ကယ်လိုရိုလိုင်းနားမှာကျင်းပတဲ့ ကရင်ရိုးရာလက်ချည်ပွဲ

Monday, August 27, 2012 1 comments

~




အမေရိကန်ပြည်ထောင်စု မြောက်ကယ်လိုရိုလိုင်းနားပြည်နယ် နယူးဘန်းမြို. ရှိ Farmer's Market-( 412-s , Front street ) တွင် ယမန်နေ့ နံနက် ( ၁၀ ) နာရီ မှ ညနေ ( ၃း၀၀ ) နာရီထိ ကရင်ရိုးရာ လက်ချည်ပွဲ ( ချည်ဖြူဖွဲ. မင်္ဂလာပွဲ) ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

၎င်းလက်ချည်ပွဲတွင် ကျင်းပရေးကော်မတီက အဖွင့်အမှာစကားပြောကြား၍ ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနား ဖွင့်ခဲ့ပါသည်။

လူငယ်များ ၊ ကလေးများ ၊ တက်ရောက်လာသူ ဧည့်သည်များအား New Bern မြို. မှ သက်ကြီးရွယ်အိုများက လက်ချည်မင်္ဂလာပွဲအား ချီးမြင့်ခဲ့ကြပါသည်။

၎င်း ကရင်ရိုးလက်ချီပွဲအား ကျင်းပခဲ့သည်မှာ ( ၈ ) ကြိမ်မြောက် ကျင်းပခဲ့ခြင်းလည်းဖြစ်ပါသည်။

ထိုလက်ချီပွဲ သို. အနီးပတ်ဝန်းကျင်မြို.မှ ကရင်လူမျိုးများလဲ တက်ရောက်ခဲ့ပါသည်။

ထိုလက်ချည်ပွဲ အခန်းအနား၌ ကရင်ဘာသာ ( ပိုး ၊ စကော ) ၊ မြန်မာဘာသာ များဖြင့် လက်ချည်ပွဲ ဖြစ်ပေါ်လာပုံကို ပြောကြားခဲ့ပါသည်။

ထိုလက်ချည်မင်္ဂလာပွဲတွင် တက်ရောက်သူအင်အား ( ၂၀၀ ) ခန့်ရှိ၍ တက်ရောက်သူများအာ ၊ ကြက်သားဒန်ပေါက် ၊ ငါးငပိချက် ၊ တို့စရာအစုံအလင် ၊ ထမင်းဖြူ ၊ မုန်လာဥဟင်းချို ၊ အုန်းနို.ခေါက်ဆွဲ ၊ ကော်ပြန်. ၊ ကောက်ညှင်းပေါင်း ၊ ရွှေရင်အေး ၊ နာနာသီး ၊ ဖရဲသီး နှင့် ဖျော်ရည်စုံဖြင့် ဧည့်ခံခဲ့ပါသည်။

တက်ရောက်လာသည့် ဧည့်သည်များအား နယူးဘန်းလူငယ်များမှ ကရင်ရိုးရာတေးသီချင်းများ၊ အ ကများဖြင့် ဖျော်ဖြေခဲ့ပါသည်။





















~

ဆရာကျော်ဝင်း ပြောပြတဲ့ ဖူကူယားမား ဟောပြောပွဲအကြောင်း

2 comments

ခေတ်သစ် ဖွံ့ဖြိုးရေးပါရာဒိုင်း
ပါမောက္ခ ဖူကူယားမား၏ ပို့ချချက် - နှင့် စာရေးသူ၏အတွေးအချို့

|ကျော်ဝင်း|

(ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

အပြောင်းအလဲ၏ လတ်တလောအရသာ

မြန်မာပြည်ပြောင်းပါပြီ။ ဤအပြောင်းအလဲကို၊ ပြည်တွင်းပြည်ပရှိ၊ သဘောထားတင်းမာသူ အချို့ကပင်၊ သိမှတ်လက်ခံလာကြ ပါပြီ။ ယခင်ကဆိုလျင်၊ လူအရှင်လတ်လတ်မဆိုနှင့်၊ သူတို့စာတွေကိုပင်၊ မရဲတရဲ မိတ်ဆက်နေကြရသော၊ ကမ္ဘာသိ ပညာရှင်တွေ၊ ဝင်လာ မဆဲ၊ တသဲသဲ ရှိလာသည်။ ယခုနှစ်ပိုင်း ၂၀၁၂ ကိုပဲကြည့်။ ထောမတ်ကရိုသာ၊ မန်မိုဟန်ဆင်း၊ ပေါ(လ)ကိုလီယာ၊ လာရီဒိုင်းမွန်း၊ … အခု ဖရန်စစ် ဖူကူယားမား …။ အားလုံးမှာ စာရေးသူ ဒိုင်ခံမိတ်ဆက်ပေးနေသည့် ပညာရှင်တွေချည်း …။ သူတို့စာတွေ ဖတ်ရင်း၊ အဝေးက ကြည်မော နေရသူအနေနှင့် သူတို့နှင့်တွေ့ချင်ဆုံချင်သည်။ မေးချင် မြန်းချင်သည်။ ကြားချင် နာချင်သည်။ သို့တစေ၊ ဖိတ်စာမရ၍၊ အကုန်လုံးနှင့်တော့ တွေ့ခွင့်မရ။ သည်တစ်ခါ၊ ဖူကူယားမားကိုတော့၊ မင်္ဂလာမြန်မာ ဇနီးမောင်နှံ ကျေးဇူးကြောင့်၊ တွေ့ခွင့်ဆုံခွင့်ရသည်။ သူ့ပို့ချချက်ကို ကြားနာခွင့်ရသည်။ အရတော်လေစွ။ ကျေးဇူးအထူးပါ မင်္ဂလာ မြန်မာ …။

စာရေးသူရောက်တော့၊ ခန်းမအပြည့် ပရိတ်သတ်တွေရောက်နှင့်နေပြီ။ တော်တော်များများက လူငယ်တွေ။ ပါမောက္ခပို့ချချိန် မှာရော၊ မေးမြန်းခွင့်ပေးချိန်မှာရော၊ အားတက်ရွှင်လန်း၊ ပညာဆာလောင် မျက်နှာတွေကို သတိပြုမိသည်။ လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်၊ ဖူကူယားမား၏ စာတွေကို မိတ်ဆက်ပေးစဉ်က၊ ကြုံခဲ့ရသော အဖြစ်သနစ်တွေကို တွေးမိတော့ပြုံးရသေးသည်။ လူ့သမိုင်း၏ အိုင်ဒီအိုလို ဂျီတိုက်ပွဲတွင်၊ ကွန်မြူနစ်ဝါဒ အရေးနိမ့်သွာပြီ ဆိုသော၊ သူ့ကောက်ချက်ကို တဆင့်ပြန်ပြောမိ၍၊ လက်ဝဲဆရာတွေက၊ အအုပ်အသင်းဖွဲ့ ကာ ဝိုင်းတွယ်ကြသည်။ အချို့က၊ အမေရိကန် mouthpiece ဟုစွဲချက်တင်ကာ ချွန်တွန်းလုပ်ကြသည်။ နိုင်ငံခြားရောက် ပညာတတ်မြန် မာ စာရေးဆရာတစ်ယောက်ကဆိုလျင် ‘ဖူကူယားမားဆိုတာ၊ အိမ်ဖြူတော်အတွက် ဆွမ်းကြီးခံထွက်နေတဲ့ ဖိုးသူတော်ပါ ’ စသဖြင့် ခပ် ရမ်းရမ်းမှတ်ချက်ပြုသည်။ အခုတော့ အမြင်တွေပြောင်းသလောက် ပြောင်းပြီ ထင်ပါသည်။ အထူးသဖြင့် လူငယ်တွေ …။ ၂၁ ရာစုခေတ် တွင် မိမိတိုင်းပြည်ဖွံ့ဖြိုးရေးကို မျက်နှာမူသူတိုင်း၊ စစ်အေးခေတ် အစွဲတွေ ခဝါချရတော့မည် မဟုတ်ပါသလော…။

လူငယ်တွေကြားတွင်၊ လူကြီးအချို့ကိုလည်းတွေရရာ၊ ပို၍ပင်အားတက်မိသည်။ ပါတီအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူ များ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှလည်း ပါသည်။ USDP ၊ NLD ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် တိုင်းရင်းသားပါတီများ …၊ အတော်စုံပါသည်။ စာရေးသူက၊ နိုင်ငံရေးသမားဆိုလျင်၊ အာဏာရပါတီမှဖြစ်စေ၊ အတိုက်အခံပါတီများမှဖြစ်စေ၊ မိမိမလုပ်နိုင်သော အလုပ်တွေကို တာဝန်ယူနေကြသူများဖြစ်၍၊ လေးစားတန်ဖိုးထားသည်။ ယခုပွဲတွင် သူတို့နှင့် သိကျွမ်း ခင်မင်ခွင့်ရ၍ ဝမ်းသာသည်။ ထို့ထက်၊ သူတို့အားလုံးက ပါမောက္ခ၏ ဖွံ့ဖြိုးရေးဘာသာရပ်ကို စိတ်ဝင်တစား နားစွင့်နေကြသည်ကို မြင်ရရာ၊ အနာဂတ်အတွက်၊ အမှန်ပင်အားတက်မိသည်။ တစ်ခုပဲ ဝမ်းနည်းမိသည်မှာ၊ ဖူကူယားမား၏ စာတွေကို၊ ပထမဆုံး ဦးဆောင်မိတ်ဆက်ပေးခဲ့သူ၊ ဆရာကြီး မောင်စူးစမ်းကို မတွေ့ရခြင်းပင်။ ဆရာမှာ ကျွန်တော်တို့၏ pioneer ဟု စာရေးသူက ခံယူထားသည်။


ကျောင်းဆရာ၏ ရိုးသားမှု၊ ပညာရှင်၏ထက်မြက်မှု
(ပါမောက္ခ၏ ပို့ချချက်)

ဖရန်စစ် ဖူကူယားမားမှာ ဓာတ်ပုံတွေထဲက အတိုင်းပင်။ အရပ်ပြတ်ပြတ်၊ ( နိုင်ငံခြားစံချိန်နှင့်ဆိုလျင် - ပုသည် ဟူ၍ပင် ဆိုနိုင်မည်ထင်သည်။ ) မျက်နှာဝိုင်းဝိုင်း၊ အပြုံးချိုချို။ ပါမောက္ခတို့၏ အမှတ်အသားပေပဲလားမသိ။ ထိပ်ကတော့ အတော်ပြောင်သည်။ အဝတ်အစားမှာလည်း တောက်တောက်ပပကြီးမဟုတ်။ ကာကီရောင်ဘောင်းဘီတွန့်တွန့်ကြေကြေ။ မိုးပြာရောင်ရှပ်လက်ရှည် ခပ်နွမ်းနွမ်း။ ပန်းနုဖျော့ဖျော့လည်စည်းတော့ပါသည်။ Lecture စတော့မှ အပေါ်ကုတ်အင်္ကျီ ထပ်ဝတ်သည်။ စကားပြောတော့လည်း၊ တမင်ဖန်တီးထားသော တက်သံကျသံတွေနှင့် တက်ထောင်မောင်းနင်းမဟုတ်။ မိုက်ခရိုဖုန်းကိုင်၊ လမ်းလျှောက်ရင်း အေးအေးသက်သာ ပင် ပြောသည်။ သို့တိုင်၊ ပီသည်၊ ရှင်းသည်၊ စကားလုံးအတိအကျရွေးချယ်သုံးသည်။ တကယ့်ကို ရိုးရှင်းသည့် ကျောင်းဆရာတစ်ယောက် ၏ ဟန်ပန်။ သူ၏ ပို့ချချက်တွင်ကား၊ ပညာရှင်တစ်ယောက်၏ ထက်မြက်မှုကို၊ အထင်းသားမြင်နေရသည်။

သူ့ပို့ချချက်ခေါင်းစဉ်မှာ၊ “What Is Development” ယနေ့မြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် ချိန်ခါသင့် အကြောင်းအရာဟု ထင်သည်။ ပထမဆုံး၊ ‘ဖွံ့ဖြိုးရေး’ ဆိုသည်၏ အဓိပ္ပါယ်ကို ဇီဝဗေဒ ရှုထောင့်မှ စတင်ကာ၊ စီးပွားရေး၊ နိုင်ငံရေး အဆင့်များထိ ရှင်းလင်း ဖွင့်ဆိုပြသည်။ နောက်- ဖွံ့ဖြိုးရေး၏ မျက်နှာစာများကို ယခုလို ခင်းပြသည်။ ပုံ (၁) ကိုကြည့်ရန်။


‘စီးပွားရေးတိုးတက်မှု’(Economic Growth) ဆိုရာတွင် ၊ ‘နက်ရှိုင်းသော စီးပွားရေးတိုးတက်မှု’ (intensive economic growth) နှင့် ‘ကျယ်ပြန့်သော စီးပွားရေးတိုးတက်မှု’ (extensive economic growth) အဖြစ် ခွဲခြားဖွင့်ဆိုပြီး၊ နက်ရှိုင်းသော စီးပွားရေးတိုးတက်မှု၏ အရေးပါပုံကို ထောက်ပြသည်။ ပြီးမှ၊ ‘လူမှုရေးနိုးကြားလှုပ်ရှားလာမှု’ (Social Mobilization) ၏ အဆက် အစပ်ကိုရှင်းသည်။ အရေးအကြီးဆုံးနှင့် အထူးခြားဆုံး ဖြစ်ထွန်းတိုးတက်မှုဟု မှတ်ချက်ပြုသော ‘နိုင်ငံရေးဖွံ့ဖြိုးမှု’ (Political Development) ကိုမူ အင်စတီကျူးရှင်းသုံးရပ်ဖြင့် သရုပ်ခွဲစိစစ်ပြသည်။ နယ်ပယ် ပိုင်နက်တစ်ခုအတွင်း၊ နိုင်ငံတော်အာဏာကို ထိထိရောက်ရောက်အသုံးပြုနိုင်ရေးအတွက် ‘နိုင်ငံတည်ဆောက်ရေး’ (State Building) ။ အဆိုပါ နိုင်ငံတော် အာဏာကို ကန့်သတ် ထိန်းချုပ်ရေးအတွက် ‘တရားဥပဒေ စိုးမိုးမှု’ (Rule of Law)။ လူထုဆန္ဒကို အခြေခံသော၊ လူထုအကျိုးစီးပွားကို တာဝန်ခံနိုင်စွမ်းရှိသော အစိုးရဖြစ်စေရေးအတွက် ‘ဒီမိုကရေစီ’ (Democracy) ၊ ဆိုခဲ့ပါ အင်စတီကျူးရှင်းသုံးရပ်၏ အဆင့်ဆင့်ဖြစ်ထွန်းမှုများကို၊ သမိုင်းခေတ် များနှင့်ယှဉ်၍ ရှင်းပြသည်။ နောက်ဆုံးတွင်မှ၊ စတုတ္ထမျက်နှာစာ၊ ‘အတွေးအမြင်များနှင့် တရားနည်းလမ်းကျမှု’ (Ideas and legitimacy) ၏အရေးပါပုံဖြင့် အနားသတ်ပါသည်။


ခေတ်ပြိုင်နှင့်မြန်မာ

(စာရေးသူ၏အတွေး)


ဤသို့ဖွံ့ဖြိုးရေး၏မျက်နှာစာများကို၊ ဖြန့်ခင်းရှင်းပြပြီးတော့မှ၊ အဆိုပါ မျက်နှာစာအသီးသီး၏ အပြန်အလှန်ကျေးဇူးပြုကြပုံများ ကို၊ နိုင်ငံတကာ အတွေ့အကြုံများနှင့် ဆက်စပ်သုံးသပ်ပြပါသည်။ သို့နှင့်တိုင်၊ နိုင်ငံတစ်ခုနှင့်တစ်ခုထပ်တူမကျနိုင်ကြသည်ကိုမူ၊ အသေ အခြာ သတိပေးသည်။ ထိုသည်၏ နောက်မှ ခေတ်သစ်ဖွံ့ဖြိုးရေးပါရာဒိုင်းအဖြစ် ၁၉၅၄ မှ ၁၉၉၉ အတွင်း တောင်ကိုရီးယားပုံစံကို ထုတ်ပြ ပြီး၊ မြန်မာနိုင်ငံ၏ အားကောင်းချက် အားနည်းချက်များကို ခပ်ပါးပါးထောက်ပြပါသည်။ စာရေးသူအတွက်တော့၊ တွေးစရာတွေတစ်ထော ကြီး လျှံကျလာပါတော့သည်။


(ပုံ ၂ နှင့် ဆက်စပ်ဖတ်ဖို့ဖြစ်ပါသည်။)

တောင်ကိုရီးယားနိုင်ငံမှာ၊ ကွန်ဖျူးရှပ် အစဉ်အလာအမွေကောင်းနှင့် ဂျပန်ကိုလိုနီကာလ (၁၉၀၅ - ၄၅) အတွင်းပေါ်ထွက်ခဲ့သော ခေတ်သစ်အင်စတီကျူးရှင်းများ၏ အကျိုးဆက်ကြောင့် နိုင်ငံတည်ဆောက်ရေးအားကောင်းသည်။ သို့နှင့်အမျှ ကိုရီးယားစစ်ပွဲအပြီးတွင်၊ မြန်နှုန်းမြင့်စီးပွားရေး တိုးတက်မှုကို တွန်းတင်နိုင်ခဲ့သည်ဟု ဆိုပါသည်။ မြား ၁ ကိုကြည့်ရန်ဖြစ်သည်။ (ဤသို့ဆိုလျင် ကွန်ဖျူးရှပ်ဓလေ့ရော၊ ဂျပန်ကိုလိုနီအတွေ့အကြုံပါရှိသည့် မြောက်ကိုရီးယားတွင်ကော ဘာ့ကြောင့် ဤသို့ဖြစ်မလာပါ သနည်း- စာရေးသူ ကိုယ့်ဖာသာမေးခွန်းထုတ်ကြည့်နေမိသည်။ အဖြေမှာ၊ ‘ဈေးကွက်’ ဖြစ်လိမ့်မည်ထင်သည်။ ကွန်ဖျူးရှပ်ဓလေ့၏ မွေး ရပ်မြေ၊ တရုတ်ပြည်ကြီးတွင်း ဈေးကွက်မရှိသော ‘မော်’ ခေတ်က၊ စီးပွားရေးတိုးတက်မှုမရခဲ့ဘဲ၊ ဈေးကွက်ကို ခွင့်ပြုပေးခဲ့သော ‘တိန့်’ ခေတ်ရောက်မှ၊ စီးပွားရေးတိုးတက်လာသည်မှာ၊ ဤသဘောပင်ဖြစ်လိမ့်မည်လား၊ စဉ်းစားမိသည်။)

အဆိုပါစီးပွားရေး တိုးတက်မှုကြောင့်၊ ပညာရေးရေချိန်မြင့်ကာ၊ လူမှုရေးအရ နိုးကြားလှုပ်ရှားမှုများ အားကောင်းလာသည်။ (မြား - ၂) ၊ ဤသည်၏ အကျိုးဆက်အဖြစ် ဒီမိုကရေစီသို့ ဦးတည်လာသည် (မြား ၃) ကို ပါမောက္ခကဆက်ရှင်းသည်။ သို့တစေ တရုတ်ပြည်တွင်ကား၊ ယခုထက်တိုင် ‘မြား ၃’ ပျောက်ဆုံးနေဆဲဟု ထောက်ပြသည်။ (ဤသို့ - ဘာကြောင့် ဖြစ်ရသည်ကို၊ ဥာဏ်မီသမျှ တွေးကြည့်ရာ၊ တောင်ကိုရီးယား၏ အားကောင်းသော ‘အရပ်ဘက်အဖွဲ့အစည်းများ’ (civil society) ကိုဆင်ခြင်မိသည်။ တရုတ်ပြည်တွင်ကား၊ အရပ်ဘက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို ဇက်ကြိုးသတ်ထားခဲ့သည်။) တောင်ကိုရီးယား မိုဒယ်တွင်၊ ဒီမိုကရေစီအပြောင်းအလဲနှင့် မြန်နှုန်းမြင့် စီးပွားရေးတို့၊ ပေါင်းဆုံမိရာမှ၊ ‘တရားနည်းလမ်းကျမှု’ ခိုင်မာအားကောင်းလာသည်။ (မြား - ၄ နှင့် ၅) တစ်ပြိုင်နက်တည်းမှာပင်၊ စီးပွားရေးတိုးတက်မှုကရော၊ ဒီမိုကရေစီနိုင်ငံရေးစနစ်ကပါ၊ တရားဥပဒေစိုးမိုးမှုကို ကူညီအားဖြည့်ခဲ့ကြသည်။ (မြား - ၆ နှင့် ၇)၊ မြား ၃ ၊ ပျောက်ဆုံးသွားသော တရုတ်ပြည်ကြီးတွင်ကား ဤအကျိုးဆက်များ ဘာမှ ဖြစ်မလာခဲ့ - ဟု ပါမောက္ခက နှိုင်းယှဉ်သုံးသပ်ပြပါသည်။

စာရေးသူမှာ၊ သူဖွင့်ဆိုပြသော၊ ခေတ်သစ်ဖွံ့ဖြိုးရေးပါရာဒိုင်း(တောင်ကိုရီးယားမိုဒယ်) ပေါ်တွင်၊ မြန်မာပြည်ကို တင်ကြည့်နေမိ သည်။ မြန်မာနိုင်ငံတွင်၊ ကွန်ဖျူးရှပ် အသီးအပွင့်ဟု ဆိုနိုင်သော ‘အရည်အချင်းလိုက်မြှောက်စားသည့်စနစ်’ (meritocracy) မျိုး၊ အစဉ်အလာအရပင်အားမကောင်း။ ၎င်းနှင့် ဆန့်ကျင်စွာပင်၊ ‘သားတူညီများကောင်းစားရေးဝါဒ’ (nepotism) နှင့် ‘လက်သင့်ရာ စားတော်ခေါ်ဝါဒ’ (cronism)တို့သာ ခေတ်အဆက်ဆက်ထွန်းကားခဲ့သည်။ ဤသို့တပြီကား၊ မြန်မာ့ဖွံ့ဖြိုးရေးကို၊ ဘယ်မျက်နှာစာမှ စတင်ရမည်နည်း။ အတွေးများဖြင့်လုံးလည်လိုက်နေစဉ်မှာပင်၊ ပါမောက္ခက၊ ချိန်ခါသင့်အဖြေထုတ်ပြသည်။ ‘လူမှုရေးအရ နိုးကြားလှုပ်ရှားလာမှု’ ။ ဟုတ်သည်ကော။ မြန်မာနိုင်ငံ၏ ကျောင်းသားလှုပ်ရှားမှုမှာ အာရှဒေသသာမဟုတ်၊ ကမ္ဘာသိဖြစ် သည်။ မြန်မာ့နိုင်ရေးအချိုးအကွေ့တိုင်း ကျောင်းသားလှုပ်ရှားမှုမှ စသည်ဟုဆိုနိုင်သည်။

သို့နှင့်တိုင်၊ စာရေးသူအတွက်၊ တွေးစရာတွေကား မဆုံးသေးပါ။ အမျိုးသားလွတ်လပ်ရေး တိုက်ပွဲတွင် စတင်သန္ဓေတည်ပြီး၊ စစ်အေးခေတ်ကြီးကို ဖြတ်ခဲ့ရသော၊ ကျွန်တော်တို့ ကျောင်းသားလှုပ်ရှားမှုမှာ၊ ‘လှုံ့ဆော်နိုင်ငံရေး’ (agitated politics) ကဲနေသလား စဉ်းစားဖို့ရှိသည်။ ဒီမိုကရက်တစ်အတွေးအမြင်များဖြင့် ပုံဖော်ကြရမည်။ ‘ရည်မှန်းချက်ရှိရှိ နိုင်ငံရေး’ (deliberate politics) သို့တက်လှမ်းနိုင်ဖို့ လုံးပမ်းရဦးမည် ထင်ပါသည်။ ဆက်လက်ပြီး ပါမောက္ခက၊ မြန်မာ့ဖွံ့ဖြိုးရေးဖြစ်စဉ် အတွက် အားနည်းချက်ဖြစ်ဖွယ် ရှိသည်မှာ၊ ‘လူမှုအရင်း’ (social capital) အားနည်းမှု- ဖြစ်မည်ထင်ကြောင်း တွေးတွေးဆဆပြောသည်။ ဟုတ်တာပေါ့ …။ လူမှုအရင်းအားနည်း၍၊ ‘ယုံကြည်မှုအချင်းဝက်’ (radius of trust) တို၊ ‘ဂိုဏ်းဂဏဝါဒ’ (factionalism)ရှေ့ရောက် …။ စိတ်မသက်မသာ တွေးနေဆဲမှာပင်၊ ပါမောက္ခက သူပို့ချချက်ကို နိဂုံးချုပ်လိုက်သည်။ ‘မေးလိုသမျှ မေးကြပါ’ …။

ပတိရူပ နိဒါန်း

မေးခွန်းမေးသူအများစုမှာလည်း၊ လူငယ်တွေသာဖြစ်နေသည်။ သူတို့က မြန်မာ့နိုင်ငံရေးအပြောင်းအလဲ အပေါ်၊ ပါမောက္ခ၏ အမြင်ကို သိလိုကြဟန်တူသည်။ ပါမောက္ခ ကတော့ ပညာရှင်ပီပီ သိမ်သိမ်မွေ့မွေ့ပဲဖြေပါသည်။ သို့တစေ သူ့အဖြေက ထိမိသည်။ မေးမြန်းသူတွေ ဘဝင်ကျသွားဟန်ရှိသည်။

စာရေးသူတွင်၊ လူငယ်အချို့က၊ ကိုယ်စားမေးပေးဖို့ ပေးထားသော၊ မေးခွန်းအချို့ရှိသည်။ စာရေးသူကိုယ်တိုင်လည်း မေးချင်တာအချို့ရှိသည်။ သို့တိုင်အောင်၊ မမေးဖြစ်ခဲ့ပါ။ အချိန်နည်းသည်က တစ်ကြောင်း၊ မေးကြမြန်းကြသည့် လူငယ်တွေကို ဦးစားပေးလို၍ တစ်ကြောင်း၊ ဘာမှမမေးပဲ၊ ပီတိဖြင့်သာ နားထောင်နေခဲ့ပါသည်။

သည်လိုနှင့်၊ နှစ်လရှည်ကြာ၊ ပျောက်ဆုံးနေသောအပျော်တွေ၊ တစ်ပွေ့တစ်ပိုက်ဖြင့်၊ ထိုနေ့က အိမ်ပြန်ဖြစ်ခဲ့သည်။ မင်္ဂလာတရားတော်လာ ‘ပတိရူပ၊ ဒေသဝါသောစ …’ ဆိုသည်ကို နှလုံးသွင်းရင်း၊ စိတ်ကူးဖြင့် အားတက်နေမိသည်။ “ပတိရူပ၊ ပညာရှိတို့နှင့် နှီးနှောခွင့်ရသော အရပ်ဒေသတွင် နေထိုင်ရခြင်းသည် မင်္ဂလာမည်ပေ၏” ဟု ပရိတ်တော်က ဆိုသည်။ အမိမြန်မာပြည်၏ ပတိရူပ နိဒါန်းအစရောက်ပြီလော …။

ကျော်ဝင်း
၂၅၊ သြဂုတ်၊ ၂၀၁၂

သမ္မတ ဦးသိန်းစိန် အစိုးရ ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေး

1 comments


ပြုပြင်ပြောင်းလဲရေး သမားဟု နိုင်ငံတကာအလယ်တွင် ချီးမွမ်းထောပနာ ပြုခံရသော သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့အတွင်း အရေးပါတဲ့ ၀န်ကြီးတချို့ကို ပြောင်းလဲ တာဝန်ပေးအပ်လိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေး

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ကြောင်းနဲ့ပတ်သက်ပြီး သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် အမိန့်အမှတ် ၂၂/၂၀၁၂ ကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်ပါတယ်။

ပြောင်းလဲ တာဝန်ပေးအပ်ခံရတဲ့ ၀န်ကြီးများ စာရင်းမှာ

၁။ ဦးစိုးသိန်း (သမ္မတရုံး ဝန်ကြီးဌာန)
၂။ ဦးအောင်မင်း (သမ္မတရုံး ဝန်ကြီးဌာန)
၃။ ဦးလှထွန်း (သမ္မတရုံး ဝန်ကြီးဌာန)
၎။ ဦးတင်နိုင်သိန်း (သမ္မတရုံး ဝန်ကြီးဌာန)
၅။ ဦးအောင်ကြည် ( ပြန်ကြားရေးဝန်ကြီးဌာန)
၆။ ဦးကျော်ဆန်း (သမ ၀ါယမ ဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် ( မွေး/ရေ ဝန်ကြီးဌာန)
၈။ ဦးအေးမြင့် (စက်မှုဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း (အားကစား ဝန်ကြီးဌာန)

တို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန် တာဝန်ပေးလိုက်ခြင်းဖြစ်ပါတယ်။


အဆိုပါသတင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုတို့က မြန်မာစံတော်ချိန် ည ၈ နာရီ သတင်း တွင် ကြေညာသွားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ဒု ၀န်ကြီးအပြောင်းအလဲ ထပ်မံ ကြေညာ

1 comments


"နိုင်ငံတော်သမ္မတဦးသိန်းစိန် ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေး"

အမိန့်အမှတ်(၂၁/၂၀၁၂) ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးအပ်ခြင်းကို နိုင်ငံတော် သမ္မတရုံးက ယနေ့ (၂၇-၈-၂၀၁၂) ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

ခန့်အပ်လိုက်သော ဒုတိယ၀န်ကြီးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁။ ရဲချုပ်ကျော်ကျော်ထွန်း( ပြည်ထဲရေးဝန်ကြီးဌာန)
၂။ ဦးပိုက်ထွေး ( ပြန်ကြားရေး)
၃။ ဦးသန်းဆွေ (ယဉ်ကျေးမှု)
၎။ ဦးအောင်သိမ်း (သမ္မတရုံး)
၅။ ဒေါက်တာလင်းအောင် (ဘဏ္ဍာ/အခွန်)
၆။ ဦးဆက်အောင် (စီမံ/စီးပွား)
၇။ ဒေါက်တာဒေါ်ခင်စန်းရီ (စီမံ/စီးပွား)
၈။ ဒေါ်စုစုလှိုင် (လူမှု/၀န်ထမ်း)
၉။ ဦးသောင်းတင် (ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း)
၁၀။ ဦးထင်အောင်( စွမ်းအင်)
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် (လ၀က)
၁၂။ ဦးအေးမြင့်မောင်( ပတ်ဝန်းကျင်/သစ်တော)
၁၃။ ဒေါက်တာဒေါ်သက်သက်ဇင် (ပတ်ဝန်းကျင်/သစ်တော)
၁၄။ ဦးသောင်းထိုက် (အားကစား)
၁၅။ ဒေါက်တာဒေါ်သိန်းသိန်းဌေး (ကျန်းမာရေး)

တို့ကို သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ယင်းသတင်း အပြည့်အစုံကို အောက်ဖော်ပြပါ နိုင်ငံတော်သမ္မတရုံး ၀က်ဆိုက် လင့်တွင် ထုတ်ပြန်ထားပါတယ်။
ဒီတခေါက် ဒု ၀န်ကြီးအပြောင်းအလဲမှာ အရပ်သား များစွာ ပါဝင်လာပြီး အမျိုးသမီးပါဝင်မှုကလည်း ယခင်က ထက် အချိုးများတာတော့ ထင်ရှားလာပါတယ်။

ဤနေရာ သမ္မတရုံးစာမျက်နှာ တွင် အပြည့်အစုံ ဖော်ပြထားသည်။

ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်နိုင်မလား?

2 comments

~








မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ တွေ့နေရပါပြီ။
ဘယ်လောက်အထိ အလုပ်ဖြစ်မလဲ?
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဧရာဝတီဘလော့မှာ ဒီနေ့ နေ့ခင်းပိုင်းက စတင်ပြီး စစ်တမ်းတခု ကောက်နေပါတယ်။

စာဖတ်သူ ၁၀၀ ကျော်ဆီက ရခဲ့တဲ့ သဘောထားတွေကို အခုလို တွေ့ရပါတယ် -

သမ္မတဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီတို့ ရည်မှန်းထားတဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အပြောင်းအလဲများဟာ

- မြန်မာပြည်သူများနဲ့ နိုင်ငံတကာရဲ့ အားပေးမှုကြောင့် ရည်မှန်းထားသလို အကောင်အထည် ပေါ်လာပါလိမ့်မယ်။ 17% (20 votes)

- ခေတ်နောက်ပြန်ဆွဲသူတွေကို မလွန်ဆန်နိုင်လို့ အပြောင်းအလဲ မဖြစ်နိုင်ပါ။ 11% (13 votes)

- ဦးသိန်းစိန်ရဲ့ မပြတ်သားမှု၊ အုပ်ချုပ်ရေးဝန်ထမ်းများ မကျွမ်းကျင် မနိုင်နင်းမှုတွေကြောင့် အပြောင်းအလဲ နှေးကွေးပါလိမ့်မယ်။ 71% (81 votes)

Total Votes: 114

သုံးရက်ပြည့်ရင် ဒီစစ်တမ်းက ထွက်လာတဲ့ အဖြေကို ထပ်မံ ကြေညာပေးမှာဖြစ်ပါတယ်။


~


ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံး စာမျက်နှာသစ် လွှင့်တင်

0 comments



အစိုးရနဲ့ လွှတ်တော်တွေကြား အခု အငြင်းပွားမှုဖြစ်နေတဲ့ အခြေခံ ဥပဒေ ခုံရုံးအမည်နဲ့ ဖေ့စ်ဘုတ် စာမျက်နှာ ဖွင့်လှစ်လိုက်တာလည်းဖြစ်ပါတယ်။

ခုံရုံးနဲ့ပတ်သက်တာတွေ သိလိုသမျှ ၀င်ရောက် ကြည့်ရှု့နိုင်တော့မှာလည်းဖြစ်ပါတယ်။ ဤနေရာကို နှိပ်၍ သွားရောက်ကြည့်နိုင်ပါတယ်။


ရွေးကောက်ပွဲကော်မရှင် လူကြီးမင်းများကို လခ တိုးပေးပါ

2 comments


-


မနေ့က တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာ စာသင်ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ တွေ့ရတဲ့ ဦးတင်အေး

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဖွဲ့ခဲ့တဲ့ ကော်မရှင်က တော်တော် အသက်ရှည်ခဲ့တယ်။ ရွေးကောက်ပွဲပြီးလို့ အနှစ် ၂၀ ကြာမှ ဖျက်သိမ်းခဲ့တယ်။

ရွေးကောက်ပွဲတခုအတွက် သီးသန့် ဖွဲ့ခဲ့တဲ့ကော်မရှင်က အနှစ် ၂၀ တောင် အလုပ်လုပ်ခဲ့တယ် ဆိုတော့ ကမ္ဘာမှာ ဒါမျိုး မရှိသေးဘူး၊ အင်မတန် ထူးခြားပါတယ်၊ ဒီလို အင်မတန်အလုပ်လုပ်တဲ့ကော်မရှင် ရှိတာ မြန်မာပြည်အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့တယ်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ အမြဲတမ်းအဖွဲ့အစည်း ဖြစ်နေပါပြီ။

အင်မတန်အလုပ်လုပ်တဲ့ကော်မရှင် ဆိုတာကို ပြချင်လို့များလား မသိပါ - ကော်မရှင်နဲ့ မသက်ဆိုင်တဲ့ စာသင်ကျောင်းအဆောက်အအုံဖွင့်ပွဲတခုကို တံတားဦးအထိ တကူးတက သွားတက်နေပါတယ်။ ဒီအကြောင်း ဒီနေ့သတင်းစာ နောက်ကျောဖုံးမှာ တွေ့ကြရမှာပါ။

ဟိုတလောတုန်းက ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို Burma ဆိုတဲ့ စကားလုံး မသုံးဖို့ စာတိုစာရှည် ပို့ခဲ့ပါသေးတယ်။

နိုင်ငံရေးသမားတွေ စကားလုံးသုံးနှုန်းတာကိုလည်း ကော်မရှင်က စောင့်ကြည့်နားထောင် လိုအပ်ရင် ကန့်ကွက်ရတယ် ဆိုတော့ ကော်မရှင်ရဲ့ တာဝန်များဟာ အင်မတန့်အင်မတန် ကြီးလေးလှပါပေတယ်။

ဟော ... အခုလည်း ကြည့်ပါအုံး ... အင်မတန်အလုပ်လုပ်တဲ့ကော်မရှင်ပါပဲ ... ကော်မရှင်ဥက္ကဋ္ဌက ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို သွားဖွင့်ပေးရတယ် ဆိုပဲ။

ဖွင့်ပွဲတက်ရတဲ့အပြင် မိန့်ခွန်းရှည်လည်း ချွေရတယ်လို့ သတင်းက ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီခရီးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့သွားနေတဲ့ ခရီးရှည်ကြီးဖြစ်တယ်
လို့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ် တဲ့။ မိန့်ခွန်းထဲမှာ ပညာရေးအကြောင်းအရာက အများစုပါ။

စာသင်ကျောင်းတွေမှာ နိုင်ငံရေးပါတီတွေ ၀င်ပြီး လှုပ်ရှားနေခြင်း ရှိမရှိ ကွင်းဆင်း စစ်ဆေးတာလည်း ဖြစ်နိုင်ပါတယ်။

ဗိုလ်ချုပ်တွေ ပညာရေးနယ်ပယ်မှာ အခုလို ကွင်းဆင်းနေတာကြောင့် မြန်မာပြည်ပညာရေးအခြေအနေအတွက် အားတက်စရာပါပဲ။

အခုလို အင်မတန်အလုပ်လုပ်တဲ့ ရွေးကောက်ပွဲကော်မရှင် လူကြီးမင်းများကို လခ တိုးပေးသင့်ကြောင်း ရေးသားလိုက်ရပါတယ်။





-

“ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပ ”

1 comments



ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို (၂၅-၈-၂၀၁၂) ရက်နေ့ နံနက် (၁၀)နာရီတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ အလယ်တိုက်ကြီးတွင် ကျင်းပကြောင်း သိရပါတယ်။



အဆိုပါ အခမ်းအနားကို မန္တလေးမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့ ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီက ကြိုးပမ်းကျင်းပခြင်း ဖြစ်ပြီး၊ ဝါကျွတ် အီး(ဒ်) ပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပနေကျ ပုံစံမျိုးထက် ပြည့်စုံကောင်းမွန်သော အထူးအစီစဉ် တစ်ရပ်အဖြစ် မန္တလေးမြို့၊ လေးပြင်လေးရပ်ရှိ မဟာထေရ် ဆရာတော်ကြီး အပါး(၃၀)ကျော်တို့အား ဝါဆိုသင်္ကန်းနှင့် ဆွမ်းကပ်လှူဒါန်းသည့် ဆွမ်းကပ်ပွဲကိုပါ ပူးတွဲကျင်းပခြင်း ဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပဲ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များက ငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းတောင်းခြင်း အစီစဉ်ကိုပါ ဖြည့်စွက်ကျင်းပခဲ့ကြောင်း သိရပါတယ်။




မူလက မန္တလေးမြို့၊ ၆၄-လမ်းနှင့် ၇၂-လမ်းထောင့်၊ အိုရီယန်တယ်ဟောက်(စ်)ခန်းမ၌ ကျင်းပဖို့ ရည်ရွယ် ခဲ့ပေမယ့် ခွင့်ပြုချက်မရလို့ နေရာရွှေ့ကျင်းပခြင်း ဖြစ်ကြောင်း၊ တောင်ပြင်ထီးလင်းတိုက် ဇောတိကာရုံ အုဋ်ကျောင်းဆရာတော် ဘဒ္ဒန္တဇောတိကာဘိဝံသ အမှူးပြုသော သံဃာတော်(၄၀)ပါးနှင့် ဘာသာပေါင်းစုံ ကိုယ်စားပြု ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များ၊ သတင်းမီဒီယာများ စုံလင်စွာ တက်ရောက် ကြောင်း သိရပါတယ်။

တောင်ပြင်ထီးလင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဇောတိကာဘိဝံသ မထေရ်မြတ်ကြီး သြဝါဒပေးအပြီးမှာ ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(စွမ်းအားလျှပ်စစ်)၊ ခရစ်ယာန်ဘာသာမှ ဦးဇော်ဝင်းအောင်၊ အစ္စလာမ်ဘာသာမှ ဦးသိန်းဝင်းအောင်(အမရပူရ)၊ ဗဟာအီဘာသာလူငယ်တို့က အသီးသီးဆုတောင်း မေတ္တာပို့သကာ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာလျှောက်ထားကြပါတယ်။



သံဃာတော်များကို ဆွမ်းကပ်၊ သင်္ကန်းကပ်အပြီးမှာ ဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေးကြပါတယ်။
ဒီပွဲမှာ အရှင်ဝီရသူက ကိုယ်တိုင်ရေးစာအုပ်(၅၀)ကို ဘာသာရေးခေါင်းဆောင် အသီးသီးအား လက်ဆောင် ပေးခဲ့ပါတယ်။ အရှင်ဝီရသူပေးတဲ့ စာအုပ်က “သေနေ့မင်္ဂလာ တရားတော်” ဖြစ်ပါတယ်။



ဘာသာလူမျိုး ဘယ်လိုပဲကွဲကွဲ သေခြင်းတရားကို ရင်ဆိုင်ရမှာတော့ အတူတူပဲ ဖြစ်လို့ ဒီတရားစာအုပ်ကို ရွေးချယ်ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ဒီတရားတော်ကိုလည်း ဖြစ်ကြီးနားထောင်မှာ ရေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။



ဒီပွဲနှင့်ပက်သက်လို့ အရှင်ဝီရသူကို မေးရာမှာ “ကြည်နူးစရာပါ။ ဘာသာရေး ခေါင်းဆောင်တိုင်းက သူတို့ရင်ထဲမှာ ရှိတဲ့အတိုင်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းသွားကြတယ်။ သူတို့ဆန္ဒအတိုင်းတကယ်လုပ်ဖို့ လိုသလို သူတို့ဘာသာဝင်တွေကလည်း သူတို့လို လိုက်နာပြုကျင့်ဖို့လိုတယ်။ ဒါဆိုရင် ဒီပွဲကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မန္တလေးမြို့ကြီး ငြိမ်းချမ်းရေး၊ မြန်မာပြည်ကြီး ငြိမ်းချမ်းရေး၊ ကမ္ဘာလောကကြီး ငြိမ်းချမ်းရေးတွေဟာလည်း အလိုလိုပြီး ပြည့်စုံသွားမှာပါ”လို့ ဖြေကြားသွားပါတယ်။




အကြိမ်ကြမ် ပွဲပျက်ခဲ့ရခြင်းနှင့် ပတ်သက်လို့လည်း အရှင်ဝီရသူက အခုလို မှတ်ချက်ချသွားခဲ့ပါတယ်။
“အဆိုအမိန့် တစ်ခုရှိတယ်ဗျ။ အဲဒါက- မုန်တိုင်းပြီးရင် လေပြေလာစမြဲတဲ့။ အခုလို လေပြေလေးနှင့် ထိတွေ့ ရတော့ အအေးဓာတ်ရတာပေါ့ဗျာ။ မုန်တိုင်းဒဏ်ခံရကျိုးနပ်တာပေါ့။”

“နောက်တစ်ခုက- မိုးရွာခါနီးမှာ နေပူရှိန်ဟာ ပိုပြင်းလာတတ်တယ်တဲ့။ ဒီလို မိုးလေးတွေရွာစေချင်လို့ ပိုပြီးပူပြတာပဲလို့ပဲ အောက်မေ့ မိတယ်။”



ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကြီးကျင်းပဖို့ ပြင်ဆင်ရာမှာ သုံးကြိမ်တိတိ ပျက်ပြားခဲ့ရကြောင်း၊ ပထမအကြိမ် ဈေးချိုဟိုတယ်နှင့် ဒုတိယနှင့် တတိယအကြိမ် အိုရီယန်တယ်လ်ဟောက်(စ်)မှာ ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒီလို ပျက်ပြားရတာနှင့် ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရအပေါ် အမျိုးမျိုးအဖုံဖုံ ဝေဘန်မှုများ ရှိနေကြောင်း သိရပါတယ်။



ဘာသာရေးပေါင်းစုံ ပေါင်းစုံရာမှာ ပြဿနာဖြစ်မှာကြောက်လို့ ခွင့်မပြုတာလို့ လုံခြုံရေးဘက်က တွေးသလို ဘာသာပေါင်းစုံ ပေါင်းစုံမိသွားမှာကို မလိုလားလို့ ဖျက်ဆီးတာဆိုတဲ့ နိုင်ငံရေးဘက်ကလည်း ထင်မြင်ယူဆနေတာတွေ ရှိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် မန္တလေးမြို့ကြီးမှာတော့ မဖြစ်စဖူး အဖြစ်ထူးတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို အခက်အခဲ အမျိုးမျိုးကြားထဲမှ အားခဲလို့ ဆောင်ရွက်ကြတာ အခုဆိုရင် လုံးဝပြီးစီး အောင်မြင် သွားပြီ ဖြစ်ပါ တယ်။


သတင်း,ဓာတ်ပုံ-ဆရာတော် ဦးဝိရသူ
















ဦးအောင်သိန်းလင်းနှင့် ဦးဌေးဦးတို့ကို အရေးယူပေးပါ

6 comments


အပိုင်း – ၃

အပိုင်း ၁ နဲ့ ၂ မှာ ရန်ကုန်မြို့တော်ဝန်ဟောင်းဦးအောင်သိန်းလင်းနဲ့ ကြံ့ဖွံ့အထွေထွေအတွင်းရေးမှူး ဦးဌေးဦး တို့ကို အရေးယူပေးဖို့ အကြောင်းနဲ့ မြို့တော်ဝန်ရဲ့ဖြတ်စား၊ လာဘ်စားနဲ့ သူခိုး အကြီးစားဖြစ်ပုံ အချို့ကိုဖေါ်ပြ ထားပြီးပါပြီ။

ခုအပိုင်း ၃ ကို ဆက်လက် တင်ပြမှာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ဝန်ဟောင်းအောင်သိန်းလင်းဟာပြည်တွင်းမှာ နည်းမျိုးစုံနဲ့ ဖြတ်စားလာဘ်စား၊ ခိုးဝှက်ထားတဲ့ ငွေတွေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို တရားမ၀င်နည်းနဲ့ ပြည်ပကို ကဲ့ထုတ် ပြီးနိုင်ငံခြားဘဏ်တွေမှာ သူရယ်၊ သူ့ဇနီးဒေါ်ခင်စန်းနွယ်၊ သမီး မသီတာမျိုး နာမည်နဲ့ အောက်ပါဘဏ်တွေမှာ လျှို့ဝှက် အပ်နှံတာ တွေ့ရပါတယ်။

အဲဒီဘဏ်တွေက – (က) The Reserve Bank of Australia ဘဏ်။ (ခ) Bank of England ဘဏ် (ဂ) European Union Bank စတဲ့ဘဏ်တွေမှာ အပ်နှံထားကြတာဖြစ်ပါတယ် ။

(က)။ ။အဲဒီAustralia ဘဏ်ရဲ့ထုတ်ပြန်ချက်အရ နအဖ ကောင်စီနဲ့ ၄င်းတို့မိသားစုဝင်တွေ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ ၄င်းတို့ မိသားစုဝင်တွေ၊ တိုင်းမှူးတွေနဲ့  ၄င်းတို့မိသားစုဝင်တွေ၊ ဌာနဆိုင်ရာ၊ စစ်ဘက်၊ အရပ်ဘက် အကြီးအကဲတွေနဲ့ ၄င်းတို့အားလုံးနဲ့ ပတ်သက်တဲ့ အကျိုးတူစီးပွားဘက်တွေ စုစုပေါင်း ၄၆၄ ယောက်ထဲမှာအောင်သိန်းလင်းမိသားစု ၃ ယောက်လုံးလည်းပါဝင်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ဘဏ်အပ်တဲ့အမှတ်စဉ်မှာ အောင်သိန်းလင်း က နံပါတ် ၃၃၆ ယောက်မြောက်ဖြစ် တာတွေ့ရပါတယ်။ အသေးစိတ်သိလိုပါက http://www.rab.gov.au/Media/Releases/2008/Mr_08_23.html ကြည့်ပါ။

(ခ)။ ။ Bank of England ဘဏ်

ဒီဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နအဖ ကောင်စီဝင်နဲ့ မိသားစုဝင်တွေ၊ ဌာနဆိုင်ရာ၊ စစ်ဘက် အရပ်ဘက်ဆိုင်ရာ အကြီးအကဲနဲ့ မိသားစုဝင်တွေ၊ ၄င်းတို့အားလုံးနဲ့ပတ်သက်တဲ့ အကျိုးတူစီးပွားဘက်တွေစုစုပေါင်း ၅၁၅ ယောက် ထဲမှာ အောင်သိန်းလင်းမိသားစု၃ယောက်လည်းပါဝင်ပါတယ်။ အဲဒီကြေညာချက်အရ ဘဏ်အပ်တဲ့ အမှတ်စဉ်မှာ 139ယောက်မြောက် နေရာမှာတွေ့ရပါတယ်။ အသေးစိတ်သိလိုပါက – ခေတ်ပြိုင်၊2009-3-23 ကိုကြည့်ပါ။

(ဂ)။ ။ European Union ဘဏ်မှာလည်း အထက်ပါအတိုင်း နအဖ အုပ်စုဝင်တွေအားလုံးနဲ့ ၄င်းတို့နဲ့ ပတ်သက် သူစုစုပေါင်း၅၃၈ ယောက်ထဲမှာအောင်သိန်းလင်း မိသားစု ၃ ယောက်လုံးပါဝင်နေပါတယ်။

E.U ဘဏ်ရဲ့ 15-4-2012 နေ့စွဲပါ ရေတွက်ပုံကတမျိုးပါ။ အမျိုးအစားအလိုက် A.B.C.D ကနေ K အထိ အုပ်စုလိုက် ခွဲထားပါတယ်။ ဥပမာ – A ဆိုရင် – A. Former State Peace and Development Council (SPDC) ဖြစ်ပါတယ်။

အဲဒီအုပ်စုထဲမှာ နအဖ ကောင်စီဝင်နဲ့၎င်းတို့မိသားစုဝင်၂၁ ယောက်ရှိပါတယ်။ B ဆိုရင် – B . Reginal Commanders ဖြစ်ပြီး တိုင်းမှူးနဲ့၎င်းတို့မိသားစုဝင်၃၇ ယောက်ပါဝင်ပါတယ်။C ဆိုရင် C. Government ဖြစ်ပြီး အစိုးရအဖွဲ့ဝင်တွေနဲ့၎င်းတို့မိသားစုဝင် ၉၆ ယောက်ပါရှိပါတယ်။

ခုလိုခွဲပြတဲ့အထဲမှာ အောင်သိန်းလင်းမိသားစု ၃ ယောက်က I.a အုပ်စုထဲမှာပါဝင်နေပါတယ်။ I.a ဆိုတာ I.a Former Union Solidarity and Devolopment Association (USDA) ဖြစ်ပြီး ကြံ့ဖွံ့အသင်းဝင်နဲ့ မိသားစု ၁၉ ဦးထဲမှာပါဝင်ပါတယ်။ အသေးစိတ်သိလိုပါက Official Journal of the European Union, Annex ІІ, 15-4-2011 ကိုကြည့်ပါ။

အထက်ပါနိုင်ငံတွေရှိဘဏ်များက မြန်မာ နအဖ စစ်အစိုးရရဲ့ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးကို နည်းမျိုး စုံနဲ့ ချိုးဖေါက်လို့ ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ အဆိုပါစစ်အုပ်စုဝင်တွေ လျှို့ဝှက်အပ်နှံထားတဲ့ ဘဏ်စါရင်း တွေကိုထုတ်သွင်းလို့ မရအောင် ပိတ်ဆို့လိုက်ကြောင်း ကြေညာတော့မှ နအဖ ဥက္ကဋ္ဌကြီးနဲ့ခိုးသား ၅၀၀ စာရင်းကိုရပါတယ်။

အထက်ပါနိုင်ငံများအပြင်အခြားနိုင်ငံတွေမှာအောင်သိန်းလင်းမိသားစုအပ်နှံထားဦးမယ်လို့ယုံကြည်ရပါတယ်။ ထပ်မံတွေ့ရှိပါက ထပ်မံဖြည့်စွက်တင်ပြပါမယ်။

ကဲ – ခုလောက်ဆို မြို့တော်ဝန်အောင်သိန်းလင်းဟာ သူ့ဒေသခံတွေရဲ့မဲဆန္ဒရှင်တွေအပေါ်၊ သူ့ဌာနအပေါ် ဘယ်လောက် လိမ်ညာလှည့်စားတယ်၊ နိုင်ငံတော်အပေါ် ဘယ်လောက် သစ္စာမဲ့တယ်ဆိုတာ သိလောက်ပါပြီ။ ခုနောက်တုံး အဆစ် အနေနဲ့ –အပေါ်ကိုမြှောက်ဖါး ပြီး အောက်ကို ဟောက်စားတတ်တဲ့ အောင်သိန်းလင်းတို့ ဇနီးမောင်နှံရဲ့ ရွံစရာကောင်းတဲ့လုပ်ရပ်တွေကိုကြည့်ပါ –

အောင်သိန်းလင်းဟာ – မြောက်ကိုရီးယားနဲ့ တရုတ်ကို ချီးကျူးပြောဆိုကြောင်း၊
– အမေရိကန်ကို မုန်းတီးရေးပြောဆိုပေမယ့် သူ့ရုံးခန်းရှိ ပစ္စည်းအားလုံးနီးပါးဟာ အမေရိကန်ပစ္စည်းများ ဖြစ်ကြောင်း

– ရန်ကုန်မြို့တော်ဝန်များအနက် လာဘ်အစားဆုံး၊ လူမုန်းအများဆုံး မြို့တော်ဝန်ဖြစ်ကြောင်း သိရပါတယ်။
ဇနီး ဒ်ါခင်စန်းနွယ်ဟာ – အဂတိလိုက်စားရာတွင် နာမည်ကြီးကြောင်း၊

– ခင်ပွန်းသည်အတွက်မကြာခဏယတြာချေကြောင်း

– အကောင်းစား လက်ဆောင် တွေကို ဒေါ်ကြိုင်ကြိုင် ထံ မကြာခဏသွားပေးကြောင်းသိရပါတယ်။ (ဧရာဝတီ၊ ၂၂-၂-၂၀၁၁)

အထက်ဖေါ်ပြပါအကြောင်းအချက်တွေကိုထောက်ရှုခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ် အောင်သိန်းလင်းဟာ လွှတ်တော်တွင်ဆက်ရှိနေသမျှ ကာလပတ်လုံး တိုင်းပြည်ဆက် နာ နေရမှာဖြစ်ပါတယ်။

အကြောင်းမှာ တိုင်းပြည်နဲ့လူမျိုး ကေါင်းကျိုးထက် သူ့ ကေါင်းကျိုးအတွက်သာ ပြောဆိုလုပ်ကိုင် နေတာဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါ့ကြောင့် သူ့ ကိုလွှတ်တော်ကအမြန်ဆုံးထုတ်ပယ်ဖို့ နိုင်ငံသား တယောက်အနေနဲ့ သမတကြီးနဲ့ လွှတ်တော်
ဥက္ကဌကြီးတို့အား မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။

ရွှေပြည်စိုး



၈၈ ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အစီရင်ခံစာ ထွက်ပြီ

1 comments

-



ဓာတ်ပုံ- ၈၈


၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ယက် က စုံစမ်းပြုစုထားတဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာကို ဒီကနေ့ ဖြန့်ချီတော့မှာဖြစ် ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြိး ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီမှာ သတင်းစာရှင်းလင်းပွဲ တခုကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၃ ရပ်ကွက် ဝေဇယန္တာလမ်း အမှတ် ၂၈၄(က)မှာ ရှိတဲ့ ၈၈ မျိုးဆက်
ကျောင်းသားများရုံးခန်း၌ ပြုလုပ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ဘယ်လို ကိုက်ညီမှု ရှိတယ်၊ မရှိဘူးဆိုတာတွေနဲ့ လေ့လာစောင့်ကြည့်မှု မှတ်တမ်းများကို အခု ထုတ်ဝေမယ့် အစီရင်ခံစာ မှာ တွေ့ကြရမှာပါ။



-

ပအိုဝ်းအဖွဲ့ နဲ့ အစိုးရတို့ သုံးလအတွင်း ဗဟိုအဆင့်ဆွေးနွေးမယ်

1 comments



~




ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ စနေနေ့က တောင်ကြီးမှာ ဆွေးနွေး ညှိနှိုင်းကြပါတယ်။

လာမယ့် ၃ လ အတွင်း ဗဟိုအဆင့်ဆွေးနွေးပွဲ အစပြုဖို့ သဘောတူလိုက်ကြတယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ရေးထားပါတယ်။

သဘောတူညီချက်တွေထဲက တခုမှာတော့ "သတင်းမီဒီယာကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ရန်" လို့ တွေ့ရမှာပါ။

သူတို့တွေ မီဒီယာလုပ်ငန်း လုပ်ကိုင်ဖို့ဟုတ်ဟန်မတူပါဘူး။

ဆွေးနွေးခဲ့သမျှ မီဒီယာကို ချပြတဲ့အခါ ဘယ်အချက်တွေကိုပဲ ထုတ်ပြောနိုင်မယ် ဆိုတာတွေကို ရည်ရွယ်ဟန်တူပါတယ်။

မြန်မာ့အလင်းမှာ ဖော်ပြထားတဲ့ သတင်းကို ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Vsvf5uIKp4G67zU1_O6C9W9Pr2SWNPWoZDcbfuiI65BXT_vrHYeWzy3STkhMRxaeH98SrBhdYBXB41nZr-jOA631PIJmHPje2BPTqIM7rLaW4lDDf8lFEG90mvq6PVUOKKQMryDcf3uI/s1600/555.jpg ဖတ်နိုင်ပါပြီ။




~

သမ္မတဦးသိန်းစိန်က ဧရာဝတီတိုင်း ပျက်စီးလယ်များအတွက် မျိုးစပါး ကူညီ

0 comments

-





သန့်စင်ငြိမ်းချမ်း ~

ပြည်ထောင်စုအစိုးရက ဧရာဝတီတိုင်းအတွင်းရှိ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့်စပါးခင်း များ ပြန်စိုက်နိုင်ဖို့ မျိုးစပါး တင်း ၈ သောင်းကျော်ကို တိုင်းအစိုးရအဖွဲ့ထံ ထောက်ပံ့ပေးအပ်ခဲ့တာပါ။


ဧရာဝတီတိုင်း ကျောင်းကုန်းမြို့သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လာရောက်ပြီး မျိုးစပါး ၈၀,၉၈၅ တင်းအတွက် ထောက်ပံ့ငွေ ၄,၀၄၇.၉ သိန်းကျပ်ကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင် ထံ ပေးအပ်ခဲ့ပါ
တယ်တဲ့။


“ရေမြုပ်ပျက်စီးတဲ့လယ်တွေ အချိန်အားဖြင့် မှီတယ်ဆိုရင် ပြန်ပြီးတော့ စိုက်ရမှာပါ။ ပြန်စိုက်ဖို့ အတွက်လည်း မြို့နယ်တိုင်းမှာမျိုးတွေက ရှိပြီးသားဖြစ်ပါတယ်။ ဒီမျိုးအတွက် တိုင်းဝန်ကြီးချုပ်က ခင်ဗျားတို့ကို အလကား ပေး မှာ မဟုတ်ပါဘူး။ ဒီမျိုးဝယ်ဖို့အတွက် ကျနော်တို့တွက်ချက်ပြီးတော့ တိုင်းကနေတင်ပြတဲ့ ငွေကြေး အပေါ် မှာ နိုင်ငံတော်က တတ်နိုင်တဲ့အပိုင်းကနေ ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန် ကပြောခဲ့ တာပါ။



သမ္မတ ဦးသိန်းစိန် ရဲ့ မျိုးစပါး ကူညီထောက်ပံ့ခဲ့တဲ့ သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာက သန့်စင်ငြိမ်းချမ်း ရေးသားပေးပို့တဲ့ ဧရာဝတီတိုင်း ပျက်စီးလယ်ယာများအတွက် မျိုးစပါးများ အစိုးရ ထောက်ပံ့ ဆိုတဲ့ သတင်းအပြည့်အစုံကို ဖတ်နိုင်ပါတယ်။
-




-

နိဗ္ဗာန်ဈေးမှာ မင်းကိုနိုင်တို့ဆွဲတဲ့ပို့စကတ် $ 200 နဲ့ အရောင်းထွက်

2 comments

~




သတင်းနှင့်ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ
~

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုပေါ်ဦးထွန်း (မင်းကိုနိုင်)၊ ကိုဂျင်မီတို့ ပူးပေါင်းဆွဲသည့် ပို့စကတ်တခုကို စနေနေ့က ရန်ကုန်မြို့ နိဗ္ဗာန်ဈေးပွဲတော်တခုအတွင်း လေလံတင်ရောင်းချရာ အမျိုးသမီးငယ်တဦးက ဒေါ်လာ ၂၀၀ဖြင့် ၀ယ်ယူသွားသည်။

ကချင်နှင့်ရခိုင်ဒေသရှိကလေးငယ်များ ပညာရေးရန်ပုံငွေ နိဗ္ဗာန်ဈေးပွဲတော်ကို တော်ဝင်စင်တာတွင် ပြုလုပ်စဉ် ထိုသို့ ၀ယ်ယူသွားခြင်းဖြစ်သည်။

ဈေးပွဲတော်တွင် ရရှိသည့် အလှူငွေစုစုပေါင်း ကျပ်သိန်း၅၀ ခန့်ကို ကချင်နှင့်ရခိုင်ဒေသ ကလေးငယ်များ၏ ပညာရေးအတွက်သုံးမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲကို ရန်ကုန်အခြေစိုက်ပရဟိတလူငယ်အဖွဲ့ ၁၇ဖွဲ့က ပူးပေါင်း ပြုလုပ်ခြင်းဖြစ်သည်။

ဓါတ်ပုံအရိုက်ခံအရုပ်များပုံစံ သရုပ်ဆောင်ထားသူများ နှင့် ဓါတ်ပုံအရိုက်ခံနေသည့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ

လူငယ်များနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်

လေလံတင်မည့် ပို့စကတ်ကို ပူးပေါင်း ရေးဆွဲနေသည့် ၈၈ မျိုးဆက်ခေါင်းဆောင်နှစ်ဦး

ပို့စကတ်ကို ဒေါ်လာ ၂၀၀ဖြင့် ၀ယ်ယူသွားသူ ညီအစ်မ


ဆိုင်ခန်းများကို လိုက်လံ အားပေး ကြည့်ရှုနေသော ၈၈ မျိုးဆက်ခေါင်းဆောင်



၈၈ ခေါင်းဆောင်နှင့် လူငယ်အဖွဲ့ကပေးသည့် လွယ်အိတ်လက်ဆောင်

လွယ်အိတ်တွင် မြင့်မြတ်တဲ့စစ်ပွဲဆိုတာ ဘယ်တော့မှ မရှိသလို ဆိုးဝါးတဲ့ငြိမ်းချမ်းရေးဆိုတာလည်း ဘယ်တော့မှ မရှိပါဘူး ဟု ရေးထိုးထားသည်။




~


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved