မောင်းတောမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

Friday, June 8, 2012 3 comments


ရခိုင်ပြည်နယ် မောင်းတော မြို့မှာတော့ ဒီကနေ့ညကစတင်ပြီး ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာကို ကူးယူဖော်ပြပေးလိုက်ပါတယ်။


ရိုဟင်ဂျာ တိုင်းရင်းသားမဟုတ်ကြောင်း ၈၈ တို့ ပြောဆို

4 comments


၈၈ မျိုးဆက်ကျောင်းသားများက ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသား မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါပြီ။

ကိုမင်းကိုနိုင် : ကတော့

"အရင့်အရင်တုန်းက တရားဥပဒေ ဖောက်ဖျက်ကျူးလွန်ရန် တရားခံအစစ်ကို ရှာဖွေပြီးတော့ စစ်ဆေး အပြစ်ပေးတဲ့ နေရာမှာ ပွင့်လင်းမြင်သာမှု နည်းခဲ့တာမျိုး၊ …. ဒီတော့ လူတချို့ရဲ့ စိတ်ထဲမှာ တရား ဥပဒေရယ်၊ တရားစီရင်ရေးစနစ်ရယ်၊ ပြီးတော့ ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးခြင်းအပေါ်မှာ သံသယရှိလာတယ်။ အားမလို အားမရ ဖြစ်လာတယ်။

အဲဒီ့အခါကျတော့ စိုးရိမ်မကင်း ဖြစ်ကြတဲ့ လူတချို့က သူတို့နည်းသူတို့ဟန်နဲ့ပဲ ၀င်ရောက်စွက်ဖက်မိတဲ့အခါ ကျတော့ မလိုလားအပ်တာတွေ ဖြစ်လာတာတွေ့ရတယ်။

အဲဒီ့တော့ ကျွန်တော်တို့ဆီက တရားစီရင်ရေးဟာ ပွင့်လင်းမြင်သာပြီးတော့ တရားဥပဒေအတိုင်း၊ အမှန်အတိုင်း ဆုံးဖြတ်တာကို ပြည်သူတွေအားလုံး စိတ်ကျေနပ်လောက်အောင် ပွင့်လင်းမြင်သာဖို့ အရေးကြီးပါတယ်" လို့ ကိုမင်းကိုနိုင် ပြောသွားတာပါ။




ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပြောစကားအပြည့်အစုံကတော့--

"အခုဖြစ်နေတဲ့ ပြဿနာဟာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များနဲ့ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာ ဝင်များကြားမှာ၊ ဗုဒ္ဓဘာသာဝင်အားလုံးနဲ့ အစ္စလာမ်ဘာသာဝင် အားလုံးကြားမှာ ဖြစ်ပွားနေ တဲ့ ပြဿနာ မဟုတ်ဘူး။

ဒါကို လူမျိုးရေး၊ဘာသာရေးအသွင် ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသားလုပ်ဆောင်နေတဲ့ ဖန်တီးမှုပဲလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

အဲဒီတော့ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ဝေဒနာ၊ သူတို့ခံစားမှုကိုလည်း ကျွန်တော်တို့ အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ ရိုဟင်ဂျာပြဿနာဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသား များအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာကို ပြေလည်ဖို့ ကြိုးစားနေတဲ့ အခါမှာ အတတ်နိုင်ဆုံး အငြင်းပွားစရာ ကိစ္စတွေ၊ မပြောမဖြစ်တဲ့ကိစ္စတွေက လွဲလို့၊ တော်တော်များများ ကို ရှောင်ရှားနေခဲ့ပါတယ်။

အခုနေမှာတော့ ရိုဟင်ဂျာနဲ့ပတ်သက် လို့ ကျွန်တော်တို့အတိအလင်းပဲပြောပါမယ်။ ရိုဟင်ဂျာသည် ကျွန်တော်တို့တိုင်းရင်းသား လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင်-မောင်တောကိစ္စသည် နယ်စပ်ကနေ တရားမဝင်ဖြတ်ကျော်လာတဲ့၊ ဝင်ရောက်လာတဲ့၊ ရိုဟင်ဂျာများနဲ့ ပြည်ပသွေး ထိုး လှုံ့ဆော်မှုတွေပါ ပါနေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။

ရိုဟင်ဂျာပြဿနာကို ဘယ်ကမှ လက်ခံမယ့်နိုင်ငံမရှိသလိုမျိုးဖြစ်နေတဲ့ ဒုက္ခသည်တွေအနေနဲ့ လူသားချင်း စာနာမှုအရ ကျွန်တော်တို့ ကိုယ်ချင်းစာပါတယ်။ စာနာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လူမျိုးရဲ့ သဘောကောင်းမှု၊ လိုက်လျောမှုကို နိုင်ငံကြီး တွေကနေပြီးတော့ ဒီအားနည်းတဲ့နိုင်ငံက ဒီပြဿနာကို လက်ခံရမယ်လို့ ဖိအားပေးနေတာမျိုးကို ကျွန်တော်တို့ လုံးဝ သည်းခံမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့က ဒီနေရာမှာ နိုင်ငံသားအနေနဲ့ သီးခြားပြောပါ့မယ်။ ကျွန်တော်တို့နိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့အားလျော်စွာ တရုတ်ရှိတယ်၊ အန္ဒိယန်းလူမျိုး မျိုးနွယ်စုတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘိုးဘွားဘီဘင် အဆက်ဆက်က နေလာခဲ့ကြတဲ့အတွက် နိုင်ငံသားအဖြစ်ခံ ယူခွင့်ရရှိထား တဲ့ နိုင်ငံသားတွေရှိ ပါတယ်။

အဲ့ဒါဟာ နိုင်ငံသားဆိုတဲ့ ကိစ္စပါ။ ဒီတော့ ဘင်္ဂါလီပဲဖြစ်ဖြစ် နိုင်ငံသားအသိအမှတ်ပြုခံထားရတဲ့ ပုဂ္ဂိုလ်များ ကိုတော့ ကျွန်တော်တို့နိုင်ငံသား တစ်ဦးရဲ့ အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်အပေါ် ကာကွယ်စောင့်ရှောက် မယ့်တာဝန်ကို နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ အပြည့်အဝ လက်ခံမှာပါ။ ဒါဟာ တရုတ်၊ ကုလား ကျွန်တော်တို့မခွဲပါဘူး"




ကိုမြအေး :ပြောတာကတော့


"မောင်းတောမြို့မှာ ဒီကနေ့ ရခိုင် တိုင်းရင်းသားတွေနေထိုင်တ
ဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကြားရ တယ်။ ကျွန်တော်တို့ဆီမှာ တနေ့က အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့အစည်း (၅)ဖွဲ့နှင့် တိုင်ပင် ညှိနှိုင်း ပြီး ကြေညာချက် ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ် ကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ကာကွယ်ပေးသင့်ပါတယ်။

ရာဇဝတ်မှု ကျူးလွန်သူတွေကိုလည်း ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေး ယူပေး စေ ချင်ပါတယ်။ နောက်တစ်ချက်က ပျက်စီးသွားတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အိုးအိမ် အဆောက် အအုံတွေ ကိုလည်း မူလအတိုင်း ပြန်ဖြစ်အောင် အစိုးရအနေနဲ့ ကြပ်မတ်ပြီး ဦးစီးဆောင်ရွက်ပေးစေချင်ပါတယ်။

ထိုင်းခရီးစဉ်အကြောင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

0 comments

~




နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံ ခရီးစဉ် အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောဆိုလိုက်ပါပြီ။



ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမြင်ကွင်းကို ဧရာဝတီရုပ်သံမှာ တင်ဆက်ထားပါတယ်။


~

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီး နဲ့ Dateline Irrawaddy

0 comments

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလဆန်းပိုင်း ထိုင်းနိုင်ငံခရီးစဉ်အကြောင်းကို Dateline Irrawaddy မှာ ပြောဆိုထားကြပါတယ်


ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

ပေးစာ - ရမ်းဗြဲနဲ့ တောင်ကုတ်လူသတ်မှု နိရဉ္စရာ လက်မခံ

5 comments

(ဧရာဝတီ သူ့အတွေးသူ့အမြင်ကဏ္ဍမှာ ဖော်ပြခဲ့တဲ့ ငြိမ်းချမ်းအေးရဲ့ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆီသို့” ဆောင်းပါးနဲ့ ပတ်သက်ပြီး နိရဉ္စရာ အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ပြန်လည် ရေးသား ပေးပို့လာတာကို ဖော်ပြလိုက်ပါတယ်။)

ပေးစာ

ရမ်းဗြဲနဲ့ တောင်ကုတ်လူသတ်မှု နိရဉ္စရာ လက်မခံ

ခိုင်မြတ်ကျော်

ငြိမ်းချမ်းအေး ရေးတဲ့ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းဆီသို့ သူ့အတွေး သူ့အမြင် ဆောင်းပါးနဲ့ ပတ်သက်ပြီး ဘ၀င် မကျစရာတွေ ရှိတဲ့ အတွက် ဒီစာကို ရေးသားလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီ ဆောင်းပါးမှာ ဌာနေ တိုင်းရင်းသားကို ကိုယ်စားပြုဟန်ရှိတဲ့ မီဒီယာရဲ့ သတင်းတင်ပြပုံနဲ့ ထပ်ဆင့် ဖြန့်ဝေသူတွေရဲ့ ပြုမူပုံတွေမှာ စကား ပြောစရာတွေ အများကြီး ရှိခဲ့ပါတယ်ဆိုပြီး ရေးသားလာပါတယ်။

သူရေးသားတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ပထမ ရှင်းချင်တာက ကျွန်တော်တို့ဟာ မသီတာထွေး သတင်းကို အခင်းဖြစ်ပြီး နောက်တစ်နေ့ မေလ ၂၉ ရက်နေ့မှာ စတင် ရေးသားခဲ့ပါတယ်။ သတင်း ခေါင်းစဉ်က ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ ဖြစ်ပါတယ်။ ဒီ လင့်မှာ သွားလည်နိုင်ပါတယ်။ http://www.narinjara.com/burmese/?p=473

ကျွန်တော်တို့ မသီတာထွေးရဲ့ သွေးသံရဲရဲနဲ့ သူပြောတဲ့ အနိဌာရုံ ဓါတ်ပုံတွေကို တင်သလား၊ မတင်ဘူးလား ဆိုတာကို ဒီလင့်ကို ၀င်ကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ သူမရဲ့ ဓါတ်ပုံ တစ်ပုံမှ မတင်ပါ။ တခြား ဒေသအတွင်းက သင့်တော်ရာရာ ဓါတ်ပုံတစ်ခုနဲ့ တွဲတင်ခဲ့ပါတယ်။ ခေါင်းစည်းကို ကြည့်ရင်လည်း ကျွန်တော်တို့ဟာ ဘယ်အတိုင်းအတာထိ ထိန်းထိန်း သိမ်းသိမ်းရေးသားခဲ့တယ်ဆိုတာကို သဘော ပေါက်နိုင် ပါတယ်။ အကယ်၍ ကျွန်တော်တို့က တကယ်ပြဿနာကို ကြီးလေးအောင် လုပ်လိုတယ် ဆိုရင် ကျွန်တော်တို့ ခေါင်းစည်းကို တပ်ကတည်းက ကျွန်တော်တို့ ဒီထက် ထိရောက် လေးနက်တဲ့ ခေါင်းစည်းမျိုးကို ပေးလို့ ရပါတယ်။ ဒါပေမယ့် မလုပ်ပါ။ ကျွန်တော်တို့ဟာ ဒီသတင်းရဲ့ အဆက်ကို မေလ ၃၀ နေ့မှာ ဆက်ရေး တင်ပြပါတယ်။ ဒီလင့်မှာ ဖတ်ကြည့်ပါ။ http://www.narinjara.com/burmese/?p=482

နောက်တခါ မေ ၃၁ ရက်နေ့မှာ ဆက်တင်ပါတယ်။ ဒီလင့်မှာကြည့်ပါ။ http://www.narinjara.com/burmese/?p=504 ကျွန်တော်တို့ မသီတာထွေး ဓါတ်ပုံကို မတင်ပါ။ တခြား ဓါတ်ပုံကိုဘဲ အသုံးပြုထားတာ တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ လူသတ်မူ ဖြစ်ပြီး (၅) ရက်အကြာ ဇွန်လ ၂ ရက်နေ့ကို ရောက်မှဘဲ သူမရဲ့ ဘေးတိုက် သေနေတဲ့ ဓါတ်ပုံ တစ်ပုံကို သတင်းနဲ့ အတူ ပူးတွဲ ဖေါ်ပြခဲ့ပါတယ်။ ဒီလင့်မှာ ကြည့်ပါ။ http://www.narinjara.com/burmese/?p=542

ဒီပုံကို တင်ရတာကလည်း ဒီဓါတ်ပုံတွေဟာ အင်တာနက်တွေ၊ Facebook တို့မှာ ပလူပျံအောင် ပြန့်နေပြီမှ တင်ပေးလိုက်တာပါ။ ကျွန်တော်တို့ တင်တဲ့ အထဲမှာ လူတွေအတွက် ထိခိုက်နိုင်တဲ့ သွေးလန့်စရာ လည်ပင်း အလှီးခံထားရတဲ့ အနိဌာရုံ ဓါတ်ပုံကို မတင်ခဲ့ပါ။ ဒါတွေကို သုံးသပ်ကြည့်ရင် ကျွန်တော်တို့ ဟာ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ဆိုတာကို ပေါ်လွှင်စေမှာ ဖြစ်ပါတယ်။ တခြားသူတွေက ကျွန်တော်တို့ သတင်းကို ဖြတ်ညှပ် ကပ်လုပ်ပြီး မသီတာထွေး အသတ်ခံရတဲ့ ဓါတ်ပုံတွေနဲ့ အတူ Facebook မှာ ရေးသားတာတို့၊ နက်ပေါ်မှာ တင်တို့ဟာ ကျွန်တော်တို့နဲ့ မဆိုင်ပါ။ ဒါက သူတို့ အပိုင်းပါ။

နောက်တခု ဘာသာ လူမျိုးဆိုတဲ့ စကားလုံးကို သုံးနုန်းရတဲ့ ကိစ္စပါ။ ဒီနေရာမှာ ကျွန်တော်တို့ အနေနဲ့ ဝေါဟာရ သုံးစွဲရတာ တော်တော်ကို အခက်အခဲ ရှိပါတယ်။ ဘင်္ဂလီလို့ သုံးရင် ရခိုင်ပြည်နယ်ထဲက အစ္စလာမ် ဘာသာဝင်တွေက မကြိုက်ပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနုန်းကို သုံးရင်လည်း ရခိုင်အမျိုးသားတွေက လုံးဝ လက်မခံပါ။ ဒါကြောင့် ပြဿနာ အနည်းဆုံး ဖြစ်အောင် အစ္စလာမ် ဘာသာဝင်တွေဆိုတဲ့ အသုံးအနုန်းကို သုံးရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ လူမျိုး၊ ဘာသာကို စော်ကားလိုတဲ့ အတွက် သုံးခြင်း မဟုတ်ပါ။ ဒီလို သုံးတဲ့ အတွက် ငြိမ်းချမ်းအေးက သတင်းမီဒီယာရဲ့ ကျူးလွန်သူတွေလို့ စွပ်စွဲခံရတဲ့ သူတွေအပေါ် ဘာသာ၊ လူမျိုး မတူညီမှုကို အသားပေးဖော်ပြတာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ် ဆိုပြီး ရေးပါတယ်။

ဒါဆိုရင် ကမ္ဘာကျော် သတင်းဌာနတွေ ဖြစ်တဲ့ အေပီတို့ ရွိတ်တာတို့က တောင်ကုတ် သတင်းမှာ ဘာကြောင့် ရခိုင်တွေ သတ်တယ်လို့ ခေါင်းစဉ်တပ် ရေးသားသလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဒါပြင် ပါလက်စတိုင်းနဲ့ အစ္စရေးက သတင်းတွေကို ကမ္ဘာကျော် အေပီ၊ အေအက်ဖ်ပီ စတဲ့ သတင်းဌာနတွေက ရေးတဲ့ အခါမှာလည်း အစ္စရေးက သတ်တဲ့ အတွက် ပါလက်စတိုင်း အမျိုးသား ၅ ဦးသေဆုံးတယ်လို့ အဲသလိုမျိုး ရေးသားကြတာပါဘဲ။ ဒီနေရာမှာ လူမျိုးတွေရဲ့ နာမည်ကို မဖေါ်ပြရင် အဲဒီ သတင်းတွေဟာ ဘယ်လိုမှ တန်ဖိုးနဲ့ လေးနက်မူ မရှိ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာကျော် နယူးယောက် ကမ္ဘာကုန်သွယ်ရေး အဆောက်အဦး တိုက်ခိုက်ခံရတဲ့ အခါ ဘာကြောင့် အစ္စလာမ်မစ် စစ်သွေးကြွတွေလို့ ရေးသား ရသလဲ ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

ငြိမ်းချမ်းအေး ရေးသားတာက သူ့အတွေး သူ့အမြင်ဆိုပေမယ့် ကိုယ်ထင်တာကို လျှောက်ရေးလို့ မရပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူရေးတာဟာ အထင်အမြင်လွဲမှားမူနဲ့ အတူ တခြားတစ်ဖက်မှာ ထိခိုက်စရာတွေ ရှိနေတဲ့ အတွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အစိုးရကလည်း အခုဆိုရင် ဒီမင်းမဲ့ဆံဆံ လူသတ်မူတွေ အတွက် စစ်ဆေးရေး အဖွဲ့ကို တရားဝင် ဖွဲ့လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့က အစီရင်ခံစာ မထုတ်ခင်မှာ ဟိုအဖွဲ့က ဟိုလို လုပ်လို့၊ ဒီသတင်းဌာနက ဒီလို လုပ်လို့ ဆိုပြီး ကိုယ့်အမြင်နဲ့ ကိုယ် တဘက်သတ် စွပ်စွဲ ပြောဆိုတာမျိုးဟာ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းကို တည်ထောင်လိုသူ တစ်ဦး အနေနဲ့ လုပ်သင့်ပါရဲ့လား။ မေးစရာ ဖြစ်နေပါတယ်။

ပြီးရင် တောင်ကုတ်၊ ရမ်းဗြဲဆိုတာက နီးနီးလေးပါ။ ရမ်းဗြဲမှာ လူထုတွေ မကျေနပ်တာ၊ ဆန္ဒပြတာတွေ၊ ရဲစခန်းကို ၀ိုင်းတာတွေ၊ သေနတ်ပစ်ဖေါက် လူစုခွဲရတာတွေ တောင်ကုတ်က လူတွေ မကြားဘဲ နေပါမလား။ ပီးရင် အင်တာနက်သုံးသူ၊ ၀က်ဘ်ဆိုက်တွေကို သွားလည်ကြည့်သူ ဘယ်နှစ်ဦးများ တောင်ကုတ်မှာ ရှိပါမလဲ။ နိုင်ငံခြားမှာနေပြီး နိုင်ငံခြားလို မိမိဒေသကို ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ဒါကြောင့် မိမိက အိုင်တီ သမား ဖြစ်တဲ့ အတွက် ပြဿနာတွေ အပေါ် ရှု့မြင်တဲ့ အခါ အရာရာကို အိုင်တီနဲ့ ချိန်ထိုး စဉ်းစားတွေးခေါ်လို့ မရပါ။

တောင်ကုတ် ဖြစ်စဉ်နဲ့ ပတ်သက်ပြီးလည်း အသေအချာ လေ့လာ ဆန်းစစ်ဖို့ လိုပါတယ်။ တောင်ကုတ်မြို့ဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြတ်သန်း သွားလာခွင့် မရအောင် အာဏာပိုင်တွေက မြို့ခံတွေကို စည်းရုံးပြီး အကွက်ကျကျ စီစဉ်ထားတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ အဲဒီမြို့မှာ အခင်းဖြစ်ပွားတဲ့နေ့က မသီတာထွေးရဲ့ ရက်ရက် စက်စက် အသတ်ခံထားရတဲ့ ဓါတ်ပုံနဲ့ စာတွေကို ပလူပျံအောင် ဖြန့်ဝေ ထားတဲ့ အတွက် တောင်ကုတ် လူထု ဒေါသ အထွတ်အထိပ်ကို ရောက်နေတဲ့ အချိန် ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ အစ္စလာမ်ဘာသာဝင် ဘုရားဖူးတွေ လိုက်ပါလာတဲ့ကားက တောင်ကုတ်မြို့ထဲကို ၀င်ရောက်လာတာဟာ တော်တော် အံ့သြစရာ ဖြစ်ပါတယ်။ ဘယ်သူက အဲဒီကားကို တောင်ကုတ်မြို့ထဲကို သွင်းပေးလိုက်သလဲဆိုတာဟာလည်း အထူး စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါကြောင့် တချို့ အသိအမြင်ကျယ်တဲ့ သူတွေက ဒီပြဿနာမှာ တစုံတဦးကများ ဖန်တီးနေတာ ရှိသလားဆိုပြီး တွေးတော ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ် အခု ရမ်းဗြဲနဲ့ တောင်ကုတ်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ အပြစ်မဲ့တဲ့ ပြည်သူတွေ သေဆုံး ခဲ့ကြရပါပြီ။ ခုလို လူသတ်မူတွေကို ယဉ်ကျေးတဲ့ ဘယ်လူသားကမှ လက်ခံမှာ မဟုတ်ပါ။ ကျွန်တော်တို့လည်း လက်မခံပါဘူး။ ခုလို အပြစ်မဲ့တဲ့ သူတွေကို သတ်ဖြတ်တာ၊ လက်စားချေတာ၊ သေကြေ ပျက်စီးတာတွေကို ကျွန်တော်တို့ လုံးဝ မလိုလားပါ။ ဒီအတွက်လည်း အထူး စိတ်ထိခိုက်ခဲ့ရပါတယ်။

လေးစားစွာဖြင့်

ခိုင်မြတ်ကျော်
အယ်ဒီတာ
နိရဉ္စရာ သတင်းဌာန

ဆန္ဒပြပွဲတွေကြောင့် ဦးသိန်းစိန် ခြေချုပ်မိ

0 comments


သမ္မတဦးသိန်းစိန် ဘယ်မှ မသွားနိုင်ဘူး တဲ့၊ ပြီးခဲ့တဲ့တပတ် ထိုင်းနိုင်ငံခရီးစဉ်ကို ၂ ကြိမ် ရွှေ့လိုက်ရတာဟာ ရန်ကုန်နဲ့အနီးတ၀ိုက် ဆန္ဒပြနေကြတာတွေကို အေးချမ်းစွာ ဖြေရှင်းရေး "အနီးကပ်ကြီးကြပ်လမ်းညွှန်မှု" ပေးနိုင်အောင်လို့ပါ တဲ့။
ဒီကနေ့ အစိုးရ သတင်းစာထဲမှာ ဖော်ပြထားတာပါ။

ထိုင်းဝန်ကြီးချုပ်ကတော့ မြန်မာပြည်ကို ချစ်ကြည်ရေးခရီး လာပြီးပါပြီ။ သူ ၀န်ကြီးချုပ်ဖြစ်ပြီး ၄ လအကြာ ဒီဇင်ဘာတုန်းကပါ။

အပြန်အလှန် လည်ပတ်ဖို့ အလှည့်ကျတာကတော့ ဦးသိန်းစိန် ဖြစ်ပါတယ်။ ဆန္ဒပြမှု ဆန္ဒဖော်ထုတ်မှုတွေ အဓိကရုဏ်းတွေ ဆက်ရှိနေရင်တော့ ဦးသိန်းစိန်ကြီး ခရီးထွက်ဖြစ်မယ် မထင်ပါဘူး။

မြန်မာ့အလင်းမှာ တွေ့ရတဲ့ သတင်းအပြည့်အစုံကို ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPw1R0EclfmSKfrlDRLl832I0co0Ev4PF8uOeqEYmJZamNxjuF3F8Q_mpMGlSvMS316m3fE7PG-mhXhyngjaGKUFAkqhHlosipHBnToZkuz39qGZUk2aJ_AI0Mbjlh2gfTthKb-wXzvuuc/s1600/13.jpg ဖတ်နိုင်ပါတယ်။

ရှေ့နေတွေ ကွန်ရက်ဖွဲ့ပြီး ဘာလုပ်နေကြသလဲ

0 comments

~


ကွန်ရက်တွေ အင်တိုက်အားတိုက် ပေါ်ပေါက်လာတဲ့ ခေတ်ကြီးမှာ ရှေ့နေတွေကလည်း ကွန်ရက်ဖွဲ့ လှုပ်ရှားနေပါတယ်။

ဒီကွန်ရက်မှာ မြန်မာနိုင်ငံအရပ်ရပ်က ရှေ့နေပေါင်း ၁၀၀ ကျော်ပါဝင်တယ် တဲ့။



ဧရာဝတီရုပ်/သံမှာ သူတို့ကို တစုတဝေး တွေ့နိုင်ပါပြီ။

~


ဆူပူ ကြိမ်းမောင်းရင် ဆင်းသွားမယ်

4 comments


မယားကောင်းတယောက်ရဲ့ အရည်အချင်းမပြည့်မီလို့ရယ် ၊ ခင်ပွန်းကို အစဉ်ကြိမ်းမောင်းလို့ အခုလို အိမ်ပေါ်က ဆင်းသွားပြီး တရားဝင် ဇနီးအဖြစ်မှ စွန့်လွှတ်ကြောင်း သတင်းစာပါ ကြေညာချက်လေးပါ။
---

ဆန္ဒပြ အင်းသား၊ ရွှေလုပ်သားများကိစ္စ သတင်းထိန်းချုပ်မှု

1 comments


ယမန်နေ့ညက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှလက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသော မိုးထိ မိုးမိ တောင်ပေါ်တွင် ဆန္ဒပြလျှက်ရှိနေသော အင်းသားများ ရွှေတွင်းလုပ်သားများထံသို့ မိတ္ထီလာမြို့
ပြည်သူ့ အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေး နှင့် အဖွဲ့များသွားရောက်ရာ တွင် လမ်းမှ စစ်ဆေးရေး ဂိတ်များက ဝင်ခွင့်မပြုတော့ကြောင်း သတ္ထုတွင်းဝန်ကြီး၏ ခွင့်ပြုချက်ပါ သလား ၊ ကုမ္ပဏီ ရုံးချုပ်မှ ခွင့်ပြုချက်ပါသလား ၊ ဒေသခံအာဏာပိုင်များ၏ ခွင့်ပြုချက်ပါသလား မှတ်ပုံတင်စစ်ဆေးခြင်း အထပ်ထပ်ပြု လုပ်နေပါသည်။

ထို့ကြောင့် တောင်ပေါ်လမ်းခုလတ်တွင် ည ၁၂ နာရီ ခွဲထိတိုင်အောင် ရှေ့သို့ ဆက်လက် သွားခွင့် မပြုတော့သဖြင့် ယခုလို အသံဖိုင်ဖြင့် ပေးပို့လာပါသည်။ ( အသံဖိုင်အား မကြာမီ တင်ပြပေးပါမည်)

ယခု ဆန္ဒပြလျှက်ရှိနေသော မိုးထိမိုးမိတောင်ပေါ်သို့ မိတ္ထီလာမြို့ပြည်သူ့ အကျိုးဆောင် ကွန်ရက် မှ ဒေါ်မြင့်မြင့်အေး နှင့်အဖွဲ့တက်ရောက်ခြင်းမှာ ဆန္ဒပြနေစဉ် ကာလတွင် ယခုအကြိမ်သည်
ဒုတိယမြောက်အကြိမ်ဖြစ်ပါသည်။

ပထမအကြိမ်က သွားလာခွင့်ပြုခဲ့သော်လည်း ဒုတိယအကြိမ်တွင် မီဒီယာများနှင့် တကွ အခြားသော ကွန်ယက်အဖွဲ့စည်းများကိုပါ ပိတ်ပင်လိုက်ခြင်းမှာ ကုမ္ပဏီအနေဖြင့် ဆန္ဒပြလျှက်ရှိနေသော အင်းသားများနှင့်
ရွှေတွင်းလုပ်သားများ၏တောင်းဆိုချက်များကို မလိုက်လျှောပဲ ၎င်းတို့စိတ်တိုင်းကျ လုပ်ဆောင်နိုင် ရန်နှင့် သတင်း မီဒီယာများပေါ်တွင် ဆန္ဒပြနေသည့် ကိစ္စပြန့်နှံ့နေခြင်းအား ထိန်းချုပ်နိုင်ရန်အတွက် ယခုလို
တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ခန့်မှန်းရပါသည်။


ဒီလှိုင်းဂျာနယ် အင်တာနက်လှိုင်းစီးပြီ

0 comments

~



NLD က ထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ် အွန်လိုင်းမှာ ဖတ်နိုင်ပါပြီ တဲ့။

လိပ်စာက http://dwave.nld.name/ ဖြစ်ပါတယ်။

~

ကျန်းမာရေးဝန်ကြီးဌာနမှ မိဘအရင်းများထံ သမီးအရင်းတဦး၏ အိတ်ဖွင့်ပေးစာ

4 comments

Facebook မှာ တွေ့ရတဲ့ ပေးစာ


ဘယ်သူ့ကိုမှ တိုက်ခိုက်လိုသောစိတ်နဲ့ ဒီစာကို ရေးခြင်းမဟုတ်ပါ။ အနန္တော အနန္တငါးပါးကို ဦးထိပ်ထားပြီး ရေးပါတယ်ရှင့်။ သားသမီးတစ်ဦးက မိဘတွေဆီမှာ သူခံစားနေရတာတွေ တင်ပြပြီး လိုချင်တာတွေကို ပွင့်ပွင့်လင်းလင်းတောင်းဆိုတဲ့ အရိုးခံ စာပါ။

ဘ၀ဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ လူဖြစ်ရတာကိုက ဒုက္ခပါ။ အထူးသဖြင့် ဖွံဖြိုးဆဲ၊ ပြောင်းလဲစ မြန်မာနိုင်ငံလိုဒေသမျိုးမှာ ဆရာဝန်လုပ်ရတာ မလွယ်လှပါဘူး။

ဆေးကျောင်းမတက်ခင်

မြန်မာနိုင်ငံမှာ တက္ကသိုလ်ကျောင်းလျှောက်ချင်ရင် သက်ဆိုင်ရာ တက္ကသိုလ်ကိုလျှောက်လွှာသီးခြားတင်ဖို့ မလိုပါဘူး။ ဆယ်တန်းအောင်အမှတ် (၀ါ) တက္ကသိုလ်ဝင်တန်းလက်မှတ်ပြရင်ရပါပြီ။ ဒါဟာ မိဘနဲ့ ကျောင်းသားအတွက် အဆင်ပြေစေရုံမက ကျောင်းတွေကိုလည်း အလုပ်ဝန်ပေါ့စေပါတယ်။ ဒါပေမယ့် ဆရာဝန်ဖြစ်ဖို့ ရည်မှန်းချက်ရှိတဲ့ ကျောင်းသူ၊ကျောင်းသားတွေဟာ ဆယ်တန်းမှာ အမှတ်ကောင်းအောင် မူလတန်းမဟုတ်ရင်တောင် အလယ်တန်း အထက်တန်းက စပြီး တောက်လျှောက် ကြိုးစားရပါတော့တယ်။ သူများကစားချိန်မှာ မကစားနိုင်ပါဘူး။

ဆေးကျောင်းတက်စဉ်

ဆေးကျောင်းတက်တော့လည်း မလွယ်ပါဘူး။ တစ်နှစ်တစ်တန်းအောင်ဖို့ တော်တော်ကြိုးစားရပါတယ်။ နယ်က ကျောင်းသားတွေဆိုလည်း မကွေးတို့၊ မန္တလေးတို့ကိုသွားပြီး ပညာသင်ကြရပါတယ်။ လိုက်ဘရီမှာ စာအုပ်တွေမလုံလောက်တာ၊ ခွဲခန်းမှာ အလောင်းတွေ မလုံလောက်တာ၊ လက်တွေ့ခန်းမှာ မိုက်ခရိုစကုပ်တွေ မလုံလောက်တာ၊ နောက်ဆုံးလူနာမလောက်တာအဆုံး ဖွံဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်နေကျပြဿနာတွေကို ကျော်လွန်ပြီး ဆရာဝန်ဖြစ်လာခဲ့ကြပါတယ်။ အသက်နဲ့ လုပ်ရမယ့်သူမို့ အနီးကပ်နဲ့ မိုက်ခရိုတွေကို အားမကိုးဘဲ တတ်အောင် သင်ခဲ့ပါတယ်။ သူများတက္ကသိုလ်ကျောင်းသားတွေ အားနေချိန်မှာ မအားနိုင်ပါဘူး။

ဆရာဝန်ဖြစ်ပြီ

ဆရာဝန်ဖြစ်တော့လည်း အလုပ်ရဖို့၊ မရဖို့ မသေချာပါဘူး။ ဘယ်တော့ခန့်မယ်မှန်းလည်း မသိပါဘူး။ သိရင်လည်း စောင့်နေချိန်မှာ တစ်ခုခုကို planလုပ်ပြီး လုပ်နေလို့ ရပါတယ်။ ဥပမာ ဘွဲ့လွန် ကျောင်းသွားတက်တာ၊ လုပ်အားပေးသွားလုပ်တာ အစရှိသဖြင့်ပေါ့။ ကိုယ့်ဘာသာကိုယ် သွားတက်ရင်လည်း အဲဒီဘွဲ့ကို အသိအမှတ်မပြုပါဘူး။ အလုပ်မခန့်ခံရတဲ့သူတွေကလည်း ဆမ တန်းမရပါဘူး။ ဆမသင်တန်းဘယ်တော့ဖွင့်မယ်၊ မဖွင့်ဘူးလည်း မသေချာသလို၊ ဘယ်တော့ ဖွင့်မယ်ဆိုတာလည်း မသိပါဘူး။ သူများဝင်ငွေရချိန်မှာ မရပါဘူး။

ဘွဲ့လက်မှတ်ထုတ်ပြီ

ဘွဲ့လက်မှတ်ထုတ်ရင် ဗမာလိုပဲပေးပါတယ်။ အင်္ဂလိပ်လို လိုချင်ရင် ပိုက်ဆံထပ်ပေးရပါတယ်။ သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနက အင်ဂျင်နီယာတွေကို ထုတ်ပေးတဲ့ ဘွဲ့မှာတော့ အင်္ဂလိပ်လို ပါပါတယ်။ သူများတန်းဝင်ချိန်မှာ ကိုယ့်ဘွဲ့လက်မှတ်က နိုင်ငံတကာကို ပြလို့ မရပါဘူး။ သူများပြနိုင်ချိန်မှာ ပြလို့ မရပါဘူး။

အလုပ်ဝင်ပြီ

အလုပ်ဝင်ရင်လည်း ဘယ်ကို ရောက်မယ်မှန်း မသိပါဘူး။ ရောက်သွားပြီ ဆိုရင်လည်း ဘယ်လောက်ကြာမယ်မှန်း မသေချာပါဘူး။ သေချာတာ တစ်ခုပဲရှိပါတယ်။ လခနဲ့ မလောက်ဘူးဆိုတာပါပဲ။ မနက် ၉နာရီ က ၄နာရီ အထိ အလုပ်လုပ်ရပြီးပြီပေမယ့်လည်း အဲဒီ အလုပ်က ထမင်းစားဖို့ရာ မတတ်နိုင်ပါဘူး။ အိမ်လခနဲ့ ခရီးစားရိတ်နဲ့တင် ကုန်သလောက် ဖြစ်သွားပါပြီ။ အဲဒီတော့ ညနေဘက် ဂျီပီ ဖြစ်ဖြစ် အမ်အို ဖြစ်ဖြစ် ၀င်လုပ်ရပါတော့တယ်။ သူများနားချိန်မှာ မနားရပါဘူး။

ဒီကြားထဲ တရားစွဲခံရနိုင်တဲ့ အန္တရာယ်က ရှိပါသေးတယ်။ အခြား ၀န်ကြီးဌာနက ရုံးတွေမှာ ဘယ်လောက်စောင့်ရစောင့်ရ တရားမစွဲကြပါဘူး။ လက်ဖက်ရည်ဖိုးတောင် ပေးကြပါသေးတယ်။လက်ဖက်ရည်ဖိုးလည်း မလိုချင်ပါ။ ဆေးရုံ မှာကတော့ ခဏစောင့်ရရင် အနည်းဆုံး တိုင်စာလောက်တော့ မှန်းထားရပါတယ်။ အခုလို စတုတ္ထ မဏ္ဍိုင်တွေ ဖွံ့ဖြိုးလာတဲ့ ခေတ်ကြီးမှာ နေ့ချင်းညချင်း ပေါ်ပြူလာတောင် ဖြစ်သွားနိုင်ပါတယ်။ ကိုယ်တွေကို စနစ်တကျ ကာကွယ်ပေးမယ့် medical protection society ဆိုတာ မျိုးလည်း မရှိပါဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ ဖြစ်ပါတယ်။ သူများဝန်ကြီးဌာန လာဘ်တွေယူပြီး ကားတွေစီးနေကြချိန်မှာ ကိုယ်ကတော့ ဆင်းရဲရင်ဆင်းရဲ သမာအာဇီဝနဲ့တော့ စားမယ်ဆိုတဲ့ ထုတ်မရောင်းနိုင်တဲ့ စာရိတ္တလေးရယ်၊ ပြည်သူ့ဆေးရုံ အစုတ်ကလေးကို လာတက်တဲ့ လူနာတွေရဲ့ ထမင်းကို ခွဲဝေစားဖို့ရာ မျိုမကျနိုင်တဲ့ စေတနာလေးရယ် ပိုက်ပြီး ည၈နာရီ ၉နာရီအထိ မလင်းတစ်ချက် လင်းတစ်ချက်နဲ့ သူများအိမ်ရဲ့ ကွမ်းယာဆိုင်သာသာ အဖီကလေးမှာ ဆေးခန်းအငှားသွားဖွင့်ဖို့ မူးနေမယ့် ဒရိုင်ဘာနဲ့ စပယ်ယာ လက်လွတ်စပယ် မောင်းလာမယ့် ဘတ်စကားကို ယုန်ထင်ကြောင်ထင် အထင်ခံပြီး စောင့်ရပါတယ်။ သူများသုံးနိုင်တဲ့ အချိန်မှာ မသုံးနိုင်ပါဘူး။

ပီဂျီဖြေပြီ

ဖြေချင်သလောက်ဖြေပါ။ အောင်ချင်မှလည်း အောင်ပါမယ်။ မအောင်ပဲနဲ့ တ၀ဲလည်လည်တွေလည်း အများကြီးပါ။ အောင်တဲ့သူတွေလည်း သိပ်ပြတ်ပြတ်သားသား မပျော်ကြရပါဘူး။ အကြီးတွေ အဆူအဆဲခံရမှာ၊ ပီဂျီတက်နေတဲ့ကာလတွေမှာ ဘယ်လိုရပ်တည်ရမှန်းမသိတာ၊ ဗိုက်ကြီးရင် ပီဂျီဝဒ်ထဲကို မလာခဲ့နဲ့လို့ ၊ မီးဖွားခွင့်မပေးနိုင်ဘူးလို့ဆိုတာ၊ ပီဂျီ ပြီးရင်လည်း ဆက်ငတ်နိုင်ချေရှိသေးတာ တွေတွေးပြီး ရင်တထိတ်ထိတ်နဲ့ပါ။ သူများ ပျော်ချိန်မှာ မပျော်ရပါဘူး။

အလုပ်ထွက်ပြီ

ဒီလောက် ဖြူစင်သန့်ရှင်းပြီး မွန်မြတ်တဲ့ အလုပ်ဟာ ငါနဲ့ မတန်ဘူးလို့ အရှူံးပေးလက်မြှောက်ပြီး ထွက်တော့မယ်ဆိုရင်လည်း လွယ်လွယ်ကူကူတော့ ထွက်လို့မရပါဘူး။ တင်ထားပြီးရင် ဘယ်လောက်ကြာမယ်မှန်း မသိပါဘူး။ မစောင့်နိုင်လို့ ထွက်ကြပြီဆိုရင်လည်း ကိုယ်စေတနာထား ရုန်းကန်ပြီး လုပ်ခဲ့တဲ့ ၀န်ကြီးဌာနက ရေးတဲ့စာဟာ လေသံဟာတော်တော်ပြင်းပါတယ်။ အဲဒီစာကို ဖတ်ပြီး မျက်ရည်ကျရတဲ့ ဆရာဝန်တွေကို ၃ ယောက်ထက် မနည်း တွေ့ဖူးပါတယ်။

မိုးပေါ်က အပ်တစ်ချောင်းနဲ့ မြေပြင်ပေါ်က အပ်တစ်ချောင်းထိလို့ ထွက်ခွင့်ရရင်လည်း EC ကို ချက်ချင်းလျော်လို့ မရသေးပါဘူး။ တစ်နှစ်စောင့်ရပြန်ပါတယ်။ အင်ဂျင်နီယာတွေကတော့ လွယ်လွယ်ကူကူ လျော်လို့ ရပါတယ်။ သူများလျော်ချိန်မှာ မလျော်နိုင်ပါဘူး။

ညည်းမယ့်သာ ညည်းရတာ။ တကယ်တော့ ဒါတွေဟာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါမျိုးတွေ မရှိဘူးထင်လို့၊ မကြုံရဘူးထင်လို့ ၀င်လာခဲ့တာ မဟုတ်ပါ။ အများစုက သိသိချည်းနဲ့ ၀င်လာခဲ့ကြတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံမှာ လူဖြစ်လာသူမို့ အခြေအနေအများစုကိုလည်း နားလည်ပြီးသားပါ။

ဆေးကျောင်းတွေကို နယ်မှာ ဖွင့်တာကို နားလည်ပါတယ်။ decentralize လုပ်ရမှာပါ။ သီအိုရီတွေ အရလည်း နယ်မှာ ဖွင့်ရင် access ပိုကောင်းပြီး ပို retain လုပ်ဖို့ ဖြစ်နိုင်တယ်ဆိုတာ လက်ခံပါတယ်။ ကျောင်းမှာ facility တွေ မလုံလောက်တာကို နားလည်ပါတယ်။ ရှိမှ မရှိတာကိုး။ ရှိတာလေးနဲ့ ဖြစ်အောင် ၀ိုင်းဝန်းပြီး လုပ်နေကြရတာကိုလည်း လေးစားပါတယ်။ အလုပ်မခန့်နိုင်တာကို နားလည်ပါတယ်။ တစ်တိုင်းပြည်လုံး ဆင်းရဲနေပြီး ကျန်းမာရေး ဘတ်ဂျက်ကိုလည်း သိပါတယ်။ ပီဂျီတက်ဖို့ ခက်တာ နားလည်ပါတယ်။ demand နဲ့ supply နဲ့မှ မမျှတာကိုး။ အားလုံးတက်ဖို့ရာ မဖြစ်နိုင်ဘူးဆိုတာလည်း သဘောပေါက်ပါတယ်။ နယ်မှာ ပို့စ်စတင်ချတာ နားလည်ပါတယ်။ ၀န်ထမ်းဆိုတာ ထားရာနေ၊ စေရာသွားရမှာပဲပေါ့။ တိုင်းပြည်တာဝန်ကို မြို့ပေါ်မှာပဲ ထမ်းဆောင်ချင်လို့တော့ ဘယ်ရမလဲ။ ၀န်ထမ်းပြေးကို ရာဇ၀တ်ကောင်လို သဘောထားတာ နားလည်ပါတယ်။ ဟုတ်တယ်လေ ကိုယ့်ဘက်က ပျက်ကွက်တာမဟုတ်လား။ လခမလုံလောက်တာ၊ တိုးပေးဖို့ခက်တာ နားလည်ပါတယ်။ ၀န်ကြီးဌာနတစ်ခုတည်း လုပ်လို့ရတာမှ မဟုတ်တာ။ ထမင်းကို ခက်ခက်ခဲခဲ ရှာစားနေရတာ နားလည်ပါတယ်။ လခနဲ့လောက်တဲ့ ၀န်ထမ်း မတွေ့ဖူးသလောက်ပါပဲ။ အစိုးရကျောင်းမှာပဲ ထားနိုင်တဲ့ ကိုယ့်သားသမီး ကျောင်းစားရိတ်ကို ၀န်ထမ်းဆရာဝန်တစ်ယောက်အနေနဲ့ ဖြစ်ဖြစ်မည်အောင် ရှာရတာ နားလည်ပါတယ်။ ဒါပေါ့ ကိုယ့်သားသမီးကို ပညာတတ်စေချင်ရင် ကျောင်းတော့ ထားရမှာပေါ့။ တရားစွဲခံရတာ နားလည်ပါတယ်။ ကိုယ်သတိလစ်ရင် ကိုယ်ပဲခံရမှာပေါ့။ ကိုယ့်တာဝန် ကိုယ်ယူရဲ ရမှာပေါ့။ ဒီအခက်အခဲတွေ ပြေလည်ဖို့ သက်ဆိုင်ရာ ဆရာကြီးတွေ၊ ဆရာမာကြီးတွေကလည်း တတ်နိုင်သလောက်လုပ်နေကြတာတွေလည်း သိရကြားရတွေ့နေရပါတယ်။ အဲဒါကြောင့် ကျေးဇူးလည်းတင်၊ နားလည်းနားလည်ပါတယ်လို့ ပြောပါရစေ။ လုပ်ချင်တိုင်းလည်း လုပ်ခွင့်မရကြဘူးဆိုတာ နားလည်ပါတယ်။

ဒါပေမယ့် ဒါတွေကိုတော့ သိပ်နားမလည်ပါဘူး။ ဆရာကြီး၊ ဆရာမကြီးတို့ လုပ်ပိုင်ခွင့်ထဲမှာ ရှိတယ်လို့ ယူဆလို့ပါ။

၁။ ဆရာဝန်ဖြစ်ပြီးနေပေမယ့် ဆမ ချက်ချင်းမပေးတာကိုပါ။ တစ်နှစ်ဘယ်လောက်ထွက်တယ်၊ ဘယ်လောက်ခန့်နိုင်တယ်ဆိုတာ အကြမ်းဖျင်းတွက်ကြည့်ပြီးရင် ထွက်သလောက်ခန့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သိသာပါတယ်။ ဒီတော့ ဆမကို ကျောင်းပြီးတာနဲ့ တန်းပေးစေချင်ပါတယ်။ ရန်ပုံငွေရှာဖို့ သင်တန်းလုပ်ချင်တယ်ဆိုရင်လည်း ဟောက်စ်ပြီးတာနဲ့ တစ်ခါတည်း လုပ်ပေးစေချင်ပါတယ်။ ဒါကို စောင့်နေစရာမလိုတော့ဘဲ လုပ်စရာရှိတာတွေကို Plan ချပြီး လုပ်လို့ ရအောင်ပါ။

၂။ ဘွဲ့လက်မှတ်ပေးရင် အင်္ဂလိပ်လိုပါ ပေးစေချင်ပါတယ်။ တစ်ရွက်တည်းမှာပဲ ဖြစ်ဖြစ်၊ translation နဲ့ပဲ ဖြစ်ဖြစ်ပါ။ မဟုတ်ရင်ဒါဟာ ငါတို့ ဆီမှာ မလုပ်နိုင်ရင် တစ်ခြားဆီမှာလည်း သွားလုပ်ဖို့ ခက်အောင် ငါတို့လုပ်ထားမယ်ဆိုတဲ့ သဘောထားမျိုးပြရာ ရောက်နေပါတယ်။ ဒီအသေးအဖွဲလေးဟာ ၀န်ကြီးဌာနရဲ့ သဘောထားကို ကိုယ်စားပြုတယ်ဆိုတာ သတိရစေချင်ပါတယ်။

၃။ အလုပ်မခန့်နိုင်မယ့် အတူတူ နိုင်ငံခြားထွက်ဖို့လွယ်အောင်လုပ်ပေးပါ။ ဒါဟာ နိုင်ငံတကာမှာလည်း very controversial issue ဆိုတာလည်း နားလည်ပါတယ်။ ကိုယ်ပိုင် အမြင်ရတော့ လုပ်ပေးစေချင်ပါတယ်။ brain drain တိုင်း drain တာ မဟုတ်ပါ။ gain အောင်လုပ်နိုင်ရင် gain မှာပါ။ ဥပမာ ဖိလစ်ပိုင်ကို ကြည့်ပါ။ ပြည်တော်ပြန် mechanism ရယ်၊ brain gain ဖြစ်အောင်လုပ်နိုင်တဲ့ national နဲ့ international level tools တွေခိုင်မာ ဖြစ်တည်လာရင် gain လာမှာပါ။ mulitsector involvement နဲ့ long-term vision တော့လိုပါမယ်။ အချိန်လည်းလိုပါမယ်။ drain မယ့်အတူတူတော့ အမြတ်ထွက်အောင်လုပ်ရမှာပါ။

ထွက်ခွင့်ပေးရင် international arena မှာ မြန်မာဆရာဝန်တွေ နေရာ ပိုရလာမှာပါ။ မြန်မာတွေ မညံ့ပါ။ လုပ်ခွင့်မရကြလို့သာပါ။ တစ်ကမ္ဘာလုံးက အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ MLE လို စာမေးပွဲမျိုးမှာတောင် မြန်မာဆရာဝန်တွေ ဗိုလ်စွဲလို့ ဂုဏ်ပြုပွဲတွေ လုပ်ကြတာ မကြာခဏ တွေ့ရကြားရပါတယ်။ အူကင်ဆာ သုတသနမှာလည်း မြန်မာဆရာဝန်လေးတစ်ယောက် ပေါက်ပေါက်မြောက်မြောက်ဖြစ်နေတာ ဖတ်လိုက်ရပါတယ်။ နိုင်ငံခြားမှာ ဆရာဝန်အလုပ်လုပ်ရရင် ပိုက်ဆံအများကြီးရပါတယ်။ မြန်မာ ၀န်ထမ်းဆရာဝန် လခထက် ပိုပါတယ်။ အဲဒီပိုက်ဆံကို အခွန်ကောက်ပါ။ ရတဲ့ အခွန်နဲ့ ပြည်တွင်းမှာ လုပ်ချင်တဲ့ ဆရာဝန်တွေကို ပြန်ခန့်ပါ။ အဲဒီပိုက်ဆံနဲ့ brain drain အရ knowledge and skilled personnel ဆုံးရှူံးသွားတာကို ပြန်ထေမိအောင် ရနိုင်သလောက် ပြန်သုံးပါ။ အခုလည်း ခိုးထွက်နေကြတဲ့ အတူတူ ဘာထူးလဲ။ ကူညီပေးရင် စေတနာ ပိုပါပါတယ်။ brain drain လို့ မမြင်ဘဲ brain export လို့မြင်ပေးပါ။ export နဲ့ health system strengthening ကြားမှာ မျှချေကို တွေ့အောင် ရှာရမှာပါ။ အခုဆရာကန်တော့ပွဲလုပ်ရင် ပြည်ပကဆရာဝန်တွေ ထည့်နေကြတာကိုပဲ ကြည့်ပါ။ visiting professor မပြောနဲ့ visiting lecturer လောက်ပေးရင်တောင် ကိုယ့်စားရိတ်နဲ့ ကိုယ်ပြန်လာပြီး အချိန်အတိုင်းအတာတစ်ခု အထိ leave without pay ယူပြီး အလှည့်ကျ ပြန်လာလုပ်မယ့် မြန်မာ consultant တွေ အများကြီးပါ။ တစ်ဖက်နိုင်ငံနဲ့ bilateral agreement မျိုးသာ ရှိခဲ့လို့ ကတော့ ကြိုက်တဲ့ နေရာ သွားခိုင်းလို့ ရပါတယ်။ မရှိရင်တောင် သွားပေးကြမှာပါ။ လခလိုလို့ ပြန်လာတဲ့ သူတွေမှ မဟုတ်ဘဲ။ ဗိုက်ပြည့်ပြီးလို့ ကိုယ့်တိုင်းပြည်အတွက် ပြန်လာလုပ်ချင်သူတွေ အများကြီးပါ။

၎။ ဆေးကျောင်းတွေက နိုင်ငံခြားက စာလာရင် မပြန်ဘူးလို့ ကြားဖူးပါတယ်။ ဟုတ်မဟုတ် မသေချာပါ။ ဟုတ်တယ်ဆိုရင် ပြန်ပေးစေချင်ပါတယ်။ တကယ်တက်သွားတဲ့ ကျောင်းသားကို တကယ်တက်သွားတယ်လို့ ထောက်ခံပေးလိုက် ရုံပါပဲ။

၅။ ကိုယ့်ဘာသာကိုယ်ဘွဲ့သွားယူခဲ့ဘွဲ့တွေကို အသိအမှတ်ပြုပေးလိုက်ပါ။ နိုင်ငံတော်က စားရိတ်တစ်ပြားမှ မကုန်ဘဲ brain gain ပါတယ်။ ပြန်လာချင်တဲ့သူကတောင် ပြန်လာချင်သေးတာပဲ။ လက်ခံလိုက်ပါ။ သူပြန်လာချင်တာ သူ့မှာ ပြန်လာရမယ့် အကြောင်းတစ်ခုခုရှိုလို့ နေမှာပါ။ အဲဒါကို သုံးပြီး win-win ဖြစ်အောင် စဉ်းစားပေးပါ။ သူ့ဘာသာသူကြိုးစားလာလို့ ရလာတဲ့ဘွဲ့ကို အသိအမှတ်ပြုပေးလိုက်ရုံပါပဲ။ ရာထူးတိုးပေးဖို့ မဆိုလိုပါ။ ရလာတဲ့ ဘွဲ့ကို တရားဝင်တပ်ခွင့်ပြုဖို့ပါပဲ။ ပိုက်ဆံနဲ့ ဆွဲဆောင်ဖို့ မတတ်နိုင်ရင် တတ်နိုင်တာနဲ့ ဆွဲဆောင်ရပါမယ်။ ၀န်ထမ်းတွေဟာ ဘယ်လို incentives တွေကို respond လုပ်တယ်ဆိုတာ study တွေ အများကြီးရှိပါတယ်။ လုံလောက်တဲ့ လခကို မပေးနိုင်သေးခင်မှာ တစ်ခြား incentives တွေကို စဉ်းစားရပါမယ်။ ကြမ်းရုံနဲ့ အလုပ်မဖြစ်ပါ။

၆။ မလုပ်ချင်တော့တဲ့သူ၊ လုပ်ဖို့ မီးစာကုန် ဆီခမ်းနေတဲ့ သူတွေကို ထွက်ခွင့်ပေးလိုက်ပါ။ ထွက်ခွင့်ပေးရင် နိုင်ငံတော်က ဆုံးရှံးမှာ မှန်ပေမယ့် ဆက်ခိုင်းနေတော့ရော သေသေချာချာ အားထည့်ပြီး လုပ်နေကြတာမှ မဟုတ်ပဲ။ ဆက်ပြုန်းနေမှာပါပဲ။ ထွက်ချင်သူတွေ ပေးထွက်လိုက်ရင် ဆုံးရှုးံမှာ မှန်ပေမယ့် ၀င်လာချင်သူတွေ ၀င်ခွင့်ရကြမှာပါ။ အသစ်တွေမှာ အတွေ့အကြုံမရှိပေမယ့် အဟောင်းတွေမှာ မရှိတဲ့ အားတွေ ရှိနေတတ်ပါတယ်။ ဒီအားတွေကို သင့်တော်ရာနည်းနဲ့ harness လုပ်ပြီး လိုရာသုံးလို့ ရနိုင်ကောင်းပါတယ်။ ဒီတော့ လုပ်သက် ၃နှစ်ဖြစ်ဖြစ် ၅ နှစ်ဖြစ်ဖြစ် တစ်ခုခု သတ်မှတ်ပြီး ထွက်ခွင့်ပေးလိုက်ပါ။ တရားဝင်လည်း ကြေညာလိုက်ပါ။ အခုလက်ရှိအနေအထားက ထွက်တော့ ထွက်နေကြတယ်။ ဘယ်လို ထွက်ခွင့်ရမှန်း တိတိပပ မသိရပါဘူး။ မူတွေကို တစ်ဦးတစ်ယောက်က arbitrarily ဆုံးဖြတ်တာ မဟုတ်ဘဲ တိတိကျကျနဲ့ မြင်သာအောင်လုပ်ပေးပါ။ မူတွေဟာလည်း တစ်ယောက်ပြောင်းတိုင်း တစ်ခါလိုက်ပြောင်းရတဲ့ မူမျိုးမဟုတ်ဘဲ long-term master plan ထဲမှာသွားပြီး integrate လုပ်လို့ ရမယ့် မူမျိုးဖြစ်စေချင်ပါတယ်။ staff turnover ဆိုတာ ၀န်ကြီးဌာနတိုင်း၊ အဖွဲ့အစည်းတိုင်း မလွှဲမသွေ ကြုံတွေ့ရမယ့် ပြဿနာပါ။ ထွက်တာကို တင်းကြပ်တာဟာ တစ်ခုတည်းသော အဖြေမဟုတ်သလို staff performance ကို သက်ရောက်မှုတွေ ရှိစေပါတယ်။ အနည်းဆုံးတော့ ၀င်လာမယ့်သူတွေကို တွန့်စေပါတယ်။

၇။ ထွက်ခွင့်ရတဲ့သူတွေကို EC ချက်ချင်း လျော်ခွင့်ပေးပါ။ ငါတို့ ဆီက ထွက်ပြေးတဲ့ကောင်တွေ တစ်နှစ်လောက်တော့ ခံဆိုပြီး မငြိုးပါနဲ့။ အတိုင်းအတာတစ်ခုအထိ တိုင်းပြည်အတွက် တာဝန်ကျေပြီးလို့ ထွက်ခွင့်ပေးလိုက်တာပဲ မဟုတ်လား။ တစ် နှစ်စောင့်၊ နှစ်နှစ်စောင့်ဆိုပြီး လုပ်မနေပါနဲ့တော့။ ချက်ချင်းလျော်ပြီး ချက်ချင်း နိုင်ငံခြားထွက်တော့ သူ့ခမျာ စေတနာဆရာဝန်ဆိုတဲ့ စားလို့မရတဲ့ ဂုဏ်ပုဒ်ကလေးပိုက်ပြီး တစ်သက်လုံး မွဲခဲ့ရသမျှ ချက်ချင်း ကားစီးပြီး အိမ်ခန်းဝယ်နိုင်တာပေါ့။ အခု ကျောင်းပြီးစ ကလေးတွေတောင် ဆမ သင်တန်းတက်ပြီးရင် ချက်ချင်း EC လျော်လို့ ရနေပြီပဲ။ တိုင်းပြည်အတွက် လုပ်နေတဲ့၊ လုပ်ပြီးခဲ့တဲ့ သူတွေဟာ မလုပ်ရသေးတဲ့ သူတွေထက် အခွင့်အရေး ပိုမရသင့်ဘူးလား။ သူ့ခမျာ အလုပ်ကြမ်းနဲ့ ထမင်းမ၀ဒဏ် ၃နှစ်တော့ အနည်းဆုံးခံပြီးပါပြီ။

အခု ဆရာဖေ ဦးဆောင်တဲ့ ၀န်ကြီးအဖွဲ့လက်ထက်မှာ ကောင်းတဲ့ အပြောင်းအလဲတွေ အများကြီးတွေ့ရပါတယ်။ သက်ဆိုင်ရာ ပါချုပ်တွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေကလည်း နိုင်သလောက် လုပ် နေကြပါတယ်။ ၀မ်းလည်းသာ ကျေးဇူးလည်း တင်ရပါတယ်။ မျှော်လင့်ချက်တွေလည်း ရှိလာပါတယ်။ ကိုယ့်သားသမီးလို တွေးပေးနိုင်ကြလို့လည်း သာဓုခေါ်မိပါတယ်။ ဘာတွေလုပ်နေကြတယ်ဆိုတာ သိလို့ ဒါရင်ထဲက တကယ်ပြောတဲ့ စကားပါ။ အရင်ဝန်ကြီး ကတော့ စံပြပါပဲ။ သူ့ကိုတော့ ဒေါက်တာကျော်မြင့်လို့ မခေါ်ချင်၊ ဗိုလ်ချုပ်ကျော်မြင့်လို့ ပဲ ခေါ်ချင်ပါတော့တယ်။ သူ့လက်ထက်က management အမှားအကြီးကြီးတွေကို အခုလူတွေလက်ထက်အထိ ခါးစည်းခံရတုန်း ရှိပါသေးတယ်။ ပညာတတ်တွေကို ထိန်းချင်ရင် စစ်တပ်လို တစ်သွေးတစ်သံတစ်မိန့်နဲ့ မရနိုင်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဖြစ်ခွင့်ပေးလိုက်ရင် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့ စိတ်ဝင်စားလာကြပါလိမ့်မယ်။ မပြည့်စုံတဲ့တိုင်းပြည်တစ်ပြည်ရဲ့ အခက်အခဲကို နားလည်ပါတယ်။ သက်ဆိုင်ရာနေရာတွေမှာ လုပ်ဆောင်နေကြတဲ့ လူကြီးတွေရဲ့ အခက်အခဲကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် တစ်ချို့မူတွေကိုတော့ ပြန်ပြီး ဆန်းစစ်လိုပါတယ်။ sticks တွေနဲ့ carrots တွေကို ပြန်ချိန်စေချင်ပါတယ်။ sticks တွေ များနေတယ်လို့ ထင်ပါတယ်။

အခုဒီစာမှာ အမှားပါရင်နားလည် ခွင့်လွှတ်ပေးစေလိုပါတယ် ဆရာကြီး ဆရာမကြီးများရှင့်။ ကျန်းမာရေး ၀န်ကြီးဌာနကို တိုက်ခိုက်ဖို့ လုံးဝမရည်ရွယ်ပါဘူး။ လိုချင်တာတွေရှိလို့ ပူဆာတဲ့ စာသာ ဖြစ်ပါတယ်။ ဒေါသတွေပါနေခဲ့ရင်လည်း သူများကစားချိန် မကစားနိုင်၊ သူများအားချိန်မှာ မအားနိုင်၊ သူများ ရချိန်မှာ မရနိုင်၊ သူများပြချိန်မှာ မပြနိုင်၊ သူများ နားချိန်မှာ မနားနိုင်၊ သူများသုံးချိန်မှာ မသုံးနိုင်၊ သူများ ပျော်ချိန်မှာ မပျော်နိုင်၊ သူများလျော်ချိန်မှာ မလျော်နိုင်ခဲ့တဲ့ ဒုက္ခတွေကို နာတာရှည်ရောဂါတစ်ခုလို နှစ်ရှည်လများခံစားခဲ့ရသူ self-censorship အားနည်းတဲ့ အမိုက်မလို့ပဲ နားလည်ပေးပါရှင့်။ ဆေးလောကဟာ မိသားစုတစ်ခုဆိုရင် ဒီမိသားစုဝင်တစ်ယောက်အနေနဲ့ ခံစားမိတာတွေပြောရင်း ကိုယ့်မိဘတွေကို ဒါတွေတော့ လုပ်ပေးစေချင်တယ်ဆိုပြီး သားသမီးတစ်ယောက်အနေနဲ့ တိုင်တည်ပြီး ရေးတဲ့စာ ဖြစ်ပါတယ်။ national decision maker နေရာမှာ မနေဖူးသူ ကလေးကလားတစ်ယောက်ရေးတဲ့စာလို့ မှတ်ယူပေးပါ။ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပြစ်မှားမိတာရှိရင်ခွင့်လွှတ်ပေးပါရှင့်။ ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများကို မိဘနဲ့ တစ်ဂိုဏ်းတည်းထားပြီး ပုဆစ်တုပ်လျက် လက်ဆယ်ဖြာမိုးကာ ကျိုးနွံစွာ ကန်တော့လိုက်ပါတယ်ရှင့်။ တောင်းဆိုချက်တွေထဲမှာလည်း အကုန်မဟုတ်ရင်တောင်မှ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုချက်တွေကို မိဘမေတ္တာ၊ သမားမေတ္တာနဲ့ လိုက်လျောပေးစေလိုပါတယ်ရှင့်။ လိမ်မာတဲ့ သားသမီးပီပီ မိဘများရဲ့ သွန်သင်ဆုံးမမှုကိုလည်း နာယူရန် အသင့်ရှိကြောင်းပါရှင့်။ ။

ကျူးကျော်တွေကို တရားစွဲပြီ

1 comments

~




တရားရုံးရှေ့မြင်ကွင်း

အိုးအိမ်ဦးစီးဌာနက တရားလိုလုပ်ပြီး တရားစွဲဆိုလိုက်တာကြောင့် ကျူးကျော်နေထိုင်သူတွေ အများအပြား လှိုင်သာယာမြို့ တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

သူတို့ဟာ လှိုင်သာယာ ပန်းလှိုင်ဂေါက်ကွင်းရှေ့က ဒိုင်စုကျေးရွာနဲ့ ညောင်ကျေးရွာမှာ နေထိုင်သူတွေဖြစ်ပါတယ်။
စုစုပေါင်း လူဦးရေ ၃,၀၀၀ ကျော် ရှိပြီး တရားရုံးက တသုပ်ချင်းစီ ခေါ်ယူပြီး စစ်ဆေးဆုံးဖြတ်မှာဖြစ်ကြောင်း သိရပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဦးဝင်းရွှေက ကျူးကျော်တွေကို ပြောင်းရွှေခိုင်းတဲ့စာ ၊ နှင်ထုတ်တဲ့စာတွေကို သက်ဆိုင်ရာက ဘာတခုမှ မထုတ်ပြန်သလို တရားစွဲဆိုထားကြောင်းလဲ အသိမပေးဘဲ ရုတ်တရက် နံမည်စရင်း လိုက်ကောက်ပြီး တရားရုံးက သမ္မာန်စာချလိုက်တာ ဖြစ်တယ်လို့ ပြောပြပါတယ်။

တရားရုံးကိုရောက်လာကြတဲ့ ကျူးကျော်တွေကိုလည်း ခင်ဗျားတို့ကို ထောင်ချပစ်မယ်၊ ထောင်ချပစ်မယ်လို့ တရားသူကြီး ဦးသန်းလွင်က ပြောခဲ့တယ်လို့ ကျူးကျော်စာရင်းဝင် မစန်းစန်းအေးက ငိုယိုပြီးပြောပြပါတယ်။

တရားရုံးက သမ္မာန်စာချပြီး မနေ့က အမှုရင်ဆိုင်ဖို့ ချိန်းဆိုလိုက်ပါတယ်။ ရုံးရှေ့ကို ပြည်တွင်းပြည်ပ မီဒီယာတွေ အုံကြွလာပါတယ်။ အမှုကို စီရင်ချက် မချသေးဘဲ ရက်ချိန်း ထပ်ပေးလိုက်ပါတယ်။

ကျူးကျော်များ မိမိတို့နေရာသို့ ပြန်လည်ရောက်လာကြပုံ






~



မြန်မာဖြစ်သွားတဲ့ အမေရိကန် စစ်စစ်ကြီးများ

2 comments

အမေရိကန်ပြည်ထောင်စု၊တက္က္ကဆတ်ပြည်နယ်၊ အော်စတင်မြို့ သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သော သီတဂူရွှေစည်းခုံစေတီတော်...ဓာတ်ပုံများ- Ashin Tikkha


မြန်မာလိုဝတ် မြန်မာလိုပြော မြန်မာယဉ်ကျေးမှုကို ချစ်မြတ်နိုးကြသည့် သီတဂူတပည့် အမေရိကန်စစ်စစ်ကြီးများ ( မြန်မာနွယ်ဖွား တိုင်းရင်းသားတို့ အတုယူဖွယ်ရာပါ့)



တက္ကဆတ်တက္ကသိုလ် Buddhist Studies ဋ္ဌာန ပါမောက္ခအား ဆရာတော်မှ.. ငါကတော့..Buddha's teaching တွေ အမေရိကန်သယ်လာပြီ၊ မင်းတို့က ပိုပြီးကျယ်ပြန့်အောင် ပြန့်ပွားအောင် လုပ်ကြ..ဟု အမိန့်ရှိနေစဉ်..




အမေရိကန်ကြီးများက မောင်းကျက်သရေခေါင်းပေါင်း မြန်မာဝတ်စုံကို မြတ်နိုးစွာ ဝင်ဆင်ပြီး စိန်ဖူးတော်တင်ပွဲ ပါဝင်ဆင်နွှဲ..




မြန်မာလိုပြော..မြန်မာစာအုပ်ကို စာတမ်းတင်ပြီး Ph-D ဘွဲ့ရယူထားသည့် ဦး..ဥာဏ်ဦးကျော်..

လယ်သမားတွေရဲ့ လက်ငင်းဒုက္ခ

0 comments




(မောင်ဝံသ-ပြောချင်လွန်းလို့)

လယ်သိမ်း မြေသိမ်းတာတွေ

စီးပွားရေးလုပ်ငန်းရှင်အချို့က နေရာအတော်များများမှာ လယ်ယာ မြေတွေကို နည်းမျိုးစုံနဲ့ မောင်ပိုင်စီးဖို့ ကြိုးစားခဲ့ကြတဲ့သတင်းတွေ ကြားသိနေရတယ်ဗျာ။ တစ်ချို့ဆိုရင် နိုင်ငံတော်က သိမ်းသလိုလိုနဲ့ နှစ်ပေါက် တစ်ပေါက်ရိုက်ခဲ့တယ်လို့ဆိုကာ လယ်သမားက တရား ပြန်စွဲမယ့် အခြေအနေမျိုးတောင် ဖြစ်ပေါ်ခဲ့တယ်ဗျ။

ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ အနုပညာသည်ကြီး ကွယ်လွန်သူ ကိုမြတ်လေးရဲ့ ထောင့်သုံးရာပြည့် အရေးတော်ပုံ သီချင်းထဲက လယ်သမား သရုပ်ဖော် စာသားတချို့ကို သတိရမိတယ်ဗျာ။

"လယ်သမားဆိုတာ___ မွဲတေနုံချာ___ ဂုဏ်အသပြာ မစုံလှသမို့ ___ သုညမှာတောင်မှ အနုတ်လက္ခဏာ ပြတဲ့ ဘ၀သာသာ___ စားရတော့လဲ ၀မ်းမ၀ပါ___ ၀တ်ရတော့လဲ ခါးမလှပါ ___ အဖြည့်ခံသက်သက်တွေပါခင်ဗျာ___"

ဝေါမြို့နယ်က ညည်းသံညူသံတွေ

သုညမှာတောင် အနုတ်လက္ခဏာပြတဲ့ လယ်သမားတွေရဲ့ ဘ၀ဟာ ဒီနေ့ထိ မပြောင်းလဲသေးပါဘူး။ အချိန်ကာလတစ်ခုမှာ လယ်သမားတွေ ငွေစကြေးစ ရွှင်ခဲ့ဖူးပါရဲ့။ ဒေါ်လာဈေး ၁၂၀၀ကျော် ခဲ့ချိန်က လယ်ယာထွက် သီးနှံတွေ ဈေးကောင်းကောင်းရလို့ ရွာတွေမှာ သွပ်မိုးတစ်ဖွေးဖွေးနဲ့ ဖြစ်ခဲ့ကြတာ အမှန်ပါပဲ။

သို့ပေမယ့် ခုတော့ တစ်နိုင်ငံလုံး လယ်သမားအများစု ကပ်ဆိုက်နေကြပြီ။ သီးနှံတွေ ပျက်တာ၊ ဆုံးရှုံး တာ၊ အောက်ဈေးနဲ့ ရောင်းရတာ၊ အရင်းတောင် ပြန်မပေါ်တာ သုံးလေးနှစ် ဆက်တိုက်လို ဖြစ်ခဲ့၊ ကျွန်တော့် ဇာတိ ဝေါမြို့နယ်က ဆွေမျိုးသားချင်းတွေရဲ့ ညည်းသံညူသံတွေကို ကျွန်တော့်မှာ သက်ပြင်းပူကြီးတွေ မှုတ်ထုတ်လို့သာပဲ နားထောင်ခဲ့ရတယ်ဗျာ။


စိုက်ပျိုးရေးလုပ်ဖို့မဟုတ်

သည်ကြားထဲ ငွေရှင်ကြေးရှင်တွေက လယ်မြေတွေကြို မျက်စောင်းတထိုးထိုးနဲ့ မောင်ပိုင်စီးဖို့ အကြံအဖန်တွေ လုပ်ခဲ့ကြတယ်ဗျ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လယ်မြေ ဧက ထောင်သောင်းချီပိုင်ဆိုင်ပြီး စက်မှု စွမ်းအား နဲ့ ခေတ်မီနည်းပညာတွေနဲ့ စိုက်ပျိုးထုတ်ကုန်တွေ အကြီးးအကျယ် ထုတ်လုပ်သူတွေအကြောင်း ဖတ်ဖူးလေ့လာဖူးပါတယ်။

သို့ပေမယ့် အခု ကျွန်တော်တို့ဆီမှာ လယ်မြေတွေ အကြံအဖန်နဲ့ မောင်ပိုင်စီးဖို့ ကြိုးစားနေသူတွေက အဲသလိုမျိုး မဟုတ်ပေဘူးဗျ။ သူတို့အကြံက မကြာခင် နိုင်ငံခြားက ၀င်လာတော့မယ့် ရင်းနှီး မြှုပ်နှံသူတွေ လက်ထဲ မတန်တဆအကျိုးအမြတ်ယူပြီး လက်လွှဲရောင်းစား ကြမှာဖြစ်တယ်ဗျာ။ လယ်သမားဆီက တစ်ဧက ၃သိန်းလောက်နဲ့ ခြိမ်းခြောက်ပြီး ရယူထားတဲ့ မြေတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေလက်ကို တစ်ဧက သိန်း ၃၀၀၀ လောက်နဲ့ ပြန်ရောင်းကြမှာ ဖြစ်တယ်ဗျ။

ဗိုလ်ချုပ်က ဘယ်လို ပြောခဲ့သလဲ

ဒီမိုကရေစီနိုင်ငံတော်ဆိုတာ ငွေရှင်ကြေးရှင်တွေ ခြယ်လှယ် ချင်သလို ခြယ်လှယ်နိုင်မယ့် အနေအထားမျိုးကို ခွင့်ပြုလိမ့်မယ်လို့ ကျွန်တော်တော့ လုံးဝ မယုံကြည်ဘူးဗျ။

ဒီလို အကြောင်းအရာမျိုးကို မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လိုများ ရှုမြင်ခဲ့လေမလဲ လို့ သိချင်တာနဲ့ ဗိုလ်ချုပ် မိန့်ခွန်းများ စာအုပ်မှာ ရှာဖွေကြည့်တော့ တွေ့ရပါကောလားဗျာ။ ၁၉၄၆ခု ဇန်န၀ါရီလ ဖဆပလ ပဏာမညီလာခံကြီးမှာ ဗိုလ်ချုပ် အောင်ဆန်းက -

"အမှန်ကတော့ ဘယ်နိုင်ငံရေး၊ စီးပွားရေးစနစ်မှ အမြဲ တည်တံ့တာ မရှိဘူး။ သူ့အချိန် သူ့အခြေအနေ အလိုက် ဖြစ်လာကြတာပဲ။ ဒီတော့ ကျွန်တော်တို့ ဗမာပြည်အဖို့မှာတော့ အလယ်အလတ်အဆင့်မှာ ရှိတဲ့ ဒီ အရင်းရှင်ကို စနစ်ကျော်မသွားသေးပေမယ့် အဲဒီစနစ် ထင်တာ မလုပ်နိုင်ဘဲ ဒီစနစ်ကို အမြန်ဆုံးကျော်သွားနိုင် မယ့် စီးပွားရေး သဘောတရားတွေကို အခြေခံပြီး တိုင်းပြည်တည်မှသာလျှင် တကယ့် ဒီမိုကရေစီ နိုင်ငံ ကို ရောက်အောင် သွားနိုင်လိမ့်မယ်။ တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရား အရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရ ဖြစ်ရုံနှင့် မပြီးသေးဘူး။ အဲဒီအစိုးရ ဟာ ပြည်သူတွေရဲ့ လက်ငင်း စီးပွားရေး အဆင့်အတန်းကို အခွင့်အရေး တန်းတူရနိုင်တဲ့ အခြေ အထိ မြှင့် တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ လှမ်းတက်နိုင်မယ်" လို့ ဆွေးနွေးလမ်းညွှန်ခဲ့ တယ်ဗျ။

ငါးမူး သုံးမူးတစ်ပဲ ဒီမိုကရေစီ

"အခု ဒီမိုကရေစီခေါ်နေတဲ့ တိုင်းပြည်တွေအများဟာ တကယ့် ဒီမို ကရေစီတွေ မဟုတ်ဘူး။ ငါးမူး သုံးမူးတစ်ပဲ လောက်ပဲ။ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။ အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင် ခေါ်တဲ့ပစ္စည်း၊ အရင်းရှင်တွေ စီးပွားရေး ခြယ်လှယ်တဲ့ စနစ်အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တစ်နည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စနစ်အုပ်ချုပ်ရေးကို ဒီမိုကရေစီဆိုလို့ ဘမ်းပြပြီးထားတဲ့ အုပ်ချုပ်ရေးပဲ"လို့ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့တာ ဟာ ခေတ်အဆက်ဆက် မငြင်းနိုင်တဲ့ အမှန်တရားတွေ ဖြစ်နေပါတယ်။

ကျွန်တော်ကတော့ လက်ရှိ ကျွန်တော်တို့ လယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဟာ ဗိုလ်ချုပ်အောင်ဆန်း အမြော်အမြင်ကြီးစွာ သတိပေးသွားတဲ့ 'ဘမ်းပြဒိမိုကရေစီ'ပုံစံမျိုးဆီကို ဦးတည်သွားမှာ အလွန်စိုးရိမ်နေမိတယ်ဗျ။

ကျေးရွာအုပ်ချုပ်ရေးမှူးအချို့လုပ်ပုံ

လယ်သမားတွေရဲ့ ဘ၀နဲ့ ခံစားချက်အကြောင်း ပြောနေတုန်း ပြီးခဲ့တဲ့ အပတ် ပြည်သူ့ခေတ်မှာ ကျွန်တော်ရေးခဲ့တဲ့ "ဖယောင်းတိုင်မီးနဲ့ ကျွန်တော်" ဆောင်းပါးထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိစ္စ ဖော်ပြ ခဲ့တာကို ဖြည့်စွက်ပေးတဲ့ စာတချို့ ရရှိခဲ့တယ်ဗျာ။

ချင်းတွင်းကိုကို ကလောင်အမည်ခံသူ မိတ်ဆွေသတင်းထောက်က ခုလို ရေးလိုက်ပါတယ်။
မည့်သည့်ထောက်ခံချက်မဆို....၅၀၀ကျပ်နှင့် ၂၀၀၀ကျပ်အတွင်း (အေဖိုးစာရွက် ထက်ဝက်ပြတ်ကို ကွန်ပြူတာနဲ့ စာစီ လက်မှတ်ထိုး ထားတာ...ဒါတောင် မကိုက်ဘူးဆိုပဲ ဆရာ) နောက်...ဧည့်စာရင်း တိုင်ရင် တစ်ယောက်ကို ဘယ်လောက်. ......။ ဟိုတစ်လောက ဧည့်စာရင်း စစ်တာ မိတဲ့ လူငယ်လေး တစ်ဦးက ပြောတယ်။ မှတ်ပုံတင် သိမ်းသွားတယ်တဲ့ ...လာရွေး ...၅၀၀၀ ကျပ်တဲ့.....။

နောက် အိမ်ခြံမြေ ရောင်းမယ် ၀ယ်မယ် ဆိုရင် အရောင်းအ၀ယ် စာချုပ်ချုပ်မယ်ဆိုရင် တန်ကြေးပေါ် မူတည်ပြီး ....ပိုက်ဆံရတတ် တောင်းတတ်ပါ တယ်။ (ရန်ကုန်တော့ မသိပါ) ....။ နောက် ရပ်ကွက် အတွင်း ပြဿနာပေါ်လို့ လိုက်ရှင်းပေးရရင် ....ဘယ်အမှုက ဘယ်လောက် ၊ ဘယ်အမှုက ဘယ်ရွေ့ ....။ မြစ်ချောင်းဘေးက ကျေးလက်တွေဆိုရင် သောင်လေးတွေ မြေနုကျွန်းလေးတွေ ပေါ်လာပြီ ဆိုရင် ရပ်ကွက် ဥက္ကဌ..ဆိုသူက အကောင်းဆုံး နေရာတွေကို သူရောင်းစား ...ကျန်သူတွေကို ဝေချမ်းပေး ( ပိုက်ဆံများများပေးနိုင်သူ ကိုနေရာကောင်းပေါ့ ) .......အဲလို အဲလို ...လေးတွေ ရသဗျ....။

ဒါလေးတွေက ဥပမာ ပါဗျာ......ကျွန်တော့် အသိ ဘုန်းကြီးလူထွက် တစ်ယောက် ဥက္ကဌ လုပ်ချင်လို့ ပိုက်ဆံ အကုန်ခံပြီး လုပ်နေတယ်။ လက်ရှိလည်း ရပ်ကွက် တစ်ခု ရဲ့ ဥက္ကဌ ပါ .....။ အဲလို ဆိုတော့ ဆရာရယ်.. ....ကျွန်တော် တောင် ရပ်ကွက် ဥက္ကဌ ...ဈေးကွက် ဆိုပြီး ရေးရင် ကောင်းမလား စဉ်းစားနေတာ.....။

အရည်အချင်းပြည့်ဝဖို့

လယ်သမားတွေခမျာ နေရာအတော်များများမှာ အဲသလို အုပ်ချုပ်ရေးမှူး ဆိုသူတွေရဲ့ အာဏာပြမှု အနိုင်ကျင့် မှုတွေကိုပါ ခါးစည်းခံနေကြရတုန်းပဲ ဆိုတာ အထင်အရှားပါ။ လယ်တွေပျက်စီးဆုံးရှုံးရတဲ့ကြားမှာ ရေနစ်သူ ၀ါးကူထိုးနှစ် ခံရသလို ဖြစ်နေကြရှာတယ်ဗျ။

အုပ်ချုပ်ရေးမှူးဆိုတဲ့ ရာထူးနာမည်က အတော်ကြီးကျယ်ပါတယ်ဗျာ။ နာမည်ကြီးကျယ်သလောက် လူတွေကလည်း အရည်အချင်း ပြည့်ဝဖို့ လိုမယ်ထင်တယ်ဗျ။ သူတို့အတွက် အရည်အချင်းကတော့ ဘွဲ့တွေ ဒီဂရီတွေ ပြနိုင်ဖို့ မလိုပါ။ ရပ်ကွက် ကျေးရွာနေ ပြည်သူများကိုယ်တိုင် လွတ်လပ်စွာ လျှို့ဝှက်ဆန္ဒမဲနဲ့ ကြည်ကြည်ဖြူဖြူ ရွေးကောက် တင်မြှောက်ခံရသူတွေ ဖြစ်ဖို့ပါပဲဗျာ။

၀၁ ၀၆ ၂၀၁၂
maungwuntha@gmail.com
(ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ-၂၊အမှတ်-၉၇၊၂၀၁၂ခုနှစ်၊ ဇွန်၇)


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved