ခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို သမ္မတ နှုတ်ထွက်ခွင့် ပြု

Thursday, September 6, 2012 7 comments



ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီ သတင်းထုတ်ပြန်မှု တခုမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ဖြင့် အမိန့် ကြေညာ ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အခုတလော လွှတ်တော်များနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး အကြား အငြင်းပွားမှုတွေ အရှိန်မြင့်နေ ချိန်မှာဘဲ အခု နောက်ဆုံးတော့ သမ္မတ ဦးသိန်းစိန်က အမိန့် အမှတ် ၂၉/ ၂၀၁၂ နဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်တွေရဲ့ သူတို့ သဘောဆန္ဒအလျောက် ရာထူး မှ နှုတ်ထွက်တောင်းဆိုထား မှုကို ခွင့်ပြုလိုက်ပါတယ်။


နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။


(၁) ဦးသိန်းစိုး - ဥက္ကဋ္ဌ
(၂) ဒေါက်တာတင်အောင်အေး - အဖွဲ့ဝင်
(၃) ဒေါ်ခင်လှမြင့် - အဖွဲ့ဝင်
(၄) ဦးထွန်းကြည် - အဖွဲ့ဝင်
(၅) ဦးစိုးသိန်း - အဖွဲ့ဝင်
(၆) ဦးခင်ထွန်း - အဖွဲ့ဝင်
(၇) ဦးဆန်းမြင့် - အဖွဲ့ဝင်
(၈) ဦးမြင့်ကြိုင် - အဖွဲ့ဝင်
(၉) ဒေါ်မိမိရီ - အဖွဲ့ဝင်

တို့အား ခုံရုံးအဖွဲဝင် တာဝန်များက မိမိတို့ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ကို ခွင့်ပြုလိုက်ကြောင်း

ပုံ
သိန်းစိန်
နိုင်ငံတော် သမ္မတ ဟု လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ခုံရုံး/လွှတ်တော်တိုက်ပွဲမှာ ပြန်ကြားရေးဌာန ကြားညှပ်ပြီ

6 comments

~



ခင်ဦးသာ ~



အခြေခံဥပဒေဆိုင်ရာခုံရုံး နဲ့ လွှတ်တော်အကြား အငြင်းပွားနေတဲ့ ပြည်ထောင်စု အဆင့် ပြဿနာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုဝေဖန်တဲ့ ဆောင်းပါးတစောင် အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာမှာ စက်တင်ဘာ ၂ ရက်နေ့က ပါလာပါတယ်။

“Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ရေးသူက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ဒု ပါမောက္ခချုပ်၊ ဒေါက်တာမာလာအောင် ဖြစ်ပါတယ်။

ခုံရုံးကမှန်တယ်၊ လွှတ်တော်က မှားတယ်လို့ ဆောင်းပါးက ဆိုပါတယ်။

ပြည်သူ့လွှတ်တော်မှာတော့ ဒီဆောင်းပါးကြောင့် ပွဲဆူသွားပါပြီ။

မှန်ကန်မှု မရှိတဲ့ အမြင်တွေ နဲ့ တင်ပြထားတဲ့ ဆောင်းပါးဖြစ်တယ်လို့ လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် က ပြန်တုံ့ပြန်ပါတယ်။

ဆောင်းပါးရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပါပုံကို ဖော်ပြထားပြီး၊ အလွယ်တကူ ပြင်ဆင်နိုင်တဲ့ ကိစ္စ မဟုတ်ကြောင်းလည်း ရေးထားတဲ့အတွက် ဆောင်းပါးရှင်ရဲ့
ရည်ရွယ်ချက်၊ ဖော်ပြချက်တွေရဲ့ နောက်ကွယ်မှာ ပယောက တစုံတရာ ရှိနေသလားလို့ ကော်မရှင်က မေးခွန်းထုတ်ထားပါတယ်။ ဒီအချိန်မှာ
မီးလောင်ရာ လေပင့်မလုပ်သင့်ကြောင်းလည်း ကော်မရှင်က ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် လွှတ်တော်က ပညာရေးဌာန၊ ပြန်ကြားရေးဌာနတို့ကိုလည်း ဆောင်းပါးအကြောင်း လွှတ်တော်မှာ လာရှင်းဖို့ စာပို့ခဲ့ပါတယ်။

ဆောင်းပါးရှင်ဟာ လက်ရှိတာဝန်ထမ်းနေခြင်း ဟုတ်မဟုတ်??

ပညာရေး ဒု ၀န်ကြီး ဦးအေးကြူက ဒေါက်တာမာလာအောင်ဟာ ဒုပါချုပ်တယောက် ဖြစ်တယ်၊ သို့သော်လည်း ဒီဆောင်းပါးက ပညာရေးဌာနနဲ့ မသက်ဆိုင်ကြောင်း လွှတ်တော်မှာ ဖြေဆိုပါတယ်။

နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုကို တွက်ဆပြီး ဖော်ပြပေးခြင်း ဟုတ်မဟုတ်??

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဒီမေးခွန်းကို ဖြေဖို့ အချိန်ယူရအုံးမယ်၊ တနင်္လာနေ့မှာ လာရောက် ဖြေကြားမယ်လို့ လွှတ်တော်မှာ သွားပြောခဲ့ပါတယ်။

လွှတ်တော်ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ရှိမရှိ အခြေခံဥပဒေဆိုင်ရာ ခုံရုံး နဲ့ လွှတ်တော် အကြား အငြင်းပွားမှုက အဆုံးမသတ်သေးပါဘူး။

နှစ်ဘက်စလုံးက တစက်မှ အလျှော့ပေးမယ့်ပုံ မရှိတဲ့ ဒီပြဿနာကြီး ဘယ်တော့ အဆုံးသတ်မယ်ဆိုတာလည်း မသိရသေးပါ။

ပြည်သူ့လွှတ်တော်မှာတော့ ဒီအကြောင်း စစ်ဆေးမယ့် စုံစမ်းရေးအဖွဲ့ ဖွဲ့ထားပါပြီ။ ဒီအဖွဲ့မှာ ပါဝင်သူတွေနဲ့ ပတ်သက်ပြီး ခုံရုံးက ကန့်ကွက်ခဲ့လို့ လွှတ်တော်က နည်းနည်း လျှော့ပေးပါတယ်၊ စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌဦးနန္ဒကျော်စွာ နေရာမှာ ဦးသိန်းဆွေ နဲ့ အစားထိုးပေးလိုက်တာပါ။

သို့သော်လည်း စုံစမ်းရေးအဖွဲ့ကတော့ သူတို့ရဲ့ ဆင့်ခေါ်ချက်ကို ခုံရုံးလူကြီးမင်းတွေက "မခန့်လေးစား" လုပ်ခဲ့တယ်လို့ မနေ့က လွှတ်တော်မှာ ချပြလိုက်ပါတယ်။
သူတို့က ရုံးမှာ "ရုံးချိန်ပြည့်" စောင့်ဆိုင်းခဲ့ပေမယ့် ခုံရုံးလူကြီးမင်းတွေ ပေါ်မလာဘူး၊ စာလည်း ပို့မလာဘူး လို့ ဆိုပါတယ်။

ဒါကတော့ ခုံရုံး/လွှတ်တော် အငြင်းပွားမှု နောက်ဆုံးအခြေအနေပါပဲ။

ခုံရုံးနဲ့လွှတ်တော်တို့ရဲ့တိုက်ပွဲကြီးမှာ အစိုးရဌာနတွေ အထူးသဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ကြားညှပ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဆက်စပ် -

နေပြည်တော်က သပွတ်အူ ဇာတ်တော်ကြီး




~

နယ်စပ်က ကြိတ်ကြိတ်တိုးအလှူ

0 comments



ပြည်တော်မြင့် ~

ဒီနေ့ပြုလုပ်တဲ့မဲဆောက်ဆန်လှူပွဲ (ဓာတ်ပုံများ - ဧရာဝတီ)

ထိုင်းဘတ်ငွေ ၂ သန်းဖိုး ကုန်ကျတဲ့ အလှူပွဲကြီးတခု ဒီနေ့မွန်းလွဲ ၃ နာရီက မဲဆောက် တရုတ်ဘုံကျောင်းမှာပြု လုပ်ခဲ့ပြီး မဲဆောက်နဲ့ မြ၀တီက မြန်မာနိုင်ငံသား ၁၂,၀၀၀ ကျော် လာရောက်ခဲ့ကြပါတယ်။

ဒီအလှူငွေပမာဏဟာ ဒေါ်လာ ခြောက်သောင်းခွဲ သို့မဟုတ် ကျပ်သိန်း ငါးရာ့ငါးဆယ် ၀န်းကျင်နဲ့ ညီမျှတာပါ။

ဒီအလှူကို ဒေသခံ တရုတ်ကုန်သည်ကြီးများ စုပေါင်း ဖွဲ့စည်းထားတဲ့ မဲဆောက် စုပေါင်းကုသိုလ်ပြုဖောင်ဒေးရှင်းက စီစဉ်တာ ဖြစ်ပါတယ်။

လူတဦးအတွက်ပေးတဲ့ အထုပ်ထဲမှာ ဆန် ၅ ကီလို၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ငါးပိဘူးနဲ့ ပိတ်စတွေ ပါပြီး တထုပ်ကို တန်ဘိုးဘတ် ၂၀၀ ခန့် ရှိတယ် လို့ အလှူရှင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ နိုင်ဆူချတ်တီရပ်ဝပ်ထနာက သတင်းထောက်တွေကို ပြောပါတယ်။

ဥက္ကဋ္ဌပြောတာက ”ဒီလမှာ တရုတ်လူမျိုးတွေက ကွယ်လွန်သွားပြီးဖြစ်တဲ့ မိဘဆွေမျိုးသားချင်းတွေနဲ့ ဆွေမျိုးမဲ့သူတို့ရဲ့ ၀ိဉာဉ်တွေကို လွတ်ရာ လွတ်ကြောင်း အတွက် အလှူဒါနပြုကြတာဖြစ်တယ်၊ အယုတ်အလတ် အမြတ် မရွေးပါဘူး။ နှစ်စဉ် အများစုလာတာကတော့ မြန်မာတွေဖြစ်တယ်” လို့ ဆိုပါတယ်။

ဒီနေ့ပြုလုပ်တဲ့အလှူပွဲဟာ ၄၃ ကြိမ်မြောက်ဖြစ်တယ် လို့ ဥက္ကဋ္ဌက ပြောပါတယ်။

အလှူပွဲကိုလာတဲ့ မြန်မာတွေထဲက ထက်ဝက်လောက်ဟာ ကလေးငယ်တွေဖြစ်ကြပြီး တချို့ဆိုရင် ကျောင်းဖျက်ပြီး လာကြတဲ့ ကလေးတွေဖြစ်တယ်။ ကလေးတွေ ပြောတာက မိဘတွေနဲ့ လိုက်လာတာဖြစ်ပြီး မောင်နှမ များတဲ့ မိသားစုတွေအတွက် တွက်ချေကိုက်တယ်လို့ ပြောပါတယ်။

မဲဆောက်မြို့ဆာသူးလေ မြန်မာရွှေ့ပြောင်းအထက်တန်းကျောင်းက ဆရာမတဦးက ”ဒီနေ့ အတန်းထဲကကျောင်းသားတွေ အတော်လေး လျော့နေတယ်။ နောက်မှ သိရတာက ဆန်လှူပွဲသွားကြတယ်လေ။ အခြားကျောင်းတွေမှာလည်း ဒီလိုဘဲ” လို့ အဲဒီ ဆရာမက ပြောပါတယ်။

ဒီနှစ်မှာ ဆန်လှူပွဲလာတဲ့လူတွေ နည်းသွားပြီး အရင်နှစ်တွေကဆိုရင် လူ နှစ်သောင်းနီးပါးလောက် လာတယ်၊ ဆန်လှူပွဲ လာတဲ့လူတွေကို (နေထိုင်ခွင့် သွားလာခွင့် လက်မှတ် မပြနိုင်ရင်တောင်) ဖမ်းတာဆီးတာတွေ မလုပ်ကြဖို့ မဲဆောက်ရဲ၊ စစ်တပ်နဲ့ ထိုင်း လ၀က အဖွဲ့တွေကို အလှူရှင်အဖွဲ့က မေတ္တာရပ်ခံထားတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆန်လှူပွဲလာတဲ့လူတွေကို ပြောရဆိုရတာ အခက်အခဲတွေ ရှိတာကြောင့် လုံခြုံရေးအတွက် ဒေသအခြေစိုက် ထိုင်းစစ်တပ်ကို အကူအညီတောင်းခဲ့ရတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။

ဒါတောင်မှ ဒီနေ့ အလှူမှာလာတဲ့မြန်မာတွေ ရန်ပွဲဖြစ်လို့ မြန်မာသတင်းထောက်တွေ ၀င်ရောက်ဟန့်တားခဲ့ရပါသေးတယ်။



















ထိုင်းရဲ ကျွဲရိုင်းဝှေ့ခံရခြင်း

0 comments

~




တိတ် ~


ကျွဲရိုင်းဝှေ့ခံရတယ်ဆိုလို့ ထိုင်းရဲက တကယ့် ကျွဲရိုင်း အဝှေ့ခံရတာ မဟုတ်ပါဘူး။ မြန်မာလို ကျွဲရိုင်းလို့ လူသိများတဲ့ ထိုင်းလို ကရထင်ဒဲန်င် အင်္ဂလိပ်လို Red Bull စွမ်းအားကောင်းဖျော်ရည် (Energy Drink) ရဲ့ မြေးဖြစ်သူက ထိုင်းရဲ တယောက်ကို သူ့ရဲ့ ဖာရာရီ (Ferrari) ကားနဲ့ တိုက်လိုက်တာပါ။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ရဲ အရာခံဗိုလ် ဝိချီယမ် ကလန်ပရာစတ် (Wichean Glanprasert) က ဆိုင်ကယ်ကို သူ့ကားရှေ့ ရုတ်တရက် ဖြတ်ချလိုက်တာမို့ တိုက်မိသွားတာလို့ အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ ကျွဲရိုင်းလေး ဝိုရာယု ယိုဝစ်ယာ (Vorayuth Yoovidya) က ဆိုပါတယ်။

အတိုက်ခံရတဲ့ ရဲကတော့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။

ဝိုရာယုဟာ မဆင်မခြင်ကားမောင်းပြီး လူသေစေမှု၊ ထွက်ပြေးတိမ်းရှောင်မှု စတာတွေနဲ့ စွဲချက်တင်ခံရပေမယ့် ဘတ်ငွေ ၅ သိန်း အာမခံနဲ့ လွတ်သွားပါတယ်။

ဒါပေမယ့် အမှုကို တာဝန်ယူရတဲ့ ဒုရဲဗိုလ်ချုပ်ကြီး ကွမ်ရွန်ဝစ် ထုကရာကျန်ခ် (Comrowit Toopgrajank) ကတော့ ဒီအမှုကို ပြီးတဲ့အထိ ကိုင်တွယ်သွားမယ်၊ ဒီအတိုင်းပြီးသွားမယ်ဆိုရင်တော့ သူ ရာထူးက ထွက်မယ်လို့ ပြောပါတယ်။

“သူတို့တွေ ဘယ်လောက်အစွမ်းထက်ထက် ကျနော် ဂရုမစိုက်ဘူး၊ တကယ်ပြစ်မှုကျူးလွန်တဲ့သူကို အပြစ်မပေးနိုင်ဘူးဆိုရင် ကျနော် တာဝန်က နှုတ်ထွက်မယ်” တဲ့။

အသားတင်ကြွယ်ဝမှု ဒေါ်လာ ၅.၄ ဘီလီယံရှိတဲ့ ကျွဲရိုင်းလေးရဲ့ မိသားစုဟာ ထိုင်းနိုင်ငံမှာ စတုတ္တမြောက် အချမ်းသာ ဆုံးလို့ Forbes မဂ္ဂဇင်းက ဒီနှစ်မှာ အဆင့်သတ်မှတ်ထားပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။



~



လက်ပန်းတောင်းလယ်သမားများ သဘောထား ထုတ်ပြန်

0 comments

~



စစ်ကိုင်းတိုင်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေ သိမ်းပိုက်ခံထားရတဲ့ ဒေသခံ ရွားသူ၊ ရွာသာတွေရဲ့ သဘောထားကြေငြာ ချက်ကို ယနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ ကြ ပါတယ်။

ဒေသခံ တောင်သူများ ရဲ့ သဘောထားများကတော့ ယခု လက်ရှိ အခြေအနေမှာ စီမံကိန်းကြောင့် ဖြစ်ပေါ် လာမယ့် ဘေးထွက်ဆိုးကျိုးများကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ လယ်ယာမြေ ပျက်စီး ဆုံးရှုံးမှု အနည်းငယ် ပုံစံပြောင်းလဲရန်၊ ယာမြေများကို မဖြစ်မနေ ဆုံးရှုံးရ မည်ဆိုလျှင် ကာလပေါက်ဈေး ထက်မနည်း လျှော်ကြေးပေးရန်၊ ရွာများကိုပြောင်းရွေ့ပေးရမည်ဆိုပါက အရည်အသွေးပြည့် ရေမီးအစုံ နေအိမ်များ စီစဉ်ပေးရန်နှင့် လက်ပံတောင်းတောင်ရှိ သမိုင်းဝင်ဘာသာရေး အဆောက်အဦးများစေတီများကို မပျောက် ပျက်အောင် ထိမ်းသိမ်း ထားရှိရန် အစရှိတဲ့ သဘောထားများကိုကြေငြာခဲ့ပါတယ်။

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် အသိမ်းခံထားရသည့် မြေများ ပြန်ရရှိရေး အတွက် မူရင်းယာပိုင်ရှင် ကျေးရွာပေါင်း(၂၆) ရွာနေ တောင်သူများ အားလုံးမှ ယနေ့မှာ သဘော ထားထုတ်ပြန်ခဲ့ကြတာလည်းဖြစ်ပါတယ်။





~

မီနီဝက်ဂွန်ကပေးနိုင်တဲ့ အဆုပ်ကင်ဆာ

0 comments

~




မြန်မာပြည်သွင်းတဲ့ ချယ်ရီဝက်ဂွန်တွေမှာ ကင်ဆာဖြစ်မယ့်ပစ္စည်း မပါဘူးလို့ စက်မှုဝန်ကြီးဌာနက ပြောတယ် တဲ့။ စစ်ဆေးကြည့်တာတော့ မဟုတ်ပါဘူး၊ ကုမ္ပဏီက ပြောလို့ သိတာပါ လို့ ၀န်ကြီးဌာနက ဆိုပါသတဲ့။ ဈေးရောင်းသူရဲ့ အဖြေကို ၀န်ကြီးဌာနက ယုံကြည်နေပုံပါပဲ။
ဒီအကြောင်း ဒီနေ့ထွက်လာတဲ့ မြန်မာ့အလင်း သတင်း မှာ ရေးထားပါတယ်။

ချယ်ရီမီနီမှာပါတဲ့ ကျောက်ဂွမ်းဆိုတာ ဘာလဲ၊ ဘယ်နေရာမှာ သုံးသလဲ၊ ဘယ်လို ဖယ်ထုတ် အစားထိုးမလဲ၊ ချယ်ရီကားမောင်းရင် ကင်ဆာ ဘယ်လိုဖြစ်မလဲ ဆိုတာတွေကို Tech Space ဂျာနယ်က ဆောင်းပါးတပုဒ်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ် -

မြန်မာပြည်ရောက် ချယ်ရီ မီနီမှာ ကျောက်ဂွမ်းပါမပါ နှင့် ကာကွယ်ရန်
အောင်ခမ်း (TSJ Tech Team)

လက်တလော ချယ်ရီရဲ့ သတင်းဆိုးကြောင့် မြန်မာပြည် ချယ်ရီကားဈေး ကွက်ကို ထိခိုက်သွားပါတယ်။

နဂိုကတည်းက လူပြောများတဲ့ ချယ်ရီမီနီ ပြန်လည်သိမ်းဆည်းရတဲ့ သတင်းကြောင့် ချယ်ရီဆို သတိထားနေကြပါပြီ။ ဘရာဇီး၊ ဥရုဂွေး၊ ချီလီ၊ အာဂျင်တီးနား၊ စင်ကာပူ စတဲ့ နိုင်ငံများကို တင်သွင်းတဲ့ Chery ရဲ့  ကား brand တစ်မျိုးကို ပြန်လည် ခေါ်ယူစေတာဖြစ်ပါတယ်။ အမျိုးအစားကတော့ Chery Tiggo ဖြစ်ပါတယ်။ ပါဂျဲရိုးတို့လို SUV ကားကြီးအမျိုးအစား ဖြစ်ပါ တယ်။ ချယ်ရီမီနီမဟုတ်ပါဘူး။ အစီးရေကတော့ ၁၈၈၇၅ စီး ဖြစ်ပါတယ်။

ဂရိတ်ဝေါတို့လို တရုတ်နာမည်ကြီးကားကုမ္မဏီက သြစတေးလျမှာ နာမည်ပျက်ပြီးနောက် ချယ်ရီက နောက်ဆက်တွဲ ဖြစ်ပါတယ်။ သိမ်းဆည်း ရတဲ့အကြောင်းအရင်းက ကားအစိတ်အပိုင်းများမှာ ကျောက်ဂွမ်း ပါဝင် မှုကြောင့် ဖြစ်ပါတယ်။

ကျောက်ဂွမ်း (Asbestos) ကို အကြမ်းဖျင်း အရင်သိအောင်မိတ်ဆက်ရပါအုံးမယ်။ Asbestos ကတော်တော်ကို အသုံးများတဲ့ ကျောက်တစ်မျိုး ဖြစ်ပါတယ်။ အိမ်သုံး-ဖာနစ်ရှာတွေများ ပိုများပါတယ်။ ပိုက်တွေမှာလည်း သုံးပါတယ်။ List အတိုင်းသာဆိုရင် - လျှပ်စစ်ပစ္စည်း၊ သံပစ္စည်း၊ မော်တော်ယာဉ်အစိတ်အပိုင်း၊ မီးငြိမ်းသတ် ပစ္စည်း အစရှိသဖြင့် အပူဒဏ်ခံရမယ့် နေရာတွေမှာ အသုံးများပါတယ်။

အဓိက ရည်ရွယ်ချက်ကိုက အပူဒဏ်ခံစေဖို့ဖြစ်ပါတယ်။ ဒီတော့ မော်တော် ယာဉ်တွေလည်း မဖြစ်မနေသုံးခဲ့ကြပါတယ်။ အဓိကအသုံးပြု တဲ့နေရာ ကတော့ ပုံမှာပြထားတဲ့အတိုင်း တကယ့် အပူဒဏ်အကြီး ကြီးခံရမယ့် အစိတ်အပိုင်းမှာ အသုံးပြုထားပါတယ်။ ဘရိတ်၊ Gasket လို့ခေါ်တဲ့ လေ လုံပိတ်၊ မီးမကူး ကြားခံ ပစ္စည်း၊ အပူကာ၊ ဗားကွင်း၊ အပိတ်၊ ကလပ်၊ လိုင်နာ အပူခံ၊ အစရှိသဖြင့် နေရာစုံအသုံးပြုပါတယ်။

ဒီတော့ ဖြစ်လာတဲ့အကျိုးဆက်က ဒီလိုပါ အပူဒဏ်ဆက်တိုက်ခံရတဲ့ ယင်းကျောက်ဂွမ်းများက မီးလောင်ပြီးတော့ အငွေ့ထွက်ပါတယ်။ ယင်းထွက် လာတဲ့အငွေ့ကို ရှုရှိုက်နေရတဲ့အခါ ရေရှည်ဟာ အဆုပ်ကင်ဆာ တစ်မျိုးဖြစ် ပါတယ်။ တကယ်ကြားရခဲတဲ့ အဆုပ်ကင်ဆာ တစ်မျိုးဖြစ်တဲ့ mesothelioma အမျိုးအစား ဖြစ်ပါတယ်။ ဒီထက်မက အခြား ကျန်းမာရေး ပြဿနာ များစွာလည်း ရှိနေပါသေးတယ်။ ရောဂါက အချိန်ခဏတာ ရှုရှိုက်သူများအတွက်တော့ မသိသာပါဘူး။ သို့ပေမယ့် နှစ်လရှည်ကြာ ရှူရှိုက်မိရင်တော့ ကြိမ်းသေ ရောဂါလဏ္ခနာ ပြမှာ ဖြစ်ပါတယ်။

ဒါကြောင့် ၁၉၈၀ နောင်းပိုင်း ကမ္ဘာတစ်လွှားမှာ မော်တော်ယာဉ် အစိတ်အပိုင်းများတွင် ကျောက်ဂွမ်းအသုံးပြုခြင်းအား နည်းဥပဒေအမျိုးမျိုးနဲ့ တားဆီးခဲ့ပါတယ်။ သေချာတာကတော့ အမေရိကန်မှာ မသုံးတော့ပါ ဘူး။ ပြီးတော့ ဖွံ့ဖြိုးပြီးနိုင်ငံများရှိ စက်ရုံအများစုမှာ အသုံးမပြုတော့ပါဘူး။ သို့ပေမယ့် အကန့်အသတ်နဲ့ ခွင့်ပြုပြီး အသုံးပြုခြင်းကိုတော့ တရုတ်ပြည်မှာ ပြုလုပ်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အခုတော့ ချယ်ရီ ပြဿနာတက်ပါပြီ။ ဒီတော့ ချယ်ရီ မီနီမှာ ကျောက်ဂွမ်း သုံးမသုံး စဉ်းစားစရာ တွေဖြစ်လာပါတယ်။ မီနီကို အဓိက ပို့တဲ့နိုင်ငံများ ကတော့ အီရန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ တောင်အာဖရိက၊ ထိုင်း၊ ချီလီ၊ ဗီယက်နမ်၊ ပါကစ္စတန်၊ သီရိလင်္ကာ တို့ ဖြစ်ပါတယ်။ မြန်မာပြည်ပို့ တယ်ဆိုတာ ယင်းနိုင်ငံများကို ပို့တာထက် အစီးရေ နည်းနေ ပါသေးတယ်။ ဒီတော့ အဲဒီမှာ စင်္ကာပူတို့လို နိုင်ငံကြီးပါဝင်နေပါတယ်။ Gitto SUV တုန်းက စင်္ကာပူ၊ ချီလီ တို့ recall ပြန်လုပ်ခိုင်းပါတယ်။ ချယ်ရီ မီနီလည်း သူတို့ဆီမှာ ရှိနေပါတယ်။ ဒီတော့ ချယ်ရီ မီနီမှာ ကျောက်ဂွမ်းမပါဘူးလားလို့ စိတ်ဖြေချင်စရာ ဖြစ်လာပါတယ်။

သို့ပေမယ့် ကျောက်ဂွမ်းပါမပါဆိုတာကတော့ သက်ဆိုင်ရာ အစိုးရက တာဝန်ယူ စစ်ဆေးပေးသင့်ပါတယ်။ တကယ်ပါမပါကတော့ မြန်မာပြည် ဆိပ်ကမ်းကပ်လာတဲ့ မီနီတိုင်းကို လိုက်ကြည့်မှ သိမယ်ထင်ပါတယ်။ လက်ရှိလည်း မီနီနဲ့ တက္ကစီဆွဲနေသူပေါင်း မြောက်များစွာ ရှိပါတယ်။ သူတို့အားလုံးရဲ့ ကျန်းမာရေး အသက်အန္တရာယ်အပြင် လိုက်ပါစီးနင်းသူများ ရဲ့  အသက်အန္တရာယ်နဲ့လည်း နီးစပ်နေလို့ ဖြစ်ပါတယ်။ နိုင်ငံခြားမှာဆိုရင် အခွန်အခကြီးလို့ ကားတစ်စီးကို ကြာကြာမစီးပါဘူး။ မြန်မာပြည်မှာတော့ ကားတစ်စီးဆိုရင် နှစ်အတော်ကြာ ခိုင်းစားမှ တွက်ချေကိုက်တဲ့ အနေအထားမှာ ရှိပါတယ်။ ယခုလို နေ့စဉ် လုပ်ကိုင်စားသောက်နေ တဲ့ နိုင်ငံသားတွေရဲ့ ကျန်းမာရေးအတွက် ချယ်ရီမှာ ကျောက်ဂွမ်းပါမပါဟာ စိုးရိမ်စရာ ဂရက်တစ်ခုဖြစ် ရိုက်ခတ်နေပါတယ်။

ဒီတော့ ပါမပါ ကိုယ်တိုင် စစ်ဆေးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့ အစိတ်အပိုင်းများကိုပဲ အဓိက စစ်ဆေးပေးရပါ မယ်။ ကျောက်ဂွမ်းအသုံးပြုထားတဲ့ အစိတ်ပိုင်းများကို ဝပ်ရှော့မှာ သွားရောက်စစ်ဆေး နိုင်ပါတယ်။

ကျောက်ဂွမ်းဟာ အဖြူတစ်မျိုးတည်းမဟုတ်ပါဘူး။ ကားမှာအသုံးများတာက အညိုရောင်ကျောက်ဂွမ်း ဖြစ်ပါတယ်။ Gasket မှာဆိုရင်လည်း သေချာ ထွင်းထားတဲ့ ကျောက်ဂွမ်းအဝိုင်းကို မြင်တွေ့ရပါမယ်။ သို့ပေမယ့် တကယ် ကျောက်ဂွမ်းဟုတ်မဟုတ် စစ်ဆေးမှုကိုတော့ စာရေးသူလည်း ဝပ်ရှော့မှာ လုပ်ကိုင်သူ၊ သတ္တုအမျိုးအစား အသေးစိတ်နားလည်သူ မဟုတ်တဲ့အတွက် တပ်အပ်မပြောရဲပါဘူး။ သေချာလည်း မလေ့လာရသေး ပါဘူး။ တကယ် သိတတ် နားလည်သူများရဲ့ အကူအညီ ကို တောင်းပြီး ကျောက်ဂွမ်းပါတဲ့အစိတ်အပိုင်းများကို အစားထိုးတပ်ဆင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ငွေအကုန် အကျ နှစ်ခုထဲက တစ်ခုတော့ ရွေးရ မှာ ဖြစ်ပါတယ်။ ငွေအကုန်မခံနိုင် ရင်တော့ ကျောက်ဂွမ်း နဲ့ ဆက်လက် လုပ်ကိုင်နေရပါမယ်။

ဒီတော့ စာဖတ်သူများလည်း မိမိစီးတဲ့ ကားမှာ ကျောက်ဂွမ်းပါမပါ စစ်ဆေးပြီး ကျောက်ဂွမ်းမသုံးတဲ့ စပယ်ယာ အစိတ်အပိုင်းများအား အစားထိုးအသုံးပြုရန် တိုက်တွန်းလိုက်ရပါတယ်။
----

Tech Space ဂျာနယ်
http://techspacejournal.blogspot.com/



~


88 မျိုးဆက်နှင့် ဂျပန်ကောင်စစ်ဝန်တွေ့ဆုံ

0 comments



ယနေ့ နံနက် ၁၁း၀၀ ခန့်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံးမှ ကောင်စစ်ဝန် Mr.Hisanaga Tomioka သည် ၈၈ မျိုးဆက်ကျောင်းသားများရုံးသို့ရောက်ရှိလာပြီး ၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီတို့နှင့် ဂျပန် ကောင်စစ်ဝန် မစ္စတာ Mr.Hisanaga Tomioka တို့ဟာ ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဘာတွေ ဆွေးနွေးကြတယ်ဆိုတာတော့ အသေးစိပ်ကို ၂ ဖက်လုံးက ထုတ်ပြန်မှု မလုပ်သေးပါဘူး။


ဓာတ်ပုံ- 88 Generation Students

ဗိုလ်မှူးချုပ် ကျော်ဇော ဘယ်သူလဲ

0 comments

~



ရဲနည် ~



တရုတ်နိုင်ငံမှာ နိုင်ငံရေးခိုလှုံနေရတဲ့ အသက် ၉၃ နှစ်ရှိ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကူမင်းမြို့ ဆေးရုံကြီး တွင် အရေးပေါ် ဆေးကုသနေရပြီး နောက်ဆုံးအနေဖြင့် ရွှေတိဂုံဘုရားကို ဖူးမျှော်ရန် ဆန္ဒရှိနေကြောင်း ဧရာဝတီက မနေ့က သတင်းရေးသားပေးပို့ခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ မြန်မာ့တပ်မတော်ကို စတင်ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တရုတ်ပြည် ဟိုင်နမ်ကျွန်းပေါ်မှာ ဂျပန်ပေးတဲ့ စစ်သင်တန်းကို တတ်၊ ဘန်ကောက်မှာ လွတ်လပ်ရေးအတွက် သွေးသောက်သစ္စာဆိုပြီး မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းကြီးပါ။ သူ့အကြောင်း ဧရာဝတီက တပ်မတော်နေ့ အမှတ်တရ ဆောင်းပါးရေးခဲ့သလို သူကလည်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဧရာဝတီကို ရေးပို့ခဲ့ဖူးပါတယ်။

အခု သူ့ရဲ့ နောက်ဆုံးကာလများကို ဂုဏ်ပြုတဲ့ အနေနဲ့ ပြန်ဖော်ပြလိုက်ပါတယ်။

----------------------------------------------------

ရှင်သန်ဆဲ သွေးသောက်တဦး

ဗိုလ်မှူးချုပ် ကျော်ဇော (၁၉၁၉ - )

ရဲနည်

ဗိုလ်မှူးချုပ်ကျော်ဇောဟာ ရဲဘော်သုံးကျိပ်ဝင်တွေထဲက သက်ရှိထင်ရှား ကျန်ရှိနေသူ နှစ်ဦးမှာ တဦးဖြစ်တယ်။ မျိုးးချစ် စိတ်ဓာတ်ပြင်းထန်ပြီး လက်ဝဲယိမ်းတဲ့ ဗိုလ်ကျော်ဇော ဟာ ၁၉၄၄ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီထဲ ၀င်ခဲ့တယ်။ ပါတီက ရွေးချယ်တင်မြှောက်ထားတဲ့ ပါတီဗဟိုကော်မတီဝင်တဦးဖြစ်ပေမယ့် ပါတီရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲလှတယ်။ စစ်မြေပြင် က သူရသတ္တိပြောင်မြောက်မှုတွေကိုသာ လူသိများပါတယ်။

ဗိုလ်ကျော်ဇော ထင်ရှားကျော်ကြားခဲ့တာဟာ ၁၉၄၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အင်းစိန်တိုက်ပွဲမှာ စခဲ့တယ်။ ရန်ကုန်မြို့ မြောက်ဘက်ဆင်ခြေဖုံးနေရာတွေကို သိမ်းပိုက်ထားတဲ့ ကရင်သူပုန် တွေကို တိုက်ထုတ်ခဲ့တဲ့ သုံးလကျော်ကြာတိုက်ပွဲဟာ သူ့ရဲ့စစ်မှုထမ်းသက်တလျှောက် မေ့မရနိုင်တဲ့ အရှည်လျားဆုံးစစ်ပွဲ၊ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနဲ့ အန္တရာယ်အများဆုံး စစ်ပွဲလို့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာ ရေးသားခဲ့တယ်။ အင်းစိန်တိုက်ပွဲမှာ ဗိုလ်ကျော်ဇောဟာ သူ့တပ်ဖွဲ့တွေနဲ့အတူ အမြဲ ရင်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ သတ္တိပြောင်မြောက်တဲ့ တပ်မှူးတဦးအဖြစ် အထက်အရာရှိတွေနဲ့ စစ်သားဟောင်းကြီး တွေကလည်း အမှတ်ရကြတယ်။

ရှမ်းပြည်နယ်ထဲ ကူမင်တန်တပ်တွေ ကျူးကျော်ဝင်ရောက်မှုကို တပ်မတော်က တိုက်ထုတ်စဉ်ကလည်း ဗိုလ်ကျော်ဇော နာမည်ဟာ လူတိုင်းပါးစပ်ဖျားမှာ တဖွဖွပြောဆိုရတဲ့အထိ ဖြစ်ခဲ့တယ်။ ထိုင်း-မြန်မာနယ်စပ်တလျှောက် သူ့ရဲ့စွန့်စားခန်း တွေဟာ ဒဏ္ဍာရီဆန်ဆန်ပါပဲ။ မြန်မာတပ်တွေ ထိုင်းနိုင်ငံနယ်ခြားကို ဖြတ်သန်းခွင့်ရဖို့အတွက် ဘိန်းအရောင်းအ၀ယ်တခု မှာ ကူမင်တန်တွေလိမ်လိုက်တဲ့ ထိုင်းစစ်ဗိုလ်ချုပ်တယောက်နဲ့ ဗိုလ်ကျော်ဇော သဘောတူညီမှု ရယူခဲ့တယ်။

ထိုင်း-မြန်မာနယ်စပ်အနီး တောင်ထူထပ်တဲ့ ဒွိုင်တန်တောင်တန်းပေါ်က ကူမင်တန်တွေရဲ့ခံတပ်ကိုတိုက်ဖို့ စစ်ပြင်နေတုန်း ထိုင်းဆက်သွယ်ရေးအရာရှိတယောက်က ဒီခံတပ်ကိုသိမ်းပိုက်ဖို့ အချိန်ဘယ်လောက်ကြာမလဲလို့ မေးတဲ့အခါ “မနက် ၈ နာရီစတိုက်ရင် နောက်အကျဆုံး ညနေ ၄ နာရီ ငါတို့အလံကို တောင်ကုန်းပေါ်မှာ လွှင့်မယ်”လို့ ဗိုလ်ကျော်ဇောက အကြောင်းပြန်လိုက်တယ်။

အဲ့ဒီတိုက်ပွဲကိုကြည့်ဖို့ ထိုင်းနိုင်ငံဘက်အခြမ်းမှာ လူတသောင်းကျော် စုဝေးရောက်ရှိနေကြပြီး တချို့ဆိုရင် တိုက်ပွဲရဲ့ ရလဒ်ကို အလောင်းအစား လုပ်နေသူတွေတောင် ရှိခဲ့တယ်။ ဗိုလ်ကျော်ဇောဟာ သူပြောတဲ့အတိုင်း ညနေ ၄ နာရီမှာ မြန်မာအလံကို လွှင့်ထူနိုင်ခဲ့တယ်။

၁၉၅၇ ခုနှစ် ဧပြီလမှာ ဗိုလ်ကျော်ဇောရဲ့ကံကြမ္မာအပြောင်းအလဲဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ အမာခံစခန်းတခုကို ၀င်ရောက်စီးနင်းတိုက်ခိုက်ရာက ရှာဖွေတွေ့ရှိခဲ့တဲ့ အထောက်အထားတွေဟာ တပ်မတော်ရဲ့ လှုပ်ရှားမှုသတင်းတွေကို ကွန်မြူနစ်သူပုန်တွေထံ ဗိုလ်ကျော်ဇော ပို့ခဲ့တယ်လို့ဆိုပြီး ရာထူးကနေ အနား ပေးခဲ့တယ်။ တပ်မတော်ကနေ အနားယူခဲ့ပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးကို တက်တက်ကြွကြွထောက်ခံခဲ့တယ်။

၁၉၇၆ ခုနှစ်မှာ အစိုးရရဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတဲ့ကြားကပဲ ဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်ရာနယ်မြေဆီ ရှောင်ထွက်နိုင်ခဲ့တယ်။ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနဲ့ စစ်ကော်မရှင်အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ ပါတီတွင်းပြိုင်ဆိုင်မှုတွေ ကြောင့် ပါတီပြိုကွဲခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာတော့ ဗိုလ်ကျော်ဇော တရုတ်ပြည်ထဲ ၀င်ရောက်ခိုလှုံခဲ့ရတယ်။

အခုအခါ ၀ါရင့်တပ်မှူးကြီး ဗိုလ်ကျော်ဇောဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်လျက်ရှိ ပါတယ်။

--------------------------------------------------
ကျနော့်ရဲ့သူရဲကောင်း
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇)

ဗိုလ်မှူးချုပ်ကျော်ဇော

ဗြိတိသျှအုပ်စိုးတဲ့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားလာခဲ့တယ်။ အဲ့ဒီအချိန်က မြန်မာ့လွတ်လပ်ရေး အတွက် နယ်ချဲ့ဗြိတိသျှတွေကို ဆန့်ကျင်တွန်းလှန်တာဟာ မြန်မာ နိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်တရပ် ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဟာ ဒီတာဝန်ကို ဦးလည် မသုန် ထမ်းရွက်ခဲ့တယ်။ သူဟာ သူ့ပိုင်ဆိုင်မှုအားလုံးနဲ့ သူ့အသက်ကိုပါ စွန့်လွှတ်သွားခဲ့ သူ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ယုံကြည်ချက်ကနေ ဘယ်တော့မှ သွေဖည်မသွားဘဲ စွဲစွဲမြဲမြဲ လုပ်ကိုင်သွားသူ ဖြစ်တယ်။ သူကျဆုံးသွားချိန်အထိ ဘ၀တလျှောက်လုံး နယ်ချဲ့ကို ဆန့်ကျင်ခဲ့သူဖြစ်တယ်။ နယ်ချဲ့ဗြိတိသျှတွေနဲ့ စေ့စပ် ညှိနှိုင်းလို့ ယုံကြည်မှုတည်ဆောက်ခဲ့ပေမယ့် မြန်မာပြည် တစည်းတလုံးတည်း လွတ်လပ်ရေးရဖို့အတွက်ကို ဘယ်လို အပေးအယူမှ မရှိခဲ့ဘူး။

ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကိုတိုက်ယူရာမှာ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ လုပ်ငန်းကို အမျှော်အမြင်ရှိရှိနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ အင်အားကြီးတဲ့ ရန်သူကိုတိုက်ဖို့အတွက် စစ်တပ်တတပ်လိုတယ်ဆိုတာ သဘောပေါက် တယ်။ ဒါကြောင့် သူ့ခေါင်းဆောင်မှုအောက်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို လူ ၃၀ နဲ့ စတင်ဖွဲ့စည်းခဲ့တယ်။ လအနည်းငယ်အတွင်း ဗမာ့လွတ်လပ်ရေးတပ်မတော်ဟာ တပ်သားသစ်ထောင်ပေါင်းများစွာကို စုဆောင်းနိုင်ခဲ့တယ်။

စစ်တပ်ကိုဖွဲ့စည်းထူထောင်ခဲ့ပြီးနောက် ခေတ်မီတပ်မတော်ဖြစ်လာအောင်လည်း တပ်မတော်လေ့ကျင့်ရေးကျောင်းနဲ့ စစ်တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့တယ်။ တပ်မတော်ကို ခိုင်မာတဲ့ အဖွဲ့အစည်းတခုဖြစ်လာအောင် ဖန်တီးခဲ့တာ ဗိုလ်ချုပ် အောင်ဆန်းဖြစ်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်ဟာ အနာဂတ်တပ်မတော်ကို နိုင်ငံရေးနဲ့ ကင်းကင်းနေသင့်တယ်ဆိုပြီး လမ်းညွန်ခဲ့ပါတယ်။

နိုင်ငံရေးမျက်နှာစာမှာလည်း ဗိုလ်ချုပ်ဟာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အင်အားစုတွေကို စုစည်းနိုင်ခဲ့တယ်။ ပညာတတ် အထက်တန်းလွှာတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို တော်လှန်ရေးထဲပါဝင်လာအောင် စည်းရုံးနိုင်ခဲ့တယ်။

ဗိုလ်ချုပ် အောင်ဆန်းရဲ့ အပြောင်မြောက်ဆုံးဆောင်ရွက်ချက်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်သူတွေကို ပြန်လည်တိုက်ထုတ်ဖို့အတွက် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်ကြီးကို ဖန်တီးနိုင်ခဲ့ခြင်းပဲဖြစ် တယ်။ နောက်ထပ် ထူးခြားတဲ့အရည်အချင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံကို သူနဲ့အတူရပ်တည်ပြီး လွတ်လပ်ရေးကို အတူတကွတောင်းဆိုဖို့ စည်းရုံးနိုင်ခဲ့ခြင်းပါပဲ။

၁၉၃၅ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အထိ တိုတောင်းလှတဲ့ ၁၂ နှစ်တာကာလအတွင်း ကျောင်းသားခေါင်းဆောင်ဘ၀ကနေ အမျိုးသားခေါင်းဆောင်တယောက်ဖြစ်လာတာ ကျနော်တော့ အတော်အံ့ဩမိတယ်။

ကြီးမြတ်တဲ့ ခေါင်းဆောင်တိုင်းမှာ ရှိအပ်တဲ့အရည်အချင်းတွေအကုန်လုံး ဗိုလ်ချုပ်အောင်ဆန်းမှာရှိတယ်။ ကျနော်တွေ့ဖူးခဲ့ သမျှ ခေါင်းဆောင်တွေထဲမှာ အထက်မြက်ဆုံးခေါင်းဆောင်တယောက် ဖြစ်တယ်။ သူအလုပ်လုပ်တဲ့အခါ စွမ်းဆောင်ရည် အပြည့်ရှိတယ်။ အစည်းအဝေးခေါ်လိုက်တိုင်း ဘာဆွေးနွေးမလဲဆိုတဲ့အစီအစဉ် သူ့မှာ အမြဲရှိတယ်။ အစည်းအဝေးကို အချိန်မဖြုန်းဘဲ စနစ်တကျစီမံသွားနိုင်တယ်။ အစည်းအဝေးပြီးတဲ့အခါလည်း လူတိုင်းဟာ ကိုယ်ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားတယ်။

နောက်ဆုံးအနေနဲ့ အရေးပါတဲ့အရည်အသွေးတခုက ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုယ်ကျင့်သိက္ခာကြီးမားပြီး စိတ်ထက်သန် တဲ့ မျိုးချစ်ပုဂ္ဂိုလ်တယောက် ဖြစ်ခြင်းပါပဲ။ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့အတူ မြန်မာပြည်သူအားလုံးဟာ ဗိုလ်ချုပ် အောင်ဆန်းကို ချစ်ခင်မြတ်နိုးတမ်းတနေဆဲပဲလို့ ကျနော်ယုံကြည်ပါတယ်။


~

iPhone 5 လာတော့မယ်

0 comments



iPhone 5 ထွက်လာတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် တချိန်က iPhone 4S တွေလည်း ဈေးတွေ ထိုးကျ သွား ပါတယ်။

ထွက်လာမယ့် iPhone 5 က ဘယ်လို တွေ ကွာခြားမှာလည်း ခန့်မှန်းပြောဆိုသူတွေနဲ့ ဖုန်း ခရေဇီတွေ ကြား စကားပြောစရာ အဓိက အကြောင်းအရာ တခု ဖြစ်နေပါတယ်။


ဒီ စက်တင်ဘာလထဲ ဖြန့်ချီမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘယ်နေ့ဆိုတာ အခုထိ ဂဏန်း မငြိမ်သေးပါဘူး။ တချို့သတင်းတွေမှာ စက်တင်ဘာ ၁၂ ရက်နေ့ ဖြန့်ချီမယ်ဆိုတာတွေ့ရပါတယ်။


ဘာတွေ ကွာခြားပြီး ဘာတွေ ထူးခြားမယ်ဆိုတာ စောင့်ကြည့်ရမှာပါ။ လူတွေကတော့ စောင့်မျှော်နေကြရင်း လက်ထဲက iPhone 4S , 4, 3G စတာတွေလည်း ဈေးတွေ ထိုးကျကုန်ပါတယ်။ တချို့သတင်းတွေမှာ အမေရိကန် ဒေါ်လာ ၅၀ လောက်နဲ့ ရနိုင်တယ်လို့ ဆိုပါတယ်။



iPhone ကိုင်ချင်ပေမယ့် ဈေးမတတ်နိုင်သူများအတွက်တော့ မော်ဒယ်နိမ့်သွားတဲ့ အိုင်ဖုန်းတွေ ကိုင်နိုင်ဖို့ ဈေးကျချိန် စောင့်နေသူတွေအတ်ွက သတင်းကောင်းဖြစ်မှာပါ။








ဝန်ကြီးဌာန တခု ဖျက်သိမ်း၊ ၂ ခု ၁ ခု ပေါင်း

2 comments


သမ္မတ ဦးသိန်းစိန် လက်မှတ်ဖြင့် အမှတ် ၁ နှင့် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၂ ခုကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန တခုတည်းအဖြစ် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ထိုအပြင် ၀န်ကြီးဌာန တခုကို လည်း ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို သမ္မတ ဦးသိန်းစိန်က ဖျက်သိမ်းလိုက်ပါတယ်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်တွေကို ပြည်သူ့လွှတ်တော်က အစည်းအဝေးရဲ့ သဘောတူညီမှုတွေအရ အဆိုပါ ၀န်ကြီးဌာနတွေကို ပြင်ဆင်ပေါင်းစည်း၊ ဖျက်သိမ်းလိုက်တဲ့အကြောင်း ယနေ့ ထုတ် ကြေးမှုံ သတင်းစာ မှာ ဖော်ပြပါရှိပါတယ်။

ဆားလင်းကြီးက ၃ လောင်းပြိုင် သဂြိုလ်ပွဲ

1 comments

ဓာတ်ပုံ- Aung Nay Myo

ပုဒ်မ ၁၄၄၊ ဦးပိုင်၊ ဦးတရုတ်ကြီး ဆိုတဲ့ ၃ လောင်းပြိုင်သဂြိုလ်ပွဲကို စစ်ကိုင်းတိုင်း ဆားလင်းကြီးမှာ
ယမန် နေ့ စက်တင်ဘာ ၅ ရက်နေ့က လုပ်ခဲ့ပါတယ်။



ဖြစ်စဉ်ကတော့ တရုတ်ဝမ်ပေါင်ကုမ္မဏီနှင့် စီးပွားရေးဦးပိုင်လီမီတက် ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေ သိမ်းပိုက်ခံထားရတဲ့ ဒေသခံ ရွားသူ၊ ရွာသာတွေကို ကန့်သတ်တားမြစ် နေတဲ့ ပုဒ်မ ၁၄၄ ထုတ်ထားမှုခံထားရတာပါ။


ဒါကြောင့်၊စီမံကိန်း ဦးဆောင် လုပ်နေကြတဲ့ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီ လိမိတက်၊ တရုတ် ၀မ်ပေါင် ကုမ္ပဏီ တို့နဲ့အတူ ပုဒ်မ ၁၄၄ တို့ကို ခေါင်း အတု ၃ ခုလုပ်ပြီး မီးရှို့ သြ၈ိုလ်တဲ့ ပွဲ လုပ်ခဲ့ကြတာပါတဲ့။


သူတို့ဟာ ဈာပန ချပွဲ သဏ္ဍန် လုပ်ဆောင်ခဲ့ကြပြီး လူပေါင်း ၅၀၀ လောက် လိုက်ပါခဲ့ပြီး လုံခြုံရေး ရဲတွေနဲ့ တင်းမာမှု နည်းနည်းဖြစ်ခဲ့ပေမယ့် သဂြိုလ်ပွဲကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်လို့ သိရပါတယ်။


သူတို့ရဲ့ သိမ်းပိုက်ခံ လယ်ယာ မြေများကိုလည်း တိုက်ပွဲ ဆင်နွှဲပြီး ဥပဒေကို လေးစားလိုက်နာပြီး မတရားတဲ့ အမိန့်ကို ဖီဆန်ကာ ပြန်လည်ရယူသွားမယ်လို့ ဆိုပါတယ်။

လယ်သိမ်းခံ ဒေသခံ ရွာသူ၊ ရွာသားတွေအတွက် ဗကသ၊ ကွန်ရက်အစရှိသူတွေက ၀ိုင်းဝန်းအကျိုး
ဆောင် ပေးနေ ကြတယ်လို့ ပြောပါတယ် မကြာသေးမီက အကျိုးဆောင် တဦးဖြစ်တဲ့ ကိုဝေဠုကို အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုထိ ပြန်မလွတ်လာသေးဘူးလို့လည်း ဆိုပါတယ်။


ဓာတ်ပုံ- ပွင့်လင်း လူ့အဖွဲ့အစည်း - မုံရွာ






NLD ရဲ့ ၀ါးတရာ ရုံးခွဲ

0 comments


~




ရန်ကုန်ဆင်ခြေဖုံး ရွှေပြည်သာမြို့နယ် ၀ါးတရာကျေးရွာမှာ NLD ရုံးခွဲ ဖွင့်ပါပြီ။


ရုံးခန်းဖွင့်လှစ်ခြင်းအခမ်းအနားမြင်ကွင်းကို ဧရာဝတီ ရုပ်/သံမှာ တင်ဆက်ထားပါတယ်။


~

လှည်းကူးရေဘေး နဲ့ NLD အလှူ

0 comments


~




လှည်းကူးမြို့ ရေဘေးဒုက္ခသည်တွေကို NLD က သွားရောက် လှူဒါန်းနေပါတယ်။


ဒီအကြောင်းကို ဧရာဝတီ ရုပ်/သံမှာ ကြည့်နိုင်ပါပြီ။



~

"သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ"

Wednesday, September 5, 2012 4 comments

~



" သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ" လို့ ပြီးခဲ့တဲ့ရက်ပိုင်း မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ ချီတက်ဆန္ဒပြပွဲကြီးမှာ ပါဝင်ကြသူတွေက ၀ိုင်းဝန်းဆန္ဒပြုခဲ့ကြပါတယ်။


ဆန္ဒပြမြင်ကွင်းများကို ဧရာဝတီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။




~

ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းလုပ်ငန်း တဝက်ကျော်ပြီးစီး

0 comments


မြန်မာနိုင်ငံ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်မြို့အထိသွယ်တန်းမဲ့ ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုက် သွယ်တန်း မှုဓါတ်ပုံများ (မန္တလေးမြို့နှင့် နောင်ချိုမြို့ကြား)

ကောင်းမြတ်မင်း

မန္တလေးမြို့နှင့် နောင်ချိုမြို့အတွင်း ပိုက်လိုင်းများကို ပြန်လည်မြေမြှပ်ပြီးစီးသွားတဲ့ အခြေအနေကို မြင်တွေ့ခဲ့ ရပါတယ်။



ပိုက်လိုင်းလမ်းကြောင်း ၂ လိုင်းဖြစ်ပြီး ၁ လိုင်းမှာ ရွှေသဘာဝဓါတ်ငွေ့ သယ်ယူပို့ဆောင်ရန်နဲ့ တခြားတလိုင်း မှာ ရေနံသယ်ယူပို့ဆောင်ရန်ဖြစ်တယ်လို့သိရပြီး ပိုက်လိုင်းတလိုင်းနဲ့ တလိုင်းအကြား ပေ ၂၀ အကွာအဝေးခန့် မှာ တည်ရှိနေပါတယ်။




ရေနံတင်ပို့ဖို့ သွယ်တန်းထားတဲ့ပိုက်လိုင်းနဲ့ပတ်သတ်လို့ ဘယ်ဒေသက ထွက်မဲ့ရေနံကို တင်ပို့မယ်လို့ မသိရ သေးပေမဲ့ ပိုက်လိုင်းတခုက ရေနံတင်ပို့မှုအတွက် အဓိကထားတည်ဆောက်နေတာဖြစ်ကြောင်း ပိုက်လိုင်းစီမံကိန်းနဲ့ နီးစပ်သူတွေ ကပြောပါတယ်။



မြန်မာပြည်အနောက်ဘက် ရခိုင်ကမ်းလွန်ပင်လယ်ပြင်ကနေ မြန်မာနိုင်ငံအလယ်ပိုင်းမှအဆင့် အထက်ပိုင်း အထိဖြတ်သန်းသွယ်တန်းမဲ့ ရွှေသဘာဝဓါတ်ငွေပိုက်လိုင်းအဖြစ်သာ မြန်မာပြည်သူအများသိရှိရပြီး အဲဒိပိုက် လိုင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုတော့ နှစ်နိုင်ငံလုံးကတာဝန်ရှိသူတွေအနေနဲ့ အသိပေးပြော
ကြား ခြင်းမရှိသေးပေမဲ့ လက်ရှိမန္တလေးနဲ့ နောင်ချိုးအကြား ပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းများမှာ ၆၀ ရာခိုင်နှုန်း ကျော်လောက်ပြီးစီးနေပါပြီ။


ပိုက်လိုင်းသွယ်တန်းမှုနောက်ပိုင်း ပိုက်လိုင်းတလျောက် မီးရထားလမ်းတည်ဆောက်မဲ့ လုပ်ငန်းတွေလည်း ရှိသေးကြောင်း နီးစပ်သူတွေကဆိုပါတယ်။



ရွှေသဘာဝဓါတ်ငွေပိုက်လိုင်းနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကိုတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေ အသိပေးပြောဆိုတာမရှိသလို မည်သည့်ဝန်ကြီးဌာနလက်အောက်ကနေ လုပ်ဆောင်နေတယ်ဆိုတာကို လည်း မြန်မာအစိုးရဘက်က တရားဝင်ထုတ်ဖေါ်ပြောဆိုတာလည်းမရှိပါ။




 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved