ဆရာမောင်ဝံသရဲ့ကျန်းမာရေးအခြေအနေ

Thursday, July 18, 2013



ဖေဖေ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ(၁၈.၇.၁၃)


မနေ့က ဖေဖေ့ဆီ နဲနဲလေး စောပြီး ရောက်တယ်။
ရောက်ရောက်ချင်း အခန်းထဲ ၀င်တော့ ဖေဖေ့က အိပ်ရာပေါ်မှာ လှဲလျက်ရှိနေတယ်။
ဖေဖေက မြင်မြင်ချင်း ဟာ သမီး....တဲ့။ ဖေဖေ့လက်ကို ကိုင်ပြီး ဆုပ်နယ်ပေးနေတုန်း ဖေဖေက သမီးနဲ့ မတွေ့ရတာ ကြာပြီတဲ့။ မြေးလေးရော နေကောင်းရဲ့လားတဲ့။ တရက်လောက် ခေါ်လာပါလားတဲ့။

ဒီရက်ထဲ ကိစ္စ၀ိစ္စတွေ များစွာကြား နစ်မြုပ်ရင်း ဖေဖေ့ဆီ မရောက်တာ ရက်အနည်းငယ်ရှိသွားပြီလေ။
မောင်နှမတွေ ရောက်တုန်းဆိုတော့ အိမ်ကနေ လိုတာလုပ်ပေးရင်း ဖေဖေ့သတင်းကို
နားထောင်နေခဲ့တာကိုး။

အမထိုက် ပြောပြချက်အရ ဖေဖေ သက်သာတယ်ဆိုတာကို သိထားတော့ တော်တော် ၀မ်းသာမိပါတယ်။ စိတ်လဲ ချမိပါတယ်။
တကယ်တမ်း ဖေဖေ့ကို တွေ့လိုက်ရတော့ ထင်ထားတာထက် ပိုပြီး လန်းလန်းဆန်းဆန်း ဖြစ်နေတာကို မြင်ရတဲ့အခါ တော်တော်လေး အားတက်မိတယ်။

ဖေဖေက ထမင်းလဲ တော်တော်စားနိုင်တယ်။ ညာဘက်လက်ဖျားလေးလဲ လှုပ်နိုင်တယ်။
လေးချောင်းထောက်နဲ့ လမ်းလျှောက်စကျင့်နေပြီလို့ ပြောတယ်။

ဖေကြီး သားသမီးတွေ ရောက်လာလို့ မီးမီးကို မေ့နေပြီ ထင်လို့ မလာတာဆိုတော့
အော် သားသမီးတွေလာတော့ အားရှိတာပေါ့ ဒါပေမယ့် မမေ့ပါဘူးတဲ့။

ဖေဖေက စကားလဲ တော်တော်လေး သွက်အောင် ပြောနိုင်လာတယ်။ ဖေဖေ့ ငယ်သူငယ်ချင်းဦးမြင့်မောင်မောင် တောင်ကြီးက ဖုန်းဆက်တာတောင် ပြန်ပြောနိုင်နေပြီ။

ဦးမျိုးမြင့်ညိမ်းပေးလိုက်တဲ့ ပဲ့တင်သံဂျာနယ်ကိုလဲ ခေါင်းအုံးလေး လက်အောက်က ခုပြီး ပေးထားလိုက်တာ စိတ်ဝင်တစား ဖတ်နေသေးတယ်။
စာဖတ်လို့ မရဘူးဆိုပေမယ့် မောင်လေးဆရာဝန်က ပြောတယ်လေ...တသက်လုံး ဒီလို နေလာတဲ့သူတစ်ယောက်က အခြား ဘာမှ စိတ်မ၀င်စားဘူး။ သူ စိတ်ဝင်စားတဲ့ အရာနဲ့မှ ပြန်ပြီး ထူမတ်မှာတဲ့။ ဒါကြောင့် သင့်ရုံလောက်တော့ ခွင့်ပြုပေးထားတယ်တဲ့။

ဖေကြီးရဲ့ ထူးခြားချက်တစ်ခုက နေ့စွဲတွေ အကြောင်းအရာတွေကို တခုချင်း စနစ်တကျ သူ့အကန့်နဲ့သူ မှတ်မိနေတတ်တာပါ။ ကျမတို့နဲ့များ ကွာပါ့။

ကျမတို့ကို ဖေဖေက တခု လုပ်ခိုင်းရင် တခုမဟုတ် တခု လိုနေတတ်တယ်။ အရည်အချင်းကလဲ မိုးနဲ့မြေလို ကွာတာကိုး....နော။
ဒါဆို ဖေဖေက ရှင်ဘုရင်က ခွေးကြည့်ခိုင်းသလို မလုပ်နဲ့လို့ ပြောပါတယ်။
ဒါကြောင့် တခုခုဆို အချက်အလက် မစုံပဲ ဘာမှ မပြင်ဆင်ထားပဲ အကြောင်းအရာတစ်ခုကို ဖေဖေ့ရှေ့ ချမပြရဲပါဘူး။ သွားမမေးရဲပါဘူး။

ဖေဖေ ခိုင်းထားတဲ့အလုပ်ကို ဖေဖေ့ဆီ မသွားခင် တ၀က်လောက်ပြီးထားမှပဲ သွားရဲပါတယ်။ မေးလိုက်တဲ့အခါ ဒိုးဒိုးဒေါက်ဒေါက် မဖြေနိုင်ရင် သူ့ဆီက question တွေ တရစပ်ထွက်လာတဲ့အခါ မျက်စိသူငယ်နားသူငယ်ဖြစ်လွန်းလို့ပါ။

ဘာပဲပြောပြော မနေ့ညက အပျော်တ၀က်နဲ့ အိမ်ပြန်လာခဲ့ရပါတယ်။

လွတ်လပ်စိုး

လွတ်လပ်စိုးရဲ့ Facebook ကနေ ကူးယူ ဖော်ပြပါတယ်။



.

1 comments :

  1. Anonymous said... :

    အမြန်ဆုံးကျန်းမာပါစေ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved