Showing posts with label Nyein Pyae Zone. Show all posts
Showing posts with label Nyein Pyae Zone. Show all posts

မြန်မာ့လူထွားကြီး စင်ကာပူမှာ ခွဲစိတ်မှု အောင်မြင်

Friday, September 6, 2013 0 comments

~
~



မြန်မာပြည်တွင် အရပ်အရှည်ဆုံးဟုယူဆရသော ကိုဝင်းဇော်ဦး၏ ခန္ဓာကိုယ် အဆမတန် ထွားကြိုင်းလာမှုကို ဟန့်တားရန်  စင်ကာပူတွင် အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ခွဲစိပ်ကုသမှုသည် တရာ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
 -





ဒုက္ခသည်တွေကိုကူညီနေတဲ့ ပြည်တွင်း NGO တို့ရဲ့ ဒုက္ခ

Saturday, July 27, 2013 0 comments


ကချင်ဒေသ၊ ရှမ်းဒေသမှာ မိုးထဲရေထဲရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထောက်ပံ့မှု အခြေအနေ ဘယ်လို ရှိပါသလဲ။
ကူညီရေးအဖွဲ့ငယ်တွေ စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြရဲ့လား။
ဒီအကြောင်း ဧရာဝတီသတင်းထောက် ညိမ်းပြည့်စုံက

အခုလို သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရောက် စစ်ပြေးဒုက္ခသည်တချို့ (ဓာတ်ပုံ - ဧရာဝတီ)
ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများမှာ နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်တဲ့ ဒုက္ခသည်တို့ကို ကူညီရေးမှာ
ဘတ်ဂျက်အခက်အခဲ ရှိနေတယ်လို့ ဒုက္ခသည်တွေနဲ့ တိုက်ရိုက် ထိတွေ့နေကြတဲ့ ပြည်တွင်း NGO အဖွဲ့တွေက ပြောနေပါပြီ။

ဒီအဖွဲ့တွေ လိုအပ်တဲ့ ရန်ပုံငွေကို ကုလသမဂ္ဂ နဲ့ INGO  အဖွဲ့အစည်းကြီးတွေက ပေးတယ်၊  သို့သော်လည်း
၈၀% သာ အရင်ပေးတယ်၊ ကျန် ၂၀ % ကိုတော့
လုပ်ငန်းပြီးဆုံးလို့ အစီရင်ခံစာ တင်ပြီးတဲ့အခါ သူတို့ ရွှေသဘောတော်ကျရင် ပေးတယ်၊ မကျရင်  မပေးဘူးလို့ ဆိုပါတယ်။

ဒီအကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တဲ့  အဖွဲ့အစည်း ၇ ခုက  ထုတ်ဖော်ပြောကြားကြတာပါ။

အဖွဲ့အစည်း ၇ ခု

Kachin Baptist Convertion
Kachin Relief and Development Committee
Karuna Myanmar Socil Services

မေတ္တာဖောင်ဒေးရှင်း
ရှလုံဖောင်ဒေးရှင်း
Wunpawng Ninghoi
BRIDGE

ရန်ကုန်မှာ ဒီအသင်းတွေဟာ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့များကို တွေ့ဆုံ၊ အခမ်းအနားတခုလုပ်ပြီး အသံထုတ်ကြတာပါ။ 

“ဒုက္ခသည် တွေအတွက် ရန်ပုံငွေ ပိုလိုအပ်နေပြီး အဲဒါကို အလျင်အမြန်ဆောင်ရွက်ပေးဖို့ အရေးတကြီး လိုအပ်နေတယ် ဆိုတာကို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ သံရုံးတွေက တာဝန်ရှိသူတွေ သိစေချင်လို့ဖြစ်ပါတယ်” လို့ ရှလုံဖောင်ဒေးရှင်းမှ ဒေါ်မေရီဒွန်က အခမ်းအနားရည်ရွယ်ချက်ကို ရှင်းပြပါတယ်။ 

လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရောက်ရှိမှု နည်းနေတယ်၊ အဲဒီနေရာတွေအတွက်လည်း  ဦးစားပေးလုပ်ဆောင်ကြရဦးမယ်လို့ ဆိုပါတယ်။

လုပ်စရာ အများအပြားအတွက် မူဝါဒတချို့ ပြုပြင်ပေးဖို့ ဒီအဖွဲ့တွေက နိုင်ငံတကာကို တောင်းဆိုနေကြတာပါ။

“ရန်ပုံငွေလျှောက်တဲ့အခါမှာ အခုလက်ရှိသုံးနေတဲ့ မူဝါဒတွေကို ဖယ်ပေးဖို့နဲ့ ဒေသခံ အဖွဲ့တွေကို ရန်ပုံငွေ တိုက်ရိုက်ပံ့ပိုးခြင်းတွေ၊ ပံ့ပိုးမှုရအောင် ဦးစားပေး လုပ်ဆောင်ပေးဖို့ကို အလှူရှင်တွေနဲ့ တခြား သက်ဆိုင်ရာ ဆက်နွယ်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးကို မေတ္တာရပ်ခံပါတယ်” လို့  မေတ္တာဖောင်ဒေးရှင်းမှ ဒါရိုက်တာဦးစိုင်းစမ်းခမ်က ပြောပါတယ်။

လောလောဆယ်တော့ နိုင်ငံတကာအဖွဲ့တွေဆီက တုံ့ပြန်ချက် ထွက်မလာသေးပါ။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများမှာ IDP လို့ အလွယ် ခေါ်ကြတဲ့ နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူပေါင်း ၈ သောင်း နဲ့  ၁ သိန်းကြား ရှိကြောင်း၊ ဒီ ဒုက္ခသည်များကို ကူညီထောက်ပံ့ဖို့ ဒီနှစ်အတွက် ဒေါ်လာ ၇ သန်းခန့်  လိုအပ်မယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။



.


နိုင်/ကျဉ်းလွှတ်ပေးရန် တောင်းဆိုသူ အဖမ်းခံရ

Wednesday, July 10, 2013 0 comments


မြန်မာပြည်၏ နိုင်ငံရေးအကျဉ်းသားစာရင်းတွင် လူသစ်တဦး ယနေ့ တိုးလာဖွယ် ရှိသည်။

နိုင်/ကျဉ်း လွတ်မြောက်ရေး လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့သူ၊  အာဏာပိုင်တို့၏ ဝရမ်းထုတ်ခြင်း ခံထားရသူ Generation Wave အဖွဲ့မှ ကိုဝေဖြိုး ယနေ့ နံနက်ပိုင်းက  ပြည်မြို့တွင် ဖမ်းဆီးခံလိုက်ရသောကြောင့်ဖြစ်သည်။

“သူတို့ (အာဏာပိုင်တို့) ဘယ်လောက်ပဲ နိုင်ငံတကာကို ဘယ်လိုအော်အော်၊ အောက်ခြေမှာ လှုပ်ရှားတက်ကြွသူတွေကို မတရား ဖိနှိပ်ဖမ်းဆီးတုန်းပဲလို့ ကျနော်ပြောချင်တယ်”  ဟု ကိုဝေဖြိုးက အချုပ်ခန်းအတွင်းသို့ မရောက်မီတွင် ဧရာဝတီသို့ ပြောသည်။

သူ့ကို ထိန်းသိမ်းလိုက်ခြင်းနှင့်ပတ်သက်ပြီး သူက အောက်ပါအတိုင်း ဆက်လက်မှတ်ချက်ပြုလိုက်သည်။

“နိုင်ငံရေးလုပ်သူတွေ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လှုပ်ရှားတက်ကြွသူတွေဟာ အခုထိ အဖမ်းခံ နှိပ်ကွပ်ခံနေရတုန်းပဲ။
 ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မတရားတဲ့ ဥပဒေတွေ စွဲချက်မျိုးစုံတွေနဲ့ နောင်တချိန်မှာလည်း အချိန် မရွေး ဖမ်းနိုင်တယ်”

၂၀၁၁ ခုနှစ် ဇူလိုင်လက အကျဉ်းထောင်တွင် ကျန်ရှိနေသေးသည့် အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာရန် ကိုဝေဖြိုးနှင့် လုပ်ဖော်ကိုင်ဘက်၂ ယောက် ဦးဆောင်ကာ နိုင်ငံရေး အကျဉ်းသားများ၏ အမည်နှင့် ဓါတ်ပုံများကို ပိုစတာထုတ်ကာ ပြုလုပ်ဆောင်ရွက်ခဲ့သည့်အတွက် ယခု ကိုဝေဖြိုးအား ဥပဒေပုဒ်မ ၁၇ (၁) ပုံနှိပ်အက်ဥပဒေဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ အဲလိုလုပ်လုပ်ချင်းကတည်းက ဖမ်းတယ်။ ကိုဝေဖြိုးကတော့ လွတ်သွားတယ်။ ကျန်တဲ့ ၂ ယောက်ဖြစ်တဲ့ ကိုဇာနည်နဲ့ ကိုဝေဖြိုးအောင်ကိုတော့ မိသွားတယ်။ ပြစ်ဒဏ်လည်း ပေးခဲ့တယ်။ ကိုဝေဖြိုးကို အခုမှ ပြန်ဖမ်းမိတာပေါ့ ဒါကြောင့် အခုမှ ဖမ်းဆီးလိုက်တာပါ” ဟု ပြည်မြို့ အမှတ် ၁ ရဲစခန်းမှ တပ်ကြပ်ကြီး သိန်းဦးက ဧရာဝတီသို့ ပြောသည်။

၂၀၁၁ ခုနှစ်က ဖမ်းဆီးခံခဲ့ရသည့် Generation Wave မှ ကိုဇာနည်နှင့် ကိုဝေဖြိုးအောင်တို့ကို ပြည်မြို့ရှိ အကျဉ်းထောင် တွင် ၇ လ ဖမ်းဆီးထိန်းချုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖဝါရီလတွင် ငွေဒဏ် ၃ သောင်း ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း၊ ယခု ကိုဝေဖြိုးကို ဖမ်းဆီးထိန်းသိမ်းခြင်း မပြုလုပ်နိုင်ခဲ့သည့်အတွက် ဝရမ်းထုတ်ထားခဲ့ကြောင်း သိရသည်။

“ကိုဝေဖြိုးကို ပြည်မြို့မှာ ဝရမ်းထုတ်ထားခဲ့ပေမယ့် သမ္မတဦးသိန်းစိန် တက်လာပြီးနောက်ပိုင်းမှာ ကိုဝေဖြိုးတို့က ပြည်မြို့ ဘက်ကို ပြန်လည်အသွားအလာတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ ဘာမှ မလုပ်ကြဘူး။ ဘာပြသနာမှလည်း မရှိဘူး။ အခုတခေါက်မှ ဖမ်းတာ။ ဒီအမှုကို တရားရုံးမှာ တင်မယ်လို့ ကြားထားတယ်။ နောက်ပြီး အာမခံလည်း မပေးဘူး” ဟု Generation Wave မှ ဥက္ကဋ္ဌဖြစ်သူ ကိုမိုဃ်းသွေးက ဧရာဝတီကို ဆိုသည်။

ကိုဝေဖြိုးသည် ယခုတကြိမ်တွင် ပြည်မြို့ရှိ Street Golden Land Hotel ၌ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် သင်တန်း ပို့ချပေးရန် သွားရောက်ခဲ့ခြင်းဖြစ်ကာ ကိုဝေဖြိုးအား ယနေ့ နံနက် ၁၁ နာရီခွဲ ခန့်တွင် ပြည်မြို့ အမှတ် ၁ ရဲစခန်းမှ ရဲမှူး အောင်လင်းက ဦးဆောင်၍ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကိုဝေဖြိုးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်အတွက် ရှေ့နေများ ငှားရမ်းနေသည့်အပြင် လိုအပ်သည်များကို ပြင်ဆင် ဆောင်ရွက်နေကြောင်း၊ အမှန်တကယ်အားဖြင့် ယခုကဲ့သို့ ဖမ်းဆီးရာတွင် အာမခံပေးသင့်သော်လည်း အာမခံ မပေး ကြောင်း၊ ကိုဝေဖြိုးအား ပြည်မြို့ အမှတ် ၁ ရဲစခန်းတွင် ယနေ့မှ စ၍  အနည်းဆုံး ၁၄ ရက် ဖမ်းဆီး ထိန်းသိမ်းနိုင်ရန် အာဏာပိုင်တို့က လုပ်ဆောင်ထားကြောင်း ကိုမိုးသွေး၏ ပြောပြချက်များအရ သိရသည်။

အစိုးရလုပ်ဆောင်နေသည့် ပြုပြင်ပြောင်းလဲမှုများကို မိမိတို့ အနေဖြင့် မည်သို့မျှ ယုံကြည်၍ မရသေးကြောင်း၊ မိမိတို့ နိုင်ငံရေး လှုပ်ရှားသူများသည် ယခုအချိန်ထိ ဘဝအတွက် အာမခံချက် တစုံတရာ မရှိသေးကြောင်း၊ သမ္မတ ဦးသိန်းစိန် အပါအဝင် အုပ်ချုပ်ရေး အာဏာပိုင်များက လူ့အခွင့်အရေးနှင့် ပတ်သက်သည်များ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနှင့် ပတ်သက်သည်များကို မည်သို့ ကူးပြောင်းမည်ဟု ဆိုထားစေကာမူ လက်တွေ့တွင် အဆင့်ဆင့်သော ဖိနှိပ်ချုပ်ချယ်မှုများ ရှိနေသေးကြောင်း ကိုဝေဖြိုးက ဆိုသည်။

သမ္မတအပြင် ပြည်ထောင်စု ဝန်ကြီးများ၊ အုပ်ချုပ်ရေး အာဏာပိုင်များက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွက် နိုင်ငံရေး အကျဉ်းသားများကို အကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးမည်၊ လွတ်လပ်စွာ ပြောဆိုခွင့်ပေးမည်၊ ပွင့်လင်းမြင်သာမှု ရှိစေရမည် စသည့် ကတိစကားများ ပြောထားသော်လည်း ယခုကဲ့သို့ အောက်ခြေတွင် ရှိသည့် နိုင်ငံရေး လှုပ်ရှားသူများကို ၎င်းတို့ လုပ်ချင်သလို လုပ်နေကြကာ ဖမ်းဆီးနေခြင်းများသည် အလွန်ရုပ်ဆိုး အကျဉ်းတန်ကြောင်း နိုင်ငံရေးလှုပ်ရှားသူ အများစုက ပြောသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခြင်း၊ ဖမ်းဆီးထိန်းချုပ်ခြင်းသည် အမှန်တကယ်အားဖြင့် အုပ်ချုပ်ရေးအာဏာပိုင်များ၏ ယခုကဲ့သို့  ပြုလုပ်နေမှုများကသာ အကြည်ညို ပျက်စေလျက် ရှိကြောင်းကို နိုင်ငံတော်အစိုးရနှင့် အုပ်ချုပ်ရေး အာဏာပိုင်များကို သိစေလိုကြောင်း ကိုမိုဃ်းသွေးက ပြောသည်။

“ကျနော်တို့ ဘာကိုမှ ဖောက်ခွဲဖျက်ဆီးနေတာ မဟုတ်သလို မီးရှို့ဖျက်ဆီး လူသတ်နေတာလည်း မဟုတ်ဘူး။ နိုင်ငံတော် ကောင်းရာကောင်းကြောင်းအတွက် ကြိုးပမ်းနေတဲ့ လူငယ်တွေပဲ ဖြစ်တယ်။ ဒါကြောင့် မလုပ်သင့် မလုပ်အပ်တဲ့ အခုလို နည်းတွေနဲ့ မနှိပ်ကွတ်ပါနဲ့လို့ ပြောချင်တယ်။ ဒီလိုအတားအဆီးတွေကို ဆက်လုပ်နေမယ်ဆိုရင် တိုင်းပြည်အတွက် မကောင်းဘူး။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေ လျော့ကြသွားစေနိုင်တယ်”ဟု ကိုမိုဃ်းသွေးက ဆိုသည်။



.


ရန်ကုန်မြို့နဲ့ ဆိုင်ကယ် အဖမ်းအဆီး

Friday, June 28, 2013 0 comments


 

ယခု လလယ်ပိုင်းမှ စတင်ပြီး မြောက်ဥက္ကလာ၊  ရွှေပေါက္ကံ၊  မင်္ဂလာဒုံ စသည့် မြို့နယ်များအတွင်း ဆိုင်ကယ် ကယ်ရီသမားတို့ကို နံပါတ်တုတ်နှင့် ရိုက်နှက် ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာမှ  ဆိုင်ကယ်ကယ်ရီသမားတဦးဖြစ်သူ  ကိုတရုတ်ကြီးက ...
 “ကျနော်က သူတို့တွေ လိုက်ဖမ်းနေမှန်းလည်း မသိဘူး။ ကျနော့်ဖာကျနော် ဒီအတိုင်း မောင်းသွားတာ။ အဲဒါကို နံပါတ်တုတ်နဲ့ လှမ်းပစ်တယ်။ ဆိုင်ကယ်မှောက်သွားတော့ သူတို့တွေက ဝိုင်းပြီး တုတ်နဲ့ ရိုက်ကြလို့ ကျနော်လည်း ရွှေပေါက္ကံ တံတားနဲ့ နီးတာနဲ့ ရေထဲခုန်ချပြေးခဲ့ရတယ်” ဟု ပြောသည်။

ပြည်သူ့ရဲနှင့် ယာဉ်ထိန်းရဲများက အကြမ်းနည်းသုံးပြီး ဖမ်းဆီးခြင်းများလည်း  ရှိကြောင်း အောင်မင်္ဂလာ အဝေးပြေးကွင်းအနီး ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသည့် ကိုမင်းအောင်က ပြောသည်။

“ကျနော့်ရှေ့မှာ ဖြစ်သွားတာကြတာ။ မောင်းနေတဲ့ ဆိုင်ကယ်နောက်ကို သူတို့တွေ ဆိုင်ကယ် ၅ စီးလောက်နဲ့ နောက်က လိုက်တယ်။
ဖမ်းမယ့်ဆိုင်ကယ်နားရောက်တော့ ဆိုင်ကယ်ကို ခြေထောက်နဲ့ ကန်လိုက်တယ်။
ဟိုဆိုင်ကယ်က မှောက်သွားတော့ သူတို့တွေ ကန်တဲ့သူက ကန်တယ်။ နောက် ရေတွင်းတူးရင် သုံးတဲ့ သံတုတ်နဲ့ ရိုက်တာ။ ပြီးတော့ ဆိုင်ကယ် ယူသွားတယ်” ဟု ခြောက်ကွေ့ကားမှတ်တိုင်အနီးရှိ ကွမ်းယာဆိုင်ပိုင်ရှင် ကိုညီနိုင် က ဆိုသည်။

ရဲအရာရှိများအား မေးကြည့်ရာ ထိုဖြစ်ရပ်များကို ငြင်းဆိုကြသည်။

ရန်ကုန်မြို့တွင်း မောင်းနှင်နေကြသည့် ဆိုင်ကယ် အများစုမှာ လိုင်စင်မရှိကြကြောင်း၊  ဆိုင်ကယ်မစီးနင်းရနယ်မြေတွင် မောင်းနှင်ခြင်း အပါအဝင် လိုင်စင်မဲ့၊ နယ်ကျော် ဆိုင်ကယ်များကို မောင်းနှင်ခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊
လိုင်စင်မဲ့ဆိုင်ကယ်များကို အပြီးတိုင် သိမ်းဆည်းခြင်းများ ပြုလုပ်လျက်ရှိသော်လည်း နယ်ကျော် ဆိုင်ကယ်များကိုမူ ဒဏ်ငွေသာ ပေးဆောင်ရသည့် ပြစ်ဒဏ် ချမှတ်လျက်ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးကြီးသာဌေးက ဆိုသည်။

“ကျနော်တို့က တာဝန်အရ ဆိုင်ကယ်တွေကို ဖမ်းဆီးတာပဲ ရှိတယ်။ အကြမ်းနည်းနဲ့ ရိုက်နှက်ပြီး ဖမ်းတာတွေတော့ မလုပ်ဘူး။ အဲဒီလို လုပ်နေတယ်ဆိုရင်လည်း သက်သေအထောက်အထား အတိအကျနဲ့ပဲ လာပြောမှ ကျနော် လက်ခံမယ်။ မသေချာတဲ့ သက်သေမပြနိုင်တဲ့ အကြောင်းအရာတွေကိုတော့ ကျနော်ဘာမှ မပြောလိုဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

“ အကြမ်းနည်းနဲ့ ဖမ်းဆီးဖို့ကို ကျနော်တို့ တာဝန်မပေးထားပါဘူး။ ကျနော်တို့ဆီက ရဲတွေလည်း ဒီလိုတွေ မလုပ်ပါဘူး။  တကယ်လို့ အဲလို အကြမ်းနည်း သုံးပြီး ဖမ်းတာကို တွေ့တယ်၊ ဟုတ်တယ်၊ မှန်တယ်ဆိုရင် သက်သေအထောက်အထားနဲ့ ကျနော်တို့ကို လာတိုင်နိုင်ပါတယ်။
အဲဒီအခါကြရင် ကျနော်တို့ ထိထိရောက်ရောက် အရေးယူတာတွေ လုပ်ပေးမှာပါ” ဟု မြောက်ဥက္ကလာပ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တဦးက ဆိုသည်။

မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးကလည်း  ....
“ဆိုင်ကယ်တွေကို ဖမ်းနေတာကလည်း အပျော်သက်သက် လုပ်နေတာမဟုတ်ဘူးလေ။ စီမံချက်ကြောင့် လုပ်နေရတာ။ နောက်တခုက ကျနော်တို့ ရဲတပ်ဖွဲ့တွေက လူအင်အားစုနေတယ်တွေ၊ ပိုက်ဆံပေးပြီး ရဲတပ်ဖွဲ့ထဲ ဝင်ဖို့ လုပ်နေတယ် ဆိုတာတွေဟာ လုံးမဟုတ်ပါဘူး။ ကောလ ဟာလ သက်သက်ပါပဲ” ဟု ရှင်းပြသည်။ 

ဆက်စပ်
ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပေးသင့် မပေးသင့်
http://burma.irrawaddy.org/archives/24634


.


ရန်ကုန်မြို့က ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ

Monday, June 10, 2013 0 comments

၂၀၁၃ ခုနှစ်အတွက်ချီးမြှင့်သည့် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ယက်က ရရှိခဲ့ပြီး၊ အထူးဆုများအား ဦးရဲလွင်၊ ဦးသန်းနိုင်၊ ဦးနေမျိုးဇင်တို့က ရရှိခဲ့သည်။

(ဓာတ်ပုံ - ညိမ်းပြည့်စုံ / ဧရာဝတီ)

အဆိုပါ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲကို ယနေ့ညနေ ၃ နာရီတွင် ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဒုတိယ ဥက္ကဌ ဒေါ်သန်းမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပြည်သူ့ဂုဏ်ရည် အသင်း ဥက္ကဌ ကိုဝေလဝင်းက နှုတ်ဆက်စကားပြောကြား၍ အခမ်းအနားကို ကျင်းပခဲ့သည်။

စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်အထူးဆုရရှိသူများမှာ မဈ္ဖိ မလှိုင်း တေးဂီတအဖွဲ့နှင့် ပန်းရဲ့လမ်း လှုပ်ရှားမှု အဖွဲ့မှ တေးရေး၊ တေးဆိုနှင့် ဘေ့စ်ဂစ်တာတီးခတ်သူ ကိုရဲလွင်၊ သောက်သုံး ရေသန့်ရရန် အခက်အခဲ  ဖြစ်သည့် နေရာ များတွင် ကျန်းမာရေးနှင့် ညီညွတ်ကာ ရိုးရှင်းပြီး ကုန်ကျစရိတ် သက်သာသည့် ရေသန့်နည်းပညာများကို တနိုင်တပိုင် ကူညီဖြေရှင်းပေးနေသူ အင်ဂျင်နီယာ ကိုသန်းနိုင်၊ မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ကိုနေမျိုးဇင်တို့ ဖြစ်သည်။

“ကိုနေမျိုးဇင်ကို ကျနော်တို့ ရွေးချယ်ဖြစ်တာက သူက တိုင်းရင်းသား ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ ၊ အကြပ် အတည်းတွေကို မနိုင်ဝန်ထမ်းပြီး ကူညီပေးနေသူဖြစ်လို့ပါ” ဟု ပြည်သူ့ဂုဏ်ရည်အသင်းမှ ဥက္ကဋ္ဌ ကိုဝေလဝင်းက ဧရာဝတီသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကို ဆုချီးမြှင့်ခြင်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား နောက်ပြန်မလှည့်ရန် အာမခံချက်တခုဖြစ်သော ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ လုပ်ငန်းများကို အင်တိုက်အားတိုက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့်အတွက် ဖြစ်သည်ဟု ၎င်းက ဆက်လက်ဆိုသည်။

“ဒီလိုပွဲမျိုးရှိတာ အရမ်းကို ဂုဏ်ယူဖို့ ကောင်းတယ်။ နောက်တခုက လူမှုရေးလုပ်ငန်းတွေကို ကိုယ်ကျိုးမကြည့်ဘဲ အလုပ်လုပ်နေသူတွေကို အသိအမှတ်ပြုတဲ့ ပွဲဖြစ်တဲ့အတွက် ကျေနပ်မိပါတယ်”ဟု ၂၀၁၀ ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်ဆု ရရှိခဲ့သူ ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

ထိုကဲ့သို့ပင် ပြည်သူ့ဂုဏ်ရည်အထူးဆု ရရှိခဲ့သည့် ဦးရဲလွင်ကလည်း ပြည်သူ့ဂုဏ်ရည်အသင်းကဲ့သို့သော အသင်းများစွာ ပေါ်လာရန် လိုအပ်သကဲ့သို့ မိမိအနေဖြင့် ယခုကဲ့သို့ အထူးဆု ရရှိသည့်အတွက် လူမှုရေးလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ရန် အင်အားများ ပိုမိုရှိလာသည်ဟု ဆိုသည်။

ပြည်သူ့ဂုဏ်ရည်ဆုရရှိသူများကို ပထမဆုံးအကြိမ်တွင် ပြည်သူ့ဂုဏ်ရည်ဆု ရရှိခဲ့သူ ဦးကျော်သူအပြင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (မရွှေဇီးကွက်)၊ ရွှေအမြုတေ မဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီတို့က အထူးဂုဏ်ပြုဆု ရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ တထောင်၊ ပြည်သူ့ဂုဏ်ရည်ဆု ရရှိသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကို ဂုဏ်ပြုဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ တသောင်းကို ပေးအပ်ခဲ့တယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်တွင် စတင်ပေးခဲ့ကာ ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ပြည့်နှစ်တွင် နာရေးကူညီမှုအသင်း နှင့် ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ထားသူ ဦးကျော်သူ၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံရေးဖြင့် အကျဉ်းကျနေသော သံဃာတော်များနှင့် သီလရှင်များအား ကူညီထောက်ပံ့ပေးခဲ့သူ ဒေါ်ရှု၊ ၂၀၁၂ ခုနှစ်တွင် ဘာသာရေး၊ လူမှုရေး၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အသက်စွန့် ဆောင်ရွက်ခဲ့သူ လဖိုင်နော်မိန်းတို့ ရရှိခဲ့ကာ ၂၀၁၃ ခုနှစ်တွက်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ယက်က ရရှိခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဆုရရှိသူများကိုယ်စား  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်မှ ဒေါက်တာ သိန်းလွင်က ဆုရသူများကိုယ်စား အမှတ်တရစကားပြောကြားခဲ့ပြီး ထိုအခမ်းအနားသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒေါ်ဆွေဇင်ထိုက်နှင့် တေးသံရှင် ဆောင်းဦးလှိုင်တို့က တက်ရောက်ခဲ့ကြသည်။

ဦးသိန်းစိန် နဲ့ အိုဘားမား ဘယ်သူပိုကြည့်ကောင်းသလဲ

Friday, May 31, 2013 0 comments


ရန်ကုန်က နံရံပန်းချီများထဲမှာ  ဦးသိန်းစိန်၊ အိုဘားမားတို့ရဲ့ ပုံတူတွေက ထင်ရှားပါတယ်။
သို့သော်လည်း ဒီလို နံရံပန်းချီတွေဟာ "မြို့ကို အရုပ်ဆိုး အကျည်းတန်"စေတတ်တဲ့အတွက် အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာများမှာ မဆွဲဖို့ ရန်ကုန်အာဏာပိုင်တို့က ဥပဒေထုတ် တားမြစ်ထားပါတယ်။
အထင်ကရ နံရံပန်းချီကားတွေကို ဖန်တီးသူ  ကိုအာကာကျော် အခုတော့ အရေးယူခံရလို့ ဒဏ်ကြေး အများအပြား ပေးဆောင်လိုက်ရပါပြီ။
ဦးသိန်းစိန်ပုံကြောင့် အရေးယူခံရတာပါ တဲ့။ အိုဘားမားပုံအတွက်တော့ အရေးမယူပါဘူး တဲ့။ 
ဒါကြောင့် ဦးသိန်းစိန် နဲ့ အိုဘားမား ဘယ်သူပိုကြည့်ကောင်းသလဲလို့ မေးရပါတော့မယ်။
ဒီအကြောင်း ဧရာဝတီ သတင်းထောက် ညိမ်းပြည့်စုံက သတင်းပေးပို့ထားပါတယ် ...

 နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မွေးနေ့တွင် ဖန်တီးခဲ့သည့် နံရံပန်းချီကြောင့် ဒဏ်ရိုက်ခံလိုက်ရသည်ဟု ရန်ကုန်မြို့မှ နံရံပန်းချီ ဆွဲသူ ကိုအာကာကျော်က ပြောသည်။

“လှိုင်မြို့နယ် စည်ပင်တရားရုံးမှာ တရားစွဲတယ်။ အခုတော့ အားလုံးပြီးသွားပါပြီ။ သမ္မတပုံတူကို မွေးနေ့လက်ဆောင်အဖြစ် ဆွဲလိုက်မိလို့ ဒဏ်ငွေ တသိန်း ဆောင်လိုက်ရတယ်။ ပုံဆွဲထားတာက ကြာပြီ အခုမှ ထပြီး တရားလာစွဲတာ” ဟု တရားစွဲဆိုခံရသူ ကိုအာကာကျော်က ဧရာဝတီသို့ ပြောသည်။

မရမ်းကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက ကိုအာကာကျော်ကို တရားစွဲခြင်းသည် သမ္မတဦးသိန်းစိန်၏ ပုံတူ ရေးဆွဲခြင်းကြောင့်သာဖြစ်ကြောင်း၊ အခြား နံရံရေးပန်းချီ (အိုဘားမားပုံတူနှင့် အခြား နံရံရေး ပန်ချီများ) ရေးဆွဲခဲ့ခြင်းကို တရားမစွဲခဲ့ကြောင်း ရှင်းပြသည်။

ဤအမှုကြောင့် အခြားသော နံရံရေးပန်းချီရေးသူများကို တရားစွဲရန် အစီအစဉ်ရှိ၊ မရှိ ဟူသော မေးခွန်း ပေါ်ပေါက်လာသည်။

ထိုမေးခွန်းကို မရမ်းကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တရားစွဲတာဝန်ခံ မယမင်းခင်က အောက်ပါအတိုင်း အဖြေပေးခဲ့သည်။

“အခုတရားစွဲတာတောင် အထက်က ဒီပုံဒီစာကို ရေးခဲ့တဲ့အတွက် တရားစွဲပါလို့ ညွှန်ကြားလို့ပါ။ တခြားပုံတွေကိုပါ တရားစွဲဖို့ အစီအစဉ်ရှိလား ဆိုတာတော့  မပြောတတ်ဘူး။ စည်ပင်ကနေ နံရံမှာ ပန်းချီဆွဲလို့ တရားစွဲတာ ကိုအာကာကျော် ပထမဆုံးပါပဲ။ တခြားပုံတွေ မပါဘူး။ ဒီတပုံထဲကိုပဲ တရားစွဲတာ” ဟု  မယမင်းခင်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ စည်ပင် နယ်နိမိတ်အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများ၊  အများပြည်သူ၏ မြင်ကွင်းများတွင် ဆေးခြယ်ခြင်း၊ စာလုံးများ ရေးသားခြင်း၊ ရုပ်ပုံများ ရေးဆွဲခြင်း ပြုလုပ်မည်ဆိုပါက မည်သူ့ကိုမဆို ဥပဒေ ပုဒ်မ ၃၃၊  ပုဒ်မခွဲ (ခ) အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

“အဲဒီ ဥပဒေ ထုတ်ပြန်လိုက်တာက တချို့စာလုံးတွေ၊ ရုပ်ပုံတွေက မြို့ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ အပြင် မြို့တော် သန့်ရှင်းသာယာရေးကိုပါ ထိခိုက်စေလို့ပါ” ဟု ရန်ကုန် စည်ပင် သာယာရေး ကော်မတီမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန တာဝန်ရှိသူတဦးက ပြောသည်။

ထိုဥပဒေရ   ဒဏ်ငွေ ကျပ် သုံးသောင်းမှ သုံးသိန်းအထိ၊ ထောင်ဒဏ် သုံးလ အထိ ချမှတ်နိုင်မည်ဖြစ်သည်။

 ချမှတ်ထားသည့် ဥပဒေကို ဆက်လက် ဖောက်ဖျက်မည်ဆိုပါကဒဏ်ကြေး ကျပ် တသောင်းမှ ငါးသောင်းအထိ  နေ့စဉ် ကောက်ခံ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဂရပ်ဖတီရေးဆွဲကြသူများထဲတွင် ပြည်တွင်းရှိ လူငယ်များသာမက ပြည်ပမှ အလည်အပတ် လာကြသော နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း သိရသည်။

“ဒီလို ညဘက်တွေ ခိုးဆွဲတယ်ဆိုတာ နိုင်ငံခြားတွေမှာလည်း ရှိတာပဲ။ ကိုယ့်အနုပညာကို ကိုယ်ဖော်ပြတာလေ။ နောက်ပြီး အပြင်မှာ ဖြစ်ပျက်နေတာတွေကို အစိုးရကသိအောင် ရေးဆွဲကြတာမျိုးလည်း ရှိပါတယ်” ဟု ဂရပ်ဖတီရေးဆွဲသူ ကိုသားချိုက ပြောသည်။

ဒဏ်ငွေ အများအပြား ဆောင်လိုက်ရသည့် ကိုအာကာကျော်က နံရံပန်းချီဆွဲခြင်းကို စွန့်လွှတ်မည်မဟုတ်ဟု ဧရာဝတီကို ပြောသည်။

“ အခုလို တရားစွဲခံလိုက်ရလို့ ကျနော့်အတွက် ဘာမှ မဖြစ်သွားပါဘူး။ တခုပဲ အတွေ့အကြုံရတယ်လို့ပဲ သတ်မှတ်လိုက်တယ်။ အခုလည်း သူတို့က နောက်ထပ်မလုပ်ဖို့ ခံဝန်တွေဘာတွေ မထိုးခိုင်းဘူး။
ဒီတော့ ရှေ့လျှောက်လည်း ဂရတ်ဖတီကို ဥပဒေဘောင်အတွင်းကနေ ကျနော်ကတော့ ဆက်ဆွဲဦးမှာပဲ။ ကျနော့်အလုပ်က ဒါပဲရှိတာကိုး” ဟု ကိုအာကာကျော်က ပြောသည်။

ဆက်စပ် - ဦးသိန်းစိန်ပုံဆွဲဖို့ မင်ကြောင်ထိုးပြီး ငွေရှာခဲ့သူ ကိုအာကာကျော်နဲ့ အင်တာဗျူး http://blog.irrawaddy.org/2013/05/blog-post_8337.html



.


ဒေါ်လာဈေး ထိုးတက်ခြင်းအပေါ် သူတို့အမြင်

Monday, May 27, 2013 1 comments


  တဒေါ်လာကို ကျပ် ၈၅၀ နဲ့ ၈၇၀ အကြား ရှိခဲ့ရာကနေ ဒီလဆန်းမှ တဖြည်းဖြည်းတက်လာလိုက်တာ ဒီနေ့တော့ ပေါက်ဈေးက ၉၅ဝ ကျော်နေပါပြီ။
ဒေါ်လာဈေး ထိုးတက်ခြင်းနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ညိမ်းပြည့်စုံ စုစည်းထားတဲ့

  ပညာရှင်များ၊  လုပ်ငန်းရှင်များရဲ့ အမြင်ကို ဧရာဝတီဘလော့ ပရိသတ်အတွက် ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် (စီးပွားရေးပညာရှင်)

ဒေါ်လာဈေးအတက်အကျ ကြမ်းတာဟာ စီးပွားရေးအမြင်အရ ကောင်း၏ မကောင်း၏ဆိုတာက စီးပွားရေးမှာ ကောင်းတာ တွေရှိသလို မကောင်းတာတွေလည်း ရှိတာပဲလေ။
Export လုပ်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့။ သွင်းကုန်လုပ် သူတွေကျတော့ အဆင်မပြေဘူး။

.... နိုင်ငံတော်က ထုတ်ကုန်လုပ်ငန်းတွေကို အားပေးနေတဲ့ အချိန်ဖြစ်နေတဲ့အတွက် ထုတ်ကုန်လုပ်ငန်းလုပ်သူတွေအတွက် ပိုကောင်းတယ်လို့ ပြောလို့ရတယ်။

ပြီးတော့ ဒေါ်လာနဲ့ လစာရနေသူတွေ အတွက် ကောင်းတယ်။ 


ဦးကြည်မြင့် (လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဒေါ်လာဈေးထိုးတက်တာက  နိုင်ငံသားအများစုအတွက် မကောင်းဘူး။ ဒီထက် ထပ်တက်မယ်ဆိုရင် ပိုပြီးတော့ မကောင်းဘူး။ ဒေါ်လာဈေးတက်တဲ့အတွက်
 သွင်းကုန်တွေပါ ဈေးတက်တယ်။ ဒါပေမယ့် ဂျာနယ်တွေမှာ ကြည့်ရင် ပို့ကုန်သမားတွေ ငိုပြတာကို တွေ့ရတာ များနေတယ်။
အမှန်ဆို သူတို့အတွက်က ဒေါ်လာဈေးတက်လေ ကောင်းလေပဲလေ။ သူတို့က ဒေါ်လာဈေးတက်အောင် လွှတ်တော်တွေ အစိုးရအဖွဲ့တွေကို ချဉ်းကပ်ခဲ့တယ်၊
ဒီတော့ ဈေးတက်ခဲ့တယ်။ 

ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာရှင်)

 ဒေါ်လာဈေးကို တက်ဖို့လိုတယ်ဆိုတဲ့ အကြောင်းအရင်းကိုလည်း တိတိကျကျ ကျနော်တို့ မသိရဘူး။
တချို့ကကျတော့ ပို့ကုန်တွေ လျော့နည်းလာလို့ဆိုတဲ့ အကြောင်းပြချက်ကို ပြောတယ်။

တချို့ကျတော့လည်း ကျပ်ငွေမာလို့တဲ့။ ငွေမာတယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးက ကောင်းနေရမှာပေါ့။
အခုက အဲဒီလိုလည်း မဟုတ်ဘူး။
 ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုက စားသောက်ကုန်စည်ဈေးနှုန်းတွေ တက်လာတဲ့အတွက် ဝယ်ယူနိုင်လိုအား ကျသွားမှာပေါ့။
 ပြည်သူတွေက ဒေါ်လာဈေးအတက်အကျကြောင့် ဘာအကျိုးကျေးဇူးမှ မရနိုင်ဘူး။

 
ဦးချစ်ခိုင် (မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌ)

လတ်တလောအခြေအနေအရတော့ အခြေခံစားသောက်ကုန်တွေ ဈေးတက်သွားတော့ ပြည်သူတွေအတွက် မကောင်းဘူး လို့ သုံးသပ်ကြတာပေါ့။
တဖက်ကကြည့်တော့လည်း ပို့ကုန်ဘက်က ကြည့်ရင် လယ်ယာထွက် ကုန်ထုတ် လုပ်သူတွေနဲ့၊ ရေထွက် လုပ်ငန်းလုပ်သူတွေရဲ့ ပမာဏက ပိုများတဲ့အတွက် သူတို့ရဲ့ ဝင်ငွေတွေ ပိုများလာတဲ့အတွက် တဖြည်းဖြည်းနဲ့ ကောင်းလာမယ့် အနေအထားရှိတယ်လို့သုံးသပ်မိတယ်။

ဒေါ်လာဈေးက အခုလို အတက်အကျကြမ်းတာကတော့ မကောင်းဘူးပေါ့။
အခြေခံ လူတန်းစားတွေဖြစ်တဲ့ ပြည်သူ အများစုအတွက် ထိခိုက်တယ်လို့ ပြောလို့ရတယ်။
ဒါပေမယ့် ဒေါ်လာဈေးက ၉၀၀ နဲ့ ၁၀၀၀ ကြားမှာ ငြိမ်နေမယ် ဆိုရင်တော့ နှစ်ဦးနှစ်ဖက်မျှပြီး အကျိုးရှိမယ်လို့ထင်ပါတယ်။


ဦးဝင်းအောင် (မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ)

ဒေါ်လာဈေးအတက်အကျကြမ်းတာကြောင့် ကောင်းတာ တခုမှ မရှိဘူး။
စီးပွားရေး လုပ်ကိုင်တဲ့အခါ ကြိုတင်ခန့်မှန်းနိုင်မှု အနေအထား ခက်တဲ့အတွက်ကြောင့် အကာအကွယ်ကို လိုအပ်တာထက် ပိုယူရတဲ့အတွက် သာမာန်လုပ်ငန်း လုပ်ရသလို တည်ငြိမ်မှုရှိရှိနဲ့ လုပ်ကိုင်လို့ မရဘူး။
 

ဒေါက်တာ မောင်မောင်လေး (လုပ်ငန်းရှင်)

 တိုင်းပြည်မှာ ငွေရေးကြေးရေးက အရမ်းကြီး အတက်အကျ မရှိဘဲ ပုံမှန်လေးပဲ သွားနေတာ ကောင်းတယ်။
ငွေကြေး အတက်အကျကို ထိန်းသိမ်းတာကြတော့ ဗဟိုဘဏ်နဲ့ပဲ ဆိုင်တာပေါ့။
တခါတလေတော့ ဗဟိုဘဏ်ကတောင် ထိန်းသိမ်းလို့မရတဲ့ အပိုင်းတွေ ရှိတတ်တယ်။ ဒါဆိုရင်တော့ တိုင်းပြည်အတွက် သိပ်မကောင်းဘူး။

ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း တွက်ရချက်ရတာ မှားသွားနိုင်တယ်။
 ငွေကြေးတန်ဖိုး တည်ငြိမ်မှ သူတို့အတွက် တွက်ခြေကိုက်မယ်၊ မကိုက်ဘူး၊ ရင်းနှီးမြှုပ်နှံသင့်တယ်၊ မသင့်ဘူး ဆိုတာကို တွက်လို့ရမှာလေ။
တိုင်းပြည် ငွေရေးကြေးရေးက မမှန်တော့ သူတို့တွက်ရခက်ပြီး အမှားတွေ ဖြစ်လာနိုင်တယ်။
 


ဒေါက်တာမောင်မောင်စိုး (အငြိမ်းစားပါမောက္ခ၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ဘောဂဗေဒဌာန)

ဒေါ်လာဈေးအတက်အကျ ကြမ်းတာက စီးပွားရေးအမြင်အရ ပြောမယ်ဆိုရင် လုံးဝမကောင်းဘူး။

.


ဘားအံမြို့ကနေ အားကစားသမား ထွက်လာနိုင်ဦးမလား

Thursday, March 14, 2013 0 comments


လုပ်ငန်းရှင်များ၏လက်အတွင်း ကျရောက်နေသည့်  ကရင်ပြည်နယ်၊ ဘားအံမြို့  မြို့မ အားကစားကွင်းကို ပြန်လည် ရယူလိုသည်ဟု ဒေသခံတို့က ပြောနေကြသည်။

ပြည်သူပိုင် ဘောလုံးကွင်းကို ကုမ္ပဏီတခု၏ အကျိုးအမြတ်အတွက် မသုံးစေလိုကြောင်း ဒေသခံတဦးဖြစ်သည့် ဦးခင်စိုးက ပြောသည်။

“ဒီကွင်းကို ပြည်နယ်လွှတ်တော်အဖြစ် အသုံးပြုမယ် ဆိုရင်တော့ ကျနော်တို့ ဒေသခံတွေအားလုံး ကျေနပ်ပါတယ်” ဟု  ဦးခင်စိုးက ဆိုသည်။

၎င်းအားကစားကွင်းမှ တိုင်းအဆင့်၊ ပြည်နယ်အဆင့်၊ နိုင်ငံအဆင့် အားကစားသမားကောင်းများ ထွက်ပေါ်လာခြင်း၊
ကွင်းအနီးတွင် ဗိုလ်ချုပ်အောင်ဆန်း သမိုင်းဝင် မိန့်ခွန်းပြောကြားခဲ့ဖူးခြင်းတို့ကြောင့် အားကစားကွင်းအဖြစ်သာ မြင်တွေ့လိုသည်ဟု ဆိုကြသည်။

သံလွင်၊ ကန်သာယာ စသည့် အားကစားကွင်းများသည်လည်း  မြို့မကွင်းအခြေအနေနှင့် မတိမ်းမယိမ်း  ဖြစ်လာသည်ဟု သိရသည်။

“စစ်တပ်ကွင်းကလည်း အပြင်လူတွေ ဝင်လို့ မရတော့ဘူး၊ ကန်သာယာကွင်းကလည်း ရေလယ်ခေါင်ကို ရောက်သွားပြီ၊ သံလွင်ကွင်းကလည်း ကရင်ပြည်နယ်ဂေဟာ ဆောက်နေလို့ ကစားလို့ မရတော့ဘူး” ဟု ဘားအံဒေသခံတဦးက ပြောသည်။

မြို့မကွင်း လုပ်ငန်းရှင်လက်သို့ ရောက်သွားသည်မှာ ၁၉၉၅ ဝန်းကျင်ခန့်က ဖြစ်သည်။

“ပထမဆုံးပိုင်ရှင်ဖြစ်တဲ့ မြဌေးကြွယ်လင်း ကုမ္ပဏီကတော့ ဘဏ်ဆောက်မယ်လို့ သိရတယ်။
နောက်ထပ်ပြောင်းသွားတဲ့ ပိုင်ရှင်ဖြစ်တဲ့ ရောင်နီဦး ကုမ္ပဏီကကျတော့ အဆင့်မြင့်ပလာဇာ ဆောက်မယ်လို့ ကြားတယ်။
ဒါပေမယ့် ခုချိန်ထိ ဘာမှ ဖြစ်မလာသေးဘူး” ဟု အမှတ် ၃ ရပ်ကွက် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်ထွန်းက ပြောသည်။

 မြဌေးကြွယ်လင်းကုမ္ပဏီကို အငှားချခဲ့သော်လည်း နောက်ပိုင်း ထိုနေရာတွင်  ရောင်နီဦး၊   ဝေမိုး စသည့် ကုမ္ပဏီ ဆိုင်းဘုတ်များ ပြောင်းလဲ ချိတ်ဆွဲခဲ့သဖြင့် လုပ်ငန်းရှင် အပြောင်းအလဲ ရှိသည်ဟု ယူဆကြောင်း ဒေသခံများက ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ် ဦးစောအောင်ကျော်နိုင်ပြောတာကတော့ ဒီမြေစာရင်းက အခုချိန်ထိ မြဌေးကြွယ်လင်းကုမ္ပဏီ နာမည်နဲ့ပဲ ရှိနေသေးတယ်တဲ့။ ဒါပေမယ့် အဆင့်ဆင့် လုပ်နေတာတွေကတော့ ၃ ဦးလောက် ရှိနေပြီ” ဟု ဒေသခံ ဦးခင်စိုးက ဆိုသည်။

လုပ်ငန်းရှင်လက်အတွင်း အားကစားကွင်း ရောက်နေခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ အများအပြား လက်မှတ်ရေးထိုးပြီး  ဇန်နဝါရီလက အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ကြသည်ဟု သိရသည်။

ညိမ်းပြည့်စုံ  ~
 

.

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved