Showing posts with label obituary. Show all posts
Showing posts with label obituary. Show all posts

တောင်အာဖရိက ဘောလုံးအသင်းခေါင်းဆောင် သေနတ်နဲ့ပစ်သတ်ခံရ

Monday, October 27, 2014 0 comments

   တောင်အာဖရိကနိုင်ငံ အမျိုးသား  ဘောလုံးအသင်းခေါင်းဆောင်ဟာ အမည်မသိသေနတ်သမားတချို့ရဲ့ ပစ်ခတ်မှုကြောင့် မနေ့က သေဆုံး သွားပါတယ်။

 တောင်အာဖရိက အမျိုးသား ဘောလုံးအသင်းခေါင်းဆောင် ဆန်ဇို မရီဝါ၊ ဓာတ်ပုံ- The Independent

 
     တောင်အာဖရိက အမျိုးသားလက်ရွေးစင် ဘောလုံးအသင်း၊ အသင်းခေါင်းဆောင်လည်းဖြစ် ဂိုးသမား လည်းဖြစ်တဲ့ ဆန်ဇို မရီဝါ (Senzo Meyiwa ဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ တောင် အာဖရိက ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။ 

 သူ နေထိုင်ရာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်းစ်ဘတ်မြို့နားက Vosloorus မြို့က နေအိမ်ထဲကို လူတစုဟာ တနင်္ဂနွေ နေ့ ည ၈ နာရီ လောက်က ၀င်ရောက်လာခဲ့တာဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်လို့ ဆန်ဇို မရီဝါ သေ နတ် ဒဏ်ရာနဲ့ ဆေးရုံ ကို အရေးပေါ် ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့တယ်လို့ တောင်အာဖရိက ရဲအရာရှိ တဦးက ဆိုထားတာကို အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။ 

“သံသယရှိဖွယ် လူ ၂ ဦးက အိမ်ထဲကို ၀င်သွားတယ်၊ တယောက်က အပြင်မှာ ကျန်ခဲ့တယ်။ ပစ်ခတ်မှုတွေ
ဖြစ်ပြီး ၃ ယောက်လုံး ခြေလျင်ထွက်ပြေးသွားခဲ့တယ်” လို့ အဆိုပါရဲအရာရှိက ပြောထားပါတယ်။ 

အခုတော့ တောင်အာဖရိက ရဲတပ်ဖွဲ့က ဆန်ဇို မရီဝါ ကို ပစ်ခတ်သတ်ဖြတ်သွားတဲ့ လူတွေကို ဖမ်းမိဖို့ ဆုငွေ အဖြစ် စတာလင် ပေါင် ၈၅၀၀ နဲ့ ညီမျှတဲ့ ငွေပမာဏနဲ့ ကြေညာထားပါတယ်။ 

အလားတူ ဆန်ဇို မရီဝါ သေဆုံးမှုကိုလည်း အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။ 

တချို့ အတည်ပြုလို့မရတဲ့သတင်းတွေအရ ဆန်ဇို မရီဝါ ရဲ့ ချစ်သူမိန်းကလေးရဲ့ အိမ်ကို သူရောက်နေခိုက် လုယက် သူတွေက သူ့ဆီက ပစ္စည်းလုယူဖို့ ကြိုးစားစဉ်မှာ အပြန်အလှန်ပစ်ခတ်ရင်း ဆန်ဇို မရီဝါ ဟာ 
သေနတ်မှန်သေဆုံးတာ လို့လည်း ဆိုပါတယ်။ 

အခုဆို ဆန်ဇို မရီဝါ ရဲ့ ကစားဖော် သူငယ်ချင်းတွေ အားလုံး လည်း ဆုံးရှုံးမှုအတွက် ၀မ်းနည်းစကားတွေ ကို တွစ်တာ စတဲ့ လူမှု ကွန်ယက်တွေမှာ ရေးနေကြပါတယ်။ 


 အိမ့်သံစဉ် ~ 


 

.








စာရေး ဆရာ ဦးအောင်သင်း ကွယ်လွန်

Saturday, October 25, 2014 0 comments

စာရေး ဆရာ ဦးအောင်သင်း ဟာ ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁ဝ နာရီ ကျော်က ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ 

 ဆရာ ဦးအောင်သင်း၊ ဓာတ်ပုံ- Ko Aung Kyaw' Facebook

အသက် ၈၈ နှစ်အရွယ် စာရေး ဆရာ ဦးအောင်သင်းဟာ ဒီကနေ့မနက် ကျန်းမာရေး ဖောက်လာလို့ 
ဆေးရုံကို အရေးပေါ် ပို့ခဲ့ပေမယ့် ဆေးရုံရောက်ပြီး နာရီဝက်လောက်မှာပဲ ဆုံးပါး သွားခဲ့တာဖြစ်တယ်လို့ သားအငယ်ဆုံး ဖြစ်သူ ကိုအောင်မြိုင်သင်းက အတည်ပြု ပြောကြားပါတယ်။ 

အမှတ် ၄၆ ဓမ္မိက ဝတီ လမ်း စမ်းချောင်းမြို့နေအိမ်မှာ မိသားစု စုံညီစွာ စည်းဝေးတိုင်ပင်ပြီးတဲ့ အခါ ဈာပန ကို ဘယ်လို လုပ်ကြမယ်ဆိုတာ သိရမှာဖြစ်တယ်လို့လည်း သားဖြစ်သူ ကိုအောင်မြိုင်သင်းက ဆိုပါတယ်။ 

တသက်တာ စာပေဆုရှင်အဖြစ် သိပ္ပံမှူးတင်၊ ဆရာမ ဒေါ်ခင်ဆွေဦးတို့နဲ့ အတူ ဆရာဦးအောင်သင်းဟာ လက်ခံရယူခဲ့သူဖြစ်ပါတယ်။ 

စာပေလောကမှာ ထင်ရှားတဲ့ ခြေလှမ်းတွေနဲ့ သမိုင်းမှတ်တိုင်တွေကို စိုက်ထူခဲ့သူတဦးဖြစ်ပြီး အထူးသဖြင့် လူငယ်များ အတွက် မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ဆိုတဲ့ မှာကြားမှု၊ မြေတောင်မြှောက်ပေးမှုကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။ 

ဦးအောင်သင်း ( ၁၉၂၇ - ၂၀၁၄) 


အိမ့်သံစဉ် ~











သခင်သိန်းမောင် ( ဝါးခယ်မ) ကွယ်လွန်

Monday, September 29, 2014 0 comments

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့် နိုင်ငံရေးသမားကြီး သခင် သိန်းမောင် ( ဝါးခယ်မ) အသက် ၉၆ နှစ်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ ညက ရန်ကုန်မြို့မှာ လူကြီး ရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက် သွားပါတယ်။ 



ထိုင်းတွင် အသတ်ခံရသူ ဗြိတိသျှ အမျိုးသမီး ရုပ်အလောင်းကို နေရပ်ပြန်ပို့

Monday, September 22, 2014 0 comments

အားလပ်ရက် ခရီးထွက်လာရင်း အသတ်ခံခဲ့ရသော Hannah Witheridge အသက် ၂၃ နှစ်၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သူ၏ မိသားစုက တနင်္ဂနွေနေ့ တွင် ပြောသည်။

ဦးခေါင်းတွင်ဆိုးရွားပြင်းထန်သော ဒဏ်ရာများရရှိထားသော Hannah Witheridge ကို Koh Tao ကျွန်းတွင် David Miller၊ အသက် ၂၄ နှစ် နှင့်အတူ ယခင်အပတ်က ရှာဖွေတွေ့ရှိခဲ့သည်။

“မိသားစုတခုအနေနဲ့ Hannah ကို သူနဲ့သက်ဆိုင်တဲ့ အိမ်ကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တဲ့ အတွက် အလွန်ကျေနပ်ရပါတယ်၊ ကျနော်တို့ မိသားစု ပြိုကွဲခဲ့ပါပြီ။ ၀မ်းနည်း ပူဆွေးမှုတွေပြေပျောက်ဖို့ အချိန် ယူရပါဦးမယ်”

AFP

ပန်းချီ ပေါ်သိမ်း ကွယ်လွန်

Wednesday, August 27, 2014 0 comments

ပန်းချီကို မြတ်နိုးခင်တွယ်သူ ပန်းချီ ပေါ်သိမ်း ( ဦးပေါ်သိမ်း) အသက် ၆၇ နှစ် ဟာ သြဂုတ်လ ၂၆ ရက်နေ့ မှာ အမေရိကန် ပြည်ထောင်စု တက္ကဆတ် ပြည်နယ် Big Spring အရပ်တွင် ကွယ်လွန်အနိစ္စ ရောက်သွား တယ်လို့ နီးစပ်သူ တဦးက ပြောပါတယ်။ ပန်းချီပေါ်သိမ်းဟာ ရွှေဘိုနယ်က ဖြစ်ပြီး ၁၉၄၇ ခုနှစ်က မွေးဖွားခဲ့ ပါတယ်။



ဟောလီဝုဒ် ဟာသသရုပ်ဆောင် ရော်ဘင်ဝီလျံ ကွယ်လွန်

Tuesday, August 12, 2014 0 comments

တခြားလူတွေကို ရယ်မောမှုတွေဖြစ်စေခဲ့တဲ့ ဟောလီဝုဒ် ဟာသရုပ်ဆောင် ရော်ဘင်ဝီလျံ ဟာ အမေရိကန် ပြည်ထောင်စု မြောက်ပိုင်း ကယ်လီဖိုးနီးယားက သူ့နေအိမ်မှာ သေဆုံးသွားပါတယ်။ 


 ဟာသသရုပ်ဆောင် ရော်ဘင်ဝီလျံ၊ ဓာတ်ပုံ- HBO

အသက် ၆၃ နှစ်အရွယ်ရှိတဲ့ ရော်ဘင် ဝီလျံရဲ့ ရုပ် အလောင်းကို မနေ့က ရဲတွေက တွေ့ချိန်မှာ သူဟာ မိမိကိုယ်မိမိသတ် သေ ထားတယ်လို့ ယူဆကြကြတယ်လို့ သတင်းတွေက ရေးနေကြပါတယ်။ 

 ဒေသခံ ရဲကတော့ ဖုန်းဆက်အကူအညီတောင်းလို့ သူ့အိမ်ကို ရောက်တဲ့အချိန် အသက်လည်း မရှုတော့ပဲ သတိမေ့ နေ တယ်လို့ ပြောထားပြန်ပါတယ်။ ဘယ်လိုသေဆုံးသွားတယ်ဆိုတာတော့ အခုထိ မသိရသေးပဲ စုံစမ်းစစ်ဆေးနေဆဲလို့ ဆိုပါတယ်။ 

အော်စကာဆုရှင် နာမည်ကြီး ဟာသသရုပ်ဆောင် ရော်ဘင်ဝီလျံရဲ့ ဖျော်ဖြေမှုတွေက တပါးသူတွေကို ရယ်မောစေနိုင်ပြီး ဘဝအမောတွေ ပြေပျောက်စေပေမယ့် သူကိုယ်တိုင်ကတော့ စိတ်ကျဝေဒနာခံစားနေ ခဲ့ရ တယ်လို့ သိရပါတယ်။ 

ဒါကြောင့် အရက်လည်းသောက်၊ မူးရစ်ဆေးလည်း သုံးစွဲလို့ ပြဿနာတွေတက်ခဲ့ပါသေးတယ်။ 

ရော်ဘင်ဝီလျံဟာ တီဗွီရုပ်သံဇာတ်လမ်းတွဲ Mork & Mindy မှာ နာမည်ကြီးလာပြီး ၁၉၈၂ ခုနှစ်က The World According to Garp ဆိုတဲ့ ဇာတ်လမ်းနဲ့ ရုပ်ရှင်နယ်ပယ်ကို အခြေချလာသူလည်းဖြစ်ပါတယ်။ 

သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွေကတော့ Good Morning, Vietnam (1987)၊ Dead Poets Society (1989)၊ Awakenings (1990)၊ The Fisher King (1991)နဲ့ Good Will Hunting (1997)တို့ ဖြစ်သလို Popeye (1980)၊ Hook (1991)၊ Aladdin (1992)၊ Mrs. Doubtfire (1993)၊ Jumanji (1995)၊ The Birdcage (1996)၊ Night at the Museum (2006)နဲ့ Happy Feet (2006)တို့မှာလည်း နာမည်ကြီးပါတယ်။ 

ရော်ဘင်ဝီလျံကို အကောင်းဆုံး သရုပ်ဆောင်ဆုအတွက် ၃ ကြိမ်အမည်စာရင်တင်သွင်းခံခဲ့ရပြီး Good Will Hunting မှာ အကောင်းဆုံး ဇာတ်ပို့ဆုရခဲ့ပါတယ်။ 

ဒီအပြင် ရော်ဘင်ဝီလျံဟာ Emmy Awards ၂ ဆု၊ four Golden Globe Awards ၄ ဆု၊ Screen Actors Guild Awards ၂ ဆုနဲ့ Grammy Awards ဆု ၅ ဆုကိုလည်း လက်ခံရရှိထားတဲ့အောင်မြင်တဲ့ အနုပညာ သမားတဦးလည်းဖြစ်ပါတယ်။ 



 အိမ့်သံစဉ် ~ 

 












KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော ကွယ်လွန်

Friday, June 27, 2014 0 comments

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော (အသက် ၉၄ နှစ်) သည် ဇွန်လ ၂၆ ရက်နေ့ ညပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲစရီယန်း ( မိုင်းလုံကြီး) ရှိ နေအိမ်မှာ ကွယ်လွန်သွားပါ တယ်။ 

 ဓာတ်ပုံ- KNU

ကွယ်လွန်ချိန်တွင် သားသမီး ၈ ဦးနှင့် မြေး၊ မြစ်များစွာ ကျန်ရစ်ခဲ့ပါတယ်။ ကျန်ရစ်သူ သားသမီးများတွင် လက်ရှိ KNU ဒု ဥက္ကဋ္ဌ နော်စီ ဖိုးရာစိန်၊ KNLA စစ်ရေးချုပ် ဗိုလ်ချုပ် ဘီလပ်စိန်နှင့် KNLA အရာရှိ ဗိုလ်မှူးချုပ် မဲအေစိန်တို့သည် ထင်ရှားသူများဖြစ်ကြပါတယ်။

ဗိုလ်ချုပ်ကြီး တာမလာဘောသည် လွတ်လပ်ရေးစစ်ကြိုခေတ်က ဗြိတိသျှ စစ်တပ်တွင် တာဝန်ထမ်းဆောင် ခဲ့သူတဦးလည်းဖြစ်ပြီး ၁၉၄၉ ခုနှစ် ကရင်တော်လှန်ရေး စတင်ချိန်ကတည်းက ပါဝင်ခဲ့သူ တဦးဖြစ်ပါ တယ်။  

ဇနီးသည် နော်ဖောကဝေါဟာ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အသက် ၉၅ အရွယ်တွင် ကွယ်လွန်ခဲ့ပါတယ်။ 















ဆရာ ခင်မောင်ရင် သို့

Tuesday, June 10, 2014 0 comments

သူဟာ ဘဝ ကို ရိုးရိုးရှင်းရှင်းနဲ့ နေထိုင် ဖြတ်သန်းပြီး ရိုးရိုးလေးပဲ ဘဝ တပါး ကူးပြောင်းသွားတယ်။ သူဟာ ကမ္ဘာကို မြန်မာဆိုတာ ဘာလဲဆိုတာကို လှစ်ပြခဲ့သူတဦး။ 


တချိန်က သူ့ အင်္ဂလိပ်စာ သင်ပြမှုတွေနဲ့ ကမ္ဘာဆန့်နေသူတွေ ဒုနဲ့ ဒေး၊ သူကတော့ ပန်းချီတွေကိုပဲ ငေး 
ငေး နေပြီး စုတ်တဲ့ နဲ့ ဆေးရောင်စုံတွေ ကြားမှာ အသက်ရှုမှားလောက်အောင် ပျော်မွေ့နေသူ။ 

နှလုံးသား အထီးကျန်တယ်လို့ တချို့တွေက ပြောနေချိန်မှာ သူ့ နှလုံးသားဟာ အယုတ်၊ အလတ်၊ အမြတ် မရွေး၊ ရင်းသူရော စိမ်းသူရော၊ မရင်းတရင်းသူတွေအတွက်ပါ ပျူငှာတဲ့ ဧည့်ခန်း ဖြစ်တယ်။ 

ဗိသုကာပညာရှင်လည်းဖြစ်လို့ လောကပုံစံကို ထုဆစ်ပုံဖော်တဲ့ နေရာမှာ မြန်မာ့အတွေးတွေကို ထည့်သွင်း
ဖော်ပြလေ့ရှိသလို ပန်းချီကို ခုံမင်စွာ ရေးဆွဲသူဖြစ်လို့ မော်ဒန် ခေတ်ကိုလည်း တခေတ်ဆန်းတဲ့ မိတ်ဆက် ခဲ့မှုတွေ ရှင်သန်ချိန်ကာလတလျှောက် ဖန်တီးခဲ့တယ်။ 

အခုတော့ သူ သို့မဟုတ် ဆရာ ဦးခင်မောင်ရင် ဟာ ကွယ်လွန်ခဲ့ပြီ။ ဒါပေမယ့် သူ ရှင်သန်နေဆဲ ဖြစ်နေမှာ
သေချာပါတယ်။ 



လင်းသန့် ~


 ဆက်စပ်သတင်း 

ဗိသုကာ ပညာရှင်၊ ပန်းချီ ခင်မောင်ရင် (၇၆ နှစ်) ကွယ်လွန်

 

ပန်းချီခင်မောင်ရင်၏ ဘဝနှင့်ဒဿန

 










 

ကမ္ဘာကျော် ကျေးလက်အဆိုတော် Pete Seeger ကွယ်လွန်

Wednesday, January 29, 2014 0 comments



ကမ္ဘာကျော် အမေရိကန် ကျေးလက်အဆိုတော် မစ္စတာ Pete Seeger ( အသက် ၉၄ နှစ်) ဟာ ဇန်နဝါရီ လ ၂၇ ရက်နေ့ က အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ နယူးယောက်မြို့မှာ ကွယ်လွန်သွား ခဲ့ပါပြီ။ 


သူဟာ ကဗျာတွေ၊ ဝတ္တုတွေ၊ စာညွှန့်တွေ၊ သီချင်းတွေအများကြီး လည်း ရေးစပ်ခဲ့ သူပါ။ သူ့ကို တက်ကြွ လှုပ်ရှားသူ အနုပညာရှင် ဂီတပညာရှင်၊ စာပေပညာရှင်အဖြစ်လည်း လူသိများကြပါတယ်။ သူ့အကြောင်း အသေးစိပ်ကို ဤနေရာက တဆင့် သွားပြီးလည်း ကြည့်နိုင်ပါတယ်။

သူ့ရဲ့ နာမည် အကြီးဆုံးတွေထဲက Guantanamera ဆိုတဲ့ သီချင်းလေးနဲ့ သူ့အနုပညာကို ခံစားနိုင်ကြ ပါလိမ့်မယ်။ 
ဒီသီချင်းလေးကို လည်း ဧရာဝတီ ပရိသတ်ကြီးက ကြားလိုက်တာနဲ့ မှတ်မိနေကြမယ် ထင်ပါတယ်။

  



အိမ့်သံစဉ် ~ 



 





အနုပညာရှင် ဒေါ်ခင်ယုမေ ကွယ်လွန်

Saturday, January 25, 2014 0 comments


အကယ်ဒမီများရှင် နာမည်ကြီး အနုပညာရှင် ဒေါ်ခင်ယုမေ ( အသက် ၇၇ နှစ်) ဟာ မနေ့ည ၉ နာရီက ရန်ကုန်မြို့ ကမ္ဘာ အေးဘုရားလမ်း၊ သီရိ မင်္ဂလာရိပ်သာ လမ်းသွယ်၊ အမှတ် ၂၉ (အေ)  နေအိမ်မှာ 
ကွယ်လွန် သွားပါတယ်။ 


“ယနေ့ ည(၉း၀၀)ခန့် က အမေ ဒေါ်ခင်ယုမေ ဆုံးသွားပြီတဲ့ဗျာ။ ကျွန်တော် ရုပ်ရှင်လောကမှာ အမေ အဖြစ်တွဲပြီး မရိုက်ခဲ့ ရတဲ့၊ ကျွန်တော့် အမေနဲ့ ရုပ်ရည်တူတဲ့၊ ကျွန်တော်လေးစားရတဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး အနုပညာရှင် အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတစ်ဦးပါဗျာ” လို့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက မနေ့ညက သူ့ဖေ့စ်ဘုတ်မှာ အခုလို တင်ခဲ့ ပါတယ်။ 

ဒေါ်ခင်ယုမေဟာ အကယ်ဒမီ ဆုကို ၂ ကြိမ်တိုင်ရခဲ့ဖူးပြီး ကိုယ်ပိုင် မေတ္တာ (၁၉၆၁ ခုနှစ်)၊ ရွှေခြည် 
ငွေခြည် တန်းပါလို့ (၁၉၇၅ ခုနှစ်) ဆိုတဲ့ ဇာတ်ကားတွေနဲ့ အမျိုးသမီး သရုပ်ဆောင် အကယ်ဒမီတွေ ရခဲ့တာလည်းဖြစ်ပါတယ်။ 


တကယ်တော့ ဒေါ်ခင်ယုမေဟာ စွယ်စုံရ အနုပညာရှင်တဦးလည်းဖြစ်ပြီး သီချင်းဆိုတာမှာလည်း နာမည်ကြီး၊ သူ့ရဲ့ ဝတ်စား ဆင်ယင်မှု၊ ဖက်ရှင် စတာတွေမှာလည်း နာမည်ကျော်တဦးဖြစ်ပါတယ်။ 

ခင်ယုမေ ဖက်ရှင်ဆိုတာ တချိန်က အလွန်ရေပန်းစားခဲ့တာပါလို့ ရန်ကုန်မြို့က ဒေါ်ခင်ယုမေရဲ့ ပရိသတ် တဦးက ပြောပါတယ်။ 

ဒေါ်ခင်ယုမေဟာ ပန်းချီကို မြတ်နိုးတတ်သူ ပီပီ မေပန်းချီဆိုတဲ့သီချင်းနဲ့ ဂီတအနုပညာလောကကို စတင်ခြေဆန့်လာရင်း စုံတောမြိုင်၊ လူညိုယဉ်၊ ရိုင်းတဲ့ စင်ရော်၊ မြင်းလှည်း ကလေးနဲ့ပျော် အစရှိတဲ့ ဓာတ်ပြားသီးချင်းတွေမှာလည်း လူကြိုက်များ ပါတယ်။ 

၁၉၆၅ ခုနှစ်မှာ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးကျော်ဆွေနဲ့ အိမ်ထောင်ကျခဲ့ပြီး သားတဦးထွန်းကားပါတယ်။ အဲဒီ သားဖြစ်သူ ဦးအောင်ကျော်မိုးဟာ အခု လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး သူ့မှာ  Airica Moe နဲ့  Russell Zachery Moe ဆိုတဲ့ သားသမီး ၂ ဦး ရှိပါတယ်။

ဒေါ်ခင်ယုမေရဲ့ ချွေးမဖြစ်သူ ဝင်ဒီ ကလည်း သူ့ဖေ့စ်ဘုတ်မှာ အခုလို စတေးတပ်စ် ရေးထားပါတယ်။ 

"သမီးနဲ့ သားတို့ရဲ့အဖွား ဒေါ်ခင်ယုမေ မနေ့ည ၉ နာရီက ဆုံးပါးသွားခြင်း သတင်းကို ဝမ်းနည်းစွာ ကြားသိလိုက်ရပါတယ်။ မားမား ကောင်းရာ သုဂတိ လားပါစေ"  လို့ သူက ဆုတောင်းထားပါတယ်။ 

ဦးကျော်သူက သူ့ဖေ့စ်ဘုတ်မှာ ဒေါ်ခင်ယုမေရဲ့ ဈာပနနဲ့ ပတ်သက်ပြီး မနေ့ညက အခုလို ရေးထားပါ တယ်။ 

"အမေဒေါ်ခင်ယုမေ ကမှာခဲ့တယ်။ ချက်ခြင်းသာသင်္ဂြိုင်္လ်လိုက်ပါတဲ့။ အမေကတော့ ကြိုမြင်လို့  မှာခဲ့တာ 
နေမှာပေါ့ဗျာ။ အမေ့စကားကို လိုက်နာသော အားဖြင့် မနက် (၉း၀၀) နာရီမှာ အမေ့အိမ် ကမ္ဘာအေးဘုရား လမ်း ကို သွားပြီးအမေ့ကို ကိုယ်တိုင်သယ်ပိုးပြီး ရေဝေးသုသ၁န်ကိုသွားပြီး တိုက်ရိုက်မီးသဂြိင်္ုလ်လိုက်တော့မယ်။ လိုက်ပါပို့ ချင်သူအမေ့ရဲ့ အနုပညာကို ချစ်ခင်လေးစားကြတဲ့ပရိသတ်နှင့် တကွအနုပညာ မျိုးဆက်
ဟောင်း/ သစ်များကို အသိပေးလိုက်ပါတော့သည်" လို့ ဆိုထားပါတယ်။



အိမ့်သံစဉ် ~



 




 













နယ်ဆင်မန်ဒဲလားရဲ့ ဈာပန ( ရုပ်/သံ)

Monday, December 16, 2013 0 comments

တောင်အာဖရိကရဲ့ အသားအရောင်ခွဲခြားရေး တိုက်ဖျက်ရေး ခေါင်းဆောင်၊ တောင်အာဖရိက သမ္မတ
ဟောင်း ကွယ်လွန်သူ နယ်ဆင်မန်ဒဲလားရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို ငယ်စဉ်က နေထိုင်ကြီးပြင်းခဲ့တဲ့ Qunu ကျေးရွာမှာ မနေ့က သဂြိုလ်ပြီးသွားပါပြီ။ 


လက်ရှိ တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမားကလည်း ကွယ်လွန်သူ တောင်အာဖရိကခေါင်းဆောင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲသူရဲကောင်းကြိး မန်ဒဲလားကို ဥာဏ်အမြော်အမြင်ကြီးမားသူအဖြစ် ချီးမွမ်းဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ 

၂၁ ရာစုမှာ အကြီးကျယ်ဆုံး ဈာပန အခမ်းအနား တခုဖြစ်ပြီး နိုင်ငံတကာ သမ္မတတွေ၊ သမ္မတဟောင်း
တွေ၊ ဝန်ကြီးချုပ်တွေနဲ့ ကမ္ဘာအရပ်ရပ်က ထင်ရှားကျော်ကြားသူတွေ စုံစုံလင်လင် တက်ရောက်ကြပါ တယ်။ 

ရိုက်တာသတင်းဌာနက တင်ပြသွားတဲ့ နောက်ဆုံး ဈပန ရုပ်/သံကို ဂုဏ်ပြုကြည့်ရှုနိုင်ပါတယ်။

  




အိမ့်သံစဉ် ~ 





တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မန်ဒဲလား ကွယ်လွန်

Friday, December 6, 2013 0 comments

တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း အသက် ၉၅ နှစ်အရွယ် မစ္စတာ နယ်ဆင်မန်ဒဲလား ဟာ ဒီဇင်ဘာ လ ၅ ရက်နေ့က ကွယ်လွန် သွားတဲ့အကြောင်း ကမ္ဘာ့ မီဒီယာတွေက ဖော်ပြပါတယ်။


တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မန်ဒဲလား၊ ဓာတ်ပုံ- စီအန်အန်

ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင်လည်းဖြစ် လူအခွင့်အရေးနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး မင်ဒဲလားဟာ လူဖြူအစိုးရ အုပ်စိုးစဉ်က အကျဉ်းထောင်တွင်း ၂၇ နှစ်ဝန်းကျင် အကျဉ်းစံ ဘဝ နေထိုင်ခဲ့ရသူဖြစ်ပြီး တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့သူပါ။ 

အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး သူရဲကောင်းတဦးလည်းဖြစ်တဲ့ မင်ဒဲလားဟာ အကျဉ်းထောင်က လွတ်လာပြီး ၁၉၉၄ ခုနှစ်မှာ သမ္မတဖြစ်လာပြီး သမ္မတတာဝန်ကို ၁၉၉၄ ခုနှစ်က ၁၉၉၉ ခုနှစ်ထိ  ထမ်းဆောင်ခဲ့သူလည်းဖြစ် ပါတယ်။ 

သူ ကွယ်လွန်သွားခဲ့တာကို ဒီဇင်ဘာလ ၅ ရက်နေ့က အပြည်အပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က အခုလို ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ ဂုဏ်ပြုစကားတွေနဲ့ ဗီဒီယိုမှတ်တမ်းကိုလည်း ထုတ်လွှင့်လိုက်ပါတယ်။ 

  



အိမ့်သံစဉ် ~ 

ဝါရင့် နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့် ကွယ်လွန်

Monday, November 25, 2013 0 comments

ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့် ( အသက် ၈၄ နှစ်) သည် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပါသည်။ 

 ဝါရင့် နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့်၊ ဓာတ်ပုံ- အံ့ဘွယ်ကျော်/၈၈

နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအား မြန်မာ့သမိုင်း စာမျက်နှာသစ်ဖွင့်လှစ်သည့်အနေဖြင့် အဓိက ပံ့ပိုးတည်ထောင်ခဲ့သူများထဲက တဦးအပါအ၀င်ဖြစ်သည်။ ထို့အပြင်နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်ပြီး အကြိမ်ကြိမ် ထောင်ဒဏ်ကျခံခဲ့ရသူလည်းဖြစ် သည်။ 

၁၉၇၀ ခုနှစ်ကျော်ကာလ ဦးနု၏ ပါလီမန် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး CRDP အဖွဲ့တွင် ပါဝင် ခဲ့ပြီး ပြည်ချစ်လူငယ်များ အစည်းအရုံးခေါင်းဆောင်တဦးလည်းဖြစ်သည်။ 

ထိုစဉ်က ပြည်ချစ်လူငယ်များ အသံလွှင့်ဌာနတွင် သတင်း၊ သတင်းသုံးသပ်ချက်များကို ၀ါရင့်နိုင်ငံရေး သမား ဦးသုဝေနှင့်အတူ တာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ 

ကွယ်လွန်သူ ဦးထွေးမြင့်၏ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၇)ရက်နေ့ (အမျိုးသားအောင်ပွဲနေ့) ညနေ(၄း၀၀) နာရီအချိန် တွင် ရေဝေး အအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ပါသည်။  

ဦးထွေးမြင့်၏ မိသားစု အိမ်လိပ်စာမှာ အိမ်အမှတ် (၂၂၇၉)၊ ဟေမာဂနိုင်လမ်း၊ မင်းကွန်းတောရ အလယ်
ပေါက်၊ အင်းစိန်၊ ဘို့ကုန်း ရပ်ကွက် ဖြစ်ပါတယ်။ 


ဆက်စပ်သတင်း 


ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် ကွယ်လွန်





ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်

Monday, September 30, 2013 0 comments

ဆရာကြီး ဦးဂိုအင်ဂါ ( အသက် ၉၀ နှစ်)ဟာ ယမန်နေ့ ည ၁၀ နာရီ မိနစ် ၄၀ က အိန္ဒိယနိုင်ငံ မွန်ဘိုင်
( ဘုံဘေ) မြို့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက်သွားပါတယ်။ 


 
ဆရာကြီး ဦးဂိုအင်ဂါဟာ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ၁၉၆၉ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အခြား ကမ္ဘာ့နိုင်ငံတွေမှာ ၀ိပဿနာ တရားစခန်းတွေ များစွာ ဖွင့်လှစ်သင်ကြားပေးခဲ့သလို လူမှုကူညီရေး လုပ် ငန်းတွေလည်း များစွာ လုပ်ဆောင်ခဲ့ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါရဲ့ အကျဉ်းထောင်တွေထဲမှာ တရားစခန်းတွေ ဖွင့်လှစ်သင်ကြားပေးခဲ့မှုတွေကြောင့် သက်ဆိုင်ရာ အကျဉ်းထောင် ၀န်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား လူမှု ဆက်ဆံရေး ချောမွေ့ပြေပြစ်မှု ရှိလာပြီး အုပ်ချုပ်ရေးအတွက် ကြီးမားတဲ့ အထောက်အကူဖြစ်ခဲ့တာတွေကလည်း လူအများသိကြပါတယ်။ 

ဆရာကြီးဟာ ၀ိပဿနာ သုတေသန စင်တာကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါဟာ ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ခေါင်းကိုက် ဝေဒနာ စွဲကပ်ရာက ဆရာကြီး ဦးဘခင်ထံ တပည့်ခံခဲ့ပြီးနောက် ဗုဒ္ဓဘာသာ ဖြစ်လာခဲ့ပြီး တရား ဓမ္မများ ကို ပြန်လည် မျှဝေဟောပြောပို့ချလာခဲ့တာ ကွယ်လွန်အချိန်ထိ ဖြစ်ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါဟာ အင်္ဂလိပ်၊ ဟိန္ဒိ ဘာသာတွေနဲ့ စာရေးခြင်း၊ ကဗျာ ရေးခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါရဲ့ ဆယ်ရက် ၀ိပဿနာ သင်ခန်းစာ ဆိုတဲ့ စာအုပ်ဟာ ကမ္ဘာအနှံ့ လူသိများပါတယ်။ မကြာသေးမီကပဲ အိန္ဒိယနိုင်ငံက အရပ်သားဆိုင်ရာ တတိယမြောက်အမြင့်ဆုံး ဖြစ်တဲ့ Padma Bhushan ဆုကို ချီးမြှင့်ခဲ့ပါသေးတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်သွားခြင်းဟာ ဗုဒ္ဓဘာသာ စစ်စစ် ပြန့်ပွားရေးအတွက် ဆုံးရှုံးမှုကြီး တခုလည်း ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

စာရေးဆရာ၊ ကဗျာဆရာ ဒဂုန်တာရာ ကွယ်လွန်

Monday, August 19, 2013 0 comments

စာရေးဆရာ၊ ကဗျာဆရာ ဒဂုန် တာရာ ခေါ် ဦးဋ္ဌေးမြိုင် ( ၁၉၁၉-၂၀၁၃ ခုနှစ်) ဟာ ယနေ့ နေ့လယ်ပိုင်း ၁  နာရီကျော် လောက်က အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။



ငြိမ်းချမ်းရေးသမားကြီးလို့ အများက သတ်မှတ်ထားတဲ့ စာပေပညာရှင်လည်းဖြစ် တဲ့ ဆရာ ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့က ဦးဘအုန်း၊ ဒေါ်ဖွားရှင်တို့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်၊ မွန်ကျေး ရွာဖြစ်တဲ့ ထိုင်ကူ မြစ်တန်းရွာမှာ မွေးဖွားခဲ့ပါတယ်။

ဆရာ ဒဂုန် တာရာရဲ့ ကလောင်အမည်ခွဲတွေကတော့ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညားသီဟ၊ ဦးဒဂုန် စတာတွေ ဖြစ်ပါတယ်။

ငယ်စဉ်က ရန်ကုန်မြို့ ၇ လမ်း အောင်ဇေယျ မင်္ဂလာ မြန်မာစာသင်ကျောင်းမှာ ပညာစတင်ဆည်းပူးခဲ့တဲ့ ဆရာ ဒဂုန် တာရာဟာ ကျိုက်လတ်မြို့ အမျိုးသား ကျောင်းမှာ ၁၉၂၇ ခု နှစ် ကနေ ၁၉၃၆ ခုနှစ်ထိ လည်းကောင်း၊ ရန်ကုန်မြို့ ရေ ကျော် မက်သဒစ်ကျောင်းမှာ ၁၉၃၆ ခုနှစ်၊ ၃၇ ခုနှစ်မှာ ပညာ သင်ကြားခဲ့ ပါတယ်။


ဆရာ ဒဂုန်တာရာဟာ ၁၉၃၇ ခုနှစ်မှာ မက်ထရစ် ( ဆယ်တန်း) အောင်မြင်ခဲ့ပြီး ၁၉၃၇ ခုနှစ်မှ ၁၉၄၀ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့ပါတယ်။

 မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စား လှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန်များကိုလည်း ဆောင်ရွက်ခဲ့ ပါတယ်။

ဒီအပြင် တရုတ် - မြန်မာ မိတ်ဆွေအသင်းချုပ်၊ ဆိုဗိယက်-မြန်မာ ယဉ်ကျေးမှုနှင့် မိတ်ဆွေ အသင်းချုပ်၊ ကမ္ဘာ့ ငြိမ်း ချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီတွေမှာလည်း ထမ်းဆောင် ခဲ့ပြီး မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂ ဥက္ကဋ္ဌတာဝန်ကိုလည်း ယူခဲ့ပါတယ်။

၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသားခဲ့ပြီးနောက် ဒဂုန်တာရာ အမည်ကို ခံယူခဲ့တာပါ။

၁၉၄၆ ခုနှစ်မှာ တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေ ခဲ့ပြီး နောက်ပိုင်း ကလောင်အမျိုးမျိုးနဲ့ စာပေဝေဖန်ရေး
တွေလည်း ရေးသားခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်က ၀တ္တုတိုပေါင်းချုပ်ဆု ရရှိခဲ့ပြီး ၂၀၀၁ ခုနှစ်ကလည်း ပခုက္ကူ ဦးအုန်းဖေ တသက်တာ စာပေဆုလည်း ရရှိခဲ့ပါတယ်။

ဆရာ ဒဂုန်တာရာ ရေးသားခဲ့သည့် စာအုပ်များမှာ


  1. ကြာပန်းရေစင် - ၁၉၆၃ ခုနှစ်
  2. ကြာရိပ်ပန်းနု - ၁၉၉၃ ခုနှစ်
  3. စံပယ်ဦး - ၁၉၆၁ ခုနှစ်
  4. စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ် - ၁၉၇၄ ခုနှစ်
  5. စာပေ သဘော တရား၊ စာပေ ဝေဖန်ရေး၊ စာပေ လှုပ်ရှားမှု - ၁၉၇၆ ခုနှစ်
  6. စန္ဒရား ဆရာ သို့မဟုတ် မဟာ အချစ် - ၁၉၉၅ ခုနှစ်
  7. စိမ်းမြ ဧရာ - ၁၉၉၄ ခုနှစ်
  8. တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်း
  9. ဒဂုန်တာရာနှင့် သူ၏ ကဗျာ - ၁၉၆၇ ခုနှစ်
  10. ဒဂုန် တာရာ ဝတ္ထုတို ပေါင်းချုပ် - ၁၉၆၉ ခုနှစ်
  11. ဒဂုန် တာရာ၏ ဒဂုန်တာရာ - ၁၉၅ဝ ပြည့်နှစ်
  12. တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ - ၁၉၇၉ ခုနှစ်
  13. ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ - ၁၉၉၇ ခုနှစ်
  14. မာယာ - ၁၉၉၁ ခုနှစ်
  15. မူးယစ်ဝေသော နွေဦးညများ - ၁၉၆၈ ခုနှစ်
  16. မေ - ၁၉၇၄ ခုနှစ်
  17. ရုပ်ပုံလွှာ - ၁၉၅၅ ခုနှစ်
  18. လရောင် ရွှန်းမြသော ညတည - ၁၉၆၄ ခုနှစ်
  19. လရောင် ရွှန်းမြသော ညတညနှင့် အခြား ဝတ္ထုရှည် - ၁၉၉၅ ခုနှစ်
  20. သဇင် သင်းပြန်တော့ - ၁၉၇၄ ခုနှစ်
  21. သုနာပရန္ဈ - ၁၉၉၅ ခုနှစ်
  22. အလင်္ကာ ကဗျာ ပေါင်းချုပ် - ၁၉၆၂ ခုနှစ်
  23. အိပ်မက် အပြင်ကလူ - ၁၉၉၆ ခုနှစ်
  24. အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်နုရောင်အို - ၁၉၇၁ ခုနှစ်
  25. ဧရာဝတီ ယန်စီ ဗော်လဂါ - ၁၉၇၂ ခုနှစ်





အိမ့်သံစဉ် ~


.


 

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved