မုံရွာမြို့ ဆန္ဒပြပွဲ လူ ၂၀၀၀ ခန့် ပါဝင်

Tuesday, September 11, 2012 0 comments

ဓာတ်ပုံ - Opensoiciety Monywa

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲမှ စတင်ကာ မုံရွာဒေသမှ ဗကသ ကျောင်းသားများ၊ မန္တလေးမှ ဗကသများနှင့် ဒေသခံ စုစုပေါင်း လူ ၂ ထောင်ဝန်းကျင်ခန့်သည် ဖမ်းဆီးခံထားရသူ ၃ ဦး ပြန်လွှတ်ပေးရေး၊ တရားဥပဒေကို လေးစားလိုက်နာရေးများ တောင်းဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း သိရပါတယ်။

မုံရွာမြို့ ဆုတောင်းပြည့်ဘုရားတွင် တက်ရောက်၍ မြေများ မတရား သိမ်းပိုက်ခံရမူကို ဆုတောင်းခဲ့ကြရင်း အဖမ်းခံခဲ့ရတဲ့ ၁၁ ဦးအနက် ကျန်ရှိနေသေးသော ဖလက်ပန်းတောင်တောင် ကြေးနီစီမံကိန်း ဒေသ က ကျေးရွာသူ မသွဲ့သွဲ့ဝင်း၊ မအေးနက်၊ မဖြူဖြူဝင်းတို့ ၃ ဦး အား ပြန်လွှတ်ပေးရေးအတွက် ဆန္ဒပြခဲ့ကြ တာဖြစ်ပြီး ည ၇ နာရီခွဲတွင် အေးချမ်းစွာ လူစု ခွဲခဲ့ကြပါတယ်။

ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ ရဲစခန်းရှေ့မှ စတင်ကာ နာရီစင်၊ ထိုမှ ပြည်ထောင်စု လမ်း၊ ဗိုလ်ချုပ်လမ်းများတွင် လှည့်လည် ဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြနေစဉ် ရဲစခန်းတွင် လက်နက်အပြည့်အစုံနှင့် ရဲအင်အား ၂၀၀ ၀န်းကျင်ခန့် ရှိကြောင်း သိရပါတယ်။

လက်ပန်းတောင်တောင် ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီ လိမိတက်၊ တရုတ်နိုင်ငံက ၀မ်ပေါင် ကုမ္ပဏီတို့က ပူးပေါင်း လုပ်ဆောင်နေကြပြီး ရွာပေါင်း ၂၆ ရွာကို စီမံကိန်းမြေအဖြစ် သတ်မှတ်ကာ ဒေသခံ ရွာသူ၊ ရွာသားများအားမကျေနပ်ဖြစ်နေခဲ့သည်မှာ ၄ လကျော် ကြာပြီဖြစ်ပါတယ်။

မကျေနပ်မှုများ၊ ဆန္ဒပြမှုများကြောင့် သက်ဆိုင်ရာနှင့် ဒေသခံများအကြား သဘောတူညီ စာချုပ်လက်မှတ်ရေး ထိုးထားသော်လည်း ချိုးဖောက်ခဲ့ကြခြင်းကြောင့် ဒေသခံရွာသားများက ပို၍ မကျေမနပ်ဖြစ်ကာ တင်းမာ လာခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ ဒေသခံများအရေး ကူညီပေးခဲ့ကြသော ကျောင်းသားခေါင်းဆောင်များကိုလည်း လိုက်လံ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။








အလွန်အကျွံ သစ်ထုတ်လုပ်မှု

0 comments

~




http://www2.irrawaddy.org/articlefiles/4489-logging.gif

အလွန်အကျွံ သစ်ထုတ်လုပ်မှုများကြောင့် သစ်တောများ ပြုန်းတီးနေပါသည်။

ထမံသီ၊ ဟုမ္မလင်း၊ ရွှေပြည်အေး၊ ဖောင်ပြင်၊ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ မိုးမိတ်၊ ရွှေလီ၊ ကသာ ကဲ့သို့သော သစ်ထုတ်လုပ်ရေး ဒေသများတွင်

မြတ်နိုးသူ၊ မိုမင်တန်၊ ဖြိုးစည်သူ၊ တင်ဝင်းထွန်း၊ ရွှေမိုးသာ၊ ထွန်းမြတ်အောင်၊ ကောင်းမြတ်၊ ဟွန်ဒါမြန်မာ၊ အေရှားဝေါလ်၊ ဌေးမိသားစု၊ NTT စသော ကုမ္ပဏီ များက ခွင့်ပြုထားသော အရေအတွက်ထက် ပို၍ ထုတ်လုပ်နေသည်။

ထို သစ်ထုတ်လုပ်ရေးမှ ကားများ ဖြတ်သန်းသွားလာသောကြောင့် စိုက်ခင်းများ ပျက်စီးကြရပြီး ကားဖြတ်သန်းသွားချိန်တိုင်း ဖုန်ထ၍ ဒေသခံများ၏ကျန်းမာရေး စိုးရိမ်ရပါသည်။

ထိုကဲ့ သို့ ကိစ္စများကြောင့် ပြည်သူများ နစ်နာနေသဖြင့် အစိုးရ တာဝန်ရှိသူများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက စနစ်တကျ စိစစ် အရေးယူပေးပါရန် အသိပေးအပ်ပါသည်။



~

ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးကို ဗိုလ်နှုတ်ခမ်းမွေး ရာထူးချ

0 comments

~



KKO အဖွဲ့ ဥက္ကဋ္ဌ မန်းရောဘတ်ဇန် (ကျွဲချိုလွယ်ထားသူ)၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင် တို့ တာဝန်ကနေ ယာယီရပ်စဲခံရပါတယ် (ဓာတ်ပုံ - ဧရာဝတီ)

DKBA နာယက ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) က သူတို့ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ KKO ရဲ့ ဥက္ကဋ္ဌ နဲ့ အထွေထွေအတွင်းရေးမှူး တို့ကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ကြေညာလိုက်ပါတယ်။

သူတို့ ၂ ယောက်ဟာ အဖွဲ့တွင်း သဘောတူညီချက်မရဘဲ လာမယ့် သောကြာနေ့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့(ချင်းမိုင်မြို့)မှာ ကျင်းပမယ့် မြန်မာတိုင်းရင်းသားများညီလာခံကို သွားရောက်ဖို့ ထွက်ခွာသွားတာကြောင့် ဒီလို အရေးယူရတာလို့ ဧရာဝတီက လက်ခံရရှိတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီညီလာခံတက်ရောက်မယ့်ကိစ္စကြောင့် တာဝန်က ရပ်စဲခြင်း ဆိုတာ အကြောင်းပြချက်တခုပါ။

တခြားအကြောင်းပြချက်များကတော့ သူတို့နှစ်ယောက်ဟာ ပြည်ပနိုင်ငံသား ဖြစ်နေတဲ့အတွက် တရားဝင် ရပ်တည်လိုတဲ့ DKBA အဖွဲ့ တရားဝင် မှတ်ပုံတင်ရေး အခက်တွေ့နေတယ်၊ ဒါကြောင့် အဖွဲ့အစည်းက အသက်ရှင်လျက် "ဘ၀သေနေသလို လှုပ်ရှားမှုများ ပြတ်တောက်နေပါသည်" လို့ ကြေညာချက်က ဆိုပါတယ်။

နောက်တချက်ကတော့ ဒီလ ၈ ရက်နေ့ ဆုံဆည်းမြိုင်ရွာမှာ သူတို့ ၂ ဦး တာဝန်ခံပြုလုပ်တဲ့ လူထုရွေးချယ်တင်မြှောက်ပွဲတခုမှာ ခိုက်ရန်ဖြစ်ပွားပြီး သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့တယ်၊ တည်ငြိမ်မှု ပျက်ပြားခဲ့တယ် ဆိုတဲ့ အချက်ပါ။

အခုလို ရာထူးက ယာယီရပ်စဲခံရတဲ့ မန်းရောဘတ်ဇန် နဲ့ စောဂုဏ်အောင် တို့ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်မလာသေးပါဘူး။

DKBA တပ်ဖွဲ့ အများအပြား နယ်ခြားစောင့်တပ် အသွင်ပြောင်းထားပေမယ့် ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ ကလို့ထူးဘော DKBA ကတော့ အသွင်ပြောင်းခြင်း မရှိသေးပါဘူး။

ကရင်ပြည်နယ် ဆုံဆည်းမြိုင်ဒေသ အခြေစိုက် ကလို့ထူးဘော DKBA ဟာ မကြာသေးခင်က အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပါတယ်။

DKBA နာယက ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ထုတ်ပြန်ချက်
စာမျက်နှာ ၁
စာမျက်နှာ ၂

ဆက်စပ်ဖတ်ရှုရန် -
တိုင်းရင်းသားအဖွဲ့များ ဇင်းမယ်မှာ ၃ ရက် ညီလာခံလုပ်မယ်


ဗိုလ်နှုတ်ခမ်းမွေးနဲ့ အစိုးရ သဘောတူညီချက် ၆ ခု လက်မှတ်ထိုး





~

KNPP နှင့် ၈၈ ပူးတွဲ ကြေညာချက်

1 comments



စက်တင်ဘာလ ၁၀ရက်နေ့က ကိုမြအေး ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ရောက်ရှိခဲ့ကြပါတယ်။

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ-KNPPနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး သဘောထား ထုတ်ပြန်ချက် တစ်ခုကို ပူးတွဲထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP မှ

၁။ ခူဒယ်နီရယ် - ပါတီဗဟိုကော်မတီဝင်၊ ဆက်ဆံရေးတာဝန်ခံ

၂။ ခွန်းစမ်းရှိုင်း - တွဲဖက်တာဝန်ခံ

၃။ အေးမွန် - ရုံးဝန်ထမ်း တို့ တက်ရောက်ခဲ့ကြပြီး၊

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ

၁။ ကိုမြအေး - ငြိမ်းချမ်းရေးတာဝန်ခံ (အဖွဲ့ခေါင်းဆောင်)

၂။ ကိုထွန်းမြင့်အောင် - လယ်သမားရေးရာ တာဝန်ခံ

၃။ ကိုစိုးထွန်း - လူ့စွမ်းအား အရင်းအမြစ်နှင့် ပြန်လည်ထူထောင်ရေး တာဝန်ခံ

၎။ မမီမီလွင် - ငြိမ်းချမ်းရေးအဖွဲ့ဝင်

၅။ မစန်းစန်းမော် - ငြိမ်းချမ်းရေးအဖွဲ့ဝင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ တွေ့ဆုံဆွေးနွေးမှု သဘောထား ထုတ်ပြန်ချက်

လွိုင်ကော်မြို့ ရက်စွဲ ။ ။ ၁၁-၉-၂၀၁၂


၁။ KNPPနှင့် ၈၈မျိုးဆက်ကျောင်းသားများသည် လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ရှေ့အလားအလာများနှင့်ပတ်သက်၍လည်းကောင်း ပထမဦးဆုံးအကြိမ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။

၂။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းကို အာမခံချက်ပေးသည့်၊ တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိသည့် စစ်မှန်သောပြည်ထောင်စုပေါ်ထွန်းရေးအတွက် လက်တွဲကြိုးပမ်း သွားမည်။

၃။ ကယားပြည်နယ်တွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင် ရန်အတွက် နိုင်ငံရေး ပဋ္ဋိပက္ခများကို ဖြေရှင်းနိုင်သည့် စစ်မှန်သောငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ထွန်းရေးကို လိုလား သည်။ ဒေသခံ ပြည်သူလူထု၏ သဘောတူ ပူးပေါင်းဆောင်ရွက်မှုကို ရမှသာလျှင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ယုံကြည်သည်။

၎။ ချိကယ် ကျေးရွာအုပ်စု ပကျဲတောင်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းအား ဒေသခံ ရွာသူရွာသားများနှင့် ပြည်သူများ၏ သဘောတူ ကျေနပ်မှုရမှသာလျှင် ဆောင်ရွက်သင့်သည်ဟု ယူဆသည်။

၅။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေး၊ ဒီမိုကရေစီထွန်းကားရေးတို့အတွက် အစိုးရ အပါအ၀င် မည်သည့်အသင်းအဖွဲ့များနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်။

၆။ ကချင်ပြည်နယ်တွင် ယနေ့ဖြစ်ပွားနေသော စစ်ပွဲများအား အမြန်ဆုံးရပ်တန့်ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးပွဲများ အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း အစိုးရအား တိုက်တွန်းအပ်ပါသည်။


ကရင်နီအမျိုးသားတိုးတက်ရေးပါတီ

၈၈ မျိုးဆက်ကျောင်းသားများ


နေ့စဉ် ၁၆ နာရီ အလုပ် လုပ်ရတဲ့ အလုပ်သမားတဦး

0 comments


မွန်ပြည်နယ် ရေးမြို့ မာရီစတုပ် အလုပ်သမားတဦးရဲ့ တိုင်ကြားစာဖြစ်ပါတယ်။ နိုင်ငံတကာ မျိုးဆက်ပွား ကျန်မာရေး ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်နေရတဲ့ လူမှုရေးအဖွဲ့တခုက ညစောင့် အလုပ်သမား တဦးဖြစ် သူ ရေးပို့ထားတာလည်းဖြစ်ပါတယ်။

အလုပ်သမားတဦးအနေနဲ့ ပိတ်ရက်၊ နားရက်မရှိဘဲ တနေ့လျှင် ၁၆ နာရီကြာ အလုပ်တာဝန်တွေကို ထမ်းဆောင် ရတဲ့အကြောင်းနဲ့ ညစောင့် ၀န်ထမ်းဖြစ်ပေမယ့် ဆေးခန်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ စွန့်ပစ် ဆေးထိုးအပ်၊ အနာ ဆေး ဂွမ်း၊ စတာတွေကိုလည်း ဖျက်ဆီးသန့်ရှင်းပေးရတဲ့အလုပ်ကိုလုပ်ရသူပါတဲ့။

နိုင်ငံတကာ အလုပ်သမား ဥပဒေမှာတော့ အလုပ်သမားတဦးအတွက် အလုပ်ချိန် တနေ့ကို ၈ နာရီသတ်မှတ် ထားပါတယ်။ ၈ နာရီထက် ပိုပြီး အလုပ်လုပ်ရတယ်ဆိုရင် အချိန်ပိုကြေး အဖြစ် ခံစားခွင့် ရရှိပြီး အချိန်ပိုကြေး ဟာ ပုံမှန် တနာရီ လုပ်အားခထက် ၂ ဆ ဖြစ်ပါတယ်။

သူရဲ့ နစ်နာချက်တွေကို တင်ပြတောင်းဆိုတာကို သက်ဆိုင်ရာက အလုပ်တာဝန်မှ ရပ်နားမယ်ဆိုတဲ့ အကြောင်းပြန်ကြားလာလို့ အခုလို စာရေးသားပေးပို့လာတာဖြစ်တယ်လို့ ဆိုပါတယ်။

သူက ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် ရန်ကုန် ရုံးခွဲအပါအ၀င် သက်ဆိုင်ရာ တွေကိုလည်း တိုင်စာများပေး ပို့ထားတာကို ဖော်ပြပေးလိုက်ပါတယ်။





သတင်းစာတွေ မူဝါဒပြောင်းမယ်

0 comments

~





ပြည်သူဗဟိုပြုသတင်းတွေ ဦးစားပေး ဖော်ပြသွားမယ်လို့ အစိုးရ သတင်းစာတွေက ဒီလဆန်းပိုင်းမှာ ကြေညာပါတယ်။

ပြန်ကြားရေးဌာနကို ဝန်ကြီး ဦးအောင်ကြည် ရောက်သွားတဲ့နောက် ဒီလို လေသံပစ်လာတာပါ။

သတင်းစာမှာ အယ်ဒီတာ့အာဘော်တွေ ဖတ်လို့ကောင်းလာတာမျိုးလို အပြောင်းအလဲတွေ မသိမသာ၊ တဖြည်းဖြည်းချင်း လုပ်လာပါတယ်။

လတ်တလော အပြောင်းအလဲက ဒို့တာဝန် အရေးသုံးပါး၊ စစ်မှန်သော မျိုးချစ်စိတ် အစရှိတာတွေကို မျက်နှာဖုံးမှာ မတင်တော့ပါဘူး။ ဒီလို အူကြောင်ကြောင်စတိုင်ကို လုံးဝ ပြောင်းလဲလိုက်တာ တပတ် ရှိပါပြီ။ (မြန်မာ့အလင်းမှာတော့ မနေ့ကတရက် ပြန်ထည့်ပါသေးတယ်)

လဆန်းပိုင်းမှာ ထည့်သွင်းခဲ့တဲ့ ဒီကြော်ငြာကို မြန်မာ့အလင်းသတင်းစာမှာလည်း ဒီကနေ့ ထပ်ထည့်ထားပါတယ်

ပြည်သူဗဟိုပြုသတင်း ဆိုတာလည်း ပြီးခဲ့တဲ့လပိုင်းတွေအတွင်း အနည်းအကျဉ်း တွေ့မြင်ကြရပြီးပါပြီ။ နယ်ဘက်ကသတင်းတွေ၊ ရန်ကုန်မြို့လမ်းတွေပေါ်က သတင်းတွေပါ။

ပြည်သူကို ဗဟိုပြုမယ် ဆိုတာက နောက်ဘက်စာမျက်နှာများမှာ ပါတတ်တဲ့ နာရေး၊ လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ စွန့်လွှတ်ခြင်း စတဲ့ လူအများ စိတ်ဝင်တစားနဲ့ ဦးစားပေးဖတ်ရှုကြတာတွေကို ပြောတာတော့ ဟုတ်ဟန်မတူပါဘူး။

ပုဂ္ဂလိကသတင်းစာများရဲ့ ထုံးစံဟာ တနေ့တာ ဖြစ်ရပ်များထဲက အထူးခြားဆုံး အရေးအပါဆုံးတွေကို မျက်နှာဖုံးတင်လေ့ရှိပါတယ်။

"အရေးအပါဆုံး" ဆိုတာကို ရွေးကြရာမှာ အယ်ဒီတာများရဲ့ အမြင်က သိပ်ပြီး ကွဲပြားလေ့ မရှိပါ။

အစိုးရဗဟိုပြုသတင်းစာတွေမှာ လုပ်ကိုင်တဲ့ အယ်ဒီတာများလည်း ဒီလိုပဲ မြင်ပါလိမ့်မယ်။ သို့သော်လည်း အစိုးရကိုဗဟိုပြုရတော့ ပုဂ္ဂလိကသတင်းစာများလို လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒီတော့ ပြည်သူဗဟိုပြုသတင်းတွေ ဦးစားပေး ဖော်ပြသွားမယ် လို့ လေသံပစ်လာပေမယ့် ဘယ်လောက်အထိ ဗဟိုပြုမလဲ ဆိုတာ စဉ်းစားစရာပါ။

နှစ်ပေါင်း ၄၀ ထက်မနက် အစိုးရကိုဗဟိုပြုလာ၊ အစိုးရလုပ်ရပ်တွေကိုကြော်ငြာလာတဲ့ ဒီသတင်းစာ၂စောင် မြန်မြန်ပြောင်းလဲလေ ကောင်းလေပါပဲ။ ဒါမှ အနယ်နယ်က စာဖတ်ပရိသတ်အတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။






~

ချင်းနွယ်ဖွား အမျိုးသမီးတာဇံ ချိုင်ဒီ

1 comments

အိန္ဒိယ- မြန်မာနယ်စပ်က တောတွင်း တာဇံ ချိုင်ဒီ- ဓာတ်ပုံ- Cover Asia Press


ရုပ်ရှင်တွေထဲမှာသာ လူတွေကြားသာကြားဖူးပြီး မမြင်ဘူးတဲ့ တာဇံအကြောင်းပါ။ အခုတင်ပြမှာကတော့ အမျိုးသမီး တာဇံ အကြောင်းပါ။ သူ့နံမည်က ချိုင်ဒီလို့ ခေါ်ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ဒေသက ချင်း တိုင်းရင်းသားအုပ်စုတခုက ပေါက်ဖွားလာသူဖြစ်ပါတယ်။

ချိုင်ဒီ ဆိုတဲ့ အမျိုးသမီးတာဇံကို ဘယ်လိုဖြစ်ပြီး ဘယ်လို လူတွေက တွေ့သလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ပိုစိတ်ဝင်စားဖို့ ကောင်းတာက တာဇံအမျိုးသမီးဟာ မြန်မာနိုင်ငံဘက်မှာ တွေ့ခဲ့ရတာကြောင့်ပါ။

သူ့အကြောင်းနဲ့ပတ်သက်လို့ကတော့ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့စွဲနဲ့ mail online သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။

နှစ်ပေါင်း ၄၀ လောက် ပျောက်ဆုံးသွားခဲ့တယ်လို့ လူတွေပြောတဲ့ မိန်းကလေး တယောက်ကို ထူးထူးဆန်းဆန်းပဲ အသက် ရှင်လျက် တောထဲမှာ သိပ်မကြာသေးခင်က ပြန်တွေ့ခဲ့ပါတယ်။

အခု အချိန်မှာ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ နောင်ချိုင်ဒီဟာ အိန္ဒိယ-မြန်မာနယ်စပ် တောင်ပိုင်း မီဇိုးရမ် ဒေသက ဆိုင်ဟာ ဆိုတဲ့ အိမ်ခြေ ၁၅၀ လောက်ရှိတဲ့ ရွာကလေးကနေ ပျောက်သွားခဲ့တာ ၃၈ နှစ် တောင် ကြာခဲ့ပါတယ်။

ရွာသားတွေက ပျောက်သွားခဲ့တဲ့ ကလေးမလေးအကြောင်း ကြာတော့လည်း မပြောဖြစ်ကြ၊ မစဉ်းစားဖြစ်ကြ
တော့ပေမယ့် ထူးထူးဆန်းဆန်း တောထဲ သွားတဲ့အခါတိုင်း တောတွင်းအမျိုးသမီးတယောက်ရဲ့ စကားသံကို ကြားနေခဲ့ကြတာ ဆယ်စုနှစ် တွေနဲ့ ချီအောင် ကောလဟာလလိုလို၊ ယုံတမ်းစကားလိုလိုနဲ့ပဲ တီးတိုး ပြောနေ ခဲ့ကြတာပါတဲ့။

တာဇံ ချိုင်ဒီနဲ့ မိခင်ဖြစ်သူပြန်ဆုံဆည်းရပြီး အတူတွေ့ရစဉ်

ပြောရရင် ချိုင်ဒီ ဟာ တောတွင်း တာဇံမလေး ဖြစ်နေခဲ့တဲ့သဘောပါ။

ချိုင်ဒီဟာ ၁၉၇၄ ခုနှစ်- သူ့အသက် ၄ နှစ် အရွယ်လောက်က အကိုဝမ်းကွဲဖြစ်သူနဲ့ ရွာနားက တောထဲမှာ ဆော့ ကစားရင်း ပျောက်ဆုံးသွားခဲ့တာပါ။

နောက်ဆုံး သူ့ကို ပြန်တွေ့တာကလည်း မြန်မာနိုင်ငံထဲက သင်္ချီုင်း တခုမှာ အ၀တ်ဗလာနဲ့ ပြန်တွေ့ခဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အဖေ အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ နောင်ခိုင်လာနဲ့ အသက် ၅၈ နှစ်ရှိတဲ့ မိခင် နောင်ငိုလာ တို့ဟာ သူုတို့ သမီးကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာပါတဲ့။

“ကျနော်တို့ သူ့ကို အသက်ရှင်လျှက် ပြန်တွေ့နိုးဆိုတဲ့ မျှော်လင့်ချက်တောင် မရှိတော့ပါဘူး” လို့ ချိုင်ဒီရဲ့ ဖခင် ခိုင်လာ က ဆိုပါတယ်။

တာဇံ ချိုင်ဒီကို အများအလယ်မှာ တွေ့ရပုံ

ဖြစ်စဉ်ကတော့ ၄ နှစ်အရွယ် ချိုင်ဒီနဲ့ ၄ နှစ်အရွယ် အကိုဖြစ်သူ ဘေ့ရာခု တို့ဟာ ၁၉၇၄ ခုနှစ် တရက်မှာ ရွာနားက တောထဲ မှာ ဆော့ က စားကြရင်း ပျောက်ဆုံးသွားခဲ့ကြတယ်။ နောက်တရက် မိုကြီးလေကြီးကျပြီး ဒီကလေး ၂ ယောက် အသက်ရှင်လျက် မတွေ့ နိုင်တော့ဘူးလို့ ရွာသားတွေက ထင်ခဲ့ပါတယ် တဲ့။

ဒါပေမယ့် ချိုင်ဒီရဲ့ အကိုဖြစ်သူ ဘေ့ရာခု ကိုတော့ အသက်ငွေ့ငွေ့လေးနဲ့ စမ်းချောင်း လေးတခုနားမှာ နောက် ပြန်တွေ့ခဲ့ရတယ်။ ချိုင်ဒီကို ပြန်မတွေ့ခဲ့ရတော့ဘူး တဲ့။

ဘေ့ရာခု ကို ပြန်တွေ့ပြီး စကားပြောနိုင်တဲ့အခါမှာတော့ ဘေ့ရာခု ပြောတာကတော့ အမျိုးသမီးတယောက်က သူ့ကို တွေ့ ပြီး ကယ်ခဲ့တာပါ တဲ့။ အဲဒီအမျိုး သမီးက တောထဲမှာ နေတာဖြစ်ပြီး သူ့ကိုလည်း နေစရာ စားစရာတွေပေးတယ် တဲ့။

ဒါနဲ့ပဲ ရွာသားတွေက ဘေ့ရာခုလေးကို ပြန်ခေါ်လာခဲ့ပေမယ့် သူပြောတဲ့ အမျိုးသမီးတယောက်ရဲ့ အရိပ် လက္ခဏာတွေ ဘာမှ မတွေ့ခဲ့ပါ ဘူး တဲ့။ ဒီအပြင် ချိုင်ဒီ ကိုလည်း မတွေ့ရတော့ပါဘူး တဲ့။

ကျန်တဲ့ ရွာသားတွေက မိန်းကလေးကိုတော့ တစ္ဆေတွေ၊ တောစောင့်နတ်တွေက ခေါ်သွားခဲ့တယ် လို့ သံသယဖြစ်ခဲ့ ကြတယ် တဲ့။ သူတို့ကလည်း တောသဘာဝကို ယုံကြည်ကြတာကိုး။ ဒါပေမယ့် ချိုင်ဒီရဲ့ မိဘတွေကတော့ တတောလုံးကို လ တော်တော်ကြာသည် အထိ ရှာခဲ့ကြတယ်ပေမယ့် ချိုင်ဒီနဲ့ပတ်သက်လို့ သဲလွန်စတောင် မရခဲ့ပါဘူး တဲ့။

“ကျနော်ဆို မကြာ ခဏ ဆိုသလို တောထဲ ပြန်သွားတယ်၊ ဒါပေမယ့် ဒီမိန်းကလေးကို အစအနတောင် မတွေ့ဘူး” လို့ ချိုင်ဒီရဲ့ ဖခင် တောင်သူ ခိုင်လာက ဆိုတာပါ။

နှစ်တွေလည်း ကြာလာတော့ မိသားစုကလည်း အရှုံးပေးခဲ့တယ်။

ဒါပေမယ့် တောတွင်းအမျိုးသမီး တာဇံ အသံလို မကြာခဏ တောထဲမှာ ကြားကြရတယ်လို့ လူတွေပြောပြော
နေကြလို့ လိုက်ရှာ ကြည့်ပေမယ့် ချိုင်ဒီများဖြစ်မလားလို့ မိသားစုက ထင်ပြီးလိုက်ရှာခဲ့ပေမယ့် မြင်တောင် မမြင်ခဲ့ကြပါဘူး တဲ့။

“ကျနော်တို့ လူတွေပြောတာ ကြားတာက လက်သည်း၊ ခြေသည်း၊ ဆံပင်ရှည်ရှည်နဲ့ အ၀တ် မပါတဲ့ မိန်းမ တယောက် တောထဲမှာ ရှိတဲ့အကြောင်း၊ တခါတရံ မြန်မာနယ်စပ်ဘက်မှာ သူကို ရှာတဲ့ လူတွေကို တိုက်ခိုက်တယ် ဆိုတဲ့အကြောင်းပေါ့။ ဒါ ပေမယ့် ကျနော်တို့တော့ ဘယ်တုန်းကမှ အဲဒီလို မကြုံခဲ့ရဘူး” လို့ ချိုင်ဒီ ရဲ့ အဖေ ခိုင်လာက ဆိုပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုရမလားပါဘဲ။ လွန်ခဲ့တဲ့ ဇူလိုင်လမှာတော့ မြန်မာနိုင်ငံဘက်က အမျိုးသမီးတယောက်က ချိုင်ဒီတို့ မိသားစု ရှိတဲ့ အိန္ဒိယနိုင်ငံဘက်၊ မီဇိုရမ်က ဆိုင်ဟာရွာက သူ့ဆွေမျိုးတွေဆီ အလည်လာခဲ့တယ်။ ချိုင်ဒီရဲ့ အဖေ ခိုင်လာ လည်း သူတို့နဲ့ တညမှာ ညစာအတူစားကြတယ်။ အဲဒီမှာ ထူးဆန်းတဲ့ တောတွင်းတာဇံမလေးအကြောင်း သိခဲ့ရတော့တာဘဲ တဲ့။

အလည်လာတဲ့ အဲဒီ မြန်မာနိုင်ငံဘက်က အမျိုးသမီးကြီးက ပြန်ပြောပြလို့ သိရတာက လွန်ခဲ့တဲ့ ၄ နှစ်လောက်က မိန်းကလေး တယောက်ကို သူတို့ ရွာမှာ မွေးစားခဲ့တဲ့အကြောင်း ခိုင်လာက သိခဲ့ရတယ်။

“သူတို့ရွာက သချိုင်းတခုမှာ ကိုယ်တုံးလုံးချွတ် မေ့မျောနေတဲ့ အမျိုးသမီးတယောက်ကို တွေ့လို့ ကယ်ခဲ့တာတဲ့။ ဒါနဲ့ ငါ လည်း ပျောက်နေတဲ့ ငါ့သမီးလားလို့ စဉ်းစားမိတယ်။ အဲဒီ ဧည့်သည်ကလည်း ငါ့သမီးဖြစ်နိုင် တယ်လို့ ပြော တယ်။ ငါလည်း သူတို့ ကယ်ထားတဲ့ အမျိုးသမီးကို အခုပဲ သွားကြည့်မယ် ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာ” လို့ ချိုင်ဒီရဲ့ ဖခင်က ဆိုပါတယ်။

ဒါနဲ့ပဲ ခိုင်လာက အိမ်နဲ့ တချို့ပစ္စည်းလေးတွေကို ရောင်းချပြီး သိပ်မကြာဘူး ဧည်သည်အမျိုးသမီးပြော တဲ့ မြန်မာနိုင်ငံ ဘက်ခြမ်းက ဧည့်သည်အမျိုးသမီးရဲ့ ဒေသကို သွားတော့တာပါဘဲ။

“ပထမတော့ ကျနော်သူ့ကို မမှတ်မိခဲ့ဘူး။ ဒါပေမယ့် သူ့မျက်နှာပေါ်က မွေးရာပါ အမှတ်အသားကိုတော့ သတိထားမိတယ်၊ သူက နောက်ပြီး ဘယ်သန်လေ။ ငါသမီး သေချာတယ် ဆိုတာ နောက်တော့ သိလိုက်ပြီ” လို့ ခိုင်လာက ဆိုပါတယ်။


ဒါပေမယ့် တာဇံ ချိုင်ဒီ ကတော့ သူ့မွေးစားမိဘနဲ့ နေလာတဲ့ ၄ နှစ်တာ ကာလမှာကိုပဲ အတိတ်ကအကြောင်းတွေ သူ မမှတ်မိခဲ့ပါဘူး။ မွေးစားမိဘတွေနဲ့ နေလာတဲ့ ၄ နှစ်လောက်မှာ သူက ကလေးတယောက်လိုပါဘဲ တဲ့။ ဒါပေမယ့် ချိုင်ဒီ အဖေက သူ့ သမီးမှန်း သိနေပြီမို့ ဇွဲမလျှော့ဘူး။

“တညနေမှာတော့ ချိုင်ဒီက ကျနော့်ဆီ လမ်းလျှေက်လာပြီ ကျနော့်ကိုဖက်ပြီး ဖေဖေ ဆိုပြီး (သူတို့ ဒေသမျိုး နွယ် မာရာ ဘာသာ စကားနဲ့ ) ခေါ်တယ်။ မယုံနိုင်လောက်အောင်ဖြစ်ပြီး အရမ်းပျော်ခဲ့ရတယ်” လို့ ချိုင်ဒီရဲ့ ဖခင် ခိုင်လာ က ဆိုပါ တယ်။

ဒါနဲ့ပဲ မိသားစုတွေက ဒေသ အာဏာပိုင်တွေ အကူအညီ ယူပြီးနောက်ဆုံးတော့ ချိုင်ဒီကို အိန္ဒိယကို လွန်ခဲ့တဲ့လက ပြန်ခေါ် လာခဲ့တော့ တာပါဘဲ။

မိဘ ရင်ခွင်ထဲ အခုပြန်ရောက်လာတဲ့ ချိုင်ဒီက အိမ်နီးချင်း ကလေးတွေနဲ့ရော၊ ကြီးသူတွေနဲ့ပါ ကစားတယ်၊ စကားကလည်း တခွန်း ၂ ခွန်းပဲ ပြောတတ်သေးတယ် တဲ့။ အဖေနဲ့ အမေကို တော့ ပီပီသသ ပြောနိုင်ပါတယ် တဲ့။ မနက် အိပ်ရာ ထတာနဲ့ မျက်နှာသစ်တာ၊ မျက်နှာကို လိမ်းချယ်တာနဲ့ လက်သည်းနဲ့ သူ့ ကိုယ်သူ ခေါင်းဖြီး တာတွေကို လုပ်တတ်စ ပြု လာပါပြီ တဲ့။

ထူးဆန်းတာကတော့ ၃ နှစ်ကျော်အရွယ်ကတည်းက ပျောက်သွားတဲ့ ချိုင်ဒီဟာ နှစ်ပေါင်း ၄၀ နီး ပါး တောထဲမှာ သူဘယ်လို အသက်ရှင်အောင်နေခဲ့တယ် ဆိုတာပါဘဲ။

အခု ပြန်ရောက်လာတဲ့အခါမှာတော့ လူတွေကို တဖြည်းဖြည်း မစိမ်းတော့ဘူးလို့ ဆိုပါတယ်။ ချိုင်ဒီဟာ ရွာထဲ လျှောက် သွားရင်း တောထဲတုန်းကလို ဟိန်းသံ ပြုပါတယ် တဲ့။ ဒါကို သူက တောတွင်း တာဇံ ဘ၀တုန်းက အော်ရတာကို သဘော ကျပုံရပါတယ်။ ကလေးတွေနဲ့ သူက ကတာ ခုန်တာလည်း လုပ်နေပါပြီတဲ့။

ကျေးရွာ ရိုးရာ ဓလေ့အတိုင်း စကားက အစ သင်ကြားမှုတွေတော့ ချိုင်ဒီဟာ စလုပ်နေပါပြီ။


မီဇိုရမ်၊ ဆိုင်ရာရဲမှူးကြီးကတော့ “၄ နှစ်သမီးလောက်က ပျောက်သွားတယ်။ ၃၈ နှစ်ကြာပြီး ထူးထူးဆန်းဆန်း အခု ပြန်တွေ့ တယ်” လို့ ပြောပြီး မိသားစုတွေက ကလေးပျောက်သွားတုန်းက ရဲကို ဘာမှ အကူအညီ လာတောင်းခဲ့တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အိန္ဒိယကို ချိုင်ဒီကို ပြန်ခေါ်လာဖို့အတွက်တော့ ရဲတွေက အကူအညီပေးခဲ့ရပါတယ် တဲ့။



သမ္မတ ဦးသိန်းစိန်နှင့် NLD ဥက္ကဌတို့အား ပူးတွဲ ဆု ပေးစေလို

0 comments



အမျိုးသားပြန်လည် သင့်မြတ်ရေးဆုအား သမ္မတဦးသိန်းစိန်နှင့် NLDအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့အား ပေးအပ်ရန် ဦးဥာဏ်ဝင်းနှင့်ဆွေးနွေးခဲ့ပါတယ်။

ဟားဗတ်တက္ကသိုလ် (Schlor) များဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Tran Nhan Tong Academy မှ ကိုယ်စားလှယ် Mr.Dam Duc Anh ဟာ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းအား လာရောက်တွေ့ဆုံပြီး Tran Nhan Tong Reconciliation prize,2012 အား သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ပေးအပ်မည့် အကြောင်း လာရောက်ဆွေးနွေးခဲ့ပါတယ်။

Mr.Dam Duc Anh က ယခု ပေးအပ်မည့်ဆုသည် နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုနှင့် ကွာခြားကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းလုပ်၍ မရနိုင်ကြောင်း၊ ထို့ကြောင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးအား အဆိုပါဆုကို ပေးအပ်ရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း ရှင်းပြခဲ့ပါတယ်တဲ့။

Tran Nhan Tong Reconciliationဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ (၂၁)ရက်၊ ၂၀၁၂တွင် အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ အမှတ် ၂၀, Quincy လမ်းရှိ Harvard Faculty Club တွင်ကျင်းပမည်ဖြစ်ပါတယ်။

Tran Nhan Tong Academy ၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတွင်းနှင့် နိုင်ငံများကြား စေ့စပ်ညှိနှိုင်းဆောင် ရွက် ခြင်းဖြင့် လူမှုဘ၀တိုးတက်မြင့်မားရေးနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နိုင်စေရေးဖြစ် သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါဆုကို လက်ခံမည်၊ လက်မခံမည်ကို အတည်မပြုသေးပါ။

ဤနေရာ မှ ကူးယူဖော်ပြပါသည်။

အဆိုတော် Rihanna ဆေးမင်ကြောင် ထပ်ထိုးတာ ဘယ်နားလဲ ???

0 comments

~





(ဓာတ်ပုံ- The Sun)

ကမ္ဘာကျော်သူတွေဟာ တခုခုမှာ ရူးသွပ်တတ်တယ်လို့ ဆိုစမှတ်ရှိကြပါတယ်။ ဒီလိုပါဘဲ ကမ္ဘာကျော် အနုပညာ ရှင်တွေထဲ မှာ ဆေးမှင်ကြောင် တက်တူးထိုးတာကို စွဲမက်သူတွေ ရှိကြပါတယ်။

တချို့က လက်မောင်း၊ တချို့က ကျောပြင်၊ တချို့က တင်ပါး စသဖြင့် နေရာတွေမှာ ထိုးကြပါတယ်။ ဒီလို ဆေးမှင်ကြောင် ထိုးတဲ့အပေါ်မှာ သူတို့က အမြတ်တနိုးဖြစ်ကြတာပါ။

နံမည်ကြီး အဆိုတော် Rihana တယောက်ကတော့ သူ့ရင်သား အမွှာဆိုင်အောက်မှာ သူနှစ်သက်တဲ့ ဘိုးဘွား
တွေကို လေးစားဂုဏ်ပြု သတိရတဲ့အနေနဲ့ ရှေး ဂရိ နတ်ဘုရားမ ပုံကို ရေးထိုးခဲ့ပါတယ်။



သိမ်းငှက်တောင်ပံတပ် အီဂျစ် နတ်ဖုရားမပုံ ဆေးမင်ကြောင်ကို Rihanna ရဲ့ ရင်သား အမွှာစုံအောက်မှာ ထိုးခဲ့တာနဲ့ပတ်သက်ပြီးလည်း သူက ဂုဏ်ယူနေတာပါတဲ့။


အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Rihanna ရဲ့ ရင်သားအောက်မှာ ရေးထိုးခဲ့တဲ့ Goddess Isis လို့ ခေါ်တဲ့ နတ်ဖုရားမဟာ ပြီးပြည့် စုံတဲ့ အမျိုးသမီး ဆိုတဲ့ အဓိပ္ပါယ်ဆောင်တဲ့ အနာဂတ် မျိုးဆက်တွေအတွက် စံပြ မော်ဒယ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

အီဂျစ်ဒဏ္ဍာရီတွေမှာတော့ Isis နတ်ဖုရားမဟာ ကျေးကျွန်တွေ၊ ဖိနှိပ်ခံရသူတွေ၊ အနုပညာသည်တွေရဲ့ မိတ်ဆွေဖြစ်တယ် လို့ ဆိုထားတာပါ။


သူက တခြားနေရာတွေမှာလည်း ဆေးမှင်ကြောင်တွေ ထိုးထားပါသေးတယ်။ ဒါကတော့ နောက်ဆုံး အသစ်စက်စက် လားရာတခုပဲ ဖြစ်ပါတယ်။





~

တိုင်းရင်းသားအဖွဲ့များ ဇင်းမယ်မှာ ၃ ရက် ညီလာခံလုပ်မယ်

0 comments

~


ပြည်တော်မြင့် ~

KKO အဖွဲ့ ဥက္ကဋ္ဌ မန်းရောဘတ်ဇန် (ကျွဲချိုလွယ်ထားသူ)၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင် တို့ကို သူတို့ရဲ့ စစ်ရေးအဖွဲ့ ဖြစ်တဲ့ ကလို့ထူးဘော DKBA အရာရှိ ၂ဦးနဲ့ အမှတ်တရ ရိုက်ကူးထားပုံပါ။ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးတို့က လာမယ့် သောကြာနေ့ ညီလာခံကို တက်ရောက်ကြမှာပါ။ (ဓာတ်ပုံ - ဧရာဝတီ)

ပြည်တွင်းပြည်ပမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍတွေကို တွေ့ဆုံ ဆွေးနွေးနိုင်မယ့် တိုင်းရင်းသားလူမျိုးများ ညီလာခံတရပ်ကို ဒီလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံ ဇင်းမယ်မြို့(ချင်းမိုင်မြို့)မှာ ကျင်းပမှာဖြစ်ပါတယ်။
ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ကြမယ်လို့ ဆိုပါတယ်။

ဒီညီလာခံရဲ့ထူးခြားချက်က မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ရဲ့ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း မကြာခင်က ပြောဆိုခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပင်လုံ ညီလာခံထက် ကြီးမယ့် ညီလာခံတရပ် မကြာခင်မှာ ကျင်းပပေးဖို့ရှိတယ် ဆိုတဲ့ အစိုးရရဲ့ အစီအစဉ် မတိုင်မီမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေက လက်ဦးမှုယူပြီး ကျင်းပမယ့် အချက်ပါပဲ။

နိုင်ငံရေး လေ့လာသူအချို့ရဲ့ အဆိုအရ ပြည်ပမှာရှိတဲ့ အတိုက်အခံ အင်အားစုတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ လုပ်ငန်းစဉ် မဟာဗျုဟာ ချမှတ်မှုတွေဟာ မြန်မာအစိုးရ အဆက်ဆက်နဲ့ ယှဉ်လိုက်ရင် အမြဲတမ်း နောက်ကောက်ကျခဲ့ပေမဲ့ ဒီတခါတော့ သာသွားပြီ လို့ ဝေဖန် ပြောဆိုနေကြပါတယ်။

ဒါတောင်မှ ဒီညီလာခံဖြစ်မြောက်ရေး တိုင်းရင်းသားခေါင်းဆောင်တဦး ပြောတာက ဒီညီလာခံဟာ မြန်မာအစိုးရဘက်က မကြာခင်မှာပြုလုပ်မဲ့ ပင်လုံထက်ကြီးတဲ့ညီလာခံကို ဆန့်ကျင်တာ မဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ အဆင့်တခုလို့သာ ထိန်းထိန်းသိမ်းသိမ်းနဲ့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ညီလာခံကို အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အပစ်မရပ်ရသေးတဲ့အဖွဲ့တွေ၊ ပြည်နယ် ၇ ခု ကို ကိုယ်စားပြုမယ့် Civil Society အဖွဲ့ဝင်တွေ တက်ရောက်ကြမှာဖြစ်ပြီး အချိုးကျစနစ်အရ
ကချင်ပြည်နယ်( ၄) ဦး၊
ကရင်ပြည်နယ်( ၇) ဦး၊

ကရင်နီပြည်နယ်( ၄) ဦး၊
ချင်းပြည်နယ်( ၄) ဦး၊
မွန်ပြည်နယ်( ၄) ဦး၊
ရခိုင်ပြည်နယ်( ၄) ဦး
နဲ့
ရှမ်းပြည်နယ်က( ၉) ဦး တက်ရောက်ကြမှာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့
Arakan Liberation Party ( ALP)
Chin National Front( CNF)

Kachin Independence Organization( KIO)
Karen National Union( KNU)
Shan State Progress Party( SSPP)
Restortion Council of Shan State( RCSS)

Karenni National Progress Party( KNPP)
NewMonStateParty( NMSP) အဖွဲ့တွေက ကိုယ်စားလှယ်တွေ အချိုးကျ တက်ရောက်ခွင့်ရကြမှာပါ။

ကျောင်းသားလူငယ်နဲ့ အမျိုးသမီးအဖွဲ့တွေ အပါအအ၀င် လက်နက်မကိုင်ကြတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာက တိုင်းရင်းသား အဖွဲ့တွေလည်း တက်ရောက်ကြမှာ ဖြစ်တဲ့အကြောင်းကို ညီလာခံ ဖြစ်မြောက်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီပွဲတက်ရောက်ဘို့ ဖိတ်ကြားခံရတဲ့အထဲမှာ ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ ကလို့ထူးဘော DKBA အဖွဲ့လည်း အပါအ၀င်ဖြစ်ပါတယ်၊ အဖွဲ့ရဲ့ထောက်လှမ်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးဆန်းအောင်ကတော့ “ဒီကိစ္စကို ကြားတော့ကြားတယ်။ ကျွန်တော်က ခရီးဝေးကိုရောက်နေတော့ ဂဃနဏ မသိသေးဘူး” လို့ ဆိုပါတယ်။

ကလို့ထူးဘော DKBA အဖွဲ့ဟာ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့အဖွဲ့ ဖြစ်ပြီး အခုလုပ်မယ့် ညီလာခံ တက်ရောက်ရေးနဲ့ ပတ်သက်ပြီး ၀ိဝါဒတွေ ကွဲပြားနေကြတယ်လို့ အချို့က ပြောဆိုနေကြတာပါ။ ဒါပေမဲ့ အဖွဲ့က တာဝန်ရှိသူတဦးပြောတာကတော့ “ကျနော်တို့ အဖွဲ့ကို သူတို့ ဖိတ်ထားတယ်။ ဒီညီလာခံကို အဖွဲ့ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ကလို့ထူးဘောကရင်အစည်းအရုံး KKO က ဥက္ကဌနဲ့ အထွေထွေ အတွင်းရေးမှူးချုပ်တို့ ဦးဆောင် တက်ရောက်မယ်လို့ သိရတယ်” ဆိုပြီး ဧရာဝတီသတင်း ဌာနကို ပြောပါတယ်။

KKO ဥက္ကဌက မန်းရောဘတ်ဇန်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးကတော့ စောဂုဏ်အောင် ပါ။ ကလို့ထူးဘော DKBA အဖွဲ့မှာ စစ်ဖက်နဲ့ နိုင်ငံရေးအဖွဲ့ကို ထားရှိပြီး စစ်ဦးစီးချုပ်ကတော့ ဗိုလ်ချုပ်စေလားပွယ် ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးချုပ် နိုင်ဟံသာက ညီလာခံကျင်းပရေးဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မှာပါ။

ညီလာခံ ၃ ရက်တာ အတွင်းမှာ “တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုလားသော စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်၏ လမ်းညွန်အခြေခံမူများ” စာတမ်းကို အဓိက ဆွေးနွေးပြီး အတည်ပြုသွားမယ်။ အဲဒီစာ တမ်းကို မကြာခင်မှာ မြန်မာအစိုးရပြုလုပ်မယ့် ပင်လုံထက်ကြီးမယ့် ညီလာခံမှာ တိုင်းရင်းသားတွေဘက်က ဆွေးနွေး တင်ပြသွားနိုင်ဖို့အတွက်ဖြစ်တယ် လို့ ညီလာခံကျင်းပရေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီညီလာခံကို တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Working Group for Ethnic Co-ordinating (WGEC) က မကထပြုမှာပါ။

(WGEC) အဖွဲ့ရဲ့ ညီလာခံဦးတည်ချက်ကတော့ မိမိတို့ လိုလားသော ဒီမိုကရေစီရေးနှင့် အမျိုးသား တန်းတူရေး ကို အာမခံချက်ပေးနိုင်မည့် ပြည်ထောင်စုကြီး ပြန်လည် တည်ဆောက်ရေးအတွက် နည်းလမ်းရှာဖွေရန် ကနဦးအဆင့်အဖြစ် “တိုင်းရင်းသားလူမျိုးများညီလာခံ” ကို ခေါ်ယူကျင်းပရခြင်းဖြစ် တယ်လို့ ဆိုပါတယ်။





~

ကျွန်ုပ်နှင့် နိုင်ငံရေး

0 comments

ဆရာကြီး ဦးညာဏ


ကျမရဲ့ဖေစ်ဘုတ်ပေါ်က မိတ်ဆွေသူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စေတနာနဲ့ ဆရာကြီးဦးညာဏ၏ အတတ် လက်ရာကောင်း ဆောင်းပါးတပုဒ်ရဲ့ “ကျွန်ုပ်နှင့် နိုင်ငံရေး”ဟူသော ဆောင်းပါး ကို ဟောင်းနွမ်းဆွေးမြေ့
နေပြီဖြစ်တဲ့ ရှုဒေါင့်ဂျာနယ် စာအုပ်အဟောင်းပုံကြီးထဲမှ ထုတ်ယူကာ ကျမကိုယ်တိုင် စာစီစာရိုက်ပြီး အများ ဖတ်မှတ် လေလာနိုင်ရန် အတွက် ဖေ့စ်ဘုတ်ပေါ်တွင် မျှဝေဖြန့်ချီပေးလိုက်ပါ ပါသည်။ (ဟေသီမိုး)

ရှုဒေါင့်ဂျာနယ်အမှတ် ( ၁၀)၊ ၁၃၃၁-ခု ၊ ဝါခေါင်လဆန်း( ၂ )ရက်။ ၁၅.သြဂုတ်. ၁၉၆၉။ စာမျက်နှာ ၃၀-၃၁-၃၈မှ။

ကျွန်ုပ်နှင့် နိုင်ငံရေး ( ဆရာကြီးဦးညာဏ၏ အတိတ်လက်ရာကောင်းဆောင်းပါးတပုဒ် )

ကျွန်ုပ်သည် လူသိရှင်ကြားနိုင်ငံရေးသမားတယောက်မဟုတ်ချေ။ သို့သော်- ကျွန်ုပ်သည် စာရေးဆရာ ဘဝသို့ မရောက်ခင်ကပင် နိုင်ငံရေး၌ စိတ်ဝင်စားလာခဲ့သည်နှင့်အမျှ သတင်းစာကိုလည်း အဆက်မပြတ် ဖတ်ခဲ့ရာ၊ နိုင်ငံရေးအဖြစ်အပျက် အပြောင်းအလဲများသည် သိသိသာသာကြီး ငြိတွယ်လာခဲ့သည်။

ပြည်မြို့ အစိုးရ ဟိုက်စကူးကျောင်းတွင် စာသင်နေစဉ် ၁၂သားအရွယ်၌ ဂျပန်ပြည်မှပြန်လာသော ရဟန်းတော် ဦးဥတ္တမရောက်လာကာ ကျောင်းသားများကို တရားဟောပြောသည်ကို ကြားနာခဲ့ရသည်၊ ဘုန်းတော်ကြီးသည် ကျွန်ုပ်တို့ ကျောင်းသားများအား ဂျပန်ပြည်မှကျောင်းသားများပညာသင်ကြားရေး ၌အဆင်းရဲခံပုံ၊ တစုံ တခု ပြစ်မှုပြုလုပ်အံ့၊ မကွယ်မဝှက် ဆရာ့ကို ဝန်ခံ၍အပြစ်ဒဏ်ခံယူခြင်းဖြင့်အကျင့် စာရိတ္တခိုင်မြဲပုံ စသည် တို့ကို ဟောပြောသွားလေသည်။


ဤသို့ဖြင့် ဂျပန်ပြည်ကို ကျွန်ုပ်အထင်ကြီးလာခဲ့ပြီး သူရိယတိုက်မှ ရိုက်နှိပ်ရောင်းချသော ဂျပန်ပြည် အတ္ထုပ္ပတ္တိ စာအုပ်ကို ငှား၍ဖတ်ရသည်။ ပြည်မြို့တွင် မြောက်ဖက်စောင်းတန်းမုခ်ဦး ခြင်္သေ့ကြီး၏ အနောက်ဖက်ရှိ အုတ်တိုက်ကလေးတတိုက်ရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်၊အမ်၊ဘီ၊အေ) ဟူသော ဆိုင်းဘုတ် တပ်ဆင် လျက်ရှိရာသို့ လမ်းလျှောက်ယင်း ရောက်သွားသည့်အခါ စာပွဲကြီးပေါ်မှ သတင်းစာများကို ဖတ်မိသည်။



ထို ဝိုင်၊အိမ်၊ဘီ၊အေ သည်ပင် ဗမာ့နိုင်ငံရေး နိုးကြားမှုကိုဦးဆောင်ခဲ့လေရာ၊ ကျွန်ုပ်တို့အား တရား ဟော၍ သွားသောဦးဥတ္တမသည် အပြင်းထန်ဆုံးသော နိုင်ငံရေးဓမ္မ ကထိကဖြစ်လာခဲ့လေသည်။ နိုင်ငံရေးအတွက် ဘိလပ်သွားကိုယ်စားလှယ်တော်ကြီးများအား စေလွှတ်သော သတင်းသည် တပြည်လုံးအား ဂယက်ရိုက်စေ ခဲ့သည်။

ဤတွင် သူရိယ၊ မြန်မာ့အလင်းစသော ခေတ်ပေါ်နိုင်ငံရေးဝါဒ ကိုလက်ခံအား ပေးသည့်သတင်းစာနှင့် အပြိုင်အဆိုင်၊ ပညာ့အလင်းဟူသော သတင်းစာပေါ်ထွက် လာလေသည်။

ပညာ့အလင်းသတင်းစာကို ဘုရင်ခံ၏ အတိုင်ပင်ခံ၊ မင်းတိုင်ပင် အမတ်ကြီးများဖြစ်သော ပွဲစားကြီး ဦးဖိုးသား၊ ဦးဘတူ အစရှိသည်တို့က ထောက်ပဲ့အားပေးသည်ဟု မှတ်မိသည်။ သတင်းစာဖတ် ဝါသနာပါ၍ ဖတ်မိသည့် အခါခေတ်ပေါ်နိုင်ငံရေးကို ပုတ်ခတ်ရေးသားသော ပညာ့အလင်းသတင်းစာ ကို စက်ဆုပ်ခဲ့သည်။

မကြာမီ မြန်မာ့အလင်းအယ်ဒီတာဆရာသင်ကို လူဆိုးငမိုးကသတ်သည်ဟူသော သတင်းကြားရ သည့်အခါ လူအများဆွေ့ဆွေ့ခုံအောင်နာကျည်းကြသည်။ကျွန်ုပ်သည်လည်း ရောယောင်၍ဒေါပွခဲ့ သည်။သို့သော် ဆရာသင် ကား ဖြူသည်၊ မဲသည်၊ တော်သည်၊ ရှော်သည်ဟူ၍ သိလည်း မသိ၊ သိရန် လည်းမစူးစမ်း။

ဗမာနိုင်ငံတွင် ဆိုးသရွေ့ မိုက်သရွေ့ လူဆိုးငမိုးကိုအကြောင်းပြု၍နေရာတကာတွင်ငမိုးခေတ်စားခဲ့သှ်။ တခါသော်-ဝှိုက်ကော်မီတီဟူ၍ ဘိလပ်မှအဖွဲ့တဖွဲ့ နိုင်ငံရေးစူးစမ်းရန်ရောက်လာရာ၊ နိုင်ငံရေးသမားတို့ က အလိုမရှိဟု ရှုံ့ချခဲ့ရာ၊ ကျွန်ုပ်တို့လည်း ကြိမ်ဆဲခဲ့သည်။ သို့သော်- အမောင် တောငမှန်း မြောက်မှန်းမသိ။

ကိုယ်စားလှယ်ကြီး ဦးထွန်းရှိန် အနိစ္စရောက်သောသတင်းသည်လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ကျဆုံး ၍ ထိခိုက်သည် ရေချိန်နီးပါးချောက်ချားကြရာတွင် ကျွန်ုပ်လည်းရောယောင်၍ စိတ်ထိခိုက်ခဲ့ရသည်။ “ဘုရင်ခံ ကရက်ဒေါက်ပြန်သွား” ဟူသော စာရွက်များရိုက်နှိပ်၍ ဦးဥတ္တမကိုယ်တော်ကြီးက နှင်သော အခါ အလွန် အားရသည်။

ဒို့ ဦးဥတ္တမက အင်္ဂလိပ်ဘုရင်ခံကို တိုင်းပြည်က နှင်ပြီဟု ဦးဥတ္တမကို ပို၍ ကြည်ညိုသည်၊ လေးသားသည်၊ အထင်ကြီးသည်။

ဦးဥတ္တမ- မအူပင်တွင်တရားဟောရာ၊ အစိုးရ အကြည်ညိုပျက်စေ၍ ထောင်ချလိုက်ပြီဟု ကြားရသော အခါတွင်ကား အင်္ဂလိပ် အစိုးရကို အမုန်းကြီးမုန်းသွားသည်။ မျက်ရည်လည်လာသည်အထိ ဝမ်းနည်းမိသည်။ သို့သော်- နိုင်ငံကျော်ဇာတိမင်းသား ဖိုးစိန်ကြီးက “ဂျော့ဘုရင်ရွှေဘုန်း- နေတနှုန်း ပမာတူ… သတ္တဝါဗိုလ်လူ- ကြည့်ဖြူ-ထီးတရာ့သရဖူ…အုပ်စိုးတော်မူ” အစရှိသော သီချင်းကိုကား နိုင်ငံရေးအမြင်နှင့် မမြင်၊ သီချင်းဆို ဝါသနာပါသော အကောင်တကောင်၏ အမြင်ဖြင့်ဆို၍ကောင်း သည်ကိုသာကြည့်ပြီး နေရာတကာဆို၊ လမ်းလျှောက်၍ ဆို၊ တဆိုထဲ ဆိုမိသည်။

တချိန်တွင်ပြည်မြို့၌ ဂျီစီဘီအေ ကွန်ဖရင့် ကျင်းပရန် တဲမဏ္ဍာကြီး ထိုးထားရာပွဲတောကြီးကိုကြည့် ၍ ပျော်သည့်အလား ချဉ်းကပ်၍ သွားကာအလိုလို သွေးကြွ၍နေသည်။ ဥက္ကဋ္ဌကြီး ဦးချစ်လှိုင် ရန်ကုန် စာပို့ မီးရထားကြီးနှင့်ပါလာမည်ဆို၍ ပန်းရထားဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြရာတွင် ပါဝင်ခဲ့သေးသည်။

ဦးချစ်လှိုင်ဟာ ဝတ်လုံတော်ရ၊ ဘိလပ်ပြန် သူဌေးသား၊ သူနှင့် ဝေလမင်းသားနှင့် ကျောင်းနေဖက် သူငယ် ချင်း၊ ငွေစက္ကူကို မီးရှို့၍ ရေနွေးအိုးတည်သောက်သည်….စသော သတင်းများသည် အံ့သြ လောက်အောင် ဦးချစ်လှိုင်အား အထင်ကြီးစေသည်။

မယားသေပြီးစ သောကဗျာပါရကို ဘေးးချိတ်ပြီး နိုင်ငံရေးအတွက် ညီလာခံအရောက်လာခဲ့ရှာသည် ဟူသောသတင်းများသည် ပို၍ကြည်ညိုစေပြန်ရာ၊ ထိုအချိန်ကစ၍ ဦးချစ်လှိုင်သည် ကျွန်ုပ်၏ ဦးနှာက် ထဲတွင် စွဲဝင်ကပ်ငြိလေတော့သည်။ ထို့ကြောင့် နိုင်ငံရေးနှင့် ပတ်သက်၍ ကျွန်ုပ်အထင်ကြီးခဲ့သော ပုဂ္ဂိုလ်စာရင်းတွင် ပထမဦးဥတ္တမ၊ ဒုတိယဦးချစ်လှိုင်ဟူ၍ နှစ်ဦးပါဝင်ခဲ့လေသည်။ ဦးဥတ္တမ ဟောလျှင် အားလုံးမှန်သည်၊ ကောင်း သည်၊ ဦးချစ်လှိုင် ဟောလျှင် ပြောလျှင် အားလုံးမှန်သည်၊ ကောင်းသည်။

ဝံသာနုရက္ခိတ အမျိုးကိုစောင့်စည်းရမည်ဆို၍နိုင်ငံခြားသားကို မုန်းလိုက်သည်။ ယောနှင့် ပင်နီဝတ်ခြင်း ဖြင့် တိုင်းရင်းဖြစ်ကို အားပေးရာရောက်သည်ဆို၍ ဝတ်လိုက်ကျသည်။ အိမ်တော်ရာ ထီး-ပုသိမ်ထီး ဆောင်းမှ ဝံသာနုပီသသည်ဆို၍ဆောင်းလိုက်သည်။

၁၇-နှစ်သားအရွယ်က ကုလားကပြားမကလေးနှင့်မမျှော်လင့်ပဲညားမိပြီး၊ ဆက်၍များညားဖြစ်လျှင် အမျိုးမစစ်သော သားသမီးတွေထွန်းကားလတံ့ဟူသော အတွေးအခေါ်ဖြင့် ဝံသာနုပီပီရက်စက်စွာ ကွာပစ်လိုက်သေးသည်။

ရန်ကုန်ဘူတာရုံတွင် တောသားခရီးသယ်ဦးကို ကပြားယစ်မျိုးအရာရှိတဦးက ဘိန်းရှာသဖြင့်အမျိုးကို ထိမချိအောင် နာသောကြောင့် ဝင်၍ပြောမိရာ၊ ယစ်မျိုးလက်ပါးစေက နားရင်းအုပ်ခြင်းကိုခံခဲ့ရသေး သည်။ ဒိုင်အာခီအုပ်ချုပ်ရေးကို အကြောင်းပြု၍ ဂျီစီဘီအေနှစ်ခြမ်းကွဲသော သတင်းသည်ကျွန်ုပ်တို့ အားရင်နှစ်ခြမ်း ကွဲအောင် လုပ်လိုက်သည့်အလားရင်ထုမနာဖြစ်စေသည်။ ဦးချစ်လှိုင်မှန်သည်ဟူသော အစွဲအရ လှိုင်ပုကျော်ကြီးမှူးသော ဂျီစီဘီအေမှဂျီစီဘီအေထင်ခဲ့သည်။

လှိုင်ကား ဦးချစ်လှိုင်၊ပုကား သာယာဝတီမှ ရှေ့နေဦးပု၊ကျော်ကား ဘဏ်လုပ်ငန်းတွင်ကျွမ်းကျင်သော ဦးထွန်းအောင်ကျော်၊ သူတို့သာ ဝံသာနု၊ အင်္ဂလိပ်အစိုးရကို ဒူးမထောက်၊ ဟုမ္မရူးမရ မကျေနပ်သူ များ ဖြစ်ငည်ဟုဂုဏ်တင်ခဲ့သည်။ ၂၁ဦး ဦးဘဘေတို့လူစုကားရာထူးမျှော်သမားများဟု ရွံသည်၊ မုန်းသည်၊ အထင်သေးသည်။ ကော်လိပ်သပိတ်ကြောင့် အထောက်အပံ့ခံကျောင်း၊ မခံကျောင်း၊ ကျောင်းနှစ်မျိုးရှိ ရာ မခံကျောင်းမှ ဝံသာနုကျောင်းဟု ဂုဏ်တင်ခဲ့သည်။

ဟုမ်းလမ်းရှိ ဂျီစီဘီအေအသင်းတိုက်ကြီးကိုသွား၍ကြည့်ရာ၊ဝံသာနုအင်္ဂလိပ်သတင်းစာ-မြန်မာသတင်း ရိုက်နှိပ်ထုတ်ဝေသော ပုံနှိပ်စက်ကြီးများ၊ စာလုံးခုံများ၊ ရုံးခန်းများဖြင့် လှိုင်ပုကျော်ဂျီစီဘီအေကြီးစည် ကားနေသည်ကိုကြည့်၍အားရမိသည်။ အသင်းပေါင်း ၇၀၀၀ ကျော်ဆက်ဆက်သွယ်သော အသင်းချုပ် ကြီး အဖြစ် တန်းခိုးကြီးမားလှသည်။

ဦးချစ်လှိုင်သည် သမ္မတဘွဲ့ထူးကိုယူ၍ သမ္မတကြီးအဖြစ်လေးစားကြည်ညိုခြင်းကို ကောင်းစွာခံယူရရှိ သည်။
ပေါင်းတည်မြို့လယ်ကွင်းပြင်တွင် တိုင်ပေါင်း ၁၅၀၀စိုက်ထူ၍ဆောက်လုပ်အပ်သောလှိုင်ပုကျော် ဂျီစီဘီအေ ကွန်ဖရင့် ညီလာခံမဏ္ဍာကြီးနှင့် ပတ်ဝန်းကျင်တည်းခိုမဏ္ဍပ်များဈေးဆိုင်များကို ကျွန်ုပ် ကိုယ်တိုင် သွားရောက်ကြည့်ရှုယင်း စိတ်တက်ကြွခဲ့သည်။

ထိုညီလာခံသို့ သမ္မတကြီးဦးချစ်လှိုင်ကြွလာရာတွင် ဒေါင်းကသောဝေါဖြင့် ထမ်းဆောင်ခဲ့ပြီး၊ မဏ္ဍာပ် အဝင်တွင် အမျိုးသမီးများက ဆံပင်များဖြန့်၍ ခင်းပေးခြင်းဖြင့် ပူဇော်ကန်တော့ကြသေးသည်။ ကျွန်ုပ် သည် ပြင်ပကနေ ၍ကြည့်ရုံမျှနှင့် နဝေတိမ်တောင် နိုင်ငံရေးရူးရူးယင်း စာရေးဆရာဖြစ်လာ၍ ဂျာနယ် များတွင် ရေးခွင့် ရသောအခါ ၂၁-ဦးကို ဗန္ဓုလ၊ ဒီးဒုတ်စသော ဂျာနယ်တို့လောက်နီးပါး ဆဲရေး တိုင်း ထွာခဲ့လေသည်။

သို့သော်-ကျွန်ုပ်အထင်ကြီးသော လှိုင်ပုကျော်ဂျီစီဘီအေသည် ကျွန်ုပ်တို့ရှေ့မှောက်တွင်ပြိုကွဲ၍၊ ဦးစိုးသိမ်း ဂျီစီဘီအေ ဦးပု ဂျီစီဘီအေစသည်အထိ ယိုင်လဲသော အခါတွင်ကား ကွန်ဖရင့်များတွင် ဆုံးဖြတ်ချက်ချရုံသာ၊ စခန်းသွားနေသော နိုင်ငံရေးမျှသာဟူ၍၄င်း၊ သမ္မတဟူသော ပညတ်ရာထူး ကိုပင်မက်မော၍ လုယက် လိုသောသူတို့ဟူ၍၄င်း ထင်မြင်လာရာမှ ဗမာနှင့်အိန္ဒိယ ခွဲရေး တွဲရေး ပြဿနာ ပေါ်လာသောအခါတွင်ကား ကျွန်ုပ်သည် ၂၁ဦး၏ ခွဲရေးကို သဘောကျသောဆောင်းပါးများ ရေးခဲ့လေသည်။

တို့ဗမာသခင်များ ပေါ်လာသောအခါ အူကြောင်ကြောင်နိုင်ငံရေးသမားဟု အထင်သေးသေးနှင့် ရယ်စရာ သဘောထားခဲ့သည်။ ကျွန်ုပ်တို့ မိတ်ဆွေကြီးများဖြစ်သော ကိုနုတို့-သခင်နုဖြစ်လာသောအခါ များ စွာသောကောလိပ်ကျောင်းသားများသာမက ဆရာကြီးမစ္စတာမောင်မှိုင်း၊ လယ်တီပဏ္ဍိတဆရာကြီး ဦးမောင်ကြီးတို့ပါ သခင်ဖြစ်လာသဖြင့် ၄င်းတို့အားနိုင်ငံရေးသမားအသစ်များအဖြစ်စောင့်၍အကဲခတ်မိသည်။

နဂါးနီစာအုပ်တိုက်ဖွင့်၍ နိုင်ငံရေးစာအုပ်များ ဖြန့်ချိသောအခါတွင်ကား လက်တွေ့လုပ်ငန်းများ ကြောင့် ၄င်းတို့အနီးသို့ ချဉ်းကပ်မိလေသည်။

ထိုအတွင်း ဦးသိန်းဖေမြင့်ဟု အမည်ပြောင်းလိုက်သော ဦးသိန်းဖေသည် ကျွန်ုပ်နှင့်ရင်းနှီးစွာဆက်ဆံ၍ လာရုံမက သခင်နု၊ သခင်ဗဟိန်းမှ စ၍၄င်းနှင့် ဆက်စပ်မိသူတိုင်းလိုလို ကျွန်ုပ်နှင့်သိကျွမ်းခင်မင်ကာ ၄င်းတို့နိုင်ငံရေးလမ်းစဉ်ကြောင့်မဟုတ်၊ ပုဂ္ဂုလ်စွဲအရ စေတနာထားမိခဲ့သည်။ နဂါးနီ စာအုပ်ကို ဖတ် ၍ နိုင်ငံရေးနှင့် ပတ်သက်သော အတွေးအခေါ်များတစွန်းတစ ဝင်အောင်းလာ သော်လည်း မိမိရရဘာမျှ မသိခဲ့ချေ။

ရေနံသပိတ်ကြီးချီတက်လာသောအခါ ဗြိတိသျှအစိုးရဆန့်ကျင်ရေး အင်အားဖြစ်၍ ဝမ်းသာအားတက် ရှိသော်လည်း ရွှေတိဂုံဘုရားနှင့်စခန်းသိမ်း၍ ရှေ့သို့ခြေလှမ်းမလှမ်းနိုင်သောအခါကျွန်ုပ်စိတ်ပျက်စွာနှင့် “ဗမာတွေမပူနဲ့” အမည်ဖြင့် နှစ်ပြားတန်စာအုပ်ရေး၍ ဖြန့်ချိစေကာ နိုင်ငံရေးအရှိန်ကို ဖြိုဖျက်ရန် ကြံ စည်မိသည်။

ထိုမျှမက ဘိုးဘိုးအောင်နှင့် ဟစ်တလာအမည်နှင့်ရေး၍ ဗုံးပေါလအော ရောက်းချဖြန့်ချိ စေရာ၊ မိတ်ဆွေဖြစ်သော သိန်းဖေတို့လူစုမှာ ကျွန်ုပ်အားဆဲရေးတိုင်းထွာမခံချိမခံသာဖြစ်ကုန်ကြသည် ရုပ်ရှင် မှငွေလောကအမည်နှင့် ရုပ်ရှင်မှငွေလောကအမည်နှင့် သပိတ်ခေါင်းဆောင် တဦး၊ ငွေလောဘ
ကြောင့် ဖေါက်ပြန် ရာတွင် သပိတ်သမားများက ခဲများ၊ဒုတ်များဖြင့် ပစ်ခတ်ရှုပ်ချသောဇာတ်ကားတကားကို ရိုက်ပြရာ၊ အာဏာ ရှင်လှရွှေကို စောင်းပါးရိပ်ခြည်ပြထားဟု တက္ကသိုလ် ကျောင်းသားနိုင်င်ငံရေးလောက တွင် ဒေါပွရုံမက ကျွန်ုပ်အားလာ၍ပြစ်တင်ကြလေသည်။


စင်စစ်အားဖြင့် ဇာတ်ကားသည် ကြိုတင်သတိပေးသော သင်ခန်းစာဖြစ်၍ မည်သူ့မျှရည်ရွယ်ရင်းမရှိခဲ့။ သို့သော် ရုံတင်ပြချိန်နှင့် ကျောင်းသားအာဏာရှင်လှရွှေသပိတ် လှန်၍ အမျိုးမျိုးထင်ကြေးပေးပြီး စွပ်စွဲ ချိန်ကိုက် ညီနေခြင်းသည် ကျွန်ုပ်အပေါ်သံသယ မကင်းစရာဖြစ်လာခဲ့လေသည်။

နောင်အခါ ထိုကိစ္စရှင်းသွားသည်။ကျွန်ုပ်သည် နိုင်ငံရေးကိုဝါသနာပါသည့် အလျောက်၊ မိမိတဦးတည်း သော အမြင်ဖြင် ရုပ်ရှင်ဇာက်ကားများတွင် နိုင်ငံရေးစိတ်ဓါတ်များ သွတ်သွင်းလှုံဆော်ပေးခဲ့လေသည်။ သခင် ဗဟိန်း သည်၎င်း၊ သိန်းဖေသည်၎င်း၊ ကျွန်ုပ်ဆီသို့ ဆိုရှယ်လစ်ဝါဒကိုရှင်းပြသော အင်္ဂလိပ်စာအုပ် များယူလာ၍ ဖတ်စေသော် လည်း ကျွန်ုပ်လေးလေးစားစားမကြည့်ခဲ့။ သို့နှင့် နိုင်ငံရေးသည် ကျွန်ုပ်အဖို့ မျက်ကန်း မျိုးချစ် မျှသာဟု ယနေ့အမြင်အရပြန်၍ ဆိုချင်သည်။


ဂဠုန်ဦးစေလွတ်လပ်ရေးအတွက် ဘိလပ်သွားသောနေ့တွင်မြန်မာ့အလင်းသတင်းစာ၌“တကောင်ကြွက်” အမည်ဖြင့် ပြဇာတ်တခုပါလာသည်ကို ဖတ်ရသော်အခါ၊ ဂဠုန်ဦးစောသမီးကရှမ်းလွယ်အိတ်ဝယ်လာ ရန် ဖခင်အား မှာလိုက်သော အချက်ကိုတွေ့ရသဖြင့် လွတ်လပ်ရေးသည် ဘိလပ်တွင်မရှိ၊ ဗမာ နိုင်ငံ တွင်သာ ရှိကြောင်းကွက်ကွက် ကွင်းကွင်းမြင်လာကာ စာရေးအသားမှာကျွန်ုပ်နှင့် နီးစပ်သူတို့၏ပြော နေကျ စကားလုံး များပါသဖြင့် ရေးသူကိုတွေး၍ရှာစဉ် သိန်းဖေနှင့် တွေ့သည်။

ထိုအခါ ကျွနုပ်က“ ဒီပြဇာတ်ဟာ ဒို့နဲ့ နီးစပ်ထဲ့ အထဲကဖြစ်ရမယ်”ဟု ပြောလိုက်ရာ သိန်းဖေတို့ ပြုံးစိစိ လုပ်နေ၍ သူပဲဟု အတတ်စွဲရတော့သည်။ သိန်းဖေသည် ထိုအခါက တမတ်စား သခင်ဖြစ်သော်လည်း သူသည် ကျွန်ုပ်အား သခင်ဖြစ်ရန်ထက် ဆိုရှယ်လစ်သဘောတရားကို နားလည်ရန်ကိုသာ လိုလားပုံရသည်။

ဤသို့ဖြင့်စစ်ဖြစ်သွားပြီးဂျပန်နှင့် သခင်တို့ပူးတွဲလာသည်ဟု ကြားရသောအခါ ဂျပန်တို့ တရုတ်ပြည် တွင် ကျင့်သုံးခဲ့သော ညှင်းပန်းမှုများကို နဂါးနီ စာအုပ်တွင် ဖတ်မိ၍ ရွံရှာယင်း ရှိရကား သခင်တို့အား မုန်းပင် မုန်း မိသေးသည်။

နောင်မကြာ ဂျပန်တော်လှန်ရေးကိုလှုံဆော်ကြ သံကိုကြားရမှပင်မီးစင်ကြည့် ၍ က,ရသော ၄င်းတို့ ၏ နိုင်ငံရေးဖြစ်ထွေကို သဘောပေါက်တော့သည်။ ဤတွင်မှ ကျွန်ုပ်သည် နိုင်ငံရေးကို နီးနီးကပ် ကပ်လေ့လာ နိုင်ခဲ့သည်။ မိမိ၏ နိုင်ငံရေးရူးရူးခဲ့ခြင်းများ၏အမှားအမှန်ကို ဝေဖန် သုံးသပ်နိုင်ခဲ့သည်။



နိုင်ငံရေးတွင် နယ်ချဲ့စနစ်၊ အရင်းရှင်စနစ်၏ ရင်းမြစ်မူလသဘောတရားကိုလေ့လာရာမှ ဆိုရှယ်လစ် သဘောတရားကို စမ်းသပ်မိခဲ့သည်။ အင်္ဂလိပ်ပြန်ဝင်လာသော အခါတွင်ကား ကျွန်ုပ်သည် ရှေ့ဆောင် သတင်းစာ တွင် အယ်ဒီတာ အာဘော်များကိုရေး၍၄င်း၊ မြန်မာ့အလင်းသတင်းစာတွင် ဂျိုကာ အမည်နှင့် မြန်မာ့ ဇာတ်ခုံ အခန်းကိုရေးနှင့်လည်း နီးကပ်ခဲ့သည်။ နိုင်ငံရေးသမားများနှင့် လည်း နီးကပ်ခဲ့သည်။

ယခု အခါတွင်ကား နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုသာမက ဘာသာရေးကိုပါ ဆက်စပ်၍ လေ့လာ သုံးသပ် မိသဖြင့် မျက်ကန်းမျိုးချစ် ဘဝမှအလင်းရသော မျိုးချစ်ဘဝသို့ ရောက်လာသေပြီ။ နိုင်ငံရေးကို ကြည့် တတ် မြင်တတ် လေ့လာတတ်သော မျက်လုံးဖြင့် မနေမနား စူးစမ်းရှာဖွေ၍ သွားယင်း၊ နိုင်ငံရေး သုတေသန သမား အဖြစ်တွင်သာမွေ့လျော်တော့အံ့။ ။

ကေသီမိုး ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။

မော်တော်ကားတွေမှာ ပါဝင်တဲ့ အလိုအလျောက် အရှိန်ထိန်းစနစ်

0 comments

~





အဆင့်မြင့် ဇိမ်ခံကားတွေမှာ များသောအားဖြင့် အလိုအလျောက် မောင်းနှင်တဲ့ စနစ်တွေ ပါဝင်ပါတယ်။
အဆိုပါ စနစ်ကို Cruise Control လို့ ခေါ်ဝေါ်ကြပါတယ်။ ကားရဲ့ အရှိန်ကို လက်နဲ့ အတိုးအလျှော့ လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

အခြေခံ Cruise Control စနစ်ဟာ ကားကို မောင်းသူစိတ်ကြိုက် အရှိန်နှုန်းတစ်ခုမှာ အမြဲရှိနေအောင် ထိန်းသိန်းပေးထားမှာ ဖြစ်ပါတယ်။
အမြန်လမ်းမတွေမှာ ကားမောင်းတဲ့သူဟာ အချိန်ကြာမြင့်စွာ Lever/Accelerator ကို နင်းထားရရင် ညောင်းညာကိုက်ခဲလာတတ်ပါတယ်။
သို့အတွက်ကြောင့် Cruise Control စနစ်တွေကို Highway Driving အတွက် အဆင့်မြင့် ကားတွေမှာ ထည့်သွင်းတပ်ဆင်ပေးထားခြင်းပါ။

Cruise Control ကို On ထားမယ်ဆိုပါက ကားမောင်းသူဟာ သတ်မှတ် အရှိန်နှုန်းမှာ ကားကို တည်ရှိစေပြီး Steering ကိုသာ ထိန်းချုပ်ဖို့ လိုအပ်မှာပါ။
အနည်းငယ်သော အရှိန်ကို ပြောင်းလဲလိုပါက Curise Control System တွေမှာ အရှိန်လျှော့၊ အရှိန်တိုးခြင်းကို လက်နဲ့ ပြောင်းလဲလို့ရမှာ ဖြစ်ပါတယ်။
Cruise Control ရဲ့ အရှိန်ထိန်းချုပ်မှုကို ပြန်ဖျက်လိုပါက Brake သို့မဟုတ် Lever ကို နင်းလိုက်ရင် သူ့ဘာသာသူ ပြုတ်သွားမှာ ဖြစ်ပါတယ်။

၎၊ ၅ နာရီ တသမတ်တည်း မောင်းရမဲ့ အဝေးပြေးလမ်းမကြီးမျိုးတွေမှာ ခြေထောက် ပင်ပန်းမှုကို လျှော့နည်းသက်သာစေရန် Cruise Control System တွေကို အသုံးပြုပြီး မောင်းနှင်နိုင်မှာပါ။
သို့ပါသော်လည်း ကားရှုပ်ထွေးမှု မရှိတဲ့၊ ဖြောင့်တန်းတဲ့ အမြန်လမ်းမကြယ်ကြီး မျိုးတွေမှာ အသုံးပြုဖို့ ပိုမို သင့်တော်ပါတယ်။

အခြေခံ Cruise Control စနစ်တစ်ခု ရဲ့ အလုပ်လုပ်ပုံကို ဖော်ပြပေးသွားပါမယ်။

Cruise Control System တွေဟာ များသောအားဖြင့် အချက်ပြမီးစနစ်ကဲ့သို့ Control ထိန်းချုပ်ရန် အတံတစ်ခုအနေနဲ့ ရှိပါတယ်။
အပေါ်အောက် မြှားတွေ၊ သို့မဟုတ် +/- သင်္ကေတများနဲ့ Signal ပြတဲ့ ခလုပ်တစ်ခုအနေနဲ့ Steering အ၀ိုင်း အောက်ပိုင်းမှာ ပါဝင်တတ်ပါတယ်။
Set/Cancel/Res စသည့် စာများလည်း ပါဝင်တတ်ပါတယ်။

Cruise Control ကို အသုံးပြုဖို့ဆိုရင်

၁။ Cruise On ဆိုတဲ့ ခလုပ်ကို နှိပ်ရမှာ ဖြစ်ပါတယ်။
အဆိုပါ ခလုပ်ကို နှိပ်လိုက်မယ်ဆိုရင် Dash Board ရဲ့ Screen မှာ Cruise ဆိုတဲ့ စာသာမျိုး မီးလင်းပြီး ပေါ်လာမှာ ဖြစ်ပါတယ်။

၂။ မိမိ အလိုရှိတဲ့ အရှိန်နှုန်းတစ်ခုကို ရောက်ပြီဆိုရင် Set လုပ်ရမှာ ဖြစ်ပါတယ်။
ပုံမှာဆိုရင် အောက်ကို ညွန်ပြထားတဲ့အတွက် Control တံကို အောက်ဘက် နှိပ်ပေးရမှာပါ။

၃။ ကားမောင်းသူအနေနဲ့ Lever ကို လွှတ်ပြီး ထားလိုက်မယ်ဆိုရင် Cruise Control System က သူ့ဘာသာသူ သတ်မှတ်ထားတဲ့ အရှိန်ရောက်အောင် Lever ကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

၎။ အကယ်လို့သာ ကားမောင်းသူက Brake သို့မဟုတ် Lever ကိုသာ နင်းလိုက်မယ်ဆိုရင် အဆိုပါ Cruise Control System ဟာ ပြုတ်သွားမှာ ဖြစ်ပါတယ်။
အမြန်နှုန်းကို ထိန်းပေးတော့မှာ မဟုတ်ပါဘူး။ ပြန်ပြီး ထိန်းစေချင်တယ်ဆိုရင် ပထမအဆင့်ကဲ့သို့ Set ကို ပြန်နှိပ်ရမှာပါ်။

၅။ မိမိအနေနဲ့ သတ်မှတ်ထားတဲ့ အရှိန်နှုန်းကို မြှင့်တင်ချင်တယ်ဆိုရင် RES ဆိုတဲ့ ဘက်ကို Control အတံကို ရွှေ့ပေးပါ။
အရှိန်မြှင့်ဖို့အတွက် Res ကို ဖိထားပေးရမှာ ဖြစ်ပါတယ်။ လိုချင်တဲ့ အရှိန်ရောက်ရင် ပြန်လွှတ်ပေးလိုက်ရင် ရပါပြီ။ မိမိတိုးမြှင့်ထားတဲ့ အရှိန်အတိုင်း ဆက်ပြီး ထိန်းသိမ်းပေးသွားပါလိမ့်မယ်။

၆။ အရှိန်အရမ်းမြန်တယ်လို့ ခံစားရရင် Cancel ကို နှိပ်ပေးလိုက်ရင်ရပါပြီ။ အရှိန်လျှော့ပေးသွားပါလိမ့်မယ်။

Cruise Control System တွေဟာ တစ်ခုနဲ့တစ်ခု ခလုပ်ပုံစံတွေ မတူပေမဲ့ သဘောတရားကတော့ အတူတူပဲ ဖြစ်ပါတယ်။ များသောအားဖြင့် Cruise Control System တွေဟာ ၄၀ ကီလိုမီတာ အထက် အရှိန်ရှိမှပဲ အလုပ်လုပ်တတ်ပါတယ်။

ကားမောင်းသူအတွက် ဘာအကျိုးကျေးဇူးရှိသလဲ ဆိုရင်တော့ အရှိန်ကို ခြေထောက်နဲ့ ထိန်းဖို့မလိုတဲ့အတွက် လမ်းကို ဂရုတစိုက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
သတ်မှတ် အရှိန်နှုန်းထပ်လဲ ပိုမမောင်းမိနိုင်တော့သလို၊ ဝေးလံကြာမြင့်တဲ့ ခရီးလမ်းတွေကိုလဲ သက်သာစွာနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးပေါ် Cruise Control System တွေဟာ ဆိုရင်ဖြင့် Speed ကို ထိန်းချုပ်နိုင်တဲ့အပြင်
- ရှေ့ကကားနဲ့ အကွာအဝေး စောင့်ကြည့်ပေးနိုင်ခြင်း၊
- မိမိလမ်းကြောင်းမှ သွေဖီမသွားအောင် ထိန်းချုပ်နိုင်ခြင်း၊
- ရှေ့မှာ အတားအဆီးရှိရင် အလိုလျောက် အရှိန်လျှော့ပေးခြင်း
အစရှိတဲ့ Intelligence စနစ်တွေ ပါဝင်လာတာ တွေ့ရပါတယ်။

Sensor တွေအားကောင်းလာတာနဲ့ အမျှ Cruise Control စနစ်တွေဟာလဲ ပိုမို ကောင်းမွန်လာကြပါတယ်။
နောက်ပိုင်း ကားတွေမှာ ဆိုရင် Steering မှာ Console ခလုပ်တွေ အနေနဲ့ ပါဝင်လာတတ်ပါတယ်။

ကားထုတ်လုပ်သူတွေဟာ ကားမောင်းသူကို သက်သာစေဖို့၊ အနရာယ်ကင်းစေဖို့ နည်းပညာတွေက အထောက်အပံ့ပေးလာကြပါပြီ။

Cruise Conrtrol ကို ကားတော်တော်များများမှာ ပါတာတွေ့ရပါတယ်။
သို့ပေမဲ့လဲ ကားမောင်းသူများအနေနဲ့ စမ်းသပ်သုံးစွဲဖို့ မ၀ံ့မရဲဖြစ်တာက တစ်ကြောင်း၊ User Manual တွေမပါတဲ့အတွက် ဘယ်လို အသုံးပြုရမှာ မသိတာကတစ်ကြောင်း၊ Cruise Contorl တစ်ခုဟာ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို မသိတာကတစ်ကြောင်း၊ အမှတ်တမဲ့ မသုံးဖြစ်ကြတာ များပါတယ်။

စာရေးသူအနေနဲ့ များသောအားဖြင့် နေပြည်တော် အမြန်လမ်းမကို ကားမောင်းသွားရမယ် ဆိုရင်တော့ Cruise Control ကို အသုံးပြုလ့ရှိပါတယ်။
သတ်မှတ် အမြန်နှုန်း မိုင် ၆၀၊ ကီလို ၁၀၀ သတ်မှတ်ပြီး မောင်းသွားမယ်ဆိုရင် မပင်မပန်း၊ မညောင်းမညာဘဲ သက်သာစွာနဲ့ မောင်းသွားနိုင်ပါတယ်။
မိမိ အမြန်နှုန်းကို အမြဲစောင့်ကြည့်နေပြီး ကားကို လက်တစ်ခုတည်းနဲ့ မောင်းရတာ တကယ့်ကို အဆင်ပြေပါတယ်။

တစ်ချို့ ခလုပ်တွေမှာ ပါတဲ့ ACC ဆိုတာ Acceleration အရှိန်မြှင့်ခြင်းဖြစ်ပြီး၊ Coast ဆိုတာကတော့ အရှိန်လျှော့ခြင်း Deceleration ဖရီးရိုက်ခြင်း ဖြစ်ပါတယ်။

အားသာချက်
၁. Suitable for both driving patterns ( automatic or manual စနစ်နှစ်ခုလုံးနဲ့ သင့်တော်ပါတယ်။)
၂. Helps reduce fuel costs (ဆီစားနှုန်းကို လျှော့ချပေးနိုင်ပါတယ်။)
၃. Higher driver concentration (ကားမောင်းသူရဲ့ အာရုံစူးစိုက်မှုကို ပိုရစေပါတယ်။)
၎. safety (လုံခြုံမှုရှိပါတယ်။)
၅. Avoids unintentional over speedings (အမှုမဲ့ အမှတ်မဲ့ အရှိန်မြန်အောင် Lever နင်းမိတာမျိုး ရှောင်ကျင်နိုင်ပါတယ်။)
၆. Reduced front end collisions by 70% if applied on all vehicle (ကားတွေအားလုံးသာ Cruise Control တက်ဆင်ထားမယ်ဆိုရင် ရှေ့ပိုင်း ယာဉ်တိုက်မှု ၇၀% အထိ လျှော့ချ နိုင်ပါလိမ့်မယ်။)


Cruise Control System တစ်ခု အလုပ်လုပ်ပုံ ရုပ်သံ (အသံမပါ)

Reference: Toyota, readerrack, Honda, Audi


TSJ Tech Team
TechSpace ဂျာနယ်

http://techspacejournal.blogspot.com/2012/09/blog-post_7536.html




~

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved