Showing posts with label Beauty and Fashion. Show all posts
Showing posts with label Beauty and Fashion. Show all posts

ခေတ်နဲ့အညီ သဘာဝ အလှပေါ်လွင်စေမယ့် နေ့စဉ် မိတ်ကပ်အပြင်အဆင်

Wednesday, July 8, 2015 0 comments


ဓာတ်ပုံများ - မဟေမာ
Model - Sally Dec
Makeup - Chue Dgray

ဖက်ရှင်နဲ့ အလှအပကို ဦးစားပေး ပြင်ဆင်လာကြတဲ့ ဒီနေ့ခေတ် ရေစီးကြောင်းထဲက မိန်းကလေးတွေအတွက် အလှအပနဲ့ ပတ်သက်ပြီး နေ့စဉ် မိတ်ကပ်ပြင်ဆင်မှု (Daily Makeup) နဲ့ သဘာဝဆန်ဆန် မိတ်ကပ်ပြင်ဆင်မှု (Natural Look) လိမ်းခြယ်ပုံ အဆင့်ဆင့်တို့ကို အလှအပရေးရာဆိုင်ရာ ဗဟုသုတအနေနဲ့ မိန်းကလေးတိုင်းသိစေဖို့ Chue’s Makeup of the Day ရဲ့ Beauty Blogger “Chue Dgray” ကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။


ပထမဦးဆုံး နေ့စဉ်ရုံးတက်၊ ကျောင်းသွားနေတဲ့ ကုမ္ပဏီဝန်ထမ်း၊ ကျောင်းသူမိန်းကလေးတွေအတွက် နေ့စဉ် မိတ်ကပ်လိမ်းခြယ်မှုပုံစံကို အရင်ပြောပြချင်ပါတယ်။ ဒီနှစ် ၂၀၁၅ ခုနှစ်မှာ Skincare နဲ့ Cosmetics တွေကို ဒီနေ့ခေတ် မိန်းကလေး တော်တော်များများ သုံးလာကြတာကို တွေ့ရပါတယ်။


အရင်တုန်းကဆိုရင် မိတ်ကပ်၊ Cosmetics ပစ္စည်းတွေနဲ့ Skincare တွေကို Make-up Artist တွေလောက်ပဲ သိကြပြီး အခု နောက်ပိုင်းမှာတော့ မိန်းကလေးတိုင်း လေ့လာကြ၊ သိလာကြပါတယ်။ မိန်းကလေးတိုင်းလိုလို သူတို့ကိုယ်တိုင် မိတ်ကပ်ကို လိမ်းခြယ်လာကြတာ တွေ့ရပါတယ်။


ထသွားထလာနဲ့ နေ့စဉ် ရုံးတက်ရုံးဆင်း Daily Makeup ဆိုရင် BB Cream ၊ ဒါမှမဟုတ် Foundation လိမ်းပေးရပါတယ်။ အဲဒါကို လိမ်းပြီးတဲ့အခါကျရင် မျက်လုံးနဲ့ မျက်ခုံးအလှအတွက် Liner နဲ့ Eye Shadow  လိမ်းခြယ် အသုံးပြုပေးရပါမယ်။ မိတ်ကပ်ပြင်ဆင်မှုက ပွဲသွားပွဲလာ မိတ်ကပ်လိုမျိုး Eye Primer, Face Primer တွေနဲ့ လိမ်းခြယ်ဖို့၊ စသဖြင့် ပြင်ဆင်ဖို့ မလိုပါဘူး၊ မိတ်ကပ်ကို ပါးပါးလေး လိမ်းပေးရုံပါပဲ။


မျက်လုံးအတွက် Eye Shadow ခြယ်ရမယ် ဆိုရင်လည်း ပွဲသွားပွဲလာမှသာ အထူကြီး ခြယ်ကြပေမယ့် နိစ္စဓူဝ မိတ်ကပ်ပြင်ဆင်မှုမှာတော့ အဲဒီလိုမျိုး Smoky Eye ပုံစံ Eye Shadow ခြယ်တာမျိုး ပြုလုပ်စရာမလိုပါဘူး။ Eye Liner လည်း ထိုနည်းလည်းကောင်းပါပဲ။ Eye Liner ပဲဖြစ်ဖြစ်၊ Eye Shadow ပဲဖြစ်ဖြစ် ခပ်ပါးပါးလေးပဲခြယ်ပေးဖို့ Beauty Blogger “ခြူး”ကအကြံပြု တိုက်တွန်းထားပါတယ်။


ပြီးရင် မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာ Contour, Concealer စတာတွေကို နိစ္စဓူဝ မိတ်ကပ်ပြင်ဆင်မှုမှာ လိမ်းပေးဖို့ မလိုအပ်ပါဘူး။ ပါးဖောင်းနေတဲ့ မိန်းကလေး တချို့သာ Bronzer ကို Contour အနေနဲ့ Brush အသုံးပြုပြီး ပါးရိုးကို ခပ်ပါးပါး လိမ်းခြယ်ပေးနိုင်ပါတယ်။ ပွဲတွေမှာ ပြင်ဆင်သလိုမျိုး Contour ကို အသေးစိတ် အဆင့်ဆင့် လိမ်းစရာမလိုဘူးလို့ “ခြူး”က ဆိုပါတယ်။


မျက်ခုံးမွှေး ပြင်ဆင်မှုအပိုင်းကတော့ အခုနောက်ပိုင်း မျက်နှာအလှအပကို ဦးစားပေးလာတဲ့ ခေတ်မှာတော့ မျက်ခုံးမွှေးကို နှစ်ပတ်တခါ ရိတ်ပေးတာမျိုး မိန်းကလေးတွေ ပြုလုပ်ပေးသင့်ပါတယ်တဲ့။ မျက်ခုံးမွှေးရဲ့ ဆွဲထားပုံ လိုင်းကြောင်းက လှနေမယ်ဆိုရင် မျက်လုံးအလှကလည်း ပိုပေါ်လွင်ပြီး ပိုဆွဲဆောင်မှု ရှိစေပါတယ်လို့ သူက ပြောပြပါတယ်။


“မျက်ခုံးမွေး ခြယ်သတဲ့ နေရာမှာတော့ မျက်ခုံးမွှေးကထူထူခြယ်တာ ကောင်းတယ်ဆိုပေမယ့် အရမ်းကြီး ထူ လွန်း တာလည်း မကောင်းပါဘူး။ ပြီးတော့ နှာခေါင်းစင်းတဲ့နေရာမှာ ထူထူကြီး ခြယ်တာမျိုးကိုလည်း မပြုလုပ်သင့်ပါဘူး၊ အဲဒီလို ခြယ်တဲ့အခါ မျက်ခုံးကြီးက မျက်နှာပေါ်မှာ တင်ထားတဲ့ပုံစံမျိုး ဖြစ်နိုင်တာကြောင့် မျက်ခုံးမွှေး ကိုလည်း အလွန်အကျွံမခြယ်သင့်ဘူး” လို့ ခြူးက အကြံပေးပါတယ်။

Eye Liner ခြယ်မယ်ဆိုရင်တော့ မျက်ရစ်မရှိတဲ့သူတွေအနေနဲ့က Liner အကြီးကြီးတွေ ခြယ်တာမျိုး မပြုလုပ်သင့်ပါဘူး။ မျက်ရစ်မရှိဘူးဆိုရင်လည်း မျက်ရစ်ဖော်တဲ့ ကိရိယာနဲ့ မျက်ရစ် အရင်ဖော်ပြီးမှ Eye Liner ကို ခပ်ပါးပါးပဲ ခြယ် သင့်ပါတယ်တဲ့။ ဒါမှမဟုတ် Eye Shadow ကို ခဲရောင်၊ အညိုရောင် စသဖြင့် ကိုယ်ကြိုက်တဲ့အရောင်ကို သုံးပြီး Liner ခြယ်ပေးနိုင်ပါတယ်။


Eye Liner ခြယ်တဲ့အခါမှာ အထူကြီး မဆွဲဘဲ၊ Liner ရဲ့ အမြီးကိုလည်း အရှည်ကြီး ဆွဲတာမျိုးက ရုံးတက် မိတ်ကပ်အပြင်အဆင်နဲ့ မအပ်စပ်တဲ့အတွက် Liner ကို တကြောင်းပဲ ဆွဲပေးတာက ပိုပြီး သင့်တော်ပါတယ်တဲ့။ မျက်လုံး၊မျက်ခုံးနဲ့ မျက်နှာ မိတ်ကပ်ပြင်ဆင်မှု ပြီးသွားပြီဆိုတော့ နှုတ်ခမ်းနီဆိုးပုံကို ပြောပြပေးချင်ပါတယ်။

မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုရင် အခုနောက်ပိုင်း Lip Cream တွေ၊ နှုတ်ခမ်းနီတွေ စသဖြင့် Brand အမျိုးမျိုး၊ နှုတ်ခမ်းနီ အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ နှုတ်ခမ်းနီဆိုးတဲ့အခါ ဘယ်နှုတ်ခမ်းနီပဲဆိုးဆိုး တနေကုန် နှုတ်ခမ်းနီ ဆိုးထားပြီး အိမ်ပြန်ရောက်တဲ့အခါ Lip Remover နဲ့ ဆိုးထားတဲ့နှုတ်ခမ်းနီးကို ပြန်ဖျက်ပေးဖို့ အရေး ကြီးပါတယ်တဲ့။ ဆိုးပြီးသား နှုတ်ခမ်းနီတွေကို Lip Remover မဖျက်ဘူးဆိုရင် နောက်ပိုင်းမှာ နှုတ်ခမ်းသား မဲတာတွေ ဖြစ်လာနိုင်ပါတယ်။


နိစ္စဓူဝ ရုံးတက်ရုံးဆင်းတဲ့မိန်းကလေးတွေနဲ့ အထူးသဖြင့် မိတ်ကပ်ပြင်ဆင်မှု ဦးစားပေးရတဲ့ Hotel Life မှာ အလုပ်လုပ်နေတဲ့မိန်းကလေးတွေ နေ့စဉ် မိတ်ကပ်ပြင်ဆင်မှု (Daily Makeup) ကို ပြင်မယ်ဆိုရင် နှုတ်ခမ်းနီကိုအသားအရောင်၊ ဒါမှမဟုတ် ပန်းဆီရောင်၊ ပန်းရောင်အဖျော့လေးတွေ ဆိုးပေးသင့်ပါတယ်။ Hot Look ဖြစ်စေတဲ့ အနီရောင် တောက်တောက်ကြီးတွေ မဆိုးပေးသင့်ပါဘူး။


ကဲ… ဒီလောက်ဆိုရင်တော့ အခုလို ရာသီ မိုးအေးအေးမှာ ရုံးတက်၊ ကျောင်းတက်နေရတဲ့ ခေတ်ရေစီးထဲက ခေတ်ပျိုမေ မိန်းကလေးတွေအတွက် အလှမပျက် ရုံးတက်၊ ကျောင်းတက်နိုင်အောင် သဘာဝဆန်တဲ့ “Natural Look”၊ နေ့စဉ် မိတ်ကပ် ပြင်ဆင်မှုပုံစံ “Daily Makeup” အကြောင်း အလှပရေးရာ ဗဟုသုတအတွက် လုံလောက်မယ် ထင်ပါတယ်။

ပုံမှာပြထားတဲ့မိတ်ကပ်ပြင်ဆင်မှု အဆင့်ဆင့်ကိုတော့ “Chue’s Make-up of the Day” Facebook Page ရဲ့Beauty Blogger “Chue Dgray” ဆီကနေ ရယူထားတာပါ။


သီဟတိုး



မိုးရာသီအတွက် မိုးစီးဖိနပ်တွေ

Monday, June 22, 2015 0 comments


ဓာတ်ပုံ - သီဟတိုး/ The Irrawaddy

ဇွန်လထဲရောက်တာနဲ့ ညနေတိုင်း မိုးတွေ သဲသဲမဲမဲရွာလိုက်၊ ဖွဲဖွဲလေးရွာလိုက်နဲ့ပေါ့။

ရာသီဥတုက အုံ့အုံ့မှိုင်းမှိုင်းနဲ့ အုံ့ဆိုင်းဆိုင်းကြောင့် အပြင်ထွက် အလုပ်သွား၊ကျောင်းသွားရမှာ ပျင်းနေသူတွေ၊ မိုးဘယ်လောက်ရွာရွာ နေ့စဉ်လုပ်ဆောင်ရမယ့် နိစ္စဓူဝ အလုပ်တာဝန်တွေကိုတော့ မလစ်ဟင်းရအောင် လုပ်ဆောင်ရမှာ မလွဲပါပဲ။ ဒီလို အလုပ်တွေကိုရှောင်လွဲမရသလို၊ ရှောင်လွဲလို့မရတဲ့ မိုးရာသီမှာမရှိမဖြစ် ဆောင်ထားသင့်တဲ့အရာကတော့ ထီးပါ။



မိုးတွင်းမှာထီးက အရေးပါအသုံးဝင်တဲ့အသုံးအဆောင်ပစ္စည်းဖြစ်ပါတယ်။ မိုးမစိုဖို့ ထီးကောင်းကောင်း တလက်ရှိဖို့လိုအပ်သလို မိုးတွင်းမှာ မိုးရေထဲ သွားရလာရ အဆင်ပြေစေမယ့် မိုးတွင်းစီး ဖိနပ်ကောင်းကောင်း တရံလည်းရှိဖို့ လိုအပ်ပါတယ်။ ဖိနပ်ပါးတရံက မိုးရေစိုတဲ့အခါ အလျင်အမြန်ခြောက်သွေ့သလို၊ သွားလာရတာလည်း ပေါ့ပါးမြန်ဆန်တာကြောင့် ရေစိုရင် အကြာကြီးနေမှ ခြောက်တဲ့ ရှူုး ဖိနပ်၊ ဘွတ်ဖိနပ်နဲ့ ကတ္ထီပါသားဖိနပ်တို့ထက်စာရင် မိုးတွင်းစီးဖိနပ်တွေကို ဦးစားပေးစီးသင့်ပါတယ်။

မိုးတွင်းစီးဖိနပ်တွေရဲ့ ဈေးနှုန်းက ကျပ် ၃ထောင်ဝန်းကျင်လောက်က စလို့ လေးငါး ခြောက်ထောင်ကျော်၊ တသောင်းကျော် တဲ့အထိ ဈေးနှုန်းအစားစားရှိပါတယ်။ ဒီလိုမိုးရာသီမှာတော့ ဈေးကြီးကြီး ဖိနပ်အကောင်းစားတွေ၊ Boots တွေ၊ Shoes တွေထက်စာရင် ဝတ်ရတာ သက်သောင့်သက်သာရှိပြီး ရေအမြန်ခြောက်တာကြောင့် ခြေထောက်နဲ့ အရေပြားကျန်းမာရေး အတွက်လည်း အထူးသင့်တော်ပါတယ်။



Boots တွေ၊ Shoes တွေက ဒီရာသီမှာ ဝတ်ပြီး အပြင်ထွက်သွားလာရတဲ့သူတွေအတွက် သိပ်အဆင်မပြေလှပါဘူး။ တနေကုန် မိုးမိလို့ ရေစိုထားတဲ့ဖိနပ်နဲ့ အတွင်းမှာ ဝတ်တဲ့ခြေအိတ်ကြောင့် ခြေထောက်ကနေ အနံ့ဆိုး တွေလည်း ထွက်နိုင်သလို ခြေထောက်မှာ မှို၊ သဲဝဲ အစရှိတဲ့ မှိုနဲ့ပတ်သတ်တဲ့ အရေပြားရောဂါတွေလည်း ဖြစ်ပွားနိုင်ချေရှိပါတယ်။

ဒီရာသီအတွက်ကတော့ ထီးက မရှိမဖြစ် Essential ပစ္စည်းတခုဆိုတာ အထွေအထူးပြောဖို့မလိုပါဘူး။ ထီးဆောင်းလေ့ ဆောင်းထမရှိဘူးဆိုရင်တော့ အထာကျတဲ့ မိုးတွင်းဝတ်၊ မိုးကာ ဂျာကင်တထည်ဆောင်ထားဖို့ အကြံပြုချင်ပါတယ်။ မိုးကလည်း ရွာမြဲ ရွာနေဆဲဆိုတော့ အလုပ်အကိုင်မပြတ်ဖို့၊ နေမကောင်းဖျားနာမဖြစ်အောင် ကြိုတင်ကာကွယ် ထားသင့်ပါတယ်။



ထီးတွေဆိုရင်တော့ ဈေးနှုန်း ကျပ် ၃ ထောင်ကနေ ကျပ် ၄၅၀၀၊ ၅၀၀၀ ကျပ်၊ ၆၀၀၀၊ ၇၀၀၀ ကျပ်အစားစားရှိပါတယ်။ မိုးကာအင်္ကျီ ကောင်းကောင်း တထည်ဆိုရင်တော့ ၇ ထောင်၊ ၈ထောင် ဝန်းကျင်ကနေ တသောင်း၊ တသောင်းခွဲ၊ နှစ်သောင်းခွဲ အစားစားရှိတယ်လို့သိရပါတယ်။ ဒီနှစ် မိုးရာသီအတွက် မဝယ်ရသေးဘူးဆိုရင်တော့ မိုးရာသီမှာ အသုံးဝင်မယ့် မိုးတွင်းစီးဖိနပ်၊ ထီး၊ မိုးကာ စတာတွေ ဝယ်ယူဖို့ လက်တို့အကြံပြုပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့ အမျိုးသား၊ အမျိုးသမီးဝတ် မိုးတွင်းစီးဖိနပ်၊ ထီး၊ မိုးကာ စတာတွေကိုတော့ အနော်ရထာလမ်းနဲ့ ရွှေဘုံသာလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ 119 Fashion Complex မှ သွားရောက်ရိုက်ယူထားတာပဲ ဖြစ်ပါတယ်။


သီဟတိုး


အွန်လိုင်းက ၀ယ်နိုင်တဲ့ Limited T-Shirt တွေ

Thursday, June 11, 2015 0 comments



ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းထဲက လူငယ်တွေအတွက်နေ့စဉ်ဝတ်စားဆင်ယင်မှုတွေထဲမှာ ဘယ်တော့မှ ရိုးမသွားဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ အမြဲတမ်းအထာကျနေမယ့် အရာကတော့ ဒီဇိုင်းဆန်း တီရှပ် (T-shirt) တွေပဲ ဖြစ်ပါတယ်။

တီရှပ်က စမတ်ကျကျတက်ရမယ့်ပွဲ အခမ်းအနားတွေကလွဲလို့ ဘယ်လိုရာသီ၊ဘယ်လို အချိန်မျိုးမှာမဆို ဂျင်းဘောင်းဘီ အရှည်နဲ့၊ အတိုနဲ့တွဲပြီး ဝတ်လိုက်တာနဲ့ အထာကျပြီး လွတ်လပ်ပေါ့ပါးတဲ့ လူငယ်အသွင်ကို ရရှိနိုင်တဲ့ အလွယ်ကူ အရိုးရှင်းဆုံး ဖက်ရှင်အဝတ်ထည်တမျိုးပါ။

တီရှပ်က ဘယ်တော့မှ ရိုးမသွားဘူးဆိုပေမယ့်လည်း တီရှပ်ဒီဇိုင်းဆန်းတွေက တနေ့တမျိုး မရိုးရအောင် အသစ်သစ်တွေ ပေါ်နေတာမို့ ခေတ်နဲ့ အမီလည်း ဝတ်နိုင်အောင် ဒီနေ့ခေတ်မှာ ဘယ်လိုဒီဇိုင်းတွေ ခေတ်စားနေတယ်၊ ဘယ်လို ပုံစံတွေက လူဝတ်များပြီး ရောင်းအားကောင်းနေလဲဆိုတာကို မျက်ခြေမပြတ် သိထားသင့်ပါတယ်။



အခု မြန်မာနိုင်ငံမှာဆိုရင် လက်ရှိအွန်လိုင်းအသုံးပြုနေတဲ့ လူငယ်တွေအကြားမှာ ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ ထုတ်လုပ်ထားတဲ့ What’s up Burma ဆိုတဲ့ တီရှပ်၊ ခရိုနီပုံ လူကောင်ဝဝ ဆေးလိပ်ခဲ ထားတဲ့ ပုံနဲ့ လူကြီးလူကောင်းဆိုတဲ့ Notorious တီရှပ်၊ မြန်မာစာလုံး အက္ခရာ “ကကြီးကနေ အ” အထိ ရေးဆွဲ ထားတဲ့ Myanmar Wild Alphabet ဒီဇိုင်းတွေဟာ အထူး ရေပန်းစား လူကြိုက်များ၊ အဝတ်များတာကို တွေ့ရပါ တယ်။

နိုင်ငံရေးကို Troll လုပ်ပြီး သရော်ထားတဲ့ မြန်မာပြည်ထုတ် Limited Edition ကိုယ်ပိုင် ဒီဇိုင်းတီရှပ်တွေကို လူငယ်တွေ အကြိုက်များရတာကတော့ကိုယ်တိုင်ကလည်း Limited ဖြစ်ချင်သလို အရမ်းကြီး ခေတ်မဆန်၊ အရမ်းကြီး ရှေးမကျလွန်းဘဲ မြန်မာဆန်တဲ့ မြန်မာထုတ် ဒီဇိုင်းတွေဖြစ်တာကြောင့်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်၊ သြဂုတ်လလောက်ကနေ စပြီး ထုတ်ခဲ့တဲ့ 022 ရဲ့ Limited Edition တီရှပ်တွေက ဒီဇိုင်းတခုကို တခါထုတ်ရင် ၁၀ ထည်၊ ၁၅ ထည်အထိပဲ ဖြစ်ပါတယ်။ လက်ရှိ ၂၀၁၄ သြဂုတ်ကနေ ၂၀၁၅ မေလ အထိ ထုတ်ထားတဲ့ ဒီဇိုင်းတွေကတော့ Padung Revolution, Timelapse Revolution, Gangland Yangon Represent, Myanmar Wild Alphabet (ကကြီးကခွေး) ၊ Defend our Country, What’s up Burma (ဗိုလ်ချုပ်ပုံ)၊ Notorious (လူကြီးလူကောင်းပုံ) ၊ Mexicano နဲ့ Mr.Peackmaker စတဲ့ ဒီဇိုင်းတွေဖြစ်ပါတယ်။

မြန်မာလူငယ် ဒီဇိုင်နာနှစ်ယောက် ကိုယ်တိုင်ရေးဆွဲတဲ့ ဒီ တီရှပ် ဒီဇိုင်းတွေက လူငယ် အမျိုးသား၊ အမျိုးသမီးတွေ အကြားမှာ အထူးပန်းရေးပန်းစား၊ လူကြိုက်များပြီး အဝယ်များပါတယ်။ အဝယ်များပြီး လူကြိုက်များတဲ့  ဒီဇိုင်းတွေကတော့ What’s up Burma ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့လူကြီးလူကောင်း Notorious တီရှပ် ဒီဇိုင်းပုံတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး နိုင်ငံရေးကိုသရော်တဲ့ Troll လုပ်ထားတဲ့ ဒီဇိုင်းတွေ တီရှပ် အဖြစ် ထုတ်လုပ်ဖြစ်ခဲ့တာကတော့ တီရှပ်တွေကို စလုပ်ကတည်းက ဘယ် Trend ကို သွားမလဲလို့ စဉ်းစားရင်း Troll လုပ်မယ်၊ ဖောက်မယ်၊လက်ရှိ ဖြစ်ပျက်နေတဲ့အရာတွေကို သရော်မယ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ ဂီတရုပ်ရှင်ပဲဖြစ်ဖြစ်၊ Troll မယ် သရော်မယ် ဆိုတဲ့ စိတ်ကူးနဲ့ ဒီဇိုင်းတွေ ရေးဆွဲခဲ့တာလို့ 022 Online Shopping ရဲ့ Co-founder တဦးဖြစ်သူ၊ တီရှပ် ဒီဇိုင်းတွေကိုလည်း ကိုယ်တိုင်ရေးဆွဲတဲ့ မပန်ပန်က ဧရာဝတီကိုပြောပါတယ်။



ဒီ တီရှပ် ဒီဇိုင်းတွေကိုတော့ပုံမှန်အားဖြင့် လူငယ်တွေကြားမှာ အသက်(၂၀) နှစ်၊ (၃၀) နှစ်ကနေ (၃၅) နှစ် ဝန်းကျင်တွေအထိ ဝတ်ကြပြီး အသက် (၁၆) နှစ်၊ (၁၇) နှစ် ဆယ်ကျော်သက် လူငယ်တွေလည်း ဝတ်ကြတယ်လို့ သိရပါတယ်။ Underground က လူငယ်တွေလည်း ဒီတီရှပ်ဒီဇိုင်းတွေ ကြိုက်ကြတယ်လို့ ဆိုပါတယ်။ ဒီတီရှပ်တွေကို အစပိုင်းမှာ ယောက်ျားလေးတွေ လောက်သာ အဝတ်များပြီး အခုနောက်ပိုင်းမှာ မိန်းကလေးတွေလည်း ဝတ်လာကြတာကို တွေ့မြင်ရပါတယ်။

ဒီတပတ်မှာတော့ ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိသတ်လူငယ်တွေအတွက် ဖက်ရှင်ကျတဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ လွယ်ကူရိုးရှင်းပြီး အများကြီးအထွေအထူးစဉ်းစားစရာမလိုဘဲ အထာကျတဲ့ ဝတ်စားဆင်ယင်မှု ဖြစ်အောင် Zero to Two (022 Online Shopping) က ထုတ်တဲ့ မြန်မာပြည်ထုတ်၊ မြန်မာဟန် မြန်မာဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ Limited Edition တီရှပ်ဒီဇိုင်းတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။

တီရှပ်ဈေးနှုန်းတွေက Medium Size ဆိုရင် ၁၇၀၀၀ ကျပ်၊ Large နဲ့ Free Size ဆိုရင် ၁၈၀၀၀ ကျပ်၊ XL Size ဆိုရင် ၁၉၀၀၀ ကျပ် ကျသင့်တယ်လို့ သိရပါတယ်။

ပုံမှာပြထားတဲ့ တီရှပ်တွေကိုတော့ Zero to Two (022) Clothing, Online Shopping Facebook Page (https://www.facebook.com/ZER0to2) ကနေ ရယူထားတာပဲ ဖြစ်ပါတယ်။


သီဟတိုး 


K-Pop ရေစီးနဲ့ ကျောင်းဖွင့်စအချိန်

Monday, June 1, 2015 0 comments



ဓာတ်ပုံများ - တင်ထက်ပိုင် / The Irrawaddy


နွေရဲ့ အပူပြင်းဆုံး အချိန်ကာလတွေ ကုန်ဆုံးလို့ မကြာခင် အေးချမ်းတဲ့ မိုးရာသီ ကျောင်းဖွင့်ချိန် တဖန်ပြန် ရောက်ရှိလာပါပြီ။

မကြာခင် ကျောင်းတွေ ဖွင့်တော့မယ်ဆိုတော့ ရှော့ပင်းစင်တာတွေနဲ့ ဆိုင်တွေမှာ ကျောင်းဖွင့်ချိန်အမီ “Back to School” ရာသီချိန်ခါ ကျောပိုးအိတ်၊ ထီး၊ ရေဘူး စတဲ့ ကျောင်းသုံး ပစ္စည်းတွေနဲ့ စာအုပ်၊ ဘောပင်၊ ကွန်ပါဘူးစတဲ့ ကျောင်းသုံး စာရေးကိရိယာ ပစ္စည်းတွေ ဝယ်ယူရောင်းချနေတဲ့ အချိန်ပါ။




ကိုရီးယား ခေတ်ရေစီး လွှမ်းမိုးမှု ပေါ်ပြူလာဖြစ်တဲ့ ဒီနေ့ခေတ်ရေစီးကြောင်းထဲမှာ K-Pop (Korean Pop) အဆိုတော် အဖွဲ့တွေရဲ့ ရုပ်ပုံ၊ အဖွဲ့နာမည် Logo စာတန်း စတာတွေကို ရိုက်နှိပ်ထုတ်လုပ်ထားတဲ့ K-Pop အသုံးအဆောင်ပစ္စည်းတွေ K-Pop Crazy လူငယ်တွေကြားမှာ အတော်ခေတ်စားပါတယ်။




နာမည်ကြီး K-Pop အဆိုတော် အဖွဲ့တွေရဲ့ ဓာတ်ပုံ၊ အဖွဲ့ နာမည် Logo နဲ့ ရိုက်နှိပ်ထားတဲ့ ကျောပိုးအိတ်၊ ရေဘူး စတဲ့ ကျောင်းသုံး ပစ္စည်းတွေကို  အွန်လိုင်းပေါ်ကနေတဆင့် ဝယ်ယူနိုင်သလို၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးလမ်းမှာရှိတဲ့ Yangon Mart ၊ ကမာရွတ်မြို့နယ် ၊ လှည်းတန်းလမ်းမှာ ရှိတဲ့ K-Town Gift Shop၊ မန္တလေးမြို့၊ လမ်း ၃၀၊ ၈၂x၈၃ လမ်းကြားမှာရှိတဲ့ Yangon Mart စတဲ့ K-Pop အသုံးဆောင်ပစ္စည်းတွေချည်း သီးသန့်ရောင်းတဲ့ ဆိုင်တွေမှာ သွားရောက်ဝယ်ယူနိုင်ပါတယ်။



လူငယ်တွေကြားမှာ EXO, Big Bang, 2PM, 2NE1, Girl Generation, 4 Minutes စတဲ့ K-Pop အဖွဲ့တွေက ပေါ်ပြူလာဖြစ်ပြီး အဲဒီအဖွဲ့တွေက လူသိများသလို၊ သူတို့ ပရိသတ်တွေကလည်း နိုင်ငံတကာမှာ ဒုနဲ့ဒေးပါ။ မြန်မာနိုင်ငံက လူငယ်တွေ အကြားမှာလည်း အဲဒီ K-Pop အဖွဲ့တွေက လူကြိုက်များ အထူး ရေပန်းစား တာကြောင့် K-Pop အသုံးအဆောင် ပစ္စည်းတွေမှာလည်း EXO, 2NE1, 2PM စတဲ့ အဖွဲ့ပုံ၊ အဖွဲ့ Logo နဲ့ ထုတ်ထားတဲ့ ကျောပိုးအိတ်၊ ရေဘူးတွေကို အဝယ်များကြတယ်လို့ သိရပါတယ်။

အသက် ၁၃၊ ၁၄ နှစ် ၈ တန်း၊ ၉ တန်း အရွယ် ဆယ်ကျော်သက် မိန်းကလေးတွေကတော့ EXO အဖွဲ့ပုံနဲ့ ကျောပိုးအိတ်၊ ရေဗူးစတဲ့ ပစ္စည်းတွေကို အဝယ်များပြီး အသက် ၁၈၊ ၁၉ နှစ် ၁၀ တန်းနဲ့ တက္ကသိုလ်ကျောင်းသူ အရွယ် မိန်းကလေးတွေကတော့ Big Bang, 2PM, 2NE1, Girl Generation စတဲ့ အဖွဲ့တွေရဲ့ ရုပ်ပုံတွေနဲ့ ထုတ်ထားတဲ့ ပစ္စည်းလေးတွေကို အကြိုက်များပါတယ်တဲ့။




ဒီတပတ် ကျောင်းဖွင့်ချိန်မှာ ကိုရီးယား ခေတ်ရေစီးထဲက လူငယ်တွေ အကြိုက် ဖြစ်မယ့် K-Pop ကျောင်းသုံး အသုံးအဆောင် ပစ္စည်း ကျောပိုးအိတ်၊ ထီး၊ ရေဘူး စတာ တွေကို ရိုက်ကူး ဖော်ပြ ပေးလိုက်ပါတယ်။ ဈေးနှုန်းတွေ အနေနဲ့က K-Pop ကျောပိုးအိတ်တွေက ကျပ်တသောင်း ကနေ နှစ်သောင်းခွဲ၊ ထီးတွေ ကျပ် (၇) ထောင်၊ ရေဗူးတွေက ကျပ် (၅) ထောင်ကနေ (၇) ထောင်အထိ အစားစား ရှိပါတယ်။

ပုံမှာပြထားတဲ့ K-Pop ပစ္စည်းတွေရဲ့ ပုံတွေကိုတော့ အမှတ် (၁၃၂)၊ ပထမထပ်၊ ဗိုလ်တထောင် မြို့နယ်၊ ဘိုကလေးဈေးလမ်း အပေါ်ဘလောက်၊ ရန်ကုန်မြို့ မှာရှိတဲ့ Yangon Mart မှာ သွားရောက် ရိုက်ယူထားတာ ဖြစ်ပါတယ်။



သီဟတိုး

Hip Hop ချစ်သူလူငယ်တွေအတွက် Hip Hop Accessories တွေ

Friday, April 24, 2015 0 comments



ဓာတ်ပုံများ- သီဟတိုး/The Irrawaddy

Hip Hop ဂီတကိုနှစ်သက်ပြီး Hip Hop ဂီတသမားတွေရဲ့ Fashion အတိုင်း လိုက်ဝတ်ကြတဲ့ ခေတ်ရေစီးကြောင်းထဲက လူငယ်တွေအတွက် အထာကျတဲ့ Hip Hop Fashion တွေ ဝတ်စားဆင်ယင်တဲ့အခါ Bling-bling လို့ခေါ်တဲ့ အရောင်ပြိုးပြိုးပြက်ပြက် ဆွဲကြိုးကြီးတွေက မပါမဖြစ်ပါပဲ။

ဒီလို Bling-bling တွေကို လည်ပင်းမှာဆွဲပြီး ဝတ်ဆင်တဲ့အခါ ကိုယ်ဝတ်ထားတဲ့ အဝတ်အစား ဖက်ရှင်က ပိုထင်းပြီး ပိုအထာကျတယ်လို့ Hip Hop ဖက်ရှင်ကို နှစ်သက်စွာ ဝတ်ဆင်ကြတဲ့ လူငယ်တွေက ဆိုပါတယ်။ ဒီလို Bling-bling တွေကို လူငယ်တွေမှာ ယောကျာ်းလေးတွေသာမက မိန်းကလေးတွေပါ ဝတ်ဆင်ကြပါတယ်။

Bling- bling ဆိုတာကတော့ Hip Hop Culture မှာ လူသိများတဲ့ ဗန်းစကားတခုဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ တောက်ပြောင်လွန်းပြီး ထင်ပေါ်အောင် အသေးစိတ်၊ အနုစိတ် သေချာ တန်ဆာဆင်ထားတဲ့ (သယ်ယူလို့ရသလို၊ ဝတ်ဆင်လို့လည်းရတဲ့) ပြိုးပြိုးပြက်ပြက် Accessories ပစ္စည်းတွေကို ခေါ်ဝေါ်တာလို့ သိရပါတယ်။



အခုနောက်ပိုင်း ဒီနေ့ခေတ်ရေစီးကြောင်းထဲက လူငယ်တွေက Hip Hop Fashion, Hip Hop Accessories တွေကို Hip Hop Show ပွဲတွေမှာ သာမက အပြင်မှာလည်း သဘောကျ နှစ်ခြိုက်စွာနဲ့ တွင်တွင်ကျယ်ကျယ် ဝတ်စားလာနေကြပါပြီ။ မကြာသေးမီက ကျင်းပပြီးစီးသွားတဲ့ ၂၀၁၅ မဟာအတာသင်္ကြန်ပွဲတော်မှာဆိုရင်လည်း အထာကျတဲ့ Hip Hop Fashion တွေကို Bling-bling တွေနဲ့ တွဲဖက်ဝတ်ဆင်ကြတာကို ရန်ကုန်မြို့က လူငယ်တွေများတဲ့ ရေကစားမဏ္ဍပ်တွေမှာ တွေ့မြင်ရပါတယ်။

Bling-bling တွေကို အခုနောက်ပိုင်းမှာဆိုရင် ရွှေဆွဲကြိုး အကြီးကြီးတွေ၊ ရွှေဟန်းချိန်းတွေ စသဖြင့် ရွှေကို အဓိကထားပြီး ဝတ်ဆင်ကြပါတယ်။ ပြီးတော့ ဒီလို Bling-bling တွေမှာ မြန်မာနိုင်ငံပုံနဲ့ ကိုယ်ပိုင်ဒီဇိုင်း၊ ကိုယ်ပိုင် Brand တခု ထွင်ပြီး ထုတ်ထားတဲ့ Accessories မျိုးတွေကို ပိုပြီး သဘောကျ နှစ်ခြိုက်စွာ ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။




နာမည်ကြီး မြန်မာဟစ်ဟော့အဆိုတော်တွေကိုယ်တိုင် ဖွင့်ထားတဲ့ ဟစ်ဟော့ဖက်ရှင် သီးသန့်ဆိုင်တွေမှာလည်း ကိုယ်ပိုင်ဒီဇိုင်း၊ ကိုယ်ပိုင် Brand၊ ကိုယ်ပိုင် Logo တွေနဲ့ပါ အင်္ကျီ၊ ဦးထုပ်၊ Bling Bling စတာတွေကို ထုတ်လာကြတော့ ဟစ်ဟော့ဂီတကို ကြိုက်တဲ့ လူငယ်ပရိသတ်တွေအတွက် ကိုယ့်နိုင်ငံက ကိုယ်ပိုင်ဒီဇိုင်းတွေကို နှစ်နှစ်သက်သက် ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။

ကိုယ်ပိုင် Brand နဲ့ Hip Hop Fashion ဦးထုပ်၊ တီရှပ်၊ Accessories စတာတွေကို ထုတ်လုပ်ရောင်းချနေတဲ့ “OMG” Hip Hop Fashion ဆိုင်မှာ မြန်မာကို တခြားနိုင်ငံက Hip Hop သမားတွေ သိအောင် မြန်မာနိုင်ငံမြေပုံဒီဇိုင်းနဲ့ Bling-bling တွေ၊ ဦးထုပ်၊ အင်္ကျီ စတာတွေကို ထုတ်လုပ်ရောင်းချတယ်လို့ သိရပါတယ်။

မြန်မာကို ကမ္ဘာက “The Golden Land”… ရွှေနိုင်ငံလို့ လူသိများတာကြောင့် မြန်မာနိုင်ငံ မြေပုံ ပုံကို ရွှေရောင်ထွင်းပြီး ထုတ်လုပ်ထားကာ ရွှေကို စိန်တွေနဲ့ အသေးစိတ် တန်ဆာဆင်ထားတာ တွေ့ရပါတယ်။ အဲဒီ ရွှေဆွဲကြိုး Bling-bling တွေနဲ့ ဟန်းချိန်းတွေက Fancy Accessories ပစ္စည်းတွေပါ။



ဈေးနှုန်းတွေအနေနဲ့က Bling-bling ဆွဲကြိုး အကြီးတွေဆို ငွေကျပ် ၂ သောင်း ၂ထောင်၊ အလတ်က ၂ သောင်းကျပ်၊ အသေးက ၁သောင်းခွဲကျပ်နဲ့ မြန်မာနိုင်ငံပုံ ဆွဲကြိုးက ၁ သောင်းကျပ် အစားစား ရိှပါတယ်။ ရွှေဟန်းချိန်း လက်ကောက်တွေကတော့ တကွင်းကို ၉ ထောင်ကျပ်ဖြစ်ပြီး၊ နားကပ်တွေက ၃ ထောင်ကျပ်ကနေ ကျပ် ၅ ထောင်ရှိတယ်လို့ သိရပါတယ်။

ဒီတပတ်မှာတော့ ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိတ်သတ်တွေထဲက Hip Hop Culture, Hip Hop Fashion ဝတ်စားဆင်ယင်မှုကို နှစ်သက်တဲ့ လူငယ်တွေအတွက် လတ်တလော ခေတ်ရေစီးကြောင်းထဲမှာ ရေပန်းစားနေတဲ့ OMG Fashion က ကိုယ်တိုင် ထုတ်ထားတဲ့ ရွှေမြန်မာ Logoနဲ့ အထာကျတဲ့ ပြိုးပြိုးပြက်ပြက် ရွှေရောင် Bling-bling Accessories တွေ အကြောင်း ရိုက်ကူးရေးသား ဖော်ပြပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့ Hip Hop Fashion Accessories, Bling-bling တွေရဲ့ ဈေးနှုန်းနဲ့ အချက်အလက်တွေကို အမှတ် (၁၄၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၄၇ လမ်းထိပ်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ “OMG  Hip Hop Fashion World (Retail & Wholesale)” မှာ သွားရောက် ရိုက်ကူးထားတာ ဖြစ်ပါတယ်။


သီဟတိုး


ဝဖြိုးသူများအတွက်သာဆိုတဲ့ ဖက်ရှင်

Saturday, January 3, 2015 0 comments



ဓာတ်ပုံများ - Daily Mail Website



 အကျီတွေကိုကိုယ်တိုင် ဒီဇိုင်းဆွဲချုပ်လုပ် ရောင်းချနေသူဒီဇိုင်နာအမျိုးသမီးတစ်ဦးက သူရောင်းချနေတဲ့ အကျီ တွေဟာ အရွယ်အစားအမျိုးမျိုးရှိသော်လည်း လူဖြူမဟုတ်ပေမယ့် ခန္ဓာကိုယ် အရွယ်အစားကြီးမားတဲ့ အမျိုးသမီးတွေကိုသာ ကြော်ငြာများမှာ သီးသန့်အသုံးပြုထားကြောင်းသူမရဲ့ စည်းရုံးလှုံဆော်ရေးပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ အဲ့ဒါကတော့ ကြော်ငြာများအတွက် “သေးသွယ်ပိန်လျသောအလှမယ်များအား လုံးဝခွင့်မပြုပါ” လို့ဆိုလိုက်ခြင်းပါ။

လူတစ်ဦးရဲ့ အလှအပ၊ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီး လွဲမှားစွာရှုမြင်နေကြတဲ့ ဖက်ရှင်လောကတစ်ခုလုံးကို အ၀တ်အစားဒီဇိုင်းအမျိုးမျိုးတီထွင်ရောင်းချနေတဲ့ ဖက်ရှင်အမှတ်တံဆိပ်အသစ်တစ်ခုက ခန္ဓာကိုယ် အရွယ်အစားကြီးမားသော လူမည်းအမျိုးသမီးဖက်ရှင်မော်ဒယ်တွေကို ကြော်ငြာမှာ ထည့်သွင်း အသုံးပြုခြင်းအားဖြင့် စိန်ခေါ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့တာပါ။ အဲ့ဒီ ဖက်ရှင်အမှတ်တံဆိပ်အသစ်မှာ အ၀တ်အထည်တွေကို အသေးဆုံးဆိုဒ်ကနေ အကြီးဆုံးဆိုဒ်အထိ ဆိုဒ်မျိုးစုံအား ထုတ်လုပ် ရောင်းချပေးလျက်ရှိပါတယ်။





 



Rum+Coke လို့ အမည်ရတဲ့ အမှတ်တံဆိပ်တစ်ခုမှာ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့နေ ဒီဇိုင်နာ ကော့စနေစမစ်သ် တီထွင်ဖန်တီးထားသော အ၀တ်အထည်များရဲ့ အမှတ်တံဆိပ်ဖြစ်ပြီး “အမျိုးသမီးဖြစ်ရုံတင် လုံလောက်နေပါပြီ။ ဘယ်ခန္ဓာကိုယ်အချိုးစားနဲ့ ဖြစ်ဖြစ် အမျိုးသမီးတိုင်းလှပကြတယ်”ဟူသောဆောင်ပုဒ်နဲ့ ပြီးခဲ့တဲ့နှစ်က စတင်ထွက်ပေါ်လာတဲ့ အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။

“ သေးသွယ်ပိန်ပါးတဲ့ အမျိုးသမီးတွေကိုသာကြော်ငြာမှာဘာဖြစ်လို့ ထည့်သွင်းအသုံးပြုနေကြရတာလဲဆိုတဲ့ မေးခွန်းကိုဘယ်သူမှ မမေးခဲ့ဖူးဘူး။ ကျွန်မကတော့ ခန္ဓာကိုယ်အချိုးအစားကြီးတဲ့ လူမည်းအမျိုးသမီးတွေကို ကျွန်မရဲ့ အ၀တ်အထည် ကြော်ငြာမော်ဒယ်အဖြစ်အသုံးပြုထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးအတော်များများဟာ သူတို့နဲ့ အလားသဏ္ဍာန်တူတဲ့ မော်ဒယ်တွေကိုကြော်ငြာမှာ မတွေ့ရကြဘူးလေ။” လို့ မစ္စစမစ်သ်ကအလှအပရေးရာသတင်းမီဒီယာတစ်ခုဖြစ်တဲ့  Refinery 29 ကို  ပြောဆိုခဲ့ပါတယ်။ အာဖရိက အမျိုးသမီးတွေအကြောင်းကို အထူးပြုဘာသာရပ်ဖြင့် မက်ဆာချူးဆက်နယ်၊ ၀ီလီယမ် ကောလိပ်ကနေ ဘွဲ့ရရှိခဲ့တဲ့ သူမဟာ “အမယ်စုံလှတဲ့ အလှအပ”တွေအပေါ်မှာ ယုံကြည် သက်ဝင် တန်ဖိုးထားသူလည်း ဖြစ်ပါတယ်။
သူမဖန်တီးထားတဲ့ ခန္ဓာအကိုယ်အလှကိုဖော်ပြသော ၀တ်စုံတွေရဲ့တန်ဖိုးတွေကတော့ ၄၈ ဒေါ်လာ ကနေ ဒေါ်လာ၂၀၀ အထိ ရှိပြီး ရောင်းအားအကောင်းဆုံး ၀တ်စုံတွေကတော့ သူမကိုယ်တိုင်လည်း မကြာခဏ ၀တ်ဆင်လေ့ရှိတဲ့ စီးကွင့်စ်များထိုးပြီးချောမွေ့ပြောင်လက်နေတဲ့ ၀တ်စုံတွေပါပဲ။ 

 




 “ နင်ဟာသေးသွယ်ပေါ့ပါးမှုမရှိသူ၊ ငယ်ရွက်ဖျက်လတ်မှုမရှိသူအစရှိတဲ့ အနုတ်သဘောဆောင်တဲ့ ဖက်ရှင်လောကက ပြောလာတဲ့ မှတ်ချက်တွေကို ကျွန်မအများကြီးရရှိခဲ့ပါတယ်။” လို့လည်း သူမကမှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ တီထွင်ထားတဲ့ လက်ရာတွေကတော့ တကယ့်အပြင်လောကမှာရှိနေတဲ့ အမျိုးသမီးတွေကို အခြေခံပြီး ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ သူမတီထွင်ထားတဲ့ အ၀တ်အထည်များရဲ့ အမှတ်တံဆိပ် Rum+Coke တံဆိပ်ဟာ သိမ်ငယ်မှုမရှိဘဲ အမြဲယုံကြည်မှုရှိနေတဲ့ အမျိုးသမီးများအတွက်ပဲ ဖြစ်ပါတယ်။

သူမကတော့ သူမရဲ့ ဖောက်သည်ပရိတ်သတ်တွေနဲ့ လူမှုရေးစာမျက်နှာတစ်ခုဖြစ်တဲ့ Instragram မှာ အမြဲတစေထိတွေ့နေတဲ့သူဖြစ်ပြီး သူ့အား တခဲနက်အားပေးနေတဲ့သူ (၇၀၀၀)ကျော်ကိုလည်း သူမတီထွင်ထားတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ပြသခြင်းအားဖြင့် ခန္ဓာအကိုယ် အရွယ်အစားကြီးမားပေမယ့် ယုံကြည်မှုရှိရှိနဲ့ အခုလို ၀တ်စားဆင်ယင်တတ်ဖို့ကို စိန်ခေါ်လေ့ရှိပါတယ်။




 




“ကျွန်မကတော့ အမျိုးသမီးတိုင်းဟာ ၀တ်စားဆင်ယင်မှုကို ပြုလိုက်တိုင်းမိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီးလှပသွားတယ်လို့ခံစားရမယ်ဆိုတာကို ယုံကြည်တယ်”လို့လည်း ဆိုထားပါသေးတယ်။

ကဲ.. ဒီ စိန်ခေါ်မှုတရပ်ကတော့ ၀ဖြိုးသူတွေရဲ့ ဖက်ရှင်လောကအတွက် စိတ်အားတက်ဖွယ်ရာ အလားအလာ ကောင်းတခုလို့ ဆိုရင်မှားမယ်မထင်ပါဘူး။



လုဒိ


ကိုးကားသတင်းလင့်ခ်။  ။ http://www.dailymail.co.uk/femail/article-2893588/No-skinny-models-allowed-Meet-fashion-designer-sells-clothes-size-uses-larger-women-color-campaigns.html#ixzz3Ne8aLTEo

Miss World 2014 မှာ တောင်အာဖရိက အလှမယ် သရဖူဆွတ်ခူး

Monday, December 15, 2014 0 comments


မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂ဝ ကျော်က အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss World 2014 အလှမယ် ပြိုင်ပွဲကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က နောက်ဆုံးအဆင့် ကျင်းပခဲ့တာ မှာ အခုနှစ်အတွက် Miss World 2014 သရဖူဆုကိုတော့ တောင်အာဖရိက နိုင်ငံက အလှမယ် ဆွတ်ခူး ရရှိသွားပါတယ်။  



ဓာတ်ပုံများ- Miss World Website

1st Runner Up အလှမယ်ဆုကိုတော့ ဟန်ဂေရီနိုင်ငံက အလှမယ်က ရရှိပြီး 2nd Runner Up ဆုကိုတော့ အမေရိကန် ပြည်ထောင်စုက အလှမယ်တို့က ရရှိပါတယ်။ 

Top 5 စာရင်းမှာ တောင်အာဖရိက၊ ဟန်ဂေရီ၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ အင်္ဂလန်တို့က အလှမယ်တွေကို ရွေးချယ်ခဲ့ကြပါတယ်။ 

Top 10 မှာတော့ အိန္ဒိယ၊ တောင်အာဖရိက၊ အင်္ဂလန်၊ ဂူယားနာ၊ ဘရာဇီး၊ ဟန်ဂေရီ၊ ကင်ညာ၊ အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကို၊ သြစတြေးလျ တို့က အလှမယ်တွေ ရွေးချယ်ခံခဲ့ရပြီး မစ္စ Talent ဆုကိုတော့ မလေးရှားနိုင်ငံက အလှမယ်က ရရှိသွားတာပါ။

 People Choice ဆုကိုတော့ ထိုင်းအလှမယ်က ရရှိပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဝိုင်လေးကတော့ ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတွေနဲ့ လွဲခဲ့ရပါတယ်။ 



၁၉၅၁ ခုနှစ်က စတင်ပြီး ကမ္ဘာတ၀ှမ်းက အလှမယ်တွေကို Miss World အဖြစ် နှစ်စဉ် ရွေးချယ်ခဲ့တာမှာ အခုဆိုရင် ၆၄ ကြိမ်မြောက် ပြိုင်ပွဲလည်း ဖြစ်ပြီး တချိန်က Miss World သရဖူဆုရှင်အလှမယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ 


အိမ့်သံစဉ် ~



















Miss World 2014 - London ရဲ့ နောက်ဆုံး ပြိုင်ပွဲ ရုပ်သံမြင်ကွင်းစုံကို မကြည့်လိုက်ရသူတွေ အတွက် ဧရာဝတီဘလော့ဂ်က ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


 






 

မြန်မာဝတ်စုံနဲ့ ဂျပန်မင်းသမီးများ

Tuesday, November 25, 2014 0 comments


အခုနောက်ပိုင်း မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားအနုပညာရှင်တော်တော်များများဟာ မြန်မာ့ရိုးရာ ၀တ်စုံလေးတွေကို မက်မက်စက်စက်ဝတ်ဆင်လို့ မြန်မာပြည်တွင်းမှာ သွားလာလှုပ်ရှား နေကြတာကို သတိ ထားမိလာပါတယ်။


ဓာတ်ပုံများ - Htun Htun Oo focus ဖေ့ဘုတ်မှ


သိပ်မကြာသေးခင်က လာသွားတဲ့ ကိုရီးယား K-pop အဖွဲ့တဖွဲ့ဖြစ်တဲ့ 2NE- 1 အဖွဲ့လာတုန်းကလည်း အဲ့ဒီ အဖွဲ့ဝင်အဆိုတော်တွေဟာ မြန်မာဝတ်စုံကို သေချာစွာ ၀တ်ဆင်ပြီး ရွှေတိဂုံဘုရားဖူးခဲ့ကြတာ ကိုရီးယားမှ ကိုရီးယားဖြစ်နေတဲ့ မြန်မာပရိတ်သတ်တွေရဲ့ အသည်းကို စွဲကိုင်လိုက်သလိုဖြစ်သွားခဲ့ပါသေးတယ်။

ကဲ အခုလည်း မြန်မာနိုင်ငံကို ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ ရောက်ရှိနေတဲ့ ဂျပန် မင်းသမီး နှစ်ယောက်ကလည်း ထိုးနည်းလည်းကောင်းပါပဲ။ မြန်မာဝတ်စုံကို ကျကျနန ၀တ်ဆင်လို့ ရွှေတိဂုံဘုရားပေါ်တက်ခဲ့ကြတဲ့ သူမတို့ရဲ့ ဓာတ်ပုံလေးတွေကို ဖေ့ဘုတ်မှာ မြင်ရသူ ပရိတ်သတ်တွေကတော့ ချီးကျူး ထောပနာ ပြု ကြလို့ပေါ့။

သူတို့ဟာ မြန်မာဝတ်စုံတွေကို မြန်မာပြည်တွင်းသွားတဲ့ နေရာတော်တော်များများကို ၀တ်ဆင်သွားလေ့ရှိတာကို တွေ့ရပါတယ်။ ဒါဟာလည်း မြန်မာပရိတ်သတ်ကို စည်းရုံးနည်းတမျိုးပဲ မဟုတ်ပေဘူးလား။ မြန်မာဝတ်စုံ ကို နိုင်ငံခြားသူတယောက်အနေနဲ့ အခုလို မြတ်မြတ်နိုးနိုး ၀တ်ဆင်ပြလိုက်လေတော့ မသိတဲ့သူတောင် သတိထား မိလာမှာ အမှန်ပါပဲ။

ဒီ ဂျပန်မင်းသီး နှစ်ဦးရဲ့အမည်တွေကတော့ Ms Rina Takeda နဲ့ Ms Yuko Fueki တို့ပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ Sony Entertainment နဲ့ Living Sound Entertainment က မြန်မာ ဒါရိုက်တာ ဦးဂျော်မရန်နဲ့ ဂျပန် ဒါရိုက်တာတွေ ပူးပေါင်းရိုက်ကူးမယ့် Yangon Runway အက်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြမှာပါ။ ဒီဇာတ်ကားမှာ သူတို့ နှစ်ဦးအပြင် ဂျပန်မင်းသားကြီး Sonny Chiba (ဆန်နီချီးဘား) နှင့် မြန်မာသရုပ်ဆောင်တွေပါ ပါဝင်မယ်လို့သိရပါတယ်။









မြန်မာတိုင်းရင်းသားပေါင်းစုံရဲ့ အဆင်တန်ဆာတွေကို နိုင်ငံတကာစင်မြင့်မှာ တွေ့ရတော့မည်

0 comments


လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့က ဒီဇင်ဘာ ၄ ရက်နေ့အထိ ဂျာမနီနိုင်ငံ ဘာလင်မြို့ မှာကျင်းပသွားမယ့် နိုင်ငံတကာ အလှမယ် စင်မြင့်တခုမှာ မြန်မာအလှမယ်တဦးကတော့ ပြိုင်ပွဲရဲ့ အမျိုးသားဝတ်စုံ (Nationla Costume) ပြိုင်ပွဲမှာ မြန်မာ့တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာအလှအပတွေ၊ ဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ အတူ မြန်မာပြည် ကိုယ်စားပြုသွားဦးမှာပါတဲ့။




အပြင်ထွက်ဖို့ စတိုင်ကျကျ Boots နဲ့ Shoes

Friday, November 21, 2014 0 comments


မိုးလေကင်းစင်လို့ အေးချမ်းတဲ့ ဆောင်းရာသီ အချိန်အခါ နိုဝင်ဘာလထဲကို ရောက်လာပြီဆိုတော့ ဒီနေ့ခေတ်ရေစီးထဲက လူငယ်တွေအတွက် နံနက်ဘက် စောစောထ အပြေးလေ့ကျင့်ခန်း၊ လမ်းလျှောက်လေ့ ကျင့်ခန်း စတာတွေလုပ်ဖို့၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်၊ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ ချိန်းပြီး Hang Out လုပ်ဖို့၊ ရှိုးပွဲတွေသွားကဲဖို့၊ ခရီးတွေထွက်လို့ကောင်းတဲ့ အချိန်ခါပါပဲ။

 

နောက်ပြီး ဒီလိုချိန် ဒီလိုရာသီမှာ နံနက်စောစောထ လေ့ကျင့်ခန်းလုပ်၊ ရုံးပိတ်၊ ကျောင်းပိတ်ရက်တွေမှာ ရှိုးပွဲတွေသွားကဲဖို့၊ ခရီးတွေသွားဖို့၊ သူငယ်ချင်းတွေနဲ့ဆုံပြီး ညဘက် Night Out လုပ်တဲ့အခါ ပါတီ၊ ကလပ်တွေမှာ လွတ်လွတ်လပ်လပ် ပျော်ပါးကခုန်နိုင်ဖို့အတွက် လူငယ်ယောကျာ်းလေးတွေ အနေနဲ့ Boots ဖိနပ်ကောင်းကောင်း၊ မိန်းလေးတွေအတွက် Shoes လှလှလေးတရံ ရှိထားဖို့ လိုအပ်ပါတယ်။

ဖိနပ်ဆိုတဲ့အရာက လူငယ်တွေအတွက် နေ့စဉ်ဝတ်စားဆင်ယင်မှု ဖက်ရှင်မှာ ပိုပြီး ဖက်ရှင်ကျနအောင် ပံ့ပိုးပေးတဲ့အရာဆိုရင် မမှားပါဘူး။ အဝတ်အစားနဲ့ လိုက်ဖက်သင့်လျော်တဲ့ ဖိနပ်၊ ကာလံဒေသံနဲ့ လိုက်ဖက်သင့်တင့်တဲ့ ဖိနပ်ဆိုရင် ဒီအချိန် ဒီအခါနဲ့ လိုက်ဖက်မှုအရှိဆုံးကတော့ Boots တွေ၊ Shoes တွေလို့ ဆိုချင်ပါတယ်။

ဒီအချိန်အခါ မိုးလေကင်းလွတ်တဲ့ ရာသီလည်း ဖြစ်ပြီဆိုတော့ Boots ဖိနပ်စီးပြီး လမ်းသလားလို့ ကောင်းတဲ့ရာသီ၊ ခရီးတွေဘာတွေ ထွက်တဲ့အခါ လည်း Boots ကောင်းကောင်းတရံ ဒီဇိုင်းလှလှလေး ဝတ်ပြီး ရှိုးထုတ်ကောင်းတဲ့ ရာသီဖြစ်သလို ဆောင်း ရာသီ ဖက်ရှင်အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ အဝတ်အစားဖက်ရှင်ကို အဓိက ပံ့ပိုးပေးမယ့်အရာ ဖြစ်သလို အပြင်ထွက်တာပဲဖြစ်ဖြစ်၊ ခရီးသွားတာပဲ ဖြစ်ဖြစ် စတိုင်ကျလှပနေမယ့် ဖိနပ်မျိုးကတော့ Boots နဲ့ Shoes တွေပါ။






လူငယ်တွေကြားမှာတော့ Boots မှာဆိုရင် နာမည်ကြီး All Star တံဆိပ် Boots ဖိနပ်တွေက အထူးရေးပန်းစား လူကြိုက်များပါတယ်။ အရောင် သွေးစုံ၊ ဒီဇိုင်းစုံနဲ့ အရည်အသွေးလည်း ကောင်းတာကြောင့် လူငယ်တွေ အဝတ်များတာပါ။ ဈေးနှုန်းအနေနဲ့က All Star Boots ဖိနပ် Thailand Made နဲ့ Vietnam Made တွေဆိုရင် ၂ သောင်းကျော်၊ ၃ သောင်း၊ ၄ သောင်းကျော် အစားစားရှိပြီး Made in China ဆိုရင်တော့ ဈေးနှုန်း တသောင်းအောက် ရှိပါတယ်။

All Star Boots ဖိနပ်တွေကို အခုနောက်ပိုင်းမှာဆိုရင် လူငယ်ယောကျာ်းလေးတွေက အရင်လို အရောင်တမျိုးတည်း မဟုတ်ဘဲ အရောင်နှစ်ရောင်၊ သုံးရောင်စပ် ဒီဇိုင်းမျိုးတွေ၊ ဖန်စီကာလာ အရောင်ဆန်းတွေကို ဝတ်ဆင်လာကြပါတယ်။ ဆယ်ကျော်သက် ကောင်မလေးတွေဆိုရင်လည်း All Star ကို ဒေါက်ပါတဲ့ Boots ပုံစံလေးတွေ၊ Cute ဖြစ်တဲ့ ဒီဇိုင်းလေးတွေကို အဝတ်များကြပါတယ်။ ပြီးတော့ ညဘက်တွေဆိုရင်လည်း LED မီးအလင်းရောင်ပါတဲ့ Boots တွေ၊ Shoes တွေကိုလည်း ဒီဇိုင်းထွင် ဝတ်ကြပါသေးတယ်။




ကဲ … မိုးလေတွေကင်းလွတ်တဲ့ ဆောင်းရာသီ နိုဝင်ဘာလထဲ ရောက်နေပြီဆိုတော့ နံနက်ခင်း ထပြေးဖို့၊ သူငယ်ချင်းတွေနဲ့ ဟိုဟိုဒီဒီ ပွဲလမ်းသဘင်တွေ လမ်းသလားဖို့၊ ညဘက်တွေ Night Out လုပ်ဖို့အတွက် ကိုယ့်အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဒီဇိုင်း လှလှ အရောင်ဆန်းဆန်း All Star Boots ဖိနပ်တရံလောက် ဝယ်ထားရအောင်လား။


 


 ဒီသတင်းကို ဧရာဝတီဂျာနယ် အမှတ် ၄၇ က Trends ဆိုတဲ့ ကဏ္ဍလေးမှာလည်း ဖတ်ရှုနိုင်ပါတယ်။


သီဟတိုး

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved