မြိတ်- ကော့သောင်းလမ်းမှာ ဘာတွေ ဖြစ်နေလဲ ???
မြန်မာနိုင်ငံကြီးဖွံ့ဖြိုးတိုးတက်နေပြီး လမ်းတံတားတွေ တည်ဆောက်ပြုပြင်နေကြတာကို ဆယ်စုနှစ် ၂ ခုလောက် စစ်အစိုးရ မင်းများက နေ့စဥင်္ နိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြခဲ့တာ မှတ်မိနေကြမယ်ထင်ပါတယ်။
အခု လတ်တလောတော့ တနင်္သာရီတိုင်းက မြိတ်နဲ့ ကော့သောင်း ကားလမ်းအခြေအနေတွေ ကတော့ တော်တော် ပျက်စီး နေတာကြောင့် ခရီးသွားပြည်သူတွေ စိတ်သောက ရောက်နေကြတာ ဓာတ်ပုံတွေ မြင်တာနဲ့ သိရှိခံစားလို့ ရနိုင်မယ် ထင်ပါတယ်။
မြိတ်နဲ့ ကော့သောင်း ကားလမ်းက မိုင်ပေါင်း (၂၈၀) လောက် ရှိပြီး သွားလို့ မရအောင် ပျက်စီးနေတဲ့ လမ်းပိုင်းက မိုင်ပေါင်း ၃၀ လောက် ရှိပါတယ်။ ခရီးသည်တွေလည်း မလိုအပ်ဘဲ၊ အချိန်တွေကုန်၊ လူလည်း ပင်ပန်း ခရီးစရိတ် ကလည်း နဂို ခန့်မှန်းထားတာ ထက် ပိုကုန်နေတာပါ။
မလိုအပ်ဘဲ တော်တောင်လမ်းဘေးတဲလို နေရာမှာ ညအိပ် နားရတဲ့အတွက် စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အတော် စိတ်ပျက် စရာ ကောင်းတဲ့ လမ်းခရီးဖြစ်နေတာပါ။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းက တနင်္သာရီတိုင်း ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်တွေက သူတို့ နိုင်ခဲ့ရင် ဒီလမ်းကြီးကို ကောင်း အောင် ပြုပြင်ပေးပါမယ်လို့ ကတိတွေ ပေးခဲ့ပါသေးတယ်တဲ့ ။ ကတိ တည်တယ် မတည်ဘူး ဆိုတာတော့ ဒီ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် အဖြေထွက်ပါတယ်။ ခရီးသွားပြည်သူတွေလည်း သူတို့ ကို စိတ်ပျက်ကုန်တာ သူတို့ မသိ ကြရော့လား။
ဒီ လမ်းကြီး မကောင်းရင်တော့ ခရီးသည်တွေလည်း စိတ်ပျက်စရာတွေ ဆက်ရင်ဆိုင်ရမှာဖြစ်သလို မကြာခင် စတင်တော့ မယ့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက်လည်း ဘာမှ ထူးလားမှာ မဟုတ်ဘူး လို့ ပြောနေကြပါတယ်။
မြစ်ဆုံဒေသတွင် သစ်ခိုးထုတ်ယူခြင်း

ကျိန်ခရန်ကျေးရွာနှင့် တန်ဖဲကျေးရွာ ( မြစ်ဆုံဒေသ)တွင် သစ်ခိုးထုတ်ယူခြင်း
အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး- Myitung Naw Ja နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးမှူး La Ram တို့ဦးဆောင်ပြီး အောင်းမြင်သာ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက် ပြုလုပ်ရန် အကြောင်းပြ လိမ် လည် ပြောဆိုပြီး မိမိ ကိုယ်ကျိုး အတွက် ရွာသားများကို မတိုင်ပင်ဘဲ ကျိန်ခရန်-မြစ်ဆုံဒေသမှ သစ်များကို ခိုးထုတ်နေကြတယ်လို့ ဒေသခံ တဦးက ဧရာဝတီ ကို စာရေးသားပေးပို့လာပါတယ်။
ထို သစ်ခိုးထုတ်ခြင်းကို ရွာသားများမည်သူမှ သဘောတူခြင်းမရှိပါ။ စာကြည့်တိုက်၏ တန်ဖိုးထက် သဘာဝပတ်ဝန်းကျင် ပျက်စီးသည့် တန်ဖိုးက ပိုများသည်။ ကျေးရွာတွင် အသုံးပြုရမည့် သစ်များလည်း ကုန်ဆုံးသွားမည်။

ထို့ကြောင့် ရွာသား များက အခုလို လုပ်ရပ်မျိုးကို ရပ်ဆိုင်းရန် ရွာသားအချို့က ကန့်ကွက်ကြသည်။ ကန့်ကွက်သော ရွာ သားများကို ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ လူကြီးနှင့်ဦးဆောင်သူများက ခြိမ်းခြောက်နေ သည်။
ထိုသစ်ခိုးထုတ်လုပ်ငန်းတွင် မြစ်ကြီးနားမြို့နယ်သစ်တောဦးစီးဌာနမှ အရာရှိများက လာရောက်ကြည့်ရှုကြ သည်။ သို့သော် သစ်ခိုးထုတ်သူများ၏ လာဘ်ငွေကို ယူပြီး အရေးယူဆောင်ရွက်ခြင်းမပြုလုပ်ဘဲ ပြန်သွား သည်ကို တွေ့ရှိရသည်။
အခုသစ်ခိုးထုတ်မှာ ဦးဆောာင်ပါဝင်နေသူများမှာ ရွာသားများကို ကူညီဟန်ဆောင်ပြီး CPI/ Asia world company မှ ထောက်ပံခြင်းကို အများဆုံးလက်ခံသူများလည်း ဖြစ်သည်။
နှစ်ဘက်ခွ၍ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေသူများဖြစ်သည်ဟု ရွာသားများက ပြောဆိုနေသည်။
ဦး La Ram ဟာ CPI company မှ တည်ဆောက်ပေးထားသော အောင်မြင်သာ စံပြကျေးတွင် အကောင်းဆုံး အိမ် ၅ လုံး ကိုစိတ်ကြိုက်ရွေးချယ်ပိုင်ဆိုင်သူဖြစ်ကြောင်း၊ မြစ်ကြီးနားမြို့ရပ်ကွက်များတွင် ဈေးအကောင်းဆုံး ရပ်ကွက်ဖြစ်သော တပ်ကုန်း ရွှေလမ်းမကြီးတွင် အိမ်ခြံ တစ်ခြံဝယ်ယူထားသူဖြစ်ပြီး ဗဟိုနေပြည်တော်မှာလည်း အိမ်ခြံတစ်ခြံ ၀ယ်ယူသူဖြစ် သည်။
အခုလိုသစ်ခိုထုတ်ခြင်းကြောင့် မြစ်ဆုံဒေသတွင် ဒေသခံလူထုများအပေါ်တွင် လူမှုရေးဆိုင်ရာ ဆိုးကျိုးများ စွာနှင့် သဘာဝ ပတ်ဝန်းကျင်လည်း ဆိုးဝါးစွာထိခိုင်လာနိုင်သည်။
မြစ်ဆုံဒေသတွင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းလည် အလွန်များလာသည်။ ဧရာဝတီမြစ်ကို ကာကွယ်စောင့် ရှောက်ရန် အဟန့်အတားလည်း ဖြစ်နေသည်။
U Byit Tang Gun၊ Labang Sam Awng နှင့် Lawaw Naw Mai ဆိုသူများမှာ ဒေသရဲ့ သစ် လောပန်း ( သစ်လုပ်ငန်း သူဌေးကြီးများ) ဖြစ်ကြသည်။
မြစ်ဆုံဒေသခံ တာဝန်သိသူ တဦး
အားကစားသမားဘဝ.. အမှတ်တရများ..
လန်ဒန် အိုလံပစ် ဘောလီဘော ပွဲ သွားကြည့်တဲ့ ဓာတ်ပုံတွေကို အဒေါ်ဖြစ်သူက အားကစား ဝါသနာကြီးတဲ့ တူဖြစ်သူ ကျနော့်ကို တကူးတက ပို့ပေးရှာတယ်..။ သူမသိတော့တာက ငယ်ငယ်တုန်းက အစွဲအလမ်းသိပ်ကြီးတဲ့ အားကစားဟာ ခု ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက်တော့သလို ခံစားနေရတာကိုပဲ..။ စိတ်ခံစားမှုက ထူးတော့ ထူးဆန်းတယ်..။
အားကစား ရဲ့ အနှစ်သာရ ကို အပြည့်အဝ ပုံဖော်ပေးနိုင်တဲ့ အိုလံပစ် လို ပွဲကြီးမျိုးတောင် ခုအချိန်မှာ ကြည့်ဖို့ မကြိုးစားမိဘူး..။ ဟိုတနေ့က အွန်လိုင်း မိတ်ဆွေ တယောက် တင်တဲ့ အိုလံပစ် သမိုင်းမှာ ဆုတံဆိပ် အများဆုံး ယူထားတဲ့ အမေရိကန် ရေကူး ချန်ပီယံ မိုက်ကယ် ဖယ့်လ်ပ် (စ်) တယောက် အဖွင့်နေ့မှာ ဆုတံဆိပ် လွတ်သွားတဲ့ အကြောင်း တွေ့မိတော့မှ သူ့သတင်းတခုကိုပဲ ရှာဖတ်မိတယ်..။ သူ့ကို အရင်တုန်းက တစိုက်မတ်မတ် အားပေးခဲ့ဖူးတော့ ခုလို ဖြစ်ရတာ စိတ်မကောင်းဖြစ်မိပေမယ့် အရင်ကလို အူလှိုက်သည်းလှိုက် မဖြစ်တော့ဘူး..။
အားကစားဟာ မဟာလူသားတွေကို မွေးထုတ်ပေးလေ့ရှိတယ်..။ ဒါပေမယ့် ဒီ မဟာလူသားတွေဟာ အမြဲတမ်းတော့ မဟာလူသားအနေနဲ့ မရပ်တည်နိုင်ဘူးပေါ့..။ ကျချိန် ဆိုတာလည်း ရှိစမြဲပါပဲ..။ တခြား တက်သစ်လူငယ်တွေအတွက်လည်း အခွင့်အရေး ရ သလို သံဝေဂတရားလည်း ယူနိုင်တာပေါ့..။
ခု အိုလံပစ် စတော့ ဗမာပြည် နဲ့ အိုလံပစ် အကြောင်းလေးတွေ ခေါင်းထဲရှိတာ စာတပုဒ် ရေးဖို့ စိတ်ကူးမိပေမယ့်လည်း တကယ် အကောင်အထည်ဖော် ချရေးနိုင်ဖို့ မကြိုးစားမိဘူး..။ လူ့ရဲ့ စိတ် က အဲ့လောက် ပြောင်းလဲ နိုင်သလားဆိုတာ သိရတော့ အံ့သြ ရတယ်..။ စိတ်ကျ ရောဂါ တမျိုးလည်း ဖြစ်နိုင်ပါတယ်..။
ငယ်ငယ်တုန်းကတော့ အားကစားဟာ ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်ခဲ့ဖူးတယ်..။ ကိုယ်တိုင် စနစ်တကျ လေ့ကျင့် ကစားခဲ့သလို အားကစားပွဲပေါင်းစုံကို အားပေးရတာလည်း အင်မတန် ဝါသနာ ကြီးခဲ့တယ်..။
ငယ်ဘဝမှာတော့ အောင်ဆန်းကွင်း နဲ့ သုဝဏ္ဏကွင်းဟာ အိမ်လို ဖြစ်ခဲ့ရတယ်..။ စခန်းသွင်းလေ့ကျင့်ချိန်၊ ပြိုင်ပွဲဝင်ချိန် မဟုတ်လည်း အိမ်နဲ့ နီးတဲ့ အောင်ဆန်းကွင်းဆို အားကစားပွဲ မျိုးစုံ ကြည့်ဖို့ အမြဲရောက် ဖြစ်ခဲ့တယ်..။
အားကစားသမား ဘဝ ပီပီပြင်ပြင် မရောက်သေးခင် ကလေးတုန်းက ကြည့်ခဲ့တဲ့ အောင်ဆန်းကွင်း ဘော်လီဘောပွဲတွေကို ခု ပြန်လွမ်းမိတယ်..။ ဘောလီဘောပွဲ ရှိတဲ့ အချိန်ဆို မနက် စောစော မနက်စာ စားပြီးတာနဲ့ အောင်ဆန်းကွင်းထဲ ရောက်နေတော့ တာပဲ..။ ညနေစောင်း ပွဲစဉ်အားလုံးပြီး အိမ်ကလည်း ထမင်းမစားရသေးလို့ လိုက်ခေါ်တော့မှ ပြန်တာပဲ..။ အဲ့တုန်းက ဘောလီဘော်ပွဲတွေမှာလည်း ဟိုးအရင်ကလို မဟုတ်ပေမယ့် ပွဲကောင်းဆိုရင်..၊ အထူးသဖြင့် ကာကွယ်ရေး နဲ့ လဝက တွေ့တဲ့ ပွဲဆို ပရိသတ်က ရုံပြည့်ပါပဲ..။
ကာကွယ်ရေး ဘက်ကလည်း သူတို့ တပ်မိသားစုဝင်တွေ အမြဲလာအားပေလေ့ရှိတဲ့ အပြင် အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲ လို နေ့မျိုးဆိုရင် ပုခုံးမှာဘားတွေ အပြည့်နဲ့ ပုဂ္ဂိုလ်တွေပါ လာကြည့်လေ့ရှိတယ်..။ ကျန်တဲ့ သာမန် ပရိသတ်ကတော့ ထုံးစံအတိုင်း ကာကွယ်ရေး နဲ့ ဆန့်ကျင်ဘက် ဘယ်အသင်းကိုမဆို အင်တိုက်အားတိုက် အားပေးလေ့ရှိတာပေါ့..။
ကာကွယ်ရေး နဲ့ လဝက က အဲ့ခေတ် ဘောလီဘော ပထမတန်းပွဲတွေမှာ အကောင်းဆုံးဆိုတော့ သူတို့ နှစ်သင်းပဲ နောက်ဆုံး ဗိုလ်လုပွဲ မှာ အမြဲ တွေ့လေ့ရှိတယ်..။ နှစ်သင်းစလုံးက ကစားသမားတွေက ကျနော့်ရဲ့ ဘောလီဘော ဘုရားတွေ ဖြစ်ပေမယ့် ကိုယ်လည်း ဗမာပြည် လူသာမန်ထဲက လူပဲ ဖြစ်တော့ လဝက ပဲ အားပေးတာပေါ့..။
ဘောလီဘောပွဲ အားပေးရတာ ကျနော့်အတွက်တော့ ဘောလုံးပွဲထက် စိတ်လှုပ်ရှားစရာကောင်းတယ်..။ စက္ကန့်တိုင်း ရင်ခုန် လှိုက်မောမှု ပေးနိုင်တယ်လို့ ထင်တယ်..။ ဘောလီဘောကွင်းက ဘောလုံးကွင်းလောက် မကျယ်တော့ ကြည့်ရတာ ပိုအသက်ဝင်သလို ကစားနေတဲ့ ကစားသမားတွေနဲ့ ပိုနီးစပ်တယ်လို့ ခံစားရတယ်..။ ကိုယ်တိုင် ကွင်းထဲ ကစားသမား အနေနဲ့ ရောက်တဲ့ အချိန် ကျတော့လည်း အဲ့လို ထပ်တူ ခံစားရတယ်..။ မအေ၊ နှမ ကုန်အောင် နောက်ကျောနားကပ် ဆဲနေတဲ့ ပရိသတ် ရှေ့မှာ အမှားအယွင်း နည်းအောင် ကစားရတာ တော်တော်တော့ မလွယ်တဲ့ ကိစ္စပဲ..။
ကျနော်က ရွာပွဲတွေလည်း ကြေးစားသဘော လိုက်ကစားဖူးတော့ ရွာက လူတွေ အားပေးတာက ပိုသဲကြီးမဲကြီး နိုင်တာ သိခဲ့ရတယ်..။ ဆဲနည်း လည်း ပိုစုံကြတယ်..။ ကျနော်ကတော့ ယောင်္ကျားချင်း ဘေးက နောက်က ဘယ်လောက် ဆဲဆဲ ထူးထူးခြားခြား မခံစားမိပါဘူး..။ ဒါပေမယ့် အမျိုးသမီးတွေ က ပါ ညစ်တီးညစ်ပတ် ဆဲနည်းမျိုးစုံ နဲ့ ကိုယ့်မျက်စိရှေ့မှာ ကိုယ့်ကို ဆဲနေပြီဆိုရင်တော့ သိသိသာသာ မျက်နှာတွေ ထူပူလာပြီး ဟန်ပျက်လေ့ရှိတယ်..။ ရပ်ကွက်ပွဲ..၊ ရွာပွဲတွေမှာဆို အဲ့လိုမျိုး တကယ်လည်း ကြုံဖူးခဲ့တယ်..။ ရွာတွေမှာ ကစားရင် အပြေးလည်း သန်၊ မျက်စိလည်း ရှင်ဖို့ လိုတယ်..။ ပွဲထိန်းဖို့အနေနဲ့ တခါတခါ ရွာဦးကျောင်း ဘုန်းကြီး ကိုယ်တော် ကိုယ်တိုင် ကွင်းဘေးလာထိုင်ပေးတာတွေလည်း ရှိတယ်..။ ကြုံဖူးတဲ့ ကိုယ်တော် တပါးက တော့ မိန့်ရှာပါတယ်.. “မြို့ကလာ တဲ့ ဒါကာကိုရင်လေး ရန်ဖြစ်လို့ ဝင်ရိုက်ကြရင် ကိုယ်တော့် ကျောင်းသာ အရောက် ပြေးကွယ့်..” တဲ့..။ တကယ် ပြေးဖူးတာတွေလည်း ရှိခဲ့ပါတယ်..။
စောနက အောင်ဆန်းကွင်းက ကာကွယ်ရေး၊ လဝက ပွဲတွေအကြောင်း ပြန်ဆက်ရရင် တခါ သူတို့ဆုံတဲ့ ပွဲကြီးပွဲကောင်း တပွဲမှာ ထုံးစံအတိုင်း အများစု ပရိသတ်က လဝက ကို နင်းကန် အားပေးပြီး ကာကွယ်ရေးကို ဖိဆဲနေတာပေါ့..။ ကျနော်လည်း ကလေးဆိုတော့ သိပ်အားမနာတတ်ပဲ ကစားသမားတွေအားလုံးနဲ့ မျက်မှန်းတမ်းမိနေတဲ့ အနေအထားပေမယ့် ရှေ့မျက်နှာ နောက်ထားပြီး ကာကွယ်ရေးကို ဆဲတဲ့ အထဲ ဝင်ပါမိတာပါပဲ..။
ကာကွယ်ရေးက ကစားတဲ့ အဓိက ကစားသမား ပင့်ထောင်သူ (ကစားကွက် ဖန်တီးသူ) က ကစားတာ ကောင်း သလောက် ကစားပုံက ဆောင့်ကြွားကြွားနိုင်၊ အင်မတန် လူအမြင်ကတ်စရာကောင်းလို့.. သူ့ကို ဖိဆဲနေကြတာပေါ့..။ “ဟေ့ ခွေးပစ်တဲ့ ဒုတ်လောက်ကောင်..၊ မင်းပထွေးတွေ (စစ်တပ် ကို ဆိုလိုတာပါ) ကြီးစိုးနေလို့ မင်း ဘားမား (နိုင်ငံ့လက်ရွေးစင် အသင်းမှာ ပါဝင်ရတာ) ဖြစ်နေတာ..၊ ဘာဖြစ်တယ်..၊ ညာဖြစ်တယ်..” အစရှိလို့ အမျိုးစုံ ဆဲကြတာပေါ့..။ ဘောလီဘောအသင်းမှာ အများအားဖြင့် ပင့်ထောင်သူ တွေက အရပ်နိမ့်လေ့ရှိတော့ အရပ် (၆) ပေ ကျော်တွေကြား ကွင်းထဲမှာ သူက တကယ် ခွေးပစ်တဲ့ ဒုတ်လောက်ပဲ ဖြစ်နေတာ မှန်ပေမယ့် တကယ်တော့ သူဟာ သူကစားတဲ့ နေရာ သူ့ခေတ်မှာ ပြိုင်ဘက်မရှိတဲ့ နံပါတ်တစ် ကစားသမားကောင်းတယောက်ပါ..။ ဒါပေမယ့် သူက ကာကွယ်ရေး က ဖြစ်တဲ့ အပြင် လူပုံကပါ ဒေါင့်မကျိုးတော့ ပို ဆဲခံထိတာပေါ့..။ ပွဲရှိန်၊ ဆဲရှိန် တအားမြင့်လာတဲ့ အချိန်..၊ ကာကွယ်ရေးလည်း ရှုံးမလို ဖြစ်နေတဲ့ အချိန်ကျ ဧည့်သည် လူကြီး ခုံမှာ ထိုင်နေတဲ့ ပုခုံး အပွင့်တွေ အပြည့်နဲ့ ပုဂ္ဂိုလ်ကြီးက သူ့ဘေးက ပါလာတဲ့ ဘက်စ်မင်း စစ်ဗိုလ်ကို “ဟေ့ ခု ‘---’ ကို ဆဲနေတဲ့ ကောင်တွေ အကုန် တက်ဖမ်းကွာ..” လို့ ဆိုတော့တာပဲ..။
အဲ့တော့ အဲ့စစ်ဗိုလ် နဲ့ တခြား လုံထိန်း တွေလည်း မနေသာပဲ ကွင်းဘေးပတ် ပရိသတ်ကို လှည့်ကြည့်ရတော့တာပေါ့..။ ဒါမျိုး အတွေ့အကြုံများ လူပါးဝနေပြီဖြစ်တဲ့ ရန်ကုန်သား ပရိသိတ်တွေကလည်း ဘယ်ခေမလဲ..။ သူတို့ အနီးလာ တဲ့ အချိန် အဆဲ ရပ်..။ အဝေးရောက်တဲ့ အချိန်ပြန်ဆဲ နဲ့..။ လေးဘက်..၊ လေးတန် အလှည့်ကျ လုပ်ကြတော့ နောက်ဆုံး ဖမ်းဖို့ အမိန့်ပေးတဲ့ ပုဂ္ဂိုလ်ကြီးလည်း ရှက်ပြီး ပြန်သွားရတော့ တာပဲ..။ သူတို့ အသင်းလည်း ရှုံးတာပါပဲ..။ တကယ်လည်း နှစ်သင်းလုံး နိုင်ငံ့လက်ရွေးစင် တွေ ချည်းပဲ ဆိုပေမယ့် လူအင်အား နဲ့ စီနီယာ ဖြစ် အတွေ့အကြုံများတာက လဝက ပါ..။ အဲ့တုန်းကတော့ လဝက ပဲ အမြဲနိုင်လေ့ရှိတာပါပဲ..။ ခုတော့ မဟုတ်တော့ဘူးပေါ့..။
ခု ရေးရင်းနဲ့ ဂျူးရဲ့ “ဆဲတတ်သူများနဲ့ တညနေ” ကိုလည်း သတိရမိပါတယ်..။
လူတွေဟာ ကိုယ်အားကိုးရမယ့် တရား ဥပဒေ တွေက ကိုယ့်ကို ပြန် မတရား ချုပ်နှောင်လာရင်..၊ ကိုယ့်က အစေအပါး နဲ့ ခိုင်း ကိုယ့်ကို အလုပ်ကျွေးပြုရမယ့် သူတွေက ကိုယ့်ကိုပြန် နိုင့်ထက်စီးနင်း လုပ်.. ခိုင်း ခံရရင် စတဲ့ ပိတ်ဆို့၊ ဖိနှိပ်၊ အနိုင်ကျင့်ခံရမှုတွေအတွက် သွယ်ဝိုက်တဲ့ ထွက်ပေါက်တွေ ရှာကြရလေ့ရှိပါတယ်။ ကျနော့်တို့ တိုင်းပြည်အတွက်တော့ အထိုက်အလျာက် အန္တရာယ်ကင်း၊ လွတ်လပ်တယ်လို့ ဆိုနိုင်တဲ့ အားကစားပွဲတွေ..၊ ဘောလုံးကွင်းတွေလိုနေရာပေါ့..။ ကွမ်းလေး တပြစ်ပြစ်ဝါးရင်း ကိုယ့်ရဲ့ အစာအိမ်ထဲက အချဉ်ပေါက်မှုတွေကို ကွမ်းတံတွေး နဲ့ အထူ ထွေးထုတ် ပြစ်ပြစ်နှစ်နှစ် ဆဲရင်း ဖြေလျှော့ ကြရတာကို လူတိုင်းလည်း လုပ်ဖူးကြမှာပါ..။ ကိုယ်တိုင် မလုပ်ဖူးဘူးဆိုတောင် ခံစား နားလည် ပေးနိုင်ကြမယ်လို့ ထင်ပါတယ်..။
ပရိသတ်က ဒေါင့်မကျိုးတဲ့ ကစားသမားဆို ပိုဆဲချင်တတ်တာ သဘာဝ ပေမယ့် ကစားတဲ့ အသင်းနဲ့လည်း ဆိုင်ပါသေးတယ်..။ ဘောလုံးသမား ဝင်းအောင်ကြီးဆို အပြင်မှာ မြင်ဖူးတွေ့ဖူး တဲ့ သူဆိုရင် သိပါလိမ့်မယ်..။ ရိုက်ကွက် (၁၂) ကွက် တကွက်မှ မလွတ်ဘူးဆိုတဲ့ ပုံစံ၊ အပေါက်မျိုး..၊ ဒါပေမယ့် ကျနော် အပါအဝင် ပရိသတ်အများစု သူ့ကို သဲသဲလှုပ် ချစ်ကြတာပါပဲ..။
ပြောရင်း နဲ့ ဝင်းအောင်ကြီး (ပထမ ဆောက်လုပ်ရေး ၊ နောက် ဘဏ္ဍာ/အခွန်) ကာကွယ်ရေး ဘက် ကို ဂိုးတွေသွင်းတိုင်း အောင်ပွဲခံတဲ့ ပုံရိပ်တွေကို မျက်စိ ထဲ ပြန်မြင်လာနေတယ်..။ အဖွဲ့ချုပ် လူကြီးတွေ ရဲ့ အနှိမ်ခံ..အဖိနှိပ်ခံရတဲ့ကြားထဲက တိုင်းပြည် အတွက် ဂိုးတွေ အများကြီး သွင်းပေးခဲ့တာလည်း သတိရမိပါတယ်..။ ၉၃ ဆီးဂိမ်း အကြိုဗိုလ်လုပွဲ စင်္ကာပူ နောက်တန်းတွေ တယောက်ပြီး တယောက် တပိုင်းပိုင်း လှဲချ ခြေထိုးခံ ဖျက်ထုတ်ခံရတဲ့ကြားက ဟတ်ထိုး ဟတ်ထိုး နဲ့ ရှေ့ဆက်ပြေးရင်း သွင်းခဲ့တဲ့ သူ့ရဲ့ ဂန္တဝင် ဂိုးကိုလည်း မမေ့သေးပါဘူး..။ ဖန်ဒီအာမက် တို့ ငိုရတဲ့ ပွဲပေါ့..။
တခါက အောင်ထွန်းထွန်း (ပြင်သစ်အထိ သွား ကြေးစား ဘောလုံးကစားဖူးတဲ့) သူ့ ကစားဖော် မိတ်ဆွေကြီး ဝင်းအောင် နဲ့ ပတ်သက်လို့ ပြောဖူးတဲ့ “ပရိတ်သတ် လက်ခုပ်သံက ထမင်းစားလို့ မရဘူး..။ ဝင်းအောင် ကြီး ခေါင်းပြဲ..၊ ဒူးကွဲ ခံ ကစားပြီး အိမ်အပြန် ဘတ်စ်ကား တိုးစီးရတာ မကြည့်ရက်ဘူး..” ဆိုတဲ့ စကားလည်း နာနာကျင်ကျင်နဲ့ပဲ ရင်ထဲ စွဲလျက်ပါပဲ..။ စင်္ကာပူမှာ နိုင်ငံသား ခံ၊ ငွေကြေး၊ ခံစားခွင့် အပြည့်အစုံနဲ့ ဘောလုံးကစားခွင့်ရတဲ့ အခွင့်အရေးကို ခေါင်းခါပြီး နိုင်ငံ့အသင်းအတွက် ကစားပေးချင်လွန်းလို့ ပြန်လာတဲ့ သူ့ရဲ့ (ဝင်းအောင် ရဲ့) အဖြစ်ကို မျိုးချစ်စိတ်ပဲ ဆို မလား..၊ မိုက်မဲမှုလို့ပဲ ဆိုမလား..၊ မဝေခွဲတတ်တော့ပါဘူး..။
ခုခေတ် ခရိုနီတွေရဲ့ ဖြုန်းအားနဲ့ အဆင့်မြင့်တန်းက ဘောလုံးသမား တချို့ အထိုက်အလျောက် ငွေကြေး ခံစားခွင့်ရနေတာ ဝမ်းသာပေမယ့် အရင်တပုဒ်မှာ ဆိုခဲ့ဖူးသလို မှန်ကန်တဲ့ စနစ်..၊ ထောက်ပံ့..၊ မြေထောင်မြှောက်ပေးမှု ပုံစံမျိုး မဟုတ်တဲ့ အတွက် ရေရှည် မှာ ဗမာ့ အားကစား အတွက် အကျိုးကျေးဇူး ရနိုင်ဖို့ မလွယ်သလို ဗမာ့ အားကစားသမား တွေ ဘဝလည်း နိုင်ငံတကာ နဲ့ ယှဉ် လူတန်းစေ့ တိုးတက် လာစရာလမ်း မမြင်မိပါ..။
ပြည်သူချစ်တဲ့ ဝင်းအောင်ကြီးလို ပညာအခြေခံ အားနည်း..၊ လူကြီးနဲ့ကလည်း အဆင်မပြေ တဲ့ တိုင်းပြည် ဂုဏ်ဆောင် ကစားသမားဟောင်းကြီးတွေ ဘဝ ခု ဘယ်လို ရှေ့ဆက်နေကြသလဲဆိုတာလည်း သိချင်မိပါတယ်..။ အဆင်ပြေကြပါစေလို့လည်း ဆုတောင်းရပါတယ်..။ ကစားသမားဘဝ အနားယူပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနမှာ သာမန် ဝန်ထမ်းအဖြစ် ဆက်လုပ်နေကြတဲ့ သူတွေလည်း အလုပ်မှာ လုပ်ထုံး၊ လုပ်နည်း နဲ့ လုပ်ငန်းခွင် အထာက မကျွမ်းကျင်ကြတော့ သိပ်အဆင်ပြေကြမယ် မထင်ပါ..။ ဟိုး လွန်ခဲ့တဲ့ နှစ်တွေက ဘဏ္ဍာ/အခွန် ဖြုတ်/ထုတ်/ရှင်း ပွဲမှာ ကစားသမားဟောင်းကြီးတွေ တော်တော်များများ ထောင်ထဲဝင်ခဲ့ရတာလည်း သတိပြုမိလိုက်ပါတယ်..။
“လုပ်စားတော့ မိုးခေါင်..၊ ခိုးစားတော့ ခွေးဟောင်” ခေတ်ဆိုးကြီး မကုန်မချင်းတော့ ဗမာပြည်က ကစားသမားတွေရဲ့ ဘဝတွေလည်း သာမန် ဝန်ထမ်း နဲ့ အများပြည်သူဘဝတွေလိုပဲ ဓါးမနောက်ပိတ်ခွေ ဘဝ နင်းပြား က တက်နိုင်မယ် မဟုတ်ပါ..။
အထက်မှာ ဆိုသလို ငယ်ငယ်တုန်းကတော့ ကိုယ်တိုင်လည်း ကစားသလို အားကစားနည်း ပေါင်းစုံ နဲ့ ကစားသမားတွေကို ထက်ထက်သန်သန် စိတ်ဝင်းတစား အားပေးလေ့ရှိတယ်..။ လူတွေ သိပ်မကြည့်၊ ပြင်းစရာကောင်းတယ်လို့ ထင်ကြတဲ့ ပြေးခုန်ပစ်လည်း အားပေးတာပဲ။ ဗမာ့ဂုဏ်ဆောင် နိုင်ငံတကာ ရွှေတံဆပ်များ ဆုရှင် ခင်ခင်ထွေး အောင်ဆန်းကွင်းပတ် အပြေးလေ့ကျင့်တာဆို အမြဲ စိတ်ဝင်တစား ထိုင်ကြည့်လေ့ရှိတယ်..။ ပပ ပြေးတာလည်း အလားတူပဲ အားပေးဖူးခဲ့တယ်..။ သုဝဏ္ဏကွင်းမှာ ဝမ်ချိုင်း စခန်းသွင်းတုန်း သူ့ထရိန်နာ (ဆရာ) နဲ့ လေ့ကျင့်တာ စောင့်ကြည့်တော့မှ သူ့ ခြေထောက်ကန်ချက်တွေ ဘယ်လောက်ပြင်းတယ်ဆိုတာ နားလည်မိခဲ့တယ်..။ သန်းတိုးအောင် တို့ ကြည်လွင် တို့ ဘောလုံးလေ့ကျင့်ကြတာတော့ ဘယ်ပြောကောင်းမလဲ အားတာနဲ့ (ကိုယ်ကစားဖို့ မရှိတာနဲ့) ကွင်းဘေးသွားထိုင် မော့နေတော့တာပဲ..။
ခုတော့ အဲ့လို စိတ်တွေ မရှိတော့ပေမယ့် အဲ့လို နေခဲ့၊ ဖြတ်သန်းခဲ့ဖူးတာတွေ တွေးမိရင် အတိတ်ကို သတိရမိပါတယ်..။ ငယ်စဉ် ဘဝ ရဲ့ အချိန်၊ အရွယ် နဲ့ စိတ်ခံစားမှုကိုသာ လွမ်းမိတာပါ..။ ခု စိတ်နဲ့တော့ ငယ်တုန်းကလိုမျိုး အားကစားကို မထက်သန်တော့ပါဘူး။ ဒါပေမယ့် ငယ်ဘဝ အားကစား က ပေးခဲ့တဲ့ ဘဝတန်ဖိုး၊ အမြင် နဲ့ အရည်အသွေး တွေကိုတော့ အမြဲဦးညွှတ် အလေးပြုမိပါတယ်..။ ကျနော့်အတွက်တော့ အသင်းအဖွဲ့ စိတ်ဓာတ်..၊ နောက်ဆုံး အချိန်ထိ အရှုံးမပေးတဲ့ ဇွဲ..၊ ပြိုင်ဘက် (ရန်သူ) အပေါ် လေးစား အသိအမှတ်ပြုမှု..၊ အရှုံးကို ရင်ဆိုင်နိုင်မှု..၊ အနိုင်ကို မဝံ့ကြွားတတ်မှု၊ တရားမျှတ စွာ ပြုမူတတ်မှု၊ ပေါင်းသင်းဆက်ဆံရေးကောင်း လူဝန်ဆံ့မှု..၊ ဒေသန္တရ ဗဟုသုတ စတဲ့ လူငယ်တွေမှာ ရှိသင့်တင့် တန်ဖိုးတွေ နဲ့ သူတို့ရဲ့ သဘော နဲ့ အသုံးဝင်မှုတွေကို စာအုပ်၊ စာပေ၊ ကျောင်းပညာ တွေ ကို လေ့လာသင်ယူခဲ့လို့ နားလည်ခဲ့ရတယ် ဆိုထာထက် အားကစားသမား ဘဝကို ဖြတ်သန်းခဲ့ဖူးလို့ ဆိုတာက ပိုမှန်ပါမယ်..။
ငြိမ်းချမ်းအေး
၀၂ ၊ သြဂုတ် ၊ ၂၀၁၂
http://www.facebook.com/nyeinchanaye81

ကွန်ပြူတာကို လေ့လာရာတွင် အသုံးဝင်မည့် နည်းလမ်းများ

ကျွန်တော်တို့ဟာ ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ Programmer, Software Developer, Network Engineer, Designer စတဲ့သူတွေ မဟုတ်ခဲ့ရင်တောင် ကွန်ပျူတာနဲ့ မကင်းနိုင်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်ကို ကွန်ပျူတာနဲ့ အိုင်တီကို Self Study လုပ်ဖြစ်သွားစေတဲ့ အတွေးလေးတစ်ခုကို ဝေမျှချင်ပါတယ်။
" ပိုက်ဆံရှိရင် ကွန်ပျူတာ ၀ယ်လို့ရတယ်။တနည်းအားဖြင့် ပိုက်ဆံရှိရင် ကွန်ပျူတာဆိုတာ ရှိနိုင်တယ်။
ဒါပေမဲ့ ပိုက်ဆံရှိတိုင်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။
ကွန်ပျူတာ ရှိတိုင်းလည်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။
ကွန်ပျူတာ ရှိတဲ့နေရာတိုင်းမှာ သင်ပေးနိုင်တဲ့သူ မရှိနိုင်ဘူး။ ကိုယ်လုပ်နိုင်သလောက် လေ့လာရင် လေ့လာသလောက် ကိုယ်ပြန်ရမယ်..."
ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိက ခံယူချက်ဖြစ်ပြီး အခွင့်သာတိုင်းလည်း အခြားသူများကို ပြောပြခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ကွန်ပျူတာကို ထိတွေ့၊ သုံးစွဲ၊ လေ့လာနေဆဲ အတွေ့အကြုံများ၊ လေ့လာနည်းများကို အခြေခံပြီး "ကွန်ပျူတာကို ဘယ်လိုလေ့လာရမလဲ" (How to Learn or Self Study about Computer and IT?) မေးခွန်း ကို အခုလို ကိုယ့်ဘာသာကိုယ် ပြန်ဖြေ ကြည့်ပါတယ်။ အောက်မှာ ဖော်ပြထားတာလေးတွေက အတိုချုံးလေးတွေ ဖြစ်ပြီးတော့ အသေးစိပ်ကို နောင်မှာ ဆက်လက် ဝေမျှ သွားမှာပါ။
Self-Studying - ကိုယ်တိုင် လေ့လာခြင်း
ကွန်ပျူတာကို အခြေအနေပေးရင် ပေးသလို၊ အဆင်ပြေရင် ပြေသလို၊ အရူးအမူး လေ့လာပါ။
ကွန်ပျူတာ အကြောင်းကို အမြဲတမ်း စိတ်ဝင်စားပါ။ (ချစ်သူရည်းစားကို စိတ်ဝင်စားသလောက် ကွန်ပျူတာကို စိတ်ဝင်စားပါ။ သို့သော် ချစ်သူရည်းစားကို ထည်လဲပြောင်းသလိုတော့ ကွန်ပျူတာကို ထည်လဲ မပြောင်းပါနှင့်။ - အစပိုင်းတွင် Windows, Mac, Linux စသည့် OS တစ်ခုခုကို ရင်းနှီးအောင် သုံးတတ်စေရန် ဆိုလိုပါသည်။)
ကွန်ပျူတာ ကိုင်ရသည် ဖြစ်စေ၊ မကိုင်ရသည် ဖြစ်စေ ကွန်ပျူတာနှင့် ပတ်သက်သည်များကို လေ့လာနေပါ။ (အလွန်အရေးကြီးပါသည်။) ကိုယ့်ဘာသာကိုယ် လေ့လာရတာ မလွယ်ပါ။ သို့သော် အလေ့အကျင့်ရသွားလျင်တော့ မခက်တော့ပါ။
IT Social Networking - အိုင်တီ အပေါင်းအသင်း မိတ်ဆွေများ
ကွန်ပျူတာကို မိမိကဲ့သို့ အရူးအမူး စိတ်ဝင်စားသူများနှင့် မိတ်ဆွေဖွဲ့ပါ။
ထိုမိတ်ဆွေများနှင့်အတူ မိမိ သိထားသည်များကို ဖောက်သည်ချ ဝေမျှပေးပြီး၊ မသိသေးသည်များကို မေးမြန်းပါ။
တစ်ပြိုင်တည်းမှာပင် မိမိအတွက် အသုံးဝင်သည့် နည်းလမ်းများ (Tips and Tricks)၊ လေ့ကျင့်ရေး သင်ခန်းစာများ (Tutorials) နှင့် အသုံးချဆော့ဖ်ဝဲများ (Application Software) ကို မှတ်သားခြင်း၊ စုဆောင်းထားခြင်းများ ပြုလုပ်ပါ။
Having Good Moral - စေတနာကောင်းထားပါ
အခြားသူများကိုလည်း ဖလှယ်ပါ။ ဝေမျှပါ။ (ကိုယ်ရသလို ကိုယ်သိသလို သူများကိုလည်း သိစေချင်၊ ရစေချင်သည့် စေတနာကောင်းသည် လူတိုင်းတွင် မရှိသည့်၊ လူတိုင်း ထားရှိ မွေးမြူသင့်သည့် စိတ်ဓါတ်ကောင်းတစ်ခု ဖြစ်ပြီး၊ ကိုယ်တိုင် လေ့လာသင်ယူမှု (Self study) အတွက် နှင့် ပတ်ဝန်းကျင်အတွက် အလွန်ပင် အထောက်အကူပြုလေသည်။)
Learning by Internet - အင်တာနက်မှ လေ့လာခြင်း
အင်တာနက် သုံးခွင့်ရသည့် နေရာတွင် အင်တာနက်ကို ရအောင်သုံးပါ။ အင်တာနက်သုံးရသည့် အချိန်တွင် မည်သည့် အကြောင်းအရာများကို လေ့လာမည် ရှာဖွေမည်ကို - အင်တာနက် သုံးခွင့် မရသေးသည့် အချိန်များတွင် ကြိုတင် ပြင်ဆင် မှတ်သားထားပါ။ သို့မှသာ အင်တာနက် တကယ် သုံးခွင့်ရသည့် အချိန်တွင် ထိရောက်စွာ၊ အကျိုးရှိရှိ သုံးနိုင်မည်။
Using Search Engines - ရှာဖွေရေး ၀က်ဘ်ဆိုက်များကို သုံးခြင်း
Search Engine များကို သုံးတတ်အောင် လေ့လာပါ။ အင်တာနက်ထဲတွင် လှိုင်းစီးနိုင်ရန် (Internet Surfing)၊ အချိန်တိုအတွင်း လိုရာခရီး အမြန်ရောက်နိုင်ရန်အတွက် Search Engine များသည် တစ်ဦးချင်းစီ၏ အသုံးချနိုင်စွမ်းအပေါ် မူတည်ပြီး (လိပ်တစ်ကောင် ဖြစ်နိုင်သလို) ဒုံးပျံတစ်စင်းကဲ့သို့လည်း လိုရာခရီးသို့ လျင်မြန်စွာရောက်ရှိစေရန် ကူညီပေးနိုင်သည်။
Using Search Keywords Effectively - သော့ချက်စကားလုံးများကို ထိရောက်စွာ သုံးခြင်း
Search Keywords များကလည်း အင်တာနက်ထဲမှ လိုရာ သတင်းအချက်အလက်များကို အမြန်ဆုံးရရှိစေရန် များစွာ အထောက်အပံ့ ဖြစ်စေသည်။ သော့ချက်စကားလုံးများကို မှန်ကန်စွာ သုံးတတ်မှ အင်တာနက်တွင် ရှာဖွေမှု မြန်ဆန်မည် ဖြစ်သည်။
Participating at Internet Forums
အင်တာနက် စကားဝိုင်းများ (Internet Forums) မှတဆင့် အခြားသူများ ကြုံနေရသည့် အခက်အခဲများ ပြဿနာများကို ကြိုတင်လေ့လာ သိရှိထားနိုင်သည်။ မိမိတို့၏ ပြဿနာများကို အများသို့ ဝေမျှ အသိပေး အကူအညီတောင်းနိုင်သည်။ ထို့ထက် အဆင့်မြင့်လာပါက ကိုယ်တိုင် ဦးဆောင်ပါဝင် ဆွေးနွေးလာနိုင်မည်။
Wikipedia - အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း
အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia) ကို အင်တာနက်သုံးသူတိုင်း လက်မလွှတ်သင့်ပါ။ တခါတရံ မသိသေးသည့် အကြောင်းအရာသစ် တစ်ခုကို စတင်လေ့လာရတော့မည့် အခါတွင် ဘယ်ကစလေ့လာရမှန်း မသိ၊ ဘယ်လို ၀က်ဘ်ဆိုက်တွေမှာ သွားကြည့်ရမည်ကို မသိသေးလျင် ၀ီကီပီဒီယ မှာ အရင်သွားကြည့်ပြီးမှ ဆက်လုပ်လို့ အဆင်ပြေသည်များ ကြုံဖူးပါသည်။
Reading by RSS - RSS ဖြင့် စာဖတ်ပါ
ကျွန်တော်တို့ သွားချင်သည့်၊ စိတ်ဝင်စားသည့် ၀က်ဘ်ဆိုက်ပေါင်း 30 ရှိပြီး အင်တာနက်သုံးခွင့်ရသည့် အချိန်နှင့်ငွေကြေးအင်အားက တစ်နေ့လျင် တစ်နာရီစာသာ အခွင့်အရေးရသည်ဆိုပါစို့။ ထိုအခြေအနေအတွက် ထိုဝက်ဘ်ဆိုက်ပေါင်း 30 သို့ တစ်ခုချင်းစီ သွားဖတ်နေမည့်အစား ၄င်းဆိုက်များမှ ပေးထားသည့် RSS Feed များကို နှစ်သက်ရာ RSS Reader (Google Reader, Great News Portable RSS Reader, etc) ဖြင့် ဖတ်ရှုခြင်းက အချိန်နှင့်ငွေကြေးကို အထိရောက်ဆုံးကို အသုံးချရာရောက်သည့် အပြင် စိတ်ရောလူရော လွယ်ကူ သက်သာစေသည်။
Learning at Training Schools - သင်တန်းများ တက်ခြင်း
သင်တန်းတက်နိုင်လျင်၊ သင်တန်း တက်ခွင့်ကြုံလျင် သင်တန်းတက်ပါ။ တခါတရံတွင် ကိုယ်တိုင်အကြာကြီး လေ့လာမှ သိရမည့် အရာများကို သင်တန်းများတွင် မိနစ်ပိုင်းလောက်မျှနှင့် သိရှိနားလည်သွားနိုင်သည်။ KMD မှာ Basic Networking တစ်ခု တက်ဖူးပါတယ်... အဲဒါကလည်း အမှန်အတိုင်းပြောရရင်တော့ Cabling ကို သိချင်လို့ပါ။ RJ-45 ခေါင်းနဲ့ Cat-5 ကြိုးတွေ ချိတ်ဆက်တာကို စာဖတ်ကြည့်ရုံနဲ့ မရ လက်တွေ့လည်း သိမှ ဖြစ်တော့မှာမို့ သွားတက်ဖြစ်တာ။ သင်တန်းတိုင်း မကောင်းနိုင်ပေမဲ့ တက်ဖြစ်တဲ့ သင်တန်းမှန်သမျှမှာ ရသမျှ အရင်းအမြစ်တွေ ကို ထိရောက်အောင် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါမှ သင်တန်း တက်ရကျိုး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းရကျိုးတွေ နပ်မှာပါ။ သင်တန်းမှ သင်ရိုးများ၊ လေ့ကျင့်ခန်းများ၊ နည်းပြ ဆရာ/ဆရာမများ၊ အတူတက်နေသူများဟာ အကောင်းဆုံး အရင်းအမြစ်တွေပါပဲ။
Using OSF (Open Source Free) Softwares - အခမဲ့ရသည့် အပွင့်ဆော့ဖ်ဝဲများကို သုံးပါနိုင်ငံတကာ တွင် သွားရောက် အလုပ်လုပ်ရန်၊ သို့မဟုတ် နိုင်ငံခြားသားများနှင့် ယှဉ်တွဲ အလုပ်လုပ်ရန်၊ သို့မဟုတ် လိပ်ပြာသန့်စွာ ၊ ဘေးရန်ကင်းစွာ နေထိုင်နိုင်ရန်အတွက် အလကား ရသည့်ဆော့ဖ်ဝဲမှန်သမျှကို သုံးခြင်းထက်၊ အလကားရသည့် အပွင့်ဆော့ဖ်ဝဲများ (ကျွန်တော်က Open Source Free (OSF) Software များဟု ကိုယ့်ဘာသာ အမည်ပေး ထားသည်။) ကို ထိထိရောက်ရောက် အသုံးချနိုင်စေရန် ကြိုးစားပါ။
ကိုယ်တိုင်လေ့လာရတယ်ဆိုတာ ခရီးကြမ်းတစ်ခုပါ။ မလွယ်ပါဘူး။ လူတိုင်းလည်း ရေရှည် မလျောက်နိုင်ပါဘူး။ ဒါပေမဲ့ လူတိုင်း၊ အထူးသဖြင့် ဘ၀မှာ ပညာကို ချစ်ခင် မြတ်နိုးသူတိုင်း တစ်ခုခုကို ကိုယ်တိုင်လေ့လာကြည့်ဖို့ ကြိုးစားသင့်ကြပါတယ်...။ ရလာတဲ့ မြင်ရတဲ့ အကျိုးဆက်တွေ၊ မမြင်ရတဲ့ အကျိုးဆက်တွေကိုတော့ ဘာသာရပ်တစ်ခုခုကို ကိုယ်တိုင်လေ့လာ သင်ယူလေ့ကျင့်ဖူးသူတိုင်း ခံစားနားလည် သိရှိနိုင်မှာပါ...
စာဖတ်နေတဲ့ ချစ်မိတ်ဆွေရော ဘ၀မှာ ဘယ်လို Self Study လုပ်ခဲ့ဖူးလဲ ...အများအတွက် ဝေမျှ ဆွေးနွေး သွားစေချင် ပါတယ် ....
Online Forum တစ်ခုမှ ကူးယူဖော်ပြပါသည် (by ကိုလင်း- သလ္လာဝတီ)
သတင်းဂျာနယ်များပိတ်ပင်မှုနှင့် မတရားသော မီဒီယာဥပဒေဆန့်ကျင်ရေး ကော်မတီဖွဲ့စည်း
သတင်းဂျာနယ်များပိတ်ပင်မှုနှင့် မတရားသော မီဒီယာဥပဒေဆန့်ကျင်ရေး
ကော်မတီဖွဲ့စည်း
To:
သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ- ၁.၈.၂၀၁၂
၁။ ပိတ်ပင်ခံထားရသော The Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကို
ချက်ချင်းထုတ်ဝေခွင့်ပေးရန်။
(မှတ်ချက်-အစည်းအဝေးပြီးဆုံးချိန်တွင် လျှပ်တပြက်ဂျာနယ်ကို
ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ပြီဟု သိရှိရပါသည်)
၂။ ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့်နောက်ပြန်ဆွဲသော
မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆို အရေးယူဖယ်ရှားပေးရန်။
၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော
ဥပဒေများကို ချက်ချင်းဖျက်သိမ်းပေးရန်။
၎။ သတင်းမီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်းမပြုရန်။
၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုကို အစိုးရက
ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်။
၆။ မီဒီယာသမားများသဘောဆန္ဒမပါဝင်ဘဲရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။
၇။ လတ်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများအတွက်
မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်က
အမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန်။
အထက်ပါတောင်းဆိုချက်များကို ချက်ချင်းလုပ်ဆောင်ပေးရန် ယနေ့တက်ရောက်လာသော
သတင်းမီဒီယာသမား ၉၂ ဦးက သဘောတူဆုံးဖြတ်လိုက်ကြသည်။
ကော်မတီဝင်များစာရင်း
၁။ ကိုဇော်သက်ထွေး-
၂။ ကိုကျော်မြင့်
၃။ ကိုသက်ဇင်
၎။ ကိုနိုင်မင်းဝေ
၅။ ကိုကျော်ဇေယျာထွန်း
၆။ ကိုသာလွန်ဇောင်းထက်
၇။ ကိုသူရအောင်
၈။ ကိုဝေဖြိုး
၉။ ကိုဖိုးစိုင်း
၁၀။ ကိုအောင်ပေါ်ထွန်း
၁၂။ ကိုခွန်းသု
၁၃။ ကိုအောင်သူရ
၁၄။ ကိုထက်နိုင်ဇော်
၁၅။ မအေးသီရိဝင်း
၁၆။ ကိုမြတ်ဇံ
၁၇။ မမြနှင်းအေး
၁၈။ မစန်းမွန်အောင်
၁၉။ ကိုကျော်ဆန်းမင်း
၂၀။ မညိုမီသင်း
၂၁။ မနန်းလွင်
၂၂။ ဥာဏ်လင်းအောင်
၂၃။ ကိုအောင်ထွန်းဦး
ကော်မတီများ
၁။ လုပ်ငန်းဖြစ်မြောက်ရေးကော်မတီ
သာလွန်ဇောင်းထက်၊ ကိုသူရအောင်၊ ကိုဝေဖြိုး၊ ကိုနိုင်မင်းဝေ၊ မနန်းလွင်၊
မညိုမီသင်း၊ ဦးကျော်မြင့်
၂။ သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ပြန်ကြားရေးကော်မတီ
ကိုသက်ဇင်-၀၉၄၃၁၄၁၈၁၂
၊ ကိုဇော်သက်ထွေး-၀၉၇၃၀၃၀၀၄၈
၊ ကိုကျော်ဆန်းမင်း-၀၉၇၃၂၄၈၈၈၆
ဆန္ဒထုတ်ဖော်ရေးနှင့် စည်းရုံးရေးကော်မတီသည် ကော်မတီဝင်အားလုံးပါဝင်ပါသည်။
ယမန်နေ့က အစည်းအဝေးကို တော်ဝင်နှင်းဆီတွင်ကျင်းပခဲ့ခြင်းဖြစ်သည်။
MTV VMA ဆုအတွက် Rihanna နှင့် Drake တို့ ရှေ့ပြေး
၂၀၁၂ ခုနှစ် အတွက် MTV Video Music Awards ဆုပေးပွဲအတွက် ပဏာမ ဇကာတင် စာရင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာရာမှာ အဆိုတော် Rihanna နှင့် Drake တို့ ၂ ဦးက ရှေ့တန်းက ဦးဆောင်သူနေပါတယ်။
သူတို့ ၂ ယောက်လုံးဟာ ဆု ၅ အမျိုးအစား ၅ ခုအတွက်လည်း အမည်စာရင်းတင်သွင်းခံထားရပါသေးတယ်။ ဒီနှစ်ရဲ့ အကောင်းဆုံး ဗီဒီယို ဆုအတွက် Rihanna ပါဝင်ထားတဲ့ We Found Love and Drake ရဲ့ Take Care တို့က ရမယ်လို့ ကောလ ဟာလတွေထွက်ပေါ်နေပါတယ်။
သူတို့ ၂ ယောက်ကတော့ အခြား ဇကာတင်စာရင်းဝင်တွေလည်းဖြစ်တဲ့ Gotye ရဲ့ (Somebody That I Used To Know), Katy Perry ရဲ့ (Wide Awake) and M.I.A. ရဲ့ (Bad Girls) တို့နဲ့ ပြိုင်ဆိုင်ရမယ့် အခြေအနေ ရှိပါတယ်။
ထူးခြားတာကတော့ လွန်ခဲ့တဲ့ နှစ်က ဇကာတင် ထိပ်တန်းစာရင်းဝင်ဖြစ်ခဲ့တဲ့ လေဒီ ဂါဂါကတော့ ဒီနှစ်မှာ လုံးဝ စာရင်းမှာ ပါ မလာတာပါဘဲ။

Drake က Best Hip-Hop Video, Best Male Video, Best Art Direction နဲ့ Best Cinematography ဆုတွေအတွက် တစ်ပြေးနေချိန်မှာပဲ Rihanna ကလည်း Best Female Video, Best Pop Video, Best Choreography နဲ့ Best Visual Effects တွေအတွက် ထိပ်တန်းပြေးနေတာပါ။
Katy Perry ကလည်း ဆုစာရင်းတွေထဲမှာ သူတို့ ၂ ယောက်နောက်ကို ကပ်လိုက်နေပါတယ်။ ဒီနှစ် ဇကာတင်
စာရင်းဝင်တဲ့ အထဲမှာ လူသစ်တန်းတွေလည်း ပါလာတာ တွေ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားကို စစ်တွေထောင်ပို့ပြီး ရိုက်နှက်
~
(နိုင်ငံတကာထောက်ခံမှု တခဲနက် ရရှိနေတဲ့ ဦးသိန်းစိန် အစိုးရက နိုင်ငံရေးသမားတွေကို ထိန်းသိမ်းထားရကနေ လွှတ်ပေးဖို့ စဉ်းစားဟန် မတူသေးပါဘူး။
စစ်တွေထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားတယောက်ကို အုပ်စုနဲ့တောင် ရိုက်လိုက်ကြသေးတယ် တဲ့။
စစ်တွေထောင်က ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အရိုက်ခံရသူရဲ့ဖခင်က RFA သတင်းဌာနကို ရှင်းပြထားပါတယ်။)
စစ်တွေထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားတယောက်ကို အုပ်စုနဲ့တောင် ရိုက်လိုက်ကြသေးတယ် တဲ့။
စစ်တွေထောင်က ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အရိုက်ခံရသူရဲ့ဖခင်က RFA သတင်းဌာနကို ရှင်းပြထားပါတယ်။)
အင်းစိန်ထောင်
ရခိုင်ပြည်နယ် စစ်တွေနဲ့ ဘူးသီးတောင်-မောင်းတော ထောင်တွေကနေ ရန်ကုန် အင်းစိန်ထောင်ကို မနေ့က အကျဉ်းသား ၁၇၀ ကျော် ပြောင်းရွှေ့လိုက်ပြီး အဲဒီထဲမှာ ပါလာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်သူကို အာဏာပိုင်တွေက ရိုက်နှက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ထောင်ပြောင်းလိုက်တဲ့ သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ စစ်တွေထောင်က ကိုအောင်သူနဲ့ ဘူးသီးတောင်ထောင်က ကိုအေးမင်းဖြိုးတို့ ပါလာတာလို့ သိရပါတယ်။ အင်းစိန်ထောင် အရောက် မှာ ကိုအောင်သူဆီက ပစ္စည်းတွေကို ထောင်အာဏာပိုင်တွေက သိမ်းယူတဲ့အတွက် မသိမ်းဖို့ ပြောတဲ့အခါမှာ အရိုက်ခံရတာလို့ ကိုအောင်သူရဲ့ ဖခင် ဦးကျော်သင်းက RFA ကိုပြောပါတယ်။
"သူတို့ပါလာတဲ့ ပစ္စည်းတွေ သိမ်းတယ်တဲ့။ အဲဒီသိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မလဲလို့ အဲဒီလိုပြောတော့ သူ့ကို လက်ထိပ်ခတ်ပြီးတော့ ရိုက်တယ်လို့ ပြောတယ်ဗျ။ ဦးစီးအရာရှိ ဦးမောင်မောင်ကြီးတဲ့။ သူ့အဖွဲ့တွေနဲ့ ရိုက်တာတဲ့။ အမေတွေ၊ နှမတွေလည်း မခံနိုင်ဘူးတဲ့၊ ဆဲတာတဲ့။ ပြီးတော့ လက်ကြောမတင်းလို့ နိုင်ငံရေး လုပ်စားတဲ့ ကောင်တွေ လို့လည်း ပြောတယ်တဲ့။ သူတို့ မနေ့က ကြယ်ငါးပွင့် သင်္ဘောနဲ့ စစ်တွေကနေ ပြောင်းလာတာလေ။ သူတို့ လူ ၁၇၀ ကျော်၊ အမျိုးသမီးက ၁၅ ယောက်ပဲ ပါတယ်လို့ ပြောတယ်။ သူတို့ တစ်ညအိပ်ပြီးတော့ သာယာဝတီကို ရွေ့တယ်လို့ ပြောတယ်"
ကိုအောင်သူဟာ ဥပဒေ ကျောင်းသား တစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် နယ်စပ်ဖြတ်ကျော်ပုဒ်မ၊ မတရားသင်း ဆက်သွယ်မှုပုဒ်မ၊ ဖောက်ခွဲရေးပုဒ်မ စတဲ့ ပုဒ်မ ၃ ခုအတွက် ကိုအောင်သူကို ၂၀၀၉ ခုနှစ်ထဲမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
ကိုအေးမင်းဖြိုးကလည်း ကိုအောင်သူနဲ့ အမှုတွဲဖြစ်ပြီး သူ့ကိုတော့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားတယ်လို့ သိရပါတယ်။
ညွှန်း - RFA - http://www.rfa.org/burmese/news/political-prisoner-authority-torture-08012012115941.html
~
မြန်မာပြည် ရောက်ဖူးတဲ့ လူသား Barbie
အခု မြင်ရတဲ့ ဘာဘီ အရုတ်ကလေးကို ချစ်စရာ ကောင်းတဲ့ ဆယ်ကျော်သက် ကောင်မလေးရဲ့ ဓာတ်ပုံတွေဟာ အင်တာ နက် စာမျက်နှာတွေမှာ ပျံ့နှံနေပြီး လူကြိုက်အလွန်များတဲ့ ဓာတ်ပုံတွေလည်းဖြစ်ပါတယ်။ သူ့နံ မည်လေးကလည်း ချစ်စရာ ကောင်းပါတယ်။

Valeria Lukyanova လို့ အမည်ရတဲ့ အဆိုတော် မော်ဒယ်မလေးရဲ့ ခါးကလည်း ၁၈ လက်မ နဲ့ ခါးသေး ရင်ချီ နဲ့ Barbie- doll ရုပ်ကလေးလို ကိုယ်ဟန်ကလည်း တကယ့် အရုတ်မလေးတခုလို သေးသွယ်လှပပြီး လူကြီး လူငယ်မရွေးကို ချစ်စ ဖွယ့် ဆွဲဆောင်နိုင်ပါတယ်။

သူက အသက်ကလည်း ၂၁ အရွယ်သာရှိသေးပြီး ယူကရိန်း အမျိုးသမီးလေးပါ။ ထူးခြားတာကတော့ ဒီမိန်းကလေးဟာ မြန်မာနိုင်ငံကို အလည်လာခဲ့ဖူးသူဖြစ်တာပါ။

မကြာသေးခင် မေလကုန် ဇွန်လအစောပိုင်းလောက်က ရန်ကုန်က ရွှေတိဂုံဘုရားကိုလည်း သူ ရောက်ခဲ့ပါသေး တယ်။ ပြီးတော့ ၁၁ ရာစု မြန်မာနိုင်ငံရှေးဟောင်းမြို့တော် ပုဂံကိုလည်း ရောက်ခဲ့ပြီး ချောင်းသား ကမ်းခြေလည်း အပန်းဖြေသွားခဲ့ ပါသေးတယ်။

အခု ဓာတ်ပုံတွေထဲမှာ မြန်မာနိုင်ငံက ရှု့ခင်းတွေ နောက်ခံထားရိုက်တဲ့ ပုံတွေကိုလည်း မြင်နိုင်ပါတယ်။ ဒီပုံတွေကတော့ အင်တာနက်မှာ လူကြိုက်များတဲ့ ဓာတ်ပုံတွေဖြစ်ကြောင်းပါ။

သူ့ပုံရိပ်များကို စုစည်းထားတာကိုလည်း You tube မှာလည်း မြင်တွေ့နိုင်ပါတယ်။ တချို့သတင်းတွေကလည်း သူဟာ ဘာဘီရုပ်ကလေးလို ဖြစ်အောင် ခွဲစိတ်ကုသထားတာလို့ ဆိုထားပါသေးတယ်။
ဦးသိမ်းစိန်အတွက် တကွက်ကာတွန်း

ကာတွန်း - ဘီရုမာ
သမ္မတကြီးဖြစ်လာပြီဆိုတော့ ဦးသိမ်းစိန်တယောက် အချိန် ဆင်းရဲမှာပဲ။
သို့သော် .... ဒီတကွက်ကာတွန်းလေး ကြည့်ဖို့တော့ အချိန်ရှိမှာပါ။
ပရင့်အောက်ပြီး ဦးသိမ်းစိန်ကို ပေးကြည့်လိုက်ကြပါအုံး။
~
မြန်မာ့ စာနယ်ဇင်းလောက ကံဆိုးမိုးမှောင်ကျပြီ

ဧရာဝတီ မြန်မာပိုင်းစာမျက်နှာတွင် ဖော်ပြထားသည့် အယ်ဒီတာ့ အာဘော်ကို ဖော်ပြလိုက်ပါတယ်။
ဂျာနယ်နှစ်စောင်ကို ရက်အကန့်အသတ် မရှိ ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်သည့် စာပေစိစစ်ရေး၏ လုပ်ရပ်သည် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် သမ္မတ ဦးသိန်းစိန် ဦးစီးဦးဆောင်နေသော ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်ကို မျက်နှာဖျက်လိုက်ခြင်း ဖြစ်ပြီး ပေါ်ထွန်းစ စာနယ်ဇင်း လွတ်လပ်ခွင့် အတွက်လည်း မိုးမှောင်ကျခြင်းပင် ဖြစ်သည်။
The Voice ဂျာနယ်နှင့် Envoy ဂျာနယ်တို့ကို ရက်အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်လိုက်ပြီဖြစ်
ကြောင်း ခေါ်ပြောခြင်း အပါအဝင် ပြည်တွင်းထုတ် ဂျာနယ် တာဝန်ရှိသူများကို ခေါ်ယူ သတိပေးသည့် ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့က အခမ်းအနား တွင် စာပေစိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက “နောက်ပြန်လှည့်ခြင်းမဟုတ်” ဟု ပြောဆိုခဲ့ ခြင်းကပင် အိုးမလုံအုံပွင့် ခြင်းပေလောဟု မေးစရာ ဖြစ်နေသည်။
ဂျာနယ်နှစ်စောင်ကို စည်းကမ်းချက် မလိုက်နာသဖြင့် ထုတ်ဝေခွင့် ပိတ်သည်ဟု ဆိုသော်လည်း မည်သည့် စည်းကမ်းချက်ကို မည်သို့ မလိုက်နာကြောင်း ဦးတင့်ဆွေက မရှင်းခဲ့ပေ။ ထိုအချက်ကြောင့် သတင်းမီဒီယာ များအပေါ် ပြန်ကြားရေး ဝန်ကြီး ဌာန၏ တရားလက်လွတ် အရေးယူနေမှုမှာ ပိုမို ပေါ်လွင်စေသည်။
ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ဇွန်လကုန်တွင် စာပေစိစစ်ရေး ဖျက်သိမ်းတော့မည် ဆိုသည့် စကားကို လွယ်လွယ်ပြောခဲ့ သော်လည်း သြဂုတ်လ ဆန်းသည်အထိ စာပေစိစစ်ရေးကို ဖျက်သိမ်းမည့် အရိပ်အယောင် မပြသည့်အပြင် သတင်း မီဒီယာများအပေါ် ပိုမို တင်းကျပ်သည့် အရေးယူမှုများ လက်ရှိအချိန်အထိ ပြုနေသည် က နောက်ပြန်လှည့်ခြင်း မဟုတ်လျှင် ဦးတည်ရာ လမ်းပျောက်သွားခြင်း ဖြစ်မည်။
စာပေလွတ်လပ်ခွင့် မရှိဘဲ ချည့်နဲ့နေသော စတုတ္ထမဏ္ဍိုင်နှင့် ဒီမိုကရေစီကို ဖော်ဆောင်မည် ဆိုခြင်းမှာ ဆွံ့အနားမကြား သောသူကို မော်တော်ယာဉ် မောင်းခိုင်းသကဲ့သို့ ဖြစ်နေသည်။
စာပေလွတ်လပ်ခွင့်နှင့် တာဝန်ယူမှုရှိသော၊ တာဝန်သိသော စာနယ်ဇင်းတို့ ရှိမှသာ အာဏာပိုင် အဖွဲ့အစည်း များနှင့် ပြည်သူ လူထုအကြား ယုံကြည်စိတ်ချရသည့် ပေါင်းကူးမှု တည်ဆောက်နိုင် ပေလိမ့်မည်။
သို့ရာတွင် အစိုးရအဖွဲ့အတွင်း၌သာမက ပြုပြင်ပြောင်းလဲမှုကို လက်မခံလိုသူများ အကြား စာနယ်ဇင်းကို ဝါဒဖြန့်ချိရေး အတွက် အသုံးချလိုသူများ၊ ဈေးဗန်းပေါ်တင်၍ အရောင်းအဝယ် လုပ်လိုသူများ၊ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာမည့်အရေး ထိတ်လန့်နေသူများ ရှိနေနိုင်သေးသည်ကို သတိပြုရပေမည်။
တာဝန်သိ စာနယ်ဇင်းများသည် အစိုးရ ဝါဒဖြန့်ချိရေး ယန္တရား မဟုတ်၊ စီးပွားရေး သမားများ၏ ဈေးဗန်းမဟုတ်၊ အစိုးရတရပ် သွားနေသော လမ်းကြောင်း တည့်မတ်ရေးတွင် ပါဝင်အားဖြည့်သူများသာ ဖြစ်သည်။
ယခုအချိန်သည် သမ္မတ ဦးသိန်းစိန် အစိုးရက သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု ဆို သည့် ဆောင်ပုဒ်နှင့် လမ်းသစ်ကို ကြိုးစား လျှောက်လှမ်းနေချိန် ဖြစ်ပြီး သမ္မတ ဦးဆောင်သော အစိုးရ ၏ ပြုပြင်ပြောင်းလဲလိုမှု များကို နိုင်ငံတကာက ကြိုဆိုကာ ဝိုင်းဝန်းကူညီပံ့ပိုးရန် အသင့်ဖြစ်နေချိန်ဟုလည်း ဧရာဝတီက သဘောထားသည်။
ထို့ကြောင့် ဤအချိန်သည် မီဒီယာအနေဖြင့် အားကောင်းသော စတုတ္ထမဏ္ဍိုင်၊ ထောက်တိုင်တခုအဖြစ် တိုင်းပြည် တည်ဆောက် ရေးတွင် ပါဝင်အားဖြည့်ရန် အကောင်းဆုံး အချိန် ဖြစ်ပေရာ တိုင်းပြည် အဘက် ဘက်က တိုးတက်ပြောင်းလဲ လာမည်ကို မလိုလား ဖျက်လိုဖျက်ဆီး လုပ်ခြင်းက ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် ကံဆိုးမိုးမှောင် ကျခြင်းသာ ဖြစ်ပေတော့သည်။
ဧရာဝတီ စာမျက်နှာရဲ့ ဤနေရာတွင်လည်း ကြည့်ရှု့နိုင်ပါတယ်။
ရန်တွေရှင်းအောင် ချစ်သူ ရွေးမှာပါ
ခင်လေးမြင့်

စိုးပြည့်သဇင်
ဘ၀မှာ လှေကားထစ် များစွာ ရှိသလို အချိုးအကွေ့ များစွာလည်း ရှိပါတယ်။ ဘ၀ တိုးတက်ရေး အတွက် လှေကားတွေကို တက်ရတာ လွယ်ကူမှု ရှိနိုင်သလို ခက်ခဲမှုတွေလည်း ရှိမှာပါ။
လှေကားတွေပေါ် တစ်ထစ်ချင်း တက်နိုင်ပြီးရင်တော့ ပြန်ပြုတ် မကျအောင် ဟန်ချက်ညီစွာ ခန္ဓာကိုယ်ကို ထိန်းနိုင်မှ ရမှာဖြစ်ပါတယ်။ ဟန်ချက် ညီညီနဲ့ ကြိုးစားပြီး တက်သွားတဲ့ လှေကားတွေမှာလည်း အချိုးအကွေ့တွေ ရှိမှာပါ။ အချိုးအကွေ့၊ အနိမ့်၊ အမြင့်တွေမှာ အားမလျှော့ဘဲ ဆက်လျှောက်နိုင်မှ အမြင့်ဆုံး ဆိုတဲ့ နေရာကို ရောက်ရှိမှာ ကျိန်းသေပါတယ်။
အနုပညာ သရုပ်ဆောင်ကို ၀ါသနာ ပါတာရယ်၊ အစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့ရဲ့လက်တွဲ ခေါ်ယူမှုတွေနဲ့ အနုပညာ လောကထဲ ရောက်လာတဲ့ စိုးပြည့်သဇင်က အခုဆိုရင် အကယ်ဒမီ ဆိုတဲ့ စာလုံးလေးကို ပိုင်ဆိုင် ရပါပြီ။ အကယ်ဒမီ စိုးပြည့်သဇင် ဆိုပြီး ဖြစ်လာတဲ့ နောက်ပိုင်း ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးမှုတွေကို ပိုပြီး ဂရုစိုက် လာပါတယ်။
ဇာတ်ကားရိုက်တွေ ဆက်နေတဲ့ စိုးပြည့်သဇင်ကို ရွှေအမြုတေမဂ္ဂဇင်းအတွက် ဓာတ်ပုံ ရိုက်ကူးဖို့ စီစဉ်ဖြစ်တာပါ။ စိုးပြည့်သဇင်က ဇာတ်ကားတစ်ကား ကြည့်ရင်ပဲ ဖြစ်ဖြစ် ငိုတဲ့ ဇာတ်ဝင်ခန်း ပါပြီဆိုရင် လိုက်ငို တတ်တာကြောင့် ခံစားလွယ်တဲ့ သူလို့ ပြောနိုင်ပါတယ်။ ဒရာမာ ဇာတ်ကား တော်တော်များများမှာ ပါဝင် သရုပ်ဆောင်မှုကို မှတ်တမ်း တင်နိုင်တဲ့ စိုးပြည့်သဇင်က မေးမြန်းသမျှကို ပေါ့ပါး သွက်လက် ပွင့်လင်းစွာ ဖြေဆို ပြောပြခဲ့ပါတယ်။
သရုပ်ဆောင် အလုပ်ထက် ဂီတကို ပိုဝါသနာ ပါတဲ့ စိုးပြည့်သဇင်က တစ်ကိုယ်တော် စီးရီးကို ၂၀၁၁ မေလ မှာထွက်ဖို့ စီစဉ် ထားတာပါ။ တစ်ကိုယ်တော် တေးစီးရီးလည်း လုပ်၊ ရုပ်ရှင်၊ ဗီဒီယို တွေလည်း ရိုက်ဖြစ်နေတဲ့ စိုးပြည့်သဇင်ကို မေးမြန်း ဖြစ်တာတွေက...
ရယ်စရာ ဇာတ်ကား တစ်ကားမှာ ဘယ်လို စကားလုံးက ပရိသတ် ရယ်ရတယ်။ ဘယ် Plot က ပရိသတ် ကြိုက်တယ်ဆိုပြီး စိုးပြည့် သိလာတယ်လို့ ပြောတော့ ဘယ်လို အတွေ့အကြုံ လေ့လာမှုတွေကြောင့် သိလာ တာလဲ။
အတွေ့အကြုံ နည်းနည်း ရှိလာတော့ အရင်ကထက် စာရင် သိလာတာပေါ့ နော်။ ဒါပေမဲ့ သမီးတို့ အတွက်က အများကြီး ကြိုးစားဖို့ လိုသေးတယ်။ အနုပညာဝမ်းစာဆိုတာ အမြဲတမ်း ဖြည့်နေရတယ်လေ။ သမီးတို့ အများကြီး လေ့လာ ရမယ်။ အထူးသဖြင့် ဟာသ ကားတွေ ဆိုရင်လည်း လေ့လာရမှာပဲ။ လုပ်လိုက်တဲ့ အိုက်တင်တွေက မျက်နှာမှာ ပေါ်တယ်။ လုပ်လိုက်တဲ့ အိုက်တင်က မျက်နှာမှာ မပေါ်တဲ့ဟာတွေ ရှိတယ်။ အဲဒါကြောင့် အမြဲတမ်း ကြိုးစား ရမှာပါ။
လုပ်လိုက်တဲ့ အိုက်တင်၊ မျက်နှာနဲ့ မျက်လုံးပေါ်မှာ ထင်းခနဲ ပေါ်နေဖို့ ဘာတွေ လိုအပ်မလဲ။
သမီး ထင်တာကတော့ စိတ်ကို Relax ထားရမယ် ထင်တယ်။ ဟာသ လုပ်ရင်လည်း စိတ်ကိုချုပ်တည်း ထားရင် လိုသလို မရတော့ဘူး ထင်တယ်။ စိတ်ကို ပျော့ပျော့လေး ထားမှ ဖြစ်မယ်။
Concentrate ရှိဖို့လည်း လိုအပ်တယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် အချိတ်အဆက် မိဖို့လည်း လိုတယ်လေ။
အခု နောက်ပိုင်းမှာ သရုပ်ဆောင် အနုပညာနဲ့ အတတ်ပညာကို ဘယ်လို ခွဲခြား နားလည်ထားလဲ။
အနုပညာကို မြတ်နိုးလို့ လုပ်တယ်။ အနုပညာကို မြတ်နိုးတော့ သရုပ်ဆောင်တာ ၀ါသနာ ပါတယ်။ သရုပ်ဆောင် ၀ါသနာ ပါတော့ အတတ်ပညာတွေ ရလာမယ်လို့ ထင်တယ်။ ၀ါသနာပါလို့ သရုပ်ဆောင် ဖြစ်တယ်။ သရုပ်ဆောင်ရင်း သရုပ်ဆောင်ရင်းနဲ့ အတွေ့အကြုံတွေ တိုးလာမယ်။ တဖြည်းဖြည်းနဲ့ ပညာတွေ ရလာမယ်လို့ ထင်တယ်။
အနုပညာ ဆိုတာ သင်တိုင်းတတ်တဲ့ အရာ မဟုတ်ဘူး။ အဓိကက Talents ပါပဲ။
ကျောင်းသားအားလုံး စာတော် ရမယ်လို့လည်း မဟုတ်ပါဘူး။ တော်တဲ့ သူလည်း ရှိသလို အသင့်တင့်လည်း ရှိတယ်။
ဥပမာ ကျောင်းသား တစ်ယောက်က အရမ်း ဥာဏ်ကောင်းတယ် ဆိုပေမယ့် စာတစ်လုံးမှ မကျက်ရင် စာမေးပွဲ အောင်မှာ မဟုတ်ဘူး။ ဒီမှာ အနုပညာ ၀ါသနာပါတဲ့ သူတွေ အများကြီးပဲ။ Talents ရှိတိုင်းလည်း ကြိုးစားဦးမှ။
တချို့က အရမ်း ကြိုးစားပေမယ့် ကံဆိုတာလည်း ရှိသေးတယ်လေ။ အနုပညာမှာ အများကြီး ရှိပါတယ်။ အကုန်လုံး ပေါင်းစပ်ပြီးမှ အနုပညာသည် တစ်ယောက်အဖြစ် ရပ်တည်ရတာ။
အနုပညာကို လွယ်တယ်လို့ ပြောရင် အဲဒါကို သမီးက မှားတယ်လို့ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစကားလုံးတစ်ခုကိုပဲ ပြောကြည့်၊ ဒီစကားရယ်၊ အိုက်တင်ရယ် အဲဒီ အပေါ်မှာမှ ကွန့်သွားတဲ့ အိုက်တင်တွေရယ် အဲဒါတွေက မလွယ်ဘူး။ ရယ်တာတောင်မှ ရယ်နည်း အမျိုးမျိုး ရှိတယ်။
အဲဒီလို ဆိုတော့ အိုက်တင်ကို စလုပ်ကတည်းက လွယ်တယ်လို့ မထင်ဘူး။ ခက်တယ်ဆိုတာ သိတဲ့အတွက် ကြိုးစားချင်တယ်။
စိုးညီအစ်မတွေထဲမှာ စိုးပြည့်သဇင်လည်း အကယ်ဒမီဆိုတဲ့ ထူးချွန်မှုတစ်ခုကို နှစ်တိုတိုလေးမှာ ရယူနိုင်တဲ့အပေါ် ဘာများ ပြောချင်လဲ။
သမီး နေရာလေး တစ်ခု ရလာတာပါ။ ပရိသတ် အနေနဲ့ စိုးပြည့်သဇင်ရယ်လို့ နေရာလေး ပေးလာတဲ့ အတွက် ကျေးဇူးတင်တယ်။
အခုလို ဖြစ်လာရအောင် လုပ်ပေးခဲ့တဲ့ အစ်မတွေ၊ မိဘတွေ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေရဲ့ ကျေးဇူးကြောင့်လို့ ပြောရမှာပါပဲ။
စိုးပြည့်သဇင်က အကယ်ဒမီ မင်းသမီးတစ်လက် ဖြစ်သွားပြီ ဆိုတော့ ဘယ်လို ပုံစံပဲဖြစ်ဖြစ် သရုပ်ဆောင်နိုင်သွားပြီလား၊ လွယ်ကူသွားပြီလား။
စသရုပ်ဆောင်ခါစကတော့ ပိုပင်ပန်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကားမောင်း တတ်ခါစလိုပဲ။ ကားမောင်း တတ်ခါစမှာ ဘယ်ကွေ့ ရမှာလား၊ ညာကွေ့ ရမှာလား၊ လီဗာကို ဘယ်လို နင်းရမှာလဲ အဲဒီလိုမျိုးလေးတွေ ရှိတယ်။ တကယ် မောင်းတတ်သွားတဲ့ အချိန်မှာ သေချာ ထိန်းချုပ်ပြီး လုပ်နေစရာ မလိုတော့ဘူး။ သူ့ဟာနဲ့သူ ပါသွားတယ်။ ဇာတ်လမ်းထဲမှာ စိတ်နှစ်လိုက်ရင် အိုက်တင်က သူ့ဟာနဲ့သူ ပါသွားတယ်။ အဲဒီလိုမျိုး ဖြစ်လို့ စိတ်ကို လျှော့လိုက်လို့လည်း မရဘူး။
ဘယ်အနုပညာကိုပဲ လုပ်လုပ် တကယ် စိတ်ခံစားပြီး လုပ်မှ အကောင်းဆုံး ဆိုတော့ ဘယ်ကားပဲဖြစ်ဖြစ် သေသေချာချာ လုပ်တယ်။ ဒရာမာ ဆိုရင် ပိုဆိုးတာပေါ့။ ပိုပြီး စိတ်နှစ်ရတယ်။ အရင်က လောက်တော့ မပင်ပန်းတော့ ပေမယ့်လည်း လုပ်ရတာပါပဲ။ ညကျရင် မောသွားတာပါပဲ။
ဇာတ်ကားပဲ ရိုက်ရိုက်၊ ဘာပဲလုပ်လုပ် အခု နောက်ပိုင်းမှာ ကိုယ့်ပရိသတ် အတွက် ဆိုပြီး လုပ်လား ဒါမှမဟုတ် ကိုယ့် အနုပညာ အတွက်ဆိုပြီး လုပ်ဖြစ်လား။
နှစ်ခုစလုံးပါပဲ။ ကိုယ့်ရဲ့အနုပညာ အတွက် ဆိုတာကလည်း ကားကောင်းလေး တွေရဖို့ ဇာတ်လမ်းလေးတွေက အစ သတိထား ရွေးတယ်။ အဲဒီလို ကားကောင်း ရွေးတာကလည်း ပရိသတ် အတွက်ပါ။ ပရိသတ်တွေ ကလည်း ကားကောင်းလေးတွေ ကြည့်ရရင် ကြည့်ရကျိုး နပ်တယ်လို့ ထင်တယ်။
အနုပညာရှင်တိုင်းက ကိုယ့်အနုပညာ အတ္တအတွက် ပိုပြီး ဦးစားပေးသင့်လား။
လူဆိုတာ အတ္တ ရှိကြပါတယ်။ ဒါပေမဲ့လည်း ကိုယ့် အတွက်ချည်းပဲ အတ္တကြီးလို့ မရဘူး။ သမီးတို့သရုပ်ဆောင်တွေအနေနဲ့ ၉၉ ရာခိုင်နှုန်းက အနုပညာ လုပ်ပြီဆို ပရိသတ်ကို ဦးစားပေးရတာပါပဲ။
တချို့ဇာတ်ကားတွေဆို ပရိသတ် မကြိုက်တာ ရှိတယ်။ ဇာတ်လမ်းက ဆန်းသစ်တယ်။ တစ်ခါမှလည်း မရိုက်ဖူးဘူး။ ဒါပေမဲ့ ပရိသတ် သိပ်နားမလည်ဘူး ဆိုတဲ့ ဇာတ်ကားတွေကို ပရိသတ်တွေ သိပ်မကြိုက်ဘူး။ နယ်ပရိသတ်တွေ ကြိုက်တဲ့ ပုံစံသတ်သတ် ရှိတယ်လေ။
ပြောရရင် ကိုယ့်အနုပညာ အတွက် အတ္တ ကြီးချင်ပေမယ့် ၉၉ ရာခိုင်နှုန်းကတော့ ပရိသတ်ကို ဦးစားပေး ဖြစ်ပါတယ်။
အနုပညာရှင်တိုင်းက ကောလာဟလ ဆိုတာနဲ့ ကြုံတွေ့ရပြီး အပြစ် ပြောကြ တာတွေ များတယ်။ စိုးပြည့်သဇင် အနေနဲ့ အဲဒီလိုတွေ မကြုံ တွေ့ရအောင် ဘယ်လိုလုပ်လဲ။
အနုပညာသမားတိုင်းမှာ ကောလာဟလ ဆိုတာ ရှိကြတာပေါ့နော်။ ဒါတွေက လည်း လူစိတ်ဝင်စားတာ ခံရပြီဆိုရင် ကောလာဟလ ဂယက်ကလေးတွေကတော့ ရှိတယ်။
မဟုတ်ဘဲနဲ့ ဟိုသတင်း၊ ဒီသတင်းတွေ ထွက်တော့ ပရိသတ်တွေက စိုးရိမ်ကြရတယ်။ စိုးရိမ်တယ် ဆိုတာကလည်း သူတို့ချစ်တဲ့ အနုပညာရှင်တွေကို အစစ အရာရာ မထိခိုက် စေချင်တာလေ။
ကိုယ်တွေဘက်က ကောလာဟလ ဒဏ်ကို အနည်းနဲ့ အများ ခံရတယ် ဆိုပေမယ့် အကောင်းဆုံး ဖြစ်အောင် နေရတယ်။ ကောလာဟလ ထွက်ရင်လည်း သမီးက ခေါင်းထဲ မထည့်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကောလာဟလက ထွက်နေကျပဲလေ။
ဒီလို သတင်းတွေ ထွက်လာရင်လည်း ခံနိုင်ရည် ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ပြီးမှ ဒီလောကထဲကို သမီး ၀င်လာတာ ဆိုတော့ အတတ်နိုင်ဆုံးတော့ သမီးဘက်က မရှိအောင်တော့ နေတယ်။ ဒါပေမဲ့ လုပ်ကြံပြီး ပြောလာရင်လည်း သမီး မမှုပါဘူး။ ပြောသမျှသာ လိုက်ပြီး ခံစားနေရင် ဘာအလုပ်မှလည်း ဆက်လုပ် ဖြစ်မှာ မဟုတ်ဘူးလေ။ ကိုယ် မဟုတ်ရင် ခေါင်းထဲမှာ မရှိအောင် နေတယ်။
မိန်းကလေး တစ်ယောက်ရဲ့ နေထိုင်မှု ပုံစံက သရုပ်ဆောင် အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ အတွက် တခြား သူတွေထက် ပိုပြီး ထိန်းသိမ်းရသလား။
မိန်းကလေး တစ်ယောက်ဖြစ်တဲ့ အတွက် ထိန်းသိမ်းရတယ်။ အဓိက ကတော့ အနုပညာရှင် တစ်ယောက်ထက် မိန်းကလေး တစ်ယောက်ရဲ့ တန်ဖိုးကို ပိုထိန်းသိမ်းပါတယ်။ သမီးကတော့ သမီး ကိုယ့်ကိုယ်ကိုယ် ၁၀၀ ရာခိုင်နှုန်း ထိန်းပါတယ်။
ချစ်သူရွေးမယ်လို့ ပေးထားတဲ့ စီးရီး နာမည်ကို ဘာကြောင့်ပေးပြီး ဘယ်သူ ရေးထားတာလဲ။
ချစ်သူရွေးမယ် သီချင်းက ပြောရရင် သမီး သီချင်း မဟုတ်ဘူး။ ကိုဇ၀ါ ဘာသာ ရေးထားတဲ့ သီချင်း၊ ဒီသီချင်းက သမီးနဲ့ လိုက်တယ်ဆိုပြီး ပေးလိုက်တာ။ ခေါင်းစဉ်လေးလည်း လှတယ်ဆိုပြီး စီးရီးခေါင်းစဉ် ရွေးလိုက်တာ။ ဒီသီချင်းက သမီးတို့ အရွယ်နဲ့လည်း လိုက်တယ်။ အဓိပ္ပာယ်က ကောင်လေးတွေက ကောင်မလေးကို ကျောင်းသွားရင်းလည်း ကြည့်၊ အပြင် သွားရင်းလည်း ကြည့်တော့ စိတ်ရှုပ်တယ်။ အဲဒီရန်တွေက ကာကွယ်ဖို့ ချစ်သူ ရွေးတော့မယ် ဆိုတဲ့ အဓိပ္ပာယ်တွေ ဘာတွေပါတယ်။ အချစ်သီချင်း မဟုတ်ဘဲ ကလေးဆန်ဆန်နဲ့ ချစ်စရာ ကောင်းတဲ့ သီချင်းလေးပေါ့။
စီးရီးထဲမှာ ဘယ်လို သီချင်းတွေ ပါသေးလဲ။
အချစ်သီချင်း၊ အလွမ်း သီချင်းတွေလည်း ပါတယ်။ ဘ၀နဲ့ သက်ဆိုင်တာတွေတော့ မပါဘူး။
စိုးပြည့် အနေနဲ့ အနုပညာ အလုပ်တွေကို လောဘ ကြီးနေတာကြောင့် ပညာရေးကို ဦးစားမပေး တော့ဘူးလား။ ဒီနှစ်လည်း ၁၀ တန်း စာမေးပွဲ မဖြေ ဖြစ်ဘူးနော်။
အနုပညာအလုပ်ကို ၁၀ တန်းအောင်ပြီးမှ ၀င်ဖို့ စဉ်းစားထားတာပါ။ ဒါပေမဲ့ လုပ်ရမယ့် ကံပါလာတော့လည်း ဆက်လုပ် ဖြစ်သွားတယ်။ သမီး ၁၀ တန်း စတက်တဲ့ အချိန်မှာ ဒီအလုပ်ကို စလုပ်ဖြစ်တာ။
၁၀ တန်း တစ်နှစ်လုံးလည်း စာမကျက် လိုက်ရဘူး။ ပြောရရင် သမီးက ပေါ့တာပါ။ အေးဆေးပေါ့ ရပါတယ်ဆိုပြီး နေလိုက်တာ။
မှတ်မှတ်ရရ ၁၀ တန်း စာမေးပွဲ ဖြေမယ့် အချိန်မှာ ဖြေသိမ့် မျက်ဖြေဆိုတဲ့ ဇာတ်ကား ရိုက်နေတာ။ စာမေးပွဲ ဖြေဖို့ တစ်ပတ်ပဲ လိုတော့တာနော်။ ဒါရိုက်တာကလည်း ဖြစ်ပါ့မလား မေးတယ်။ ဖြစ်တယ်ပေါ့။ အဲဒီ ကားကလည်း အရမ်း ကောင်းတယ်။ ရိုက်ချင်တယ် ဆိုပြီး ရိုက်တာ။ သွားဖြေတဲ့ အချိန်မှာတော့ ကိုယ့်ကိုယ် ကိုယ်တော့ သိတာပေါ့။ အောင်စာရင်း ထွက်တဲ့ အချိန်မှာ တော်တော် ခံစားရတယ်။ ရှက်တာလေ။ စာမေးပွဲ တစ်ခါမှ မကျခဲ့ဖူးဘူး။ အမြဲတမ်း ၁ ကနေ ၅ အထိ ၀င်ခဲ့တဲ့သူ ဆိုတော့ ကျတဲ့ အချိန်မှာ မေးလိုက်ရင် မျက်ရည်တွေ ကျလာတာ။
ပြန်ဖြေဆိုတဲ့ အချိန်မှာ သမီး တကယ် စာကျက် နိုင်မှာလား၊ သမီး တကယ် ရနိုင်မှာလား၊ တကယ် ကျက်နိုင်မှပဲ ဖြေချင်တယ်။ အခုကလည်း ကားရိုက် ချိတ်ထားတာတွေ ရှိတယ်လေ။ အနုပညာ ဆိုတာကလည်း အရှိန်နဲ့ သွားရတာလေ။ အရမ်း ၀ါသနာ ပါတဲ့ အလုပ်ဆိုတော့ အရှိန်လေး ရှိတုန်း ဆက်ပြီး ကြိုးစားချင်တာ။ သမီး ပြန်ဖြေမှာပါ။ သမီး ပရိသတ်တွေကလည်း ဘယ်တော့ ပြန်ဖြေမှာလဲ မေးတယ်။ ၁၀ တန်းလေး အောင်စေချင်ကြတယ်တဲ့။ သမီး နောက်နှစ်မှာ ပြန်ဖြေမှာပါလို့ စိုးပြည့်သဇင်က ဖြေပေးပါတယ်။
စိုးပြည့်သဇင်ရဲ့ တစ်ကိုယ်တော် စီးရီးအတွက် Lazy Club က တီးခတ် ပေးထားပြီး တေးရေး မြင့်မိုးအောင်၊ ကေအေတီ၊ ဖိုးကာ၊ မင်းချစ်သူ၊ လာဇရု၊ ဇ၀ါနဲ့ ဒိုနီတို့ ရေးပေးထားတဲ့ သီချင်းများ ပါဝင်ပါတယ်။ ရွှေအမြုတေ အတွက် အချိန်ပေး ဓာတ်ပုံ ရိုက်ကူး ပေးသလို အချိန်ပေး ဖြေကြားပေးတဲ့ စိုးပြည့်သဇင်ကို ကျေးဇူး တင်ပါတယ်။ မန္တလေးကနေ အားချင်း ပြန်လာပြီး ဓာတ်ပုံ ရိုက်ကူးပေးတဲ့ ကိုလင်း (Stidio-K) ကိုလည်း ကျေးဇူး အထူးတင် ရှိပါကြောင်း ဆိုပါရစေ။
ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၁)
www.shweamyutay.com
Subscribe to:
Posts
(
Atom
)
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ် ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
ရုပ် / သံ
တပတ်အတွင်း အဖတ်အများဆုံး
-
လူငယ်တွေ အသည်းစွဲ ရော့ခ် အဆိုတော် မျိုးကြီး တယောက် အကျိုးပြုသီချင်း ဆိုနေပြီလို့ သိရပါတယ်။ စစ်အစိုးရရဲ့ ရုပ်သံမီဒီယာဖြစ်တဲ့ မြ၀တီ၊ မြန်မာ့...
-
ပြည်တွင်းက သတင်းထောက် တဦး ပေးပို့တဲ့ စာကို ဧရာဝတီ ဘလော့ဂ် ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေ...
-
- စစ်အစိုးရ အကြိုက် ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ငါးမင်းဆွေ (ဖားမင်းဆွေလို့လည်း နောက်ပြောင်ခေါ်ကြတယ်။ ဖားလွန်းလို့တဲ့) ဟာ ဒီနေ့ ၁၁ နာရီက NLD ရ...
-
မြန်မာပြည်က အမျိုးသမီးသရုပ်ဆောင်တချို့ ၀တ်စားပုံတွေဟာ ပြည့်တန်ဆာဖက်ရှင်တွေပဲ ဆိုပြီး သုံးသပ်ထားပါတယ်။ ခပ်ကြမ်းကြမ်းစကားလုံးတွေ ပါပါတယ်။ ပြော...
-
www.popularmyanmar.com အားလုံးက ကြံ့ဖွံ့ပါတီကို မဲမထည့်ချင်ပဲ ထည့်လိုက်ရတဲ့ အခြေအနေမှာ တမူထူးတဲ့ မင်းသားလွင်မိုးက ကြံ့ဖွံ့ပါတီကို လိုလို လား...
နေ့စဉ်သတင်းလွှာမှာယူရန်
ကွန်မန့်များ
နောက်ဆုံးရ သတင်းများ