မင်းတို့မယားတွေ မုဆိုးမဖြစ်ကုန်မယ် (အပိုင်း-၂)

Thursday, September 8, 2011 0 comments


ဗိုလ်ဖိုက်တာ

(အပိုင်း - ၁ ဖတ်ရန်)

မိုးလင်းပြီ၊ ကုန်ပြီ ...။

အမှောင်ပျောက်လို့ အလင်းရောက်လာ၊ မိုးလင်းပါပြီခင်ဗျာ။ ချောင်ကျကျပုန်းခိုရာ ခြုံနွယ်ပိတ်ပေါင်းတွေထဲကနေ လှမ်းကြည့်လိုက်တာ အထင်းသားမြင်ရပါပြီ။

အား … ရွာလုံးကျွတ်ပြာကျသွားပြီကိုး။ သုံး, လေးအိမ်မျှသော အိမ်ကြီးရခိုင်တို့ရဲ့ အိမ်တိုင် တစ်တိုင်စ နှစ်တိုင်စ ကတော့ မီးသွေးတိုင်ဘ၀နဲ့မယိုင်မလဲ အံကိုခဲလို့ မားမား မတ်နေသေးသဗျ။

မကြုံဘူး၊ မတွေ့ဘူးတဲ့… လွမ်းဖွယ်ဆွေးဖွယ် နှမျောတသဖွယ် ဒီမြင်ကွင်းကို တစိမ့်စိမ့်ငေးမောနေရင်း ... ဟယ် … ငွေဒေါင်းတို့၊ ရွှေဒေါင်းတို့ ဘယ်ဝယ်ဘယ်ဆီရောက်နေကြ..။
ဗိုလ်ဖိုက်တာတို့အိမ်က နွားနှစ်ကောင်ပါ့။

အိမ်ကထွက်ပြေးခါနီးမှာတော့ သူတို့ကိုချည်နှောင်ထားတဲ့ကြိုး ဗိုလ်ဖိုက်တာကိုယ်တိုင်ဖြေ...။ “လွတ်ရာ ကျွတ်ရာ ပြေးကြပေတော့ … သားကြီးတို့ရေ” လို့နှုတ်ဆက်ခဲ့ပါရဲ့။ သြော်..`သတ္တ၀ါတစ်ခု ကံတစ်ခု´ ဆိုတဲ့လောကရဲ့နိယာမ ဖယ်ရှောင်လို့မှမရတာ။

ဗိုလ်ဖိုက်တာတို့မိသားစုကို ထယ်ထိုး ထွန်မွှေ ၀န်စည်သယ်လုပ်ငန်းတွေနဲ့ လုပ်ကျွေးသမှုပြုခဲ့တဲ့ ကျေးဇူးရှင်နွားညီနောင်ကို `ဒီဘ၀,ဒီမျှသာ´ လို့ ဖြေသိမ့်ရလေရော့လား..။
ဒီအတွေးမှာ မျောနေတုန်း ဗိုလ်ဖိုက်တာ့ဝမ်းမီးက ဆာလောင်လို့လာ..။ ဘယ်မှာလဲ.. အိပ်ယာထ စားနေကျ`ထမင်းကြမ်းခဲနဲ့ ငါးပိရေ တို့စရာ´..။ နောက်ပြီးတော့..သောက်ရေ..။ ရေ့အသက် တစ်နံနက်..။ ထမင်းအသက် ခွန်နှစ်ရက်..တဲ့..။

ကံကောင်းတယ်လို့ ဆိုရလေမလား။ ပုန်းခိုရာရဲ့မလှမ်းမကမ်းမှာ ရေတငြိမ့်ငြိမ့်စီးနေတဲ့ ချောင်းကလေးရှိနေတာ..။ သောက်ရေအတွက် မပူပင်ရ။ ဒါပေမယ့် ဆန္ဒပြနေတဲ့ဝမ်းမီးကို ဘယ်လိုငြိမ်းရပါ့။ ကိုင်း… ကျနော်ဗိုလ်ဖိုက်တာ ဘာလုပ်ရမလဲ..။

“လူကလေး ဗိုလ်ဖိုက်တာ။ ဘာတွေစဉ်းစား တွေးတောငေးမောနေသလဲကွာ။”

စကားနည်းလွန်းလှတဲ့ အဖေ့မေးခွန်းပါ။ အဖေ့မျက်နှာကို ငဲ့စောင်းကြည့်လိုက်တော့… တစုံတရာပူပင်ဟန်မဖြန်းတဲ့ မထုံတက်တေးမျက်နှာ..။ ဘာဆိုဘာကိုမျှမထီတဲ့ `ဘာမထီ´ ပုံသွင်ပါလား..။

“လူလေး… စစ်ပြေးဆိုလို့ ဒို့သားအဖပဲကျန်တော့တယ်။ သူ့အစုနဲ့သူ အလျှိုအလျှို ပြေးကုန်ကြပြီ။ ဒီတော့.. ဒို့သားအဖ ဘာလုပ်ကြမလဲ။”

ကျနော်ဗိုလ်ဖိုက်တာ အမြီးအတောင်ပေါက်စ မြီးကောင်ပေါက်အရွယ်မျှသာမို့ ရုတ်ချည်းမှာ`တွေ´ရပါတယ်၊ `ဝေ´ရပါတယ်ခင်ဗျာ။

“လူလေး… သေနတ်သံကြားသေးလား”

“တခါတခါ… သဲ့သဲ့လေးတော့ ကြားနေရသေးတယ်… အဖေ။”

‘အဖေတို့ရွာရဲ့… ဟိုးအနောက်ဘက် ကောင်းကင်ထက်ကို ကြည့်လိုက်စမ်း။ ဘာတွေကိုတွေ့ရလဲ… လူလေး”
“မီးခိုးလုံးကြီးတွေပါ အဖေ”

“ကဲ… ဒါဆို လူလေး..။ ဒို့နေထိုင်ရာ အရပ်တကြောမှာ ငြိမ်းငြိမ်းချမ်းချမ်း နေလို့ရမှာလား..။ ကြောက်ကြောက်လန့်လန့်နဲ့နေ နေရမှာလား..။ နေသင့်,မနေသင့် လူလေးကိုယ်တိုင်ဆုံးဖြတ်..။”

ကျနော်ဗိုလ်ဖိုက်တာက ဖြေမယ်အလုပ်..၊ အဖေက`နေဦး´ဆိုတဲ့သဘောနဲ့ လက်ကာပြရင်း ဆက်ပြောပြန်ပါသေးတယ်။

“အဖေတို့ရွာမှာ မီးလောင်လို့ပြောင်ပြီလေ။ ဘယ်မှာလဲ… နေစရာအိမ်။ ခိုကပ်စရာဘုန်းကြီးကျောင်း..။ ဘယ်မှာလဲ… တနှစ်စာလှောင်ထားတဲ့စပါး။ ဘယ်မှာလဲ… လယ်လုပ်ငန်းခွင်မှာ မရှိမဖြစ်တဲ့ နွား၊ လှည်း၊ ထယ်၊ ထွန်”

သြော်… ကျနော်ဗိုလ်ဖိုက်တာတို့ မိသားစုမှာ ဗလာနတ္ထိ..ဘာမျှမရှိတော့ပါ။

“ကဲ… လူလေး … ကိုယ်တိုင်ဆုံးဖြတ်..။ မေးစရာရှိလျှင်မေး။ ပြောစရာရှိလျှင်ပြော..။ လူလေးသဘော”

“ငြိမ်းချမ်းတဲ့နေရာ..၊ အမေခဏသွားနေတဲ့ အဖွားတို့ရွာကိုသာ သွားကြပါစို့… အဖေရာ”

“မှန်တယ်..လူလေး..။ စစ်ဘေးစစ်ဒဏ်အကြောင်းကို သူတပါးပြောသံကြားနဲ့ သိရတာမျိုးမဟုတ်။ လူလေးကိုယ်တိုင် တွေ့ကြုံပြီးမှ ခံစားချက်နဲ့ သိရတဲ့အသိမျိုး၊ အဲဒီအသိမျိုးကို ရနိုင်သလောက်ရစေချင်လို့ ဒီနေရာက မခွာသေးတာ”

လက်စသတ်တော့… အဖေက သူ့အကြံနဲ့သူကိုး..။

“ခုတော့လူလေးကိုယ်တိုင် ညကတစ်ကြိမ်၊ ခုမနက်တစ်ကြိမ် တွေ့ကြုံပြီးပြီ။ ခံစားချက်နဲ့သိရပြီ..။ အဖေ့ရည်ရွယ်ချက် တစိတ်တပိုင်းအထမြောက်ပြီ..။ ကိုင်း...ဒီတော့ သွားကြစို့… လူလေး။”

ကျနော်ဗိုလ်ဖိုက်တာတို့ သားအဖ အမေရှိရာအဖွားအိမ်သို့ စတင်ခရီးနှင်ကြပြီ။ မကြာမတင်မှာပဲ အဖေကလက်ညှိုးထိုးပြပြီး ပြောလှာပါတယ်။

“ဟေ့… လူလေး။ ဟောဟိုက ပြောင်းဖူးပင်တွေအောက်မှာ ဖရဲသီးတွေ၊ သခွားမသီးတွေ..။ ဝေလီဝေလင်းအချိန်ထဲက ဒီနားတ၀ိုက်ကို အဖေလှည့်ပတ် ကြည့်ရှုလေ့လာထားတာ..။ ပိုင်ရှင်လည်းပြေးပြီ။ ကိုင်း.. အ၀အပြဲသာစားပေတော့။”

ဗိုလ်ဖိုက်တာ ၀မ်းသာလိုက်ပုံများ ပြောမဆုံးနိုင်အောင်ပါပဲဗျာ။ ခုတော့… အရည်ရွှမ်းတဲ့ဖရဲသီးတန်ခိုးဖြင့် ရေငတ်ပြေပြီ။ ၀ါဖျော့ဖျော့ရောင်၊ မွှေးတေးတေးရနံ့နဲ့ နူးညံ့ညံ့အသားရှိတဲ့ သခွားမသီးတန်ခိုးဖြင့် ဆာလောင်နေတဲ့ဝမ်းမီးလည်း ငြိမ်းသွားလေပြီ။
ပျောက်ဆုံးသွားတဲ့ အားအင်တွေပြန်ပြည့်လာတာ၊ တဖျန်းဖျန်းပဲလို့ပင် စိတ်ထဲမှာထင်မိပါရဲ့..။ တလှမ်းချင်းလှမ်းနေတဲ့ခြေလှမ်းတွေ၊ သွက်လို့ သွက်လို့ လာတာကိုလည်း သတိပြုမိပါရဲ့..။

ဒါပေမယ့် အဖွားအိမ်မှာခိုကပ်နေရရင်..၊ အဖွားချွေးမ ဒေါ်လေးမေနဲ့ အဆင်ပြေပါ့မလား..။ အဖွားရဲ့ချွေးမက သူ့ခင်ပွန်း၊ အမေ့မောင်ကို တတီတီတတာတာနဲ့ ပလီပလာတွေ လုပ်လေမလား..။

ပြီးတော့ သူတို့ဇနီးမောင်နှံက ဗိုလ်ဖိုက်တာ့အဖေ၊ ခိုခိုကပ်ကပ်နေရသူကို သွေးမတော်သားမစပ်မို့ ဆေးဖေါ်ကြောဖက်လေးမျှ လုပ်ပါ့မလား..။ သြော်… သိမ်ငယ်သူတို့ရဲ့သဘာဝ၊ တ`လား´ပြီး တ`လား´ စိုးရိမ်ဘွယ်ရာတွေ ပွားပွား..လာပါကလား..။ အင်း..လွှဲရှောင်မရတဲ့ ခိုကပ်နေရမယ့်ဘ၀ ဘယ်လိုများဖြစ်လာပါ့..။

(ဆက်လက်ဖော်ပြပါမည်)





မိုင်ချယ်ရီဇာဟောင်း - Chin Person of the Year

3 comments

မိုင်ချယ်ရီဇာဟောင်း

၂၀၁၁ ခုနှစ် ချင်းလူထုတွေအတွက် အတုယူစရာ အကောင်းဆုံးပုဂ္ဂိုလ် Chin Person of the Year ဆုကို ချင်းအမျိုးသမီး မိုင်ချယ်ရီဇာဟောင်း ရရှိသွားပါတယ်။ ချင်းပြည်နယ်မှာ လူငယ်တွေ တော်တော်များများ နိုင်ငံခြားကို ထွက်ကုန်ကြလို့ လုပ်အား တန်ဖိုးတွေ ဆုံးရှုံးနေရသလို အသိပညာ၊ နည်းပညာနဲ့ ထီထွင်ကြံဆနိုင်မှုတွေပိုင်းမှာလည်း ဦးနှောက်ယိုစီးခံရသလို ထပ်ဆင့် နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်ပါတယ်။ အင်တာဗျူး ဖတ်ချင်ရင်တော့ ဒီကိုသွားပါ


ရွှေဝါရောင် နှစ်ပတ်လည်နေ့ ဖိတ်စာများ

2 comments






-----

ဦးကျော်ဆန်း တကယ်ပဲ ဇာတ်ထောင်တော့မလား

5 comments


မနေ့က လွှတ်တော်ထဲမှာ ပြည်ထောင်စု ဝန်ကြီး ပြန်ကြားရေးဝန်ကြီး ကျွန်ုပ်တို့၏ ဖောက်သည်ကြီး ဦးကျော်ဆန်းတယောက် ဘုရားဟော ဇာတ်တော်ကြီး တပုဒ်ကို တနာရီလောက် ခင်းသွားပါသတဲ့။ လွှတ်တော် ဥက္ကဋ္ဌကတောင် မနည်း တားယူရဆိုပဲ။ ဝါသနာတွေ၊ ဝါသနာတွေ။ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်သားတာတေကလည်း မနေ့က လွှတ်တော်ကြီးနဲ့ တပြိုင်တည်းလိုလို ရုက္ခစိုးနဲ့ ထွေရာလေးပါး အစီအစဉ်မှာ ဘာရေးရင် ကောင်းမလဲ ခေါင်းခြောက်နေရာကနေ ဖောက်သည်ကြီးကိုပဲ ဇာတ်လိုက်တင်တော့မယ်လို့ ဆုံးဖြတ်ပြီး သူ့ကို ဇာတ်ထောင်ခိုင်းမိ ခဲ့ပါတယ်။

ကိုတာတေ့ မိတ်ဆွေတချို့က လှမ်းပြောတယ်။ ကိုတာတေအာရုံများ ရနေသလားတဲ့။ အဲလိုတော့ မဟုတ်လောက်ဘူး သူ့အကြောင်းက ပြောပေါင်းများ၊ ရေးပေါင်းများလို့ အံခွနေပြီဆိုသလို သူ ဘယ်လို ခြေလှမ်းမယ်၊ ဘယ်ခွင်ကို နင်းမယ်ဆိုတာ နည်းနည်း ရိပ်မိသလို ဖြစ်နေတာ။ ဒါပေမယ့် ဒီတခါကိုတာတေ ရုက္ခစိုး ရေးမယ်ဆိုရင်တော့ ဦးကျော်ဆန်းကို အာရုံ လှမ်းပြုဖို့ လိုမယ်ထင်တယ်။

တလောက ဒေါ်အောင်ဆန်းစုကြည်ပုံကြီးနဲ့ အင်တာဗျူးတွေ ဆောင်းပါးတွေ ဖော်ပြခွင့်ရလေတော့ ကိုတာတေ့မိတ်ဆွေ စာပေ ရောင်းရင်း တော်တော်များများက အကောင်းမြင်ကြတယ်။ သတင်းကောင်းတို့၊ မိုင်ပေါင်းများစွာအတွက် ခြေတလှမ်းက စရတယ်တို့ ... ဘာညာသာရကာ မျက်နှာစာအုပ်မှာလည်း တွေ့ရရဲ့။ အင်း ခြေတလှမ်းက စရတာတော့ ဟုတ်ပါရဲ့ ... အဲဒီခြေတလှမ်းကနေ ရှေ့မရောက်တော့ရင်တော့ ပြဿနာရှိသပေါ့။ အကောင်းမြင်တာ အပြစ်မဆိုပါဘူး ကောင်းတာပေါ့။ သို့သော် ကောင်းမှ မကောင်းတာကို ဘယ်နားက အကောင်းကိုရှာပြီး မြင်ရမှာလဲ။ ကိုတာတေက မြန်မာပြည် သတင်းလောကထဲ နည်းနည်း မွှေခဲ့လေတော့ ဘိုးတော် ကျော်ဆန်းရဲ့ လုပ်ပေါက်တွေကို သိထားပြီးသား ... သူတကယ် ကောင်းတာလုပ်ရင်တောင် နည်းနည်းတော့ စောင့်ကြည့်ဦးမှာ။ ဒီလူကြီး ဘာထွင်ပြန်ပလဲ၊ ဘယ်အကွက် ရွှေ့ပြန်ပလဲ လို့ပဲ စဉ်းစားတယ်။ ထင်တဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါတဲ့ ဂျာနယ်ကို ပုံသေးမချုံ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ဆက်တွဲတင်ခွင့် ပိတ်လိုက်သတဲ့။ အဲဒါပဲ ... ဒါ ဦးကျော်ဆန်းပါပဲ လို့သာ ပြောရတော့မှာပဲ။

ဒါ ထားဦး ... လွှတ်တော်ထဲမှာ သူပဲ ဘီလူးဆိုင်းတီးလိုက် (မနေ့က လွှတ်တော်မှာ မီဒီယာကို လွှတ်ကောဆိုပဲ၊ တနေ့ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး အကြောင်းပြောတဲ့ တိုင်းရင်းသားပါတီတွေကို ကြိမ်းတာ)၊ ဘုရားဟောတွေရွတ်လိုက်၊ သတင်းစာ ရှင်းလင်းပွဲလုပ်ရင်း ငိုချင်းတွေချလိုက်နဲ့ အမျိုးမျိုး ဖြစ်နေတော့ တကယ်ပဲ ဦးကျော်ဆန်း ဇာတ်ထောင်တော့လေမလား စဉ်းစားစရာပဲနော်။ သူ့ပုံစံနဲ့ ဖြစ်နိုင်ခြေတော့ ရှိပါတယ်။ အဝတ်အစားဖိုးလည်း သက်သာမယ်၊ မင်းသားပုဆိုးက ရှည်တော့ တခါဝယ်ရင် နှစ်ပိုင်းဖြတ်ပြီး နှစ်ခါ ဝတ်လို့ရတာပေါ့။

သူ မနေ့က လွှတ်တော်ထဲမှာ ခင်းသွားတဲ့ ဇာတ်က စိတ်ဝင်စားစရာတော့ ကောင်းတယ်။ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း ဇာတ်တဲ့ဗျ။ ဦးကျော်ဆန်းဇာတ်ထောင်ရင် ဒီဇာတ်တော်ကြီး ကမယ်ထင်တယ်။ အဲဒီအခါကျ သူက အရပ်သိပ်ပု လွန်းတော့ ဆဒ္ဒန်ဆင်မင်း နေရာကလည်း ကလို့မဖြစ်ဘူး၊ သောနုထိုရ် မုဆိုးကြီးဆို ပိုမဖြစ်နိုင်သေးတယ်၊ ထမ်းလာတဲ့လေးနဲ့ သူ့အရပ်က အတူတူလောက်ရှိမှာ၊ ဖြစ်နိုင်ခြေရှိတဲ့ တနေရာကို ကိုတာတေ အကြံလှမ်းပေးလိုက်ဦးမယ်။ စူဠသုဘဒ္ဒါ ပေါ်ကျလာတဲ့ ခါချဉ်ကောင် နေရာကဆိုရင်တော့ ဖြစ်နိုင်မယ်ထင်တယ်။ အကောင်က သေးသလောက် ကိုက်ဖို့ပဲ ချောင်းနေတာ။ ခါချဉ်ကောင် ပြောပါတယ်။ တကယ်တော့ မနေ့က လွှတ်တော်မှာ ဦးကျော်ဆန်းက သတင်းထောက်တွေကို ခါချဉ်ကောင်တွေနဲ့ နှိုင်းခဲ့တာ ဆိုပဲ။ ကိုတာတေ အာရုံရနေတယ်။

(သတင်းကို ဒီနေရာမှာ ဖတ်)

တာတေစ် သဂရိတ်

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ရောက် အာဖရိက စစ်သားများ

1 comments





ဒုတိယ ကမ္ဘာစစ် ကာလအတွင်း ၁၉၄၁ ခု ဒီဇင်ဘာလတွင် ဂျပန်က မြန်မာပြည်ကို ကျူးကျော်ဝင်ရောက်ချိန် ဗြိတိသျှတို့နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ကြပြီး အရှည်ကြာဆုံး ကုန်းတွင်းတိုက်ပွဲများ ဖြစ်ခဲ့သည်။

၁၉၄၂ တွင် ရွှေမြို့ တော် ရန်ကုန်လည်း ဂျပန်လက်ထဲအကျ ဗြိတိသျှတို့ မြန်မာပြည်မှ စစ်ရှုံးပြီး ဆုတ်ခွာ နောက်ကြောင်းပြန်ခဲ့ရသည်။ သို့သော် မြန်မာပြည်အတွင်း ဂျပန်နှင့် ဗြိတိသျှတပ်တို့ တောတွင်းတိုက်ပွဲများ၊ တောင်တန်းဒေသ တိုက်ပွဲများ၊ လွင်ပြင်နှင့် မြစ်ကမ်းတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်မှာ ၁၉၄၅ သြဂုတ်လတွင် ဂျပန်တို့ အပြီးအပိုင် လက်နက်ချသည့် တိုင်အောင် ဖြစ်သည်။

ထိုတိုက်ပွဲများတွင် ထူးခြားသည်မှာ အာဖရိကန် စစ်သား တသိန်းကျော်ကို ဗြိတိသျှတပ်မတော်က ကိုလိုနီနယ်များကနေခေါ်ယူလာပြီး ဂျပန်နှင့် တိုက်ခိုက်ရန် ခေါ်ဆောင်လာခြင်းဖြစ်သည်။ အာဖရိကန်စစ်သားများ ဗြိတိသျှတပ်မတော်အတွက် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဗြိတိသျှတိုင်းပြည်သာမက အာဖရိကတိုင်းပြည်များကပါ အသိအမှတ်မပြုခဲ့ပေ။ အမေ့ခံ စစ်သားများ ဖြစ်ခဲ့သည်။

ထို မြန်မာပြည် စစ်မြေပြင်မှ ပြန်လာသော အာဖရိကန်စစ်သားများကို ဂါနာ၊ ကင်ညာနှင့် နိုက်ဂျီးရီးယား နိုင်ငံများတွင် “မြန်မာပြည်ရောက် လူကလေးများ” (Burma Boys) ဟု ခေါ်ကြသည်။

ထိုစစ်ပြန်များ ပြောပြသော စိတ်ဝင်စားဖွယ် စစ်ပွဲအတွေ့ အကြုံများကို ယခု မှတ်တမ်းတင် ရုပ်ရှင်ကားတွင် ခံစားနိုင်ပါလိမ့်မည်။

အယ်လ်ဂျာဇီးယား သတင်းထောက် Barnady Phillips က နိုက်ဂျီးရီးယား၊ မြန်မာနှင့် ဂျပန် နိုင်ငံများသို့ သွားရောက်ကာ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

သားကြီး

source: english.aljazeera.net



အပြောနဲ့ အလုပ်

5 comments

မနေ့ကတော့ လွှတ်တော်မှာ မင်းသားကြီး ကျော်ဆန်းက မီဒီယာလွတ်လပ်ခွင့်အကြောင်း ပြောသွားပါတယ်။ သူတို့မှ ထိန်းမပေးရင် မီဒီယာလောကကြီး ပျက်တော့မယောင် ရွှန်းရွှန်းဝေအောင် ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ပုံကြီးချဲ့ ဖော်ပြမိလို့ဆိုပြီး မနေ့ကတော့ The Messenger သတင်းဂျာနယ်ကို နောက်ဆက်တွဲတင်ခွင့်ပိတ်ပြီး အရေးယူလိုက်ပါတယ်တဲ့။

တခါတလေလည်း စဉ်းစားမိတယ်။ ကျော်ဆန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ မီဒီယာတွေမှာ ပိတ်ပင်တားဆီးနေတာမှာ သူတို့ အစိုးရမူအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးမုန်းတီးမှုအရ လုပ်နေတယ်လို့ ထင်မိပါတယ်။

နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြဆုံကြတော့၊ တခြားဝန်ကြီးတွေနဲ့ ရယ်ရယ်မောမော ရှိကြတော့ ကျော်ဆန်းက မျက်စိမျက်နှာ ပျက်နေတယ်လို့ ပြောကြပါတယ်။

ဒီနေ့ ပြန်ကြားရေးဝန် ကျော်ဆန်း ပြောသွားတာမှာ မိမိ ထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားဖော်ပြခွင့်အတွက် “အခြေခံဥပဒေနဲ့ အညီ” ဖြစ်အောင် ပြင်ဆင် ဖြည့်စွက်ရုံမက အသစ်ပါ ပြဌာန်းဦးမယ်လို့ ဆိုပါတယ်။ ပြီးတော့ ၈၈ အရေးအခင်းကာလကလို အခွင့်အရေးမျိုး ရမှာ မဟုတ်ပါဘူးတဲ့။ “စာပေစိစစ်ရေးရဲ့ အခန်းကဏ္ဍကလည်း လိုအပ်နေဆဲ” လို့ ပြောသွားပါတယ်။

သူတို့ စာပေစိစစ်ရေးလုပ်နေတယ်ဆိုတာ “မီဒီယာကို ထိန်းကြောင်းပေးနေတာ” ဆိုတဲ့ စကားက သူတို့ စာပေကင်ပေတိုင်သမားတွေရဲ့ လက်သုံးဖြစ်ပါတယ်။ ဗိုလ်ချွတ်တွေကနေ နေ့ချင်းကြီးလာပြီး မီဒီယာသမားတွေ ငါတို့လောက် မသိဘူးလို့ ထင်တလုံးဖြစ်နေကြတဲ့ အဖွဲ့ကတော့ ပြန်ကြားရေးနဲ့ စာပေဆင်ဆာ အဖွဲ့ပါပဲ။ မီဒီယာကို ထိန်းပေးနေတာဆိုတဲ့ အကြောင်းပြချက်က သူတို့အစိုးရရဲ့ အပြစ်အနာအဆာတွေကို ပြည်သူတွေ မသိအောင် သတင်းအချက်အလက်တွေကို ဖာထေးခုတ်ဖြတ်နေရတာကို ဖုံးကွယ်ထားချက် သက်သက်ဆိုတာပါပဲ။


အပြော


အလုပ်






 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved