြီး သူတို့မှာ အင်အားကောင်းတဲ့ အသံတွေရှိတယ်။ ကျမက သူတို့ကို အတွင်းဘက်မှာ ဒါမှမဟုတ် နံရံ ၄ ဖက်ကြားမှာ မဟုတ်ဘဲ လွတ်လပ်တဲ့နေရာမှာ ရှိစေချင်ခဲ့ပါတယ်” ဟု Diana Markosian က ပြောသည်။

Diana Markosian ၏ ကင်မရာမှန်ဘီလူးက အနာဂတ်အမြင်သစ်တခုကို ရှာဖွေရန်နှင့် ပုံဖော်ရန် မျှော်လင့်နေကြသည့် မျိုးဆက်တခုကြားတွင် မနေမနား လှုပ်ရှားနေသည့် စွမ်းအင်တခုကို မီးမောင်း ထိုးပြခဲ့သည်။

 

---------------------------------------------------------------------------- 
 
 
ဖြူဖြူကျော်သိန်း၊ အသက်၃၂၊
အဆိုတော် (မြန်မာ Lady Gaga)


“သူတို့က ကျမကို အရမ်းကွဲပြားခြားနားမှု ရှိတယ်၊ အရမ်းရဲတင်းတယ်လို့ ပြောကြတယ်။
ဒါပေမယ့် ကျမက တောက်တောက်ပြောင်ပြောင်နဲ့ လှပတဲ့အဝတ်အစားတွေကို သဘောကျတယ်။ ကျမကို မကြာခဏ Lady Gaga နဲ့ နှိုင်းယှဉ်ပြီး ပြောကြတယ်။ ဒါပေမယ့် ကျမက တတိယကမ္ဘာက မိန်းကလေး တယောက်ပါပဲ”


----------------------------------------------------------------------------

စတီဗင်ဦး၊ အသက်၂၈၊
(မိသားစုနှင့်အတူ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ပြီးနောက် ပြန်လည်ရောက်ရှိလာသော ဖက်ရှင်ဒီဇိုင်နာ)

 


“ကျနော့်ရဲ့တိုင်းပြည်ကို
ဖက်ရှင်နဲ့ပတ်သက်ရင်
နောက်ကျန်မနေစေချင်ဘူး”


----------------------------------------------------------------------------

ဂျက်စီကာဒါဒါ၊ အသက်၂၄၊
မော်ဒယ်လ်

 


“ဒီနိုင်ငံက ကျမရဲ့မျက်နှာအတွက် အဆင်သင့် မဖြစ်ဘူး။
ကျမကို ဘာကြောင့် ဒီမှာမွေးသလဲလို့ နေ့တိုင်း သိချင်မိတယ်”

 

----------------------------------------------------------------------------

ထင်ထင်၊ အသက်၂၅၊
(Moda
ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာ)

 


“မြန်မာနိုင်ငံမှာ ဖက်ရှင်က အရမ်းကို အစဉ်အလာဆန်လွန်းပြီး ခေတ်မမီဘူး။
ကျမက ကျမတို့ နိုင်ငံသားတွေကို ပိုပြီး ခေတ်ပြိုင်ဖြစ်စေချင်တယ်။ ဒါကြောင့် မဂ္ဂဇင်းကို စလုပ်ခဲ့တာပါ”
 

----------------------------------------------------------------------------

Ar-T, အသက် ၂၅၊
အီလက်ထရောနစ် အကပညာရှင်


“ကျနော့်ပရိသတ်တွေကို ကျနော်က စချင်နောက်ချင်တယ်။
သူတို့ကပြောတာ ကျနော့် ကပုံကနည်း တော်တော်ဆိုးတယ်တဲ့။
ဒါပေမယ့် အားလုံးပျော်ကြရတယ်”

 ဒီတပတ်ထုတ် The Irrawaddy ဂျာနယ် မျက်နှာဖုံးမှာ တွေ့ရတဲ့ Lifestyle ကဏ္ဍ တစိတ်တပိုင်းကို ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဒီလ အင်္ဂလိပ်ပိုင်း မဂ္ဂဇင်း ဖော်ပြထားသလို  အွန်လိုင်းမှာလည်း ကြာသပတေးနေ့က ဖော်ပြထားပါတယ်။
Young, Gifted and Searching
http://www.irrawaddy.org/burma/magazine-lifestyle/young-gifted-searching.html မှာ ကြည့်နိုင်ပါတယ်။

 



.

ဒေသရနံ့တွေခံစားနိုင်မယ့် ရန်ကုန်မြို့ကရှမ်းရိုးရာစားသောက်ဆိုင်

Tuesday, May 6, 2014 0 comments



~




 .
မြန်မာနိုင်ငံ၏ ပထမဆုံး ရှမ်းစတိုင်လ် အဆင့်မြင့်စားသောက်ဆိုင်ဟု ကြေညာထားသည့် “ရှမ်းရိုးရာ” စားသောက်ဆိုင်ကို Asian Sun ကုမ္ပဏီ အုပ်စုက ပိုင်ဆိုင်ပြီး ရန်ကုန်မြို့စားသောက်ဆိုင် လုပ်ငန်းကဏ္ဍတွင် တိုးတက်လာ နေသည့် ရင်းနှီးမြှုပ်နှံမှုလှိုင်း၏ တစိတ်တပိုင်းလည်း ဖြစ်ပါသည်။
၂၀၁၃ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ခဲ့သော စားသောက် ဆိုင်သည် အရသာရှိသော အစားအစာ များနှင့် ဆွဲဆောင်မှုရှိသည့် တည်ခင်းပြင်ဆင်မှုများကြောင့် လူသိများသည်။

“ဒီကအစားအစာတွေက ရှမ်းရိုးရာ အစစ်တွေပါ။ ရှမ်းတို့ဟူးနဲ့ ရှမ်းခေါက်ဆွဲတွေကို အပြင်မှာလည်း ရနိုင်ပါတယ်။
ဒါပေမယ့် ဒီမှာက ရိုးရာ စား စရာ အစစ်တွေဖြစ်ပါတယ်”
ဟု စားသောက်ဆိုင်၏ ဒါရိုက်တာ စိုင်းထွန်းမျိုးသန့်က ပြောသည်။

သူက တောင်ကြီးဇာတိ ရှမ်းတိုင်းရင်းသားတဦး ဖြစ်သော် လည်း ရန်ကုန်မှာအနေကြာခဲ့ပြီဖြစ်သည်။
“အားလုံး အစစ်တွေပါ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဆီနည်းတဲ့ အစားအစာတွေဖြစ်ပါတယ်” ဟုလည်းဆိုသည်။


စိုင်းထွန်းမျိုးသန့်က ၂၀ဝ၂ ခုနှစ်မှ ၂၀ဝ၇ ခုနှစ်အတွင်း ဂျပန်တွင်အလုပ်လုပ်ရင်း စားသောက် ဆိုင်လုပ်ငန်း အတွေ့အကြုံ ရရှိခဲ့သူဖြစ်သည်။
 ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းတွင် “The Planet” အမည်ရှိ ဂျပန်စားသောက်ဆိုင် တဆိုင်လည်း ဖွင့်လှစ်ထားသည်။
ယခုအချိန်တွင် “ရှမ်းရိုး ရာ” ကိုဖွင့်လှစ်ပြီး သူ၏ဇာတိကို ပြန်လည်ဖော် ထုတ်ကာ ရှမ်းရိုးရာ အစားအစာတို့၏ အရသာကို ပေးရင်း အောင်မြင်မှုရဖို့ မျှော်လင့်နေသည်။

ဒါရိုက်တာတယောက်အနေဖြင့် သူ၏ အဓိက တာဝန်သည် လုပ်ငန်းတခုလုံးကို ကြီးကြပ်ကွပ်ကဲရန် ဖြစ်သည်။
သို့သော်လည်း အခါအားလျော်စွာ မီးဖို ခန်းထဲမှာလည်း သူဝင်လုပ်တတ်သည်။ “တခါတ လေ ကျနော်စိတ်ပါရင် စားဖိုမှူးဝင်လုပ်တယ်” ဟု စိုင်းထွန်းမျိုးသန့်က ပြောပြသည်။

 


အထပ်နှစ်ထပ်ရှိသော မီးဖိုချောင်၏ ဒီဇိုင်း သည် မြင်တွေ့နေကျ ပုံစံမျိုးမဟုတ်ပါ။ ဟင်းလျာ များကို အောက်ထပ်တွင် ချက်ပြုတ်ပြီး ဟင်းချို၊ အသုပ်နှင့် စားမြိန်စာများကို အပေါ်ထပ်တွင်ပြင် ဆင်သည်။
မှန်ပြင်ကျယ်သည့် ပြတင်းပေါက်များ နှင့်ဝန်းရံထားသည့် မီးဖိုချောင်၏ အပြင်အဆင်သည် ဆိုင်၏အခြားနေရာများမှ သစ်သားများများ သုံး ထားသည့် ရိုးရာဗိသုကာလက်ရာများနှင့် အားပြိုင် နေသည်။

“ဒီအိမ်ဟောင်းကြီးက အရင်ကတည်းကရှိတာ။
ဒီလမ်းတလျှောက်မှာ ကိုလိုနီခေတ်လက်ရာ အိမ် ၇ လုံးလောက်ရှိပါတယ်။
ကျမတို့က အပြင်ဘက်ကို နဂိုအတိုင်းထားပြီးတော့ အတွင်းဘက်ကိုပဲရှမ်းစတိုင် စားသောက်ဆိုင်အဖြစ် ပုံစံပြောင်းလိုက်ပါတယ်။
MD က ရှမ်းပြည်နယ်က နေရာတခုလို ဖြစ်စေချင်တယ်။  အဲဒီ နေရာတွေအတိုင်း ဖြစ်အောင် ကျမတို့ဖန်တီး ပေးထားပါတယ်”  ဟု  ရှမ်းရိုးရာ စားသောက်ဆိုင်၏ လုပ်ငန်းတိုးတက်ရေး မန်နေဂျာ ဒေါ်အင်ကြင်းဇော်က ပြောသည်။

 

အပေါ်ထပ်တွင် သီးသန့်ခန်း ၄ ခန်းရှိပြီး ရှမ်း  ပြည်နယ်မှ နေရာဒေသများအတိုင်း  ပြင်ဆင်ထားပြီး မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတနှင့် ညောင်ရွှေ၏ နောက်ဆုံးစော်ဘွားဖြစ်သူ စဝ်ရွှေသိုက်ကဲ့သို့ ရှမ်း ပြည်နယ်မှ ထင်ရှားကျော်ကြားသူများနှင့် နေရာများ ၏ အဖြူ/အမည်း ဓာတ်ပုံများလည်း ချိတ်ဆွဲထားသည်။
ပင်မခန်းမက အခန်းများကို ဆက်သွယ်ပေး ထားပြီး အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အခမ်းအနားများပြုလုပ်ရန် သင့်လျော်သည့် နေရာ ဖြစ်သည်။

တောက်ပသည့် မီးချောင်းအလင်းရောင်များ၊ အားကောင်းသည့် လေအေးပေးစနစ်နှင့် ဖျော်ဖြေရေးအတွက်ထားသည့် ကြီးမားသည့် ရုပ်မြင်သံကြား ၂ လုံးတို့ရှိနေသည့် အောက်ထပ်က သန့်ရှင်းပြီးပစ္စည်း ပစ္စယစုံလင်သည်။
သို့သော်လည်း သက်သောင့်သက် သာရှိမှု နည်းသည်ကသေချာသည့်အချက်ဖြစ်သည်။


ရှမ်းအစားအစာများသည် အခြားသော မြန်မာ့ ရိုးရာအစားအစာများထက် ဆီနည်းသည်ဟုသိကြသည်။
စားနေကျ အစားအစာများမှ အပြောင်းအလဲအဖြစ် ရွေးချယ်စရာလည်း ဖြစ်သည်။
 ငွေ ၁၀ဝ၀ဝ ကျပ်ခန့် ကျသင့်သည့် သက်သတ်လွတ် ဟင်းပွဲတခုတွင် ရုံးပတီသီးကြော်၊ အရသာရှိသည့် ခရမ်းသီး စွပ်ပြုတ်၊ အသီးအရွက်စုံ ကုန်းဘောင်ကြော်၊ အာလူးချောင်းကြော်၊ ဂျူးမြစ် အကြွပ်ကြော်တို့ကို ထမင်း၊ ကော်ဖီ၊ သစ်သီးများနှင့် တည်ခင်းသည်ကို စားသောက်ပြီး စိတ်ကျေနပ်မှုရနိုင်သည်။

အခြားသော အထူးဟင်းလျာများမှာ Sa Kone ဟုခေါ်သည့် ရိုးရာအမဲသားသုပ် (ကျပ် ၁၄၅၀ဝ) Sa Ta Lu ဟုခေါ်သည့် ရှမ်းစတိုင် ဝက်သားသုပ် (ကျပ် ၁၃၀ဝ၀) တို့ ဖြစ်သည်။
မန်ကျည်းသီးနှင့် ပင်လယ် ငါးပြေမဟင်း (ကျပ် ၁၃၀ဝ၀)၊ ငါးမြီး အကြွပ်ကြော်နှင့် ခရမ်းချဉ်သီး (ကျပ် ၈၀ဝ၀)၊ ရှမ်းစတိုင် ခရုဟင်း (ကျပ် ၅၀ဝ၀)၊ မျှစ်နှင့် ကျောက်ပွင့် ကြော် (ကျပ် ၅၀ဝ၀) နှင့် Mine Tauk ခေါ် ခရမ်းသီးဟင်းတမျိုး (ကျပ် ၄၀ဝ၀) တို့လည်းရရှိနိုင်သည်။


မီနူးတွင်ပါဝင်သည့် အခြားအစားအစာများမှာ အင်းလေးဟင်းထုပ် (၂၀ဝ၀ကျပ်) နှင့် ရှမ်းတို့ဟူး၊ သင်္ဘောသီး၊ မြင်းခွာရွက်၊ သခွားသီး၊ ကျောက်ပွင့် နှင့် ဟင်းနုနွယ်တို့ ပေါင်းစပ်ထားသည့် အစုံသုပ်တို့ ဖြစ်သည်။

ထို့ပြင် ကျော်ကြားသည့် ရှမ်းခေါက်ဆွဲများကို လည်း ရနိုင်ပါသည်။
ကျိုင်းတုံမြီးရှည်ကို တပွဲ ကျပ် ၂၂၀ဝ ဖြင့် စားသုံးနိုင်သည်။

“ရှမ်းရိုးရာ” က အခမ်းအနားများ၊ ကမ္ဘာလှည့် ခရီးသွားအဖွဲ့များကိုဝန်ဆောင်မှုပေးနေသလို အနီး တဝိုက်တွင် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်းများ လည်း ပြုလုပ်ပေးနေကြောင်းသိရသည်။
 “ဧည့်သည် ကတော့ ပြည်တွင်းနဲ့ နိုင်ငံတကာက ၅၀ ရာခိုင်နှုန်း စီလောက် ရှိပါတယ်။ လုပ်ငန်းအဆင်ပြေပါတယ်၊ တိုးတက်နေပါတယ်” ဟု စိုင်းထွန်းမျိုးသန့်က ပြောသည်။
ရှမ်းရိုးရာ စားသောက်ဆိုင်ကို လမ်း မတော်မြို့နယ် ဝါးတန်းလမ်းတွင် နေ့စဉ် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ် ထားပါသည်။


(Grace Harrison ရဲ့ Shan Yoe Yar Raises the Bar ဆောင်းပါးကို
အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဧရာဝတီမဂ္ဂဇင်း မတ်လထုတ်မှာ  ဖော်ပြခဲ့ပါတယ်။

အဲဒီဆောင်းပါးကို နိုင်မင်းသွင် ဘာသာပြန်ပြီး ဒေသရနံ့တွေခံစားနိုင်မယ့် ရှမ်းရိုးရာစားသောက်ဆိုင် ဆိုတဲ့ ခေါင်းစဉ်နဲ့
ဧရာဝတီဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်)




.


မော်လဒိုက် ကျွန်းပေါ်က ပျံသွားတာ MH 370 မလေးရှား လေယာဉ်ဖြစ်နိုင်

Thursday, March 20, 2014 1 comments


မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံး ဘိုးအင်းလေယာဉ် MH370 ကို ရှာမတွေ့သည်မှာ ၁၀ ရက် 
ကျော် ကြာလာဖြစ်သည်။ 

 ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MG 370

မတ်လ ၈ ရက်နေ့က အဆိုပါ လေယာဉ်နှင့် အဆက်အသွယ် ပြတ်သွားချိန် မိနစ်အနည်းငယ် အကြာတွင် အမျိုးအမည်မသိ လေယာဉ်တစီး ရေဒါတွင် တွေ့ရှိခဲ့ကြောင်း ထိုင်း တော်ဝင်လေတပ်က မတ်လ ၁၉ ရက်
နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ 

သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူများက စောစီးစွာ သတင်းမထုတ်ပြန်ခဲ့ခြင်းမှာ လေကြောင်း ခြိမ်းခြောက်မှု တခုဟု မယူဆခဲ့ကြ၍ ဖြစ်ကြောင်း၊ ယခုကဲ့သို့ သိရှိလာရခြင်းမှာလည်း မလေးရှားအစိုးရ၏ မေတ္တာ ရပ်ခံချက် အရ မတ်လ ၁၇ ရက်နေ့က ရေဒါမှတ်တမ်း များကို ပြန်လည်စစ်ဆေးရင်း တွေ့ရှိရခြင်း
ဖြစ်ကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn က AFP သတင်းဌာနသို့ ပြောသည်။ 

ရေဒါတွင် ပေါ်သည့် အမျိုးအမည်မသိလေယာဉ်ကို MH 370 ပျောက်ဆုံးပြီး ၆ မိနစ်အကြာ ဒေသစံတော် ချိန် မနက် ၁၂ နာရီ ၂၈ မိနစ် (မလေး ရှား စံတော်ချိန် မနက် ၁နာရီ ၂၈ မိနစ်) တွင် တောင်တရုတ် ပင်လယ်ပြင် အထက်၌ တွေ့ရှိခဲ့ရပြီး မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူနှင့် မလက္ကာ
ရေလက်ကြားရှိရာ အနောက်တောင်ဖက်သို့ ဦးတည်နေကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn က ဆိုသည်။ အဆိုပါ အချိန်က MH370 ၏ ဆက်သွယ်ရေးစက်မှ ၎င်း၏ တည်နေရာနှင့် အမြင့်ကို နောက်ဆုံး ထုတ်လွှင့်ပေးချက် နှင့် ကိုက်ညီနေသည်။ 

မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ MH 370 လေယာဉ် ခရီးစဉ် ပျံသန်းနေရင်း ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၂၂၇ ဦးနှင့် အမှုထမ်း ၁၂ ဦး ၊ စုစုပေါင်း လူ ၂၃၉ ဦး ပါရှိသည်။ 

ရေဒါတွင် ဖမ်းယူရရှိမှုက ပြတ်တောင်း ပြတ်တောင်း ဖြစ်နေခဲ့သော်လည်း ထိုင်းရေဒါက နောက်တကြိမ် ဖမ်းမိသည့်အချိန်တွင် လေယာဉ်က မြောက်ဘက်သို့ ရောက်ရှိနေပြီး ကပ္ပလီပင်လယ်ပြင် အထက် တွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားသည်ဟု ဗိုလ်ချုပ်ကြီး Monthon Suchookorn က ဆိုသည်။ 

“အဲဒီလေယာဉ်က MH370 လို့တော့ အတည် မပြုနိုင်ပါဘူး” ဟု သူကပြောသည်။ 

နောက်ပိုင်းတွေ့ရှိရ သည့် အချိန်အတိ အကျကိုမူ သူက ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။ 

ထိုင်း တော်ဝင်လေတပ်က ရေဒါ မှတ်တမ်းများကို စစ်ဆေးခြင်း မပြုခဲ့ခြင်းမှာ အဆိုပါ လေယာဉ်သည် ထိုင်းနိုင်ငံ လေပိုင်နက်အတွင်းတွင် မရှိသည့်အပြင် ထိုင်းနိုင်ငံကို အန္တရယ်ပြုခြိမ်းခြောက်ခြင်း မရှိခဲ့
သောကြောင့် ဖြစ်သည်ဟု ထိုင်းလေတပ် ပြောရေးဆိုခွင့် ရှိသူကပြောသည်။ 

သတင်းထိန်ချန်ခြင်း မဟုတ်ဟုလည်း သူက ငြင်းပယ်သွားခဲ့သည်။ မတ်လ ၁၅ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မလေးရှား ဝန်ကြီးချုပ်ကလည်း မူလ လမ်းကြောင်းမှ ပြောင်းလဲ ပြီး အနောက်ဖက်သို့ ရည်ရွယ်ချက်ရှိရှိ ပြန်လှည်သွားခဲ့သည့် အထောက်အထားများတွေ့ရှိရကြောင်း ပြော ကြားခဲ့သည်။ 

ယခုထွက်ပေါ်လာသည့် ထိုင်းရေဒါ မှတ်တမ်းများ ကလည်း အဆိုပါ အချက်နှင့် ကိုက်ညီနေသည်။ 

အိန္ဒိယ သမုဒ္ဒရာ၏ အထက် မိုင် ၂၂၂၅၀ အထက်တွင် ကမ္ဘာကို ပတ်နေသော ဂြိုလ်တုတလုံးက MH370 လေယာဉ်၏ နောက်ဆုံး သတင်းပို့ ထုတ်လွှင့်မှုကို ဖမ်းယူရရှိခဲ့ကြောင်း သိရှိရပြီးနောက် ဖမ်းယူနိုင်စွမ်းရှိသည့် ဒီဂရီများကို အခြေခံ၍ တွက်ချက်ကြည့်သည့်အခါ လေယာဉ် အနောက်ဖက် သို့ ပြန်လှည့်လာသည့် ယူဆချက်က ပိုမို အားကောင်းလာပြီး ရှာဖွေရေး ဧရိယာလည်း အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်လာသည်။ 

ထိုအချိန်တွင် သြစတေးလျနိုင်ငံက ဦးဆောင်ရှာဖွေနေသည့် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် ပျောက်ဆုံး
နေ သည့် MH370 ဟု ယူဆရသည့် လေယာဉ် ကို မြင်တွေ့ခဲ့ကြရဟု သတင်းများထွက်ပေါ်လာခဲ့သည်။ 

ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသည့် မော်လ်ဒိုက်နိုင်ငံတွင် ဖြစ်သည်။ 

သီရိလင်္ကာနိုင်ငံ၏ အနောက်တောင်ဖက် ကီလိုမီတာ ၇၀၀ အကွာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံ တခုဖြစ်သော မော်လ်ဒိုက် နိုင်ငံတွင် နေထိုင်သူများက MH370 လေယာဉ် အဆက်အသွယ် ပြတ်တောက် ပြီး ပျောက်ဆုံး သွားသည့် နံနက်တွင် ခပ်နိမ့်နိမ့်ပျံလာသည့် ဂျက်လေယာဉ်ကြီးတစီးကို မြင်တွေ့ခဲ့ကြရ သည်ဟု ဆိုသည်။ 

လေယာဉ်၏ အရောင်မှာ အဖြူရောင်ဖြစ်ပြီး အနီရောင် အစင်းကြောင်းများပါဝင်နေသည်ဟု သိရသည့် အတွက် မလေးရှား လေကြောင်းလိုင်း လေယာဉ်များနှင့် တူညီနေသည်။ 

မတ်လ ၈ရက်နေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်တွင် Kuda Huvadhoo ကျွန်းပေါ်မှ အသံ ဆူညံကျယ်လောင်စွာဖြင့် ဖြတ်ကျော်ပျံသန်းသွားသည်ဟု မော်လ်ဒိုက် သတင်းစာ Haveeru Daily ၏ အဆိုအရသိရသည်။ 

“ကျနော်တို့ ကျွန်းပေါ်ကနေဖြတ်ပြီး ဂျက်လေယာဉ် နိမ့်နိမ့်လေး ပျံသန်းသွားတာကို တခါမှ မမြင်ဖူးပါဘူး” ဟု အမည် မဖော်ပြထားသော မျက်မြင်သက်သေတဦးက ပြောသည်။ 

“ကျနော်တို့ ရေယာဉ်ပျံတွေ မြင်ဖူးပါတယ် ဒါပေမယ့် ဒါက ရေယာဉ်ပျံ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျနော် လေယာဉ်ရဲ့ ပြတင်းပေါက်တွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတယ်။ ကျနော်တယောက် တည်း မဟုတ်ပါဘူး။ တခြား သူတွေလည်း ကျနော့်လိုပဲ တွေ့ခဲ့ကြတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့ ဒီလောက် အသံအကျယ်ကြီး ကြားရသလဲဆိုတာ သိချင်လို့ တချို့လူတွေ အိမ်ထဲကထွက်ကြည့်ကြတယ်” ဟုလည်း သူကဆိုသည်။ 

Kuda Huvadhoo ကျွန်း၏ အကြီးအကဲတဦး ဖြစ်သော Mohamed Zaheem က တခြား ဒေသခံများက လည်း တွေ့မြင်ခဲ့ရသည်ဟု ပြောကြကြောင်း Haveeru Daily သို့ပြောသည်။ 

လေယာဉ်က မော်လ်ဒိုက်တောင်ပိုင်းသို့ ဦးတည်ပျံသန်းသွားကြောင်းလည်း ဒေသခံများ က ပြောကြ သည်။ 

မော်လ်ဒိုက်တွင် တွေ့ရှိခဲ့ရသည်ဆိုသည့် သတင်းသည် ယခုသီတင်းပတ် အစောပိုင်းက အင်တာနက် တွင် ဖော်ပြခဲ့သော ၀ါရင့်လေယာဉ်မှူးတဦးဖြစ်သည့် Chris Goodfellow ၏ ခန့်မှန်းချက်နှင့် ကိုက်ညီနေ သည်။ 

ကိုယ်ပိုင် ဘလော့ဂ်တွင် ရေးသားခဲ့သော သူ၏ အယူအဆကို အင်တာနက်ပေါ်တွင် ထောက်ခံသူ အမြောက်အများရှိခဲ့ပါသည်။ 

Chris Goodfellow က လေယာဉ်ပေါ်တွင် မီးလောင်မှုဖြစ်ပွားပြီး ဆက်သွယ်ရေးစက်များ ပျက်စီး သွားပြီးနောက် လေယာဉ်မှူးက အရေးပေါ် ဆင်းသက်ရန်အတွက် မလေးရှားနိုင်ငံ လန်ကာဝီကျွန်းသို့ ဦးတည်ခဲ့ခြင်းဖြစ်သည်ဟု ယူဆထားသည်။ 

လေယာဉ်မှူးများ မီးခိုးမွှန်ပြီး မေ့မျောသွားသည့် အချိန်တွင် လေယာဉ်က အလိုအလျှောက် မောင်းနှင် သည့် စနစ်ဖြင့် ဆီကုန်သည်အထိ သို့မဟုတ် ပျက်ကျသည်အထိ ဆက်လက်ပျံသန်းသွားခဲ့သည်ဟု သူက ယူဆထားသည်။ 

“အချိန်ကို တိုင်းတာကြည့်လိုက်ရင် မော်လ်ဒိုက်မှာ တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းနဲ့ ကိုက်ညီနေပါတယ်။ 
လေယာဉ် ပျံဟာ မော်လ်ဒိုက် အနောက်ဖက် မလှမ်းမကမ်းမှာ ရှိနေနိုင်ပါတယ်” ဟု သူက ထပ်မံရေးသားခဲ့သည်။ 

ပျောက်ဆုံးသွားသည့် အချိန်မှစ၍ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတကာက ၀ိုင်းဝန်း ကူညီပေးခဲ့ကြသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံထဲတွင် မြန်မာနိုင်ငံလည်း အပါအ၀င် ဖြစ်ပါသည်။ 

ရှာဖွေရေး ဧရိယာကို တိုးမြှင့်လိုက်ပြီးနောက် မြန်မာလေပိုင်နက် အတွင်းတွင်လည်း မတ်လ ၁၅ ရက်နေ့မှ စတင်၍ အမေရိကန်နှင့် အိန္ဒိယလေယာဉ်များက ပျောက်ဆုံးလေယာဉ်ကို လိုက်လံရှာဖွေနေကြ
ပြီ ဖြစ်သည်။ 

မလေးရှာ နိုင်ငံက မတ်လ ၁၁ ရက်နေ့မှ စတင်ခွင့်တောင်းခဲ့ ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဖက်က မတ်လ ၁၈ ရက်နေ့အထိ တပတ်ရှာဖွေခွင့်ပြုခဲ့ပြီး ထပ်မံခွင့်တောင်းလာပါကလည်း ရက်တိုးပေးသွားမည်ဟု 
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။ 

ထိုသို့ရှာဖွေရာတွင် မြန်မာရေတပ်မှ စစ်ရေယာဉ် ၃ စီးလည်း ၀င်ရောက်ကူညီမည်ဟု သိရသည်။ 

သို့ရာတွင် မြန်မာနိုင်ငံ၏ ရေဒါ နည်းပညာ အားနည်းမှုကြောင့် ထိရောက်စွာ ကူညီနိုင်ရန် အကန့်အသတ် ရှိနေကြောင်းလည်း မြန်မာ တာဝန်ရှိသူများက ပြောကြသည်။ မလေးရှားနိုင်ငံက လေယာဉ်ဖြတ်သန်း သွားဖွယ်ရှိသော လမ်းကြောင်းပေါ်ရှိ တခြားနိုင်ငံများထံမှ ဂြိုဟ်တု ဓာတ်ပုံများ၊ ရေဒါမှတ်တမ်း အချက် အလက်များပေးရန် တောင်းခံခဲ့သော်လည်း မြန်မာနိုင်ငံထံမှ တောင်းခံလာခြင်း မရှိသေးကြောင်းလည်း သိရသည်။ 

မြန်မာနိုင်ငံပိုင်နက်အတွင်းတွင် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်များတွင်ရှာဖွေခဲ့ရာ မည်သည့်ထူးခြားမှုမျှ မတွေ့ရှိခဲ့ရကြောင်း ဦးတင်နိုင်ထွန်းကပြောသည်။ မြန်မာနိုင်ငံက ဘင်္ဂလားပင်လယ်အော်၊ မုတ္တမ ပင်လယ်ကွေ့နှင့် ကိုကိုးကျွန်း ပတ် ၀န်းကျင် စသည့်နေရာများတွင် ရှာဖွေခွင့်ပြုထားသည်။ 


နိုင်မင်းသွင် ~ 









 

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved