Showing posts with label Min Naing Thu. Show all posts
Showing posts with label Min Naing Thu. Show all posts

“သတင်းတွေကနေ မြစ်ဖျားခံလာတဲ့ သရော်သီချင်းတွေပေါ့”

Thursday, August 14, 2014 0 comments

 ~



 


အွန်လိုင်းတွင် နိုင်ငံရေး သရော်သီချင်းများ ရေးသား သီဆိုတင်ဆက်မှုဖြင့် လူသိများလာသော The Villager အဖွဲ့ဝင် တဦးလည်းဖြစ်၊
မုံရွာတက္ကသိုလ် မြန်မာစာဌာနတွင် လက်ရှိ သရုပ်ပြဆရာတဦးလည်း ဖြစ်သူ ကိုကျော်ဝေဖြိုးကို သီချင်းများ ရေးသားသီဆိုမှုနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းသတင်းထောက် မင်းနိုင်သူက တွေ့ဆုံမေးမြန်းထားပါတယ်။ 

ဆက်စပ်
http://burma.irrawaddy.org/entertainment/2014/03/25/56691.html
http://blog.irrawaddy.org/2013/09/blog-post_1.html

  •  The Villager အဖွဲ့က ရေးသားသီဆိုပြီး အွန်လိုင်းပေါ်မှာ ဖြန့်ခဲ့တဲ့ သီချင်းအရေအတွက် ဘယ်လောက် ရှိသွားပြီလဲ။

  ဆယ့်ရှစ်ပုဒ်လောက် ရှိနေပြီဗျ။ သံပတ်စက်ရုပ်ဆိုတဲ့ သီချင်းလေးက စတယ်။
အဲဒီအချိန်က လင်းလင်းရဲ့ သံမဏိလိပ်ပြာ သီချင်းက ထွက်ပြီးစအချိန် ကျနော်တို့ကလည်း သတင်းတွေမှာပါတဲ့ အကြောင်းအရာတွေကို သရော်ချင်လာတာနဲ့ သံပတ်စက်ရုပ်ဆိုပြီး ခေါင်းစဉ်ပေးလိုက်တာပဲ။
အဲဒီသီချင်းက စတင်ပြီး အခုဆိုရင် ဆယ်ရှစ်ပုဒ်လောက် ရှိနေပြီပေါ့လေ။


  •   The Villager အဖွဲ့မှာ အဖွဲ့ဝင် ဘယ်နှစ်ဦးရှိလဲ။ သီချင်းတွေကို ဘယ်လို arrange လုပ်လဲ။

  အတီးသမား ၅ ယောက် ရှိပါတယ်။ ကျနော့်အိမ်က စတူဒီယိုလေးထဲမှာပဲ သီချင်းတွေ တီးကြ ၊ သွင်းကြပါတယ်။
  •   အွန်လိုင်းမှာ တွေ့နေရတဲ့ သီချင်းတွေကို ရေးတဲ့သူတွေက ဘယ်သူတွေလဲ။

 အားလုံး ကျနော်ပဲရေး ၊ ကျနော်ပဲ ဆိုပါတယ်။ သူငယ်ချင်းတွေက ကူပြီး တီးပေးကြ ၊ Harmony လိုက်ပေးကြတယ်။


  •  အွန်လိုင်းပေါ်မှာ နားထောင်ရတဲ့ သီချင်းတွေက သရော်တဲ့ ပုံစံတွေ များတယ်နော်။ ဘယ်လိုအကြောင်းကြောင့် ဒီလိုစာသားတွေ ရေးဖြစ်တာလဲ။

 ကျနော်တို့က နေ့စဉ်သတင်းတွေ ဖတ်တယ်ဗျာ။ စောင့်ဖတ်တော့ သတင်းတွေထဲမှာ တချို့လူကြီးတွေ ဖြစ်ပြီး မတော်မလျော် ပြောတာတွေကို တွေ့တယ်။ ဖတ်ရတယ်။ အဲဒါတွေကို သရော်ချင်လာတယ်။ ဒါနဲ့ပဲ သရော်တဲ့ သီချင်းလေးတွေ ရေးဖြစ်ဆိုဖြစ် သွားတယ်။ ပြောရမယ်ဆိုရင်တော့ သတင်းတွေကနေ မြစ်ဖျားခံလာတဲ့ သရော်သီချင်းတွေပေါ့။

  •   တဖက်မှာလည်း အစိုးရ၀န်ထမ်း ဖြစ်နေတော့ ဒီလိုသရော်တဲ့ သီချင်းတွေ ဖန်တီးရတာ စိုးရိမ်စိတ် မ၀င်ဘူးလား။

 မ၀င်ပါဘူးဗျာ။  မုံရွာမှာ   လူငယ်ဖိုရမ် လာလုပ်တော့ ၀န်ကြီး ဦးအောင်မင်း တက်တယ်။ အဲဒီပွဲမှာပဲ ကျနော့်သီချင်းတွေကို ဆိုပြဖြစ်တယ်။ သူလည်း ကျနော့်သီချင်း နားထောင်ပြီး ရယ်နေတာပါပဲ။
  •   အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ သီချင်းတွေက တိုတယ်နော်။

  ဟုတ်တယ်ဗျ။ ကျနော်တို့ နိုင်ငံမှာက အင်တာနက်လိုင်း မကောင်းတော့ သီချင်းတွေကို ခပ်တိုတိုပဲ တင်ရတယ်လေ။ ဒါမှ ကြည့်ရ ၊ နားထောင်ရမယ့် သူအတွက်လည်း အဆင်ပြေနိုင်မယ်လေ။ သီချင်းတွေကို တိုတိုနဲ့ ထိမိအောင် ရေးရတဲ့အတွက် တချို့ပရိသတ်တွေ နားမလည်တာလည်း ရှိတယ်ဗျ။ သတင်းတွေနဲ့ အဆက်မပြတ်တဲ့ ပရိသတ်ကတော့ နားမလည်စရာ မရှိပါဘူး။ ကျနော်က current ဖြစ်နေတဲ့ အကြောင်းအရာလေးတွေ ရေးတာ ဆိုတော့လေ။
  •   ကိုကျော်ဝေဖြိုးတို့ အနေနဲ့ ဒီတေးသီချင်းတွေကို ဘာတွေ ဆက်လုပ်သွားဖို့ အစီအစဉ် ရှိလဲ။

  အခုနှစ်ကုန်ပိုင်းမှာ စီးရီးတခု ထွက်နိုင်ဖို့ ကြိုးစားနေတယ်။ အဲဒီစီးရီးကို ရန်ကုန်မှာပဲ တီးမယ်။ Recording လုပ်မယ်။ ရန်ကုန်ကပဲ ဖြန့်မယ်။ သီချင်းပုံစံ (Style) ကတော့ အခုလို သရော်သီချင်းလေးတွေလည်း ပါမယ်။ အခြားသီချင်း အမျိုးအစားတွေလည်း ပါမယ်။

 



.

မုံရွာအာဇာနည်နေ့

Saturday, July 19, 2014 0 comments

~



မုံရွာမြို့ အာဇာနည်နေ့ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။


၄၃၆ အတွက် ပန်းရဲ့လမ်းဂီတအဖွဲ့ မုံရွာမှာလှုံ့ဆော်

Tuesday, July 15, 2014 0 comments





 ~



 

အခြေခံဥပဒေ  ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်  လှုံ့ဆော်နေတဲ့ ပန်းရဲ့လမ်းအဖွဲ့ဟာ ယမန်နေ့က မုံရွာမြို့ကို ရောက်ရှိလာပြီး ဒေသခံ တို့ကို   ဖျော်ဖြေပေးနေကြပါတယ်။


မုံရွာတက္ကသိုလ်ရဲ့ ပထမဆုံးသောပန်းချီပြပွဲ

Monday, July 14, 2014 0 comments

 ~





မုံရွာတက္ကသိုလ်စာပေနှင့်အနုပညာအသင်းက ကြီးမှူး၍ ပထမဆုံးပန်းချီပြပွဲပြသမှုအဖြစ် ရောင်စဉ်သစ်ပန်းချီပြပွဲတစ်ရပ်ကို မုံရွာတက္ကသိုလ်အဆောင်(D)တွင် ယနေ့ စတင် ခင်းကျင်းပြသသည်။

“တက္ကသိုလ်ဆိုတာ စာချည်းသာ သင်ကြားပေးအပ်တဲ့ နေရာ မဟုတ်ပါဘူး။
ကျောင်းသူကျောင်းသားတွေ ကျောင်းက ထွက်ပြီး လူ့လောကထဲကို ၀င်ရောက်သွားချိန်မှာ တတ်သိတတ်အပ်တဲ့ ပညာရပ်တွေ ၊ လူသားပီသတဲ့ခံစားမှုတွေ တပါတည်း ပါသွားဖို့လိုပါတယ်။
အဲဒီရည်ရွယ်ချက်တွေအတွက် ဒီပန်းချီပြပွဲက အထောက်အကူပြုနိုင်မယ့်အချက်တစ်ခုပါပဲ” ဟု
မုံရွာတက္ကသိုလ်စာပေနှင့် အနုပညာအသင်း ဥက္ကဌ ဒေါက်တာဇော်မြင့်နီက ပြောသည်။

မုံရွာတက္ကသိုလ်၏ ရောင်စဉ်သစ်ပန်းချီပြပွဲကို ယနေ့မှစတင်ကာ ဇူလိုင်(၁၈) ရက်နေ့အထိ ပန်းချီကားပေါင်း(၈၉)ကားဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်သည်။

ပန်းချီပြပွဲတွင် မုံရွာတက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ ပန်းချီလက်ရာများအပြင် ချင်းတွင်းရေကြည်အဖွဲ့မှ ပန်းချီဆရာကြီးများ၏ ပန်းချီကားများကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။

“ ပန်းချီဆရာကြီးတွေရဲ့ပန်းချီကားတွေနဲ့ ပူးပေါင်းပြသခြင်းအားဖြင့် ကျောင်းသားတွေလည်း ပန်းချီဆရာကြီးတွေရဲ့ ရေးနည်းရေးဟန်တွေကိုလေ့လာနိုင်မယ်။ လာရောက်ကြည့်ရှုသူတွေကိုလည်း ပိုမိုဆွဲဆောင်နိုင်မယ်”ဟု စာပေနှင့်အနုပညာအသင်းအတွင်းရေးမှူး ဦးအေးဝင်းက ပြောသည်။

ပြခန်းအတွင်း ရေဆေးကား(၅၅)ကား ၊ Acrylic (၁၈)ကား ၊ Pestal(၈)ကား ၊ Graphic (၇)ကား ပြသထားပြီး ပန်းချီကားများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မုံရွာတက္ကသိုလ်စာပေနှင့်အနုပညာအသင်း ၊ ခြေလျင်တောင်တက်အသင်း ၊ ကြက်ခြေနီအသင်းတို့သည် ယခင်က အသင်းသာ ရှိသော်လည်း ရုံးခန်းသီးသန့် မရှိခဲ့ရာမှ ယခုလအတွင်း အသင်းများအတွက် အခန်းများ ရရှိခဲ့သည်။


 

မင်းနိုင်သူ 


.

မုံရွာရဲ့ ဇူလိုင် ၇ ရက်နေ့ အစီအစဉ်တခု

Saturday, July 5, 2014 0 comments

.

 

  


ဆဲဗင်းဂျူလိုင်အရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင်(၇)ရက်နေ့ တနင်္လာနေ့တွင် မုံရွာမြို့ ၊ မြစန္ဒာခန်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဆဲဗင်းဂျူလိုင်သမိုင်းကြောင်း ပြန်ပြောင်းပြောပြမှုများ ၊ ကျောင်းသားသမိုင်းပြဇာတ်တင်ဆက်မှုများ ၊ သံချပ်ဖျော်ဖြေမှုများဖြင့် ညနေ(၃း၃၀)မှ (၇း၀၀) နာရီထိ ကျင်းပသွားမည်ဖြစ်သည်။

 
တက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်(မုံရွာ)က စီစဉ်ခြင်း ဖြစ်ပြီး ထိုကွန်ရက်ကို မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊
မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊
မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။











မုံရွာတက္ကသိုလ်တွင် အမှိုက်ကောက်ခြင်း

Tuesday, July 1, 2014 0 comments


 ~

 
မုံရွာတက္ကသိုလ် ကျောင်းသားများ စုဖွဲ့ထားသည့် "ထာဝရအလင်းတန်းများ" လူမှုရေးအဖွဲ့က စနေနေ့တွင်  တက္ကသိုလ်ဘုရားသန့်ရှင်းရေး၊ ကျောင်းဝင်းအတွင်း အမှိုက်ကောက်လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ကြသည်။

ရှစ်လေးလုံး ၂၅ နှစ်မြောက် နဲ့ တွန်းတိုက်ကြသူများ

Friday, August 2, 2013 0 comments

.
ရှစ်လေးလုံး လှုပ်ရှားမှု ၂၅ နှစ်ပြည့်မှာ တွေ့ရမယ့် ပန်းချီပြပွဲတခုအကြောင်း ပန်းချီဝါသနာရှင်များ ၊ ပန်းချီကားစုဆောင်းလိုသူများ သိရအောင် လက်တို့ချင်ပါတယ်။


“တွန်းတိုက်ကြသူများ” လို့ အမည်ပေးထားတဲ့  ပန်းချီမောင်မောင်စောရဲ့တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်-ပြည်လမ်းရှိ ဂျက်ဆင်ဟောလ်မှာ လာမယ့် ၈ ရက်နေ့ကနေ ၁၅ ရက်နေ့ အထိ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

ပန်းချီမောင်မောင်စောက သူ့ပြပွဲတင်ကားတွေအကြောင်း အခုလို ရှင်းပြပါတယ် ...

“မြန်မာ့နိုင်ငံရေး အရွေ့တခုကို ပုံဖော်ပေးနိုင်ခဲ့ကြတဲ့  အဓိကဇာတ်ကောင်တွေကို ရေးဆွဲထားတာပါ၊
၈လေးလုံးအရေးတော်ပုံမှာ ကျဆုံးခဲ့ရတဲ့ မ၀င်းမော်ဦးက ဒီမိုကရေစီရမှ အမျှဝေပါလို့ ပြောခဲ့တယ်။
အခုကျနော်တို့ အမျှဝေလို့ရပြီလားဆိုတာကိုလည်း တွေးကြည့်စေချင်လို့ မ၀င်းမော်ဦး ကျဆုံးချိန်ကားလေးကိုလည်း ရေးဆွဲဖြစ်ခဲ့တယ်”


၁၉၉၄ခုနှစ်ကစလို့ အစုလိုက်ပန်းချီပြပွဲတွေမှာ ပါဝင်ပြသခဲ့တဲ့ ပန်းချီမောင်မောင်စောအတွက် ၂၀၀၃ ခုနှစ်မှာ တကိုယ်တော်ပြပွဲ တကြိမ်ပြသခဲ့ပြီးနောက် ယခုပြပွဲဟာ ဒုတိယမ္ပိ တကိုယ်တော်ပြပွဲဖြစ်ပါတယ်။

 ပန်းချီကားတွေကို ခရိုင်းလစ် ၊ ရေဆေးတို့နဲ့ ရေးဆွဲထားတာဖြစ်ပြီး ပန်းချီကားပေါင်း (၁၀၀) ကျော် ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။

မင်းနိုင်သူ




.


“ ဒါ….ရေးစရာလား”

Tuesday, July 9, 2013 0 comments


 တနေ့သ၌ အကျွန်ုပ်သည် အိမ်ရှေ့ ဧည့်ခန်းဆောင်တွင် အကြော်တစ်ပန်းကန်နှင့်  ကောက်ညှင်းပေါင်းတို့ကို နံနက်ခင်း အဟာရအဖြစ် ဖြည့်တင်းနေစဉ် ရပ်ဆော်ရွာဆော် ဒူဝေေ၀သမား မောင်မောင်ဖွတ်ရောက်လာလေ၏။

“အဟမ်း….အဟမ်း”
သကောင့်သား မောင်မောင်ဖွတ်ကား သူလာနေသည်ကို ကျွန်ုပ်မြင်တွေ့နေသည်ကို သိလျက်နှင့် ချောင်းဟန့်သံပေးနေသေး၏။

 သို့ဖြစ်ရာ ကျွန်ုပ်လည်း ဆွဲလက်စ ကောက်ညှင်းပေါင်းကို ဆက်ဆွဲရင်း ခေါင်းမမော့တော့ဘဲ

“လာလေ….မောင်ဖွတ်…ဘယ်က လှည့်လာသလဲ” ဟူ၍သာ တုန့်ပြန်လိုက်သည်။

“အစ်ကို့ဆီ သက်သက်လာခဲ့တာပဲဗျ။ ဆွေးနွေးစရာလေးတွေ ရှိလို့”

 “အင်း….ဆိုစမ်းပါဦး…..ဆွေးနွေးချင်တယ်ဆိုတော့လည်း ….ဆွေးနွေးရတာပ… အဲ…. ဆွေးနွေးချင်တယ်ပြောလာလို့ ဆွေးနွေးပေးနေချိန်မှာ အမြင်မတူတာတွေ ပြောမိဆိုမိရင်တော့လည်း ခေါင်းတော့ ရိုက်ခွဲမသွားနဲ့မောင်….မင့်တို့ဂိုဏ်းဝင်တွေတော့ ငါတော်တော်လှန့်တယ်”

 “ဒီလိုအစ်ကိုရာ….အခုတလော ဘုန်းကြီးတွေ ဦးဆောင်လုပ်နေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာကြီးက ×××ပလပ်×××ပလပ်×××တော်တော် ဟော့ခ်နေတယ်နော်××××ပလပ်-××××ပလပ်”

စကားစသည်နှင့် အကျွန်ုပ် ဧည့်မခံသော ကောက်ညှင်းပေါင်းကို အနှီမောင်မောင်ဖွတ်သည်  ပလုတ်ပလောင်း ထိုးသွင်းစားသောက်ရင်း စကားတဖြတ်၊ ပလပ်×××ပလပ် တဖြတ်ဖြင့် ဗလုံးဗထွေး စတင်ဆွေးနွေးလေတော့၏။

“အဲတော့…ဘာဖြစ်တုန်း”

အကျွန်ုပ် မ,တည်ခင်းသော အကြော်နှင့်ကောက်ညှင်းပေါင်းကို ခြေသွက်လက်သွက် ၀ါးမျိုနေသည်ကို  ကြည့်မရသဖြင့် အကျွန်ုပ်လည်း ဘုတောလိုက်သည်။

“အဲဒီအမျိုးစောင့်ဥပဒေအပေါ်×××ပလပ်×××အစ်ကိုဘယ်လိုသဘောရလဲ”

 “ဘယ်လိုမှ သဘောမရဘူး”

အကျွန်ုပ် မကျေနပ်သဖြင့် စကားကို တုံးတိတိပြောနေသော်လည်း ရပ်ဆော်ရွာဆော် ဒူဝေေ၀သမား မောင်မောင်ဖွတ်ကား အရိပ်သုံးပါး နားမလည်။

“ဟ….ဘာဖြစ်လို့လဲအစ်ကိုရ….တကယ်ဆို အစ်ကိုတို့ သတင်းသမားတွေက ဒီကိစ္စကို ပြောရဆိုရမယ်မို့လား”

 “ဘာလိုမှ သဘောမရသလို…. ဘာကိုမှလည်း ပြောဆိုနေမှာ မဟုတ်ဘူးကွာ။  ဥပဒေရေးဆွဲလို့ရတာ ၊ အတည်ပြုလို့ရတာက လွှတ်တော်အမတ်မင်းတွေကွ….
လွှတ်တော်အမတ်မင်းတွေ လုပ်ရမယ့်အလုပ်ကို မဲပေးပိုင်ခွင့်တောင် မရှိတဲ့ သံဃာတွေက ၀င်လုပ်နေတယ်ဆိုကတည်းက မင့်မျိုးစောင့်ဥပဒေ ဆိုတာကြီးက လမ်းချော်နေပြီ”

 “အဟဲ….ဒါလည်း ….ဟုတ်တာပဲ”

အကျွန်ုပ်တို့ သတင်းသမားများ၏ ပြောဆိုချက်ကို ထောက်ခံလေ့မရှိသော မောင်မောင်ဖွတ်ထံမှ “ဒါလည်း….ဟုတ်တာပဲ”ဟူသည့် ထောက်ခံသံကို ကြားလိုက်ရ၍ အကျွန်ုပ်၏ နားများ ဂျီးကပ်နေရော့သလားဟု တွေးမိသည်။

“ဟုတ်တော့လည်း ဟုတ်ပါတယ်….ဘုန်းကြီးတွေအနေနဲ့ သူတို့က ဘာသာတရားကို အရင်စောင့်ရှောက်ပြသင့်တယ်ဗျ…..နှော”

ထောက်ခံမှုလေးရထား၍ ကျေနပ်မိမလိုလိုရှိစဉ် သံဃာတွေဖက် စကားက လှည့်ထွက်သွားသည့်အပြင် “နှော”ဆိုသည့်စကားလုံးဖြင့် ထောက်ခံချက်ပြန်တောင်းနေပြန်သည်။

 မောင်မောင်ဖွတ် ဘာတွေ မဟုတ်မဟတ်ပြောဦးမည်မသိ၍ အကျွန်ုပ်လည်း သူ့အလိုသို့ မလိုက်ပါဘဲ ခပ်မဆိတ်သာနေလိုက်လေ၏။
အကျွန်ုပ်က ခပ်မဆိတ်သော်လည်း အနှီသကောင့်သားကား မတိတ်။

“ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုလည်း ဗုဒ္ဓဘာသာနိုင်ငံ မဟုတ်လားဗျာ။ ဘုန်းကြီးတွေလည်း အများကြီးရှိတာပဲ။
 ဒါပေမယ့် ထိုင်းနိုင်ငံမှာတော့ ဘုန်းကြီးဝတ်နဲ့ လူမြင်ကွင်းမှာ ပိုက်ဆံလှည့်အလှူခံတာမျိုးတို့…. ဘောလုံးကွင်းထဲမှာ ဘောလုံးပွဲကြည့်နေတာမျိုးတို့…..ညပိုင်း ကျင်းပတဲ့ ပွဲလမ်းသဘင်တွေမှာ တွေ့ရတာမျိုးတို့ မရှိဘူးနော်”

 “ဟိတ်ကောင်…….မင့်ဟာ မျိုးစောင့်ဥပဒေကနေ ဘုန်းကြီးတွေဖက်လှည့်သွားပြန်ပလား……ဘာကြီးလဲဟ”

 “လှည့်ရမယ်ဗျ….လှည့်ရမယ်…..အမျိုးဘာသာ၊ သာသနာကို အရမ်းကို ထွန်းကားချင်နေတဲ့ ဘုန်းကြီးတွေကိုယ်တိုင်က ဒါတွေကို စောင့်ထိန်းဖို့ မလိုဘူးလားဗျာ”

 “အာကွာ….ဒီကောင့်နှယ် ခက်ပါဘိ….စားသောက်ဆိုင်တွေထဲထိဝင်ပြီး အလှူခံနေတဲ့ ဘုန်းကြီးတိုင်းက ဘုန်းကြီးအစစ်မဟုတ်ပါဘူးကွ”

၂၀၀၇ခုနှစ် စက်တင်ဘာလအတွင်းက သံဃာများသည် မောင်မောင်ဖွတ်တို့၏  ဘဘကြီးများကို ပတ္ထနိက္ကုစ္ဇနကံဆောင်ခဲ့ကြသဖြင့် သံဃာများကို အခဲမကြေဖြစ်နေသော မောင်မောင်ဖွတ် စိတ်ပြေလိုပြေငြား အကျွန်ုပ် ဖာဖာထေးထေး ပြောသော်လည်း အနှီသကောင့်သားကား မရပ်။

“တော်စမ်းပါဗျာ……ဘောလုံးကွင်းထဲအထိ ၀င်ပြီး ဘောလုံးပွဲကြည့်နေတာရော ဘယ်သူတွေလဲ၊ တချို့နေရာတွေမှာဆိုဗျာ….သင်္ကန်းကိုတောင် ခေါင်းတောင်းမြှောင်အောင် ကျိုက်ပြီး ဘောလုံးကန်နေကြသေးတာဗျ၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေမှာ ထိပ်ဆုံးက ရှုစားတော်မူနေကြတာကရော ဘယ်သူတွေလဲ”

မောင်မောင်ဖွတ် သူ့စကားကို အတောမသတ် တရစပ် ဆက်လွှတ်၏။

“ဘယ့်နှယ်ဗျာ…. ခုဆို ကျွန်ုပ်တို့ရဲ့ နိုင်ငံတော် ဆိုတာကြီးက  ဒီမိုကရေစီဆိုတဲ့ စနစ်ကြီးနဲ့ လမ်းသစ်ဖောက်နေပြီမို့ နိုင်ငံခြားသားတွေ အများကြီး ၀င်လာတော့မှာဗျ။ အဲဒီနိုင်ငံခြားသားတွေသာ ဘုန်းကြီးတွေဒီလိုလုပ်နေတာကို တွေ့သွားရင်တော့ ဗုဒ္ဓဘာသာယဉ်ကျေးမှုကိုအခြေခံပြီး ပြစားရမယ့် ကျနော်တို့ရဲ့ ခရီးသွားလုပ်ငန်းကြီးလည်း ဂိပြီပေါ့ဗျာ။
ဘုန်းကြီးတွေ ဘောပွဲကြည့်၊ ပွဲသွား၊ သင်္ကန်းဝတ်တချို့ စားသောက်ဆိုင်တွေထဲထိ ငွေတောင်းလုပ်နေတာတွေကို ဘုန်းကြီးတွေကိုယ်တိုင်က မကြီးကြပ်သင့်ဘူးလား။
အမျိုးဘာသာ၊ သာသနာကို အမှန်တကယ်စောင့်ထိန်းချင်တယ်၊ ကမ္ဘာ့အလယ် တင့်တယ်ချင်တယ်ဆိုရင် အဲဒီအလုပ်တွေကို သူတို့ အရင်တာဝန်ယူဖြေရှင်းပေးရမှာဗျ။ ဒါမှ ကျုပ်တို့ နိုင်ငံတော်ကြီးအတွက်လည်း ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းကနေ ၀င်ငွေတွေ ရမှာပေါ့ ၊ ဘာသာသာသနာကိုလည်း အစော်ကားမခံရမှာပေါ့ ဟုတ်ဘူးလား”

 “ဟုတ်တယ်…..အဲ…..ဟုတ်ဘူး…×××ဖလူး…ဖလူး××အာ…သိဘူးကွာ…မင့် ဘာတွေ လာပြောနေတာတုန်း×××ဖလူး×××ဖလူး”

ချက်ကျလက်ကျ ထိုးနှက်လိုက်သော မောင်မောင်ဖွတ်စကားကြောင့် အကျွန်ုပင် ယောင်ယမ်းကာ ဟုတ်တယ်လိုက်မိသွားသဖြင့် သောက်လက်စ ရေနွေးအသီးခံရင်း ဟုတ်တယ်ဆိုသောစကားကို အလျှင်အမြန်ပြန်ရုတ်သိမ်းလိုက်ရ၏။

 မရုတ်သိမ်း၍လည်း မဖြစ်၊ ထိုဂန်းမသားကား စကားကို နှစ်ခွ ပြောတတ်သဖြင့် သတိထား ပြန်ပြောနိုင်မှ တော်ကာကြသည်။ မတော် သူပြောသောစကားကို အကျွန်ုပ်ပြောလိုက်ပါသည်ဆိုပြီး သံဃာတော်များထံ ပြန်ပြောနေပါက မခက်ပါလား။

“ဟုတ်တယ်တွေ….မဟုတ်ဘူးတွေ လုပ်မနေနဲ့ဗျ…အစ်ကိုတို့ သတင်းသမားတွေက ဒါတွေကို ဝေဖန်ထောက်ပြ ဖော်ထုတ်ရေးသားသင့်တာပေါ့ဗျ”

နိဂုံးကမ္ပတ်အဆုံးသတ်တွင် မောင်မောင်ဖွတ်စကားက အကျွန်ုပ်တို့ သတင်းသမားများထံ လှည့်လာကာ သံဃာတော်များနှင့် ထိပ်တိုက် တည်ပေးနေပြီဆိုသည်ကို သိလိုက်သော အကျွန်ုပ်လည်း ၎င်းကို ဘရိတ်ဆွဲအုပ်လိုက်ရ၏။

“ဟိတ်ကောင်…..တော်တန် တိတ်…..မင့်ရည်ရွယ်ချက် ငါသိတယ်။ အစိုးရအဖွဲ့ဝင်တစ်ယောက်က ပြောကတည်းက ငါသိတယ်။
သံဃာတွေ ဦးဆောင်လုပ်နေတဲ့ အမျိုးစောင့်ဥပဒေဆိုတာ လူထုအကြား စကားစစ်ထိုးပွဲအဆင့်ပဲ ရှိပါတယ်လို့ သူပြောကတည်းက ငါသိတယ်။
သံဃာနဲ့လူထုကို ရန်ပြန်တိုက်ပေးနေတာကွ…ဂန်းမသားရ….အဲဒီတော့….ဒီအကြောင်းတွေကို ငါက ရေးစရာလား…ရေးစရာလား”

အကျွန်ုပ်စကား ဆုံးသည်နှင့် အနှီ သကောင့်သား မောင်မောင်ဖွတ်လည်း ကုပ်ချောင်းကုပ်ချောင်းဖြင့် လှည့်ပြန်သွားလေသတည်း။

       မင်းနိုင်သူ ~



.


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved