Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

MPT SIM ကတ် အသစ်များတွင် ဆွေသဟာအစီအစဉ် အလိုအလျောက် ထည့်သွင်းပေးထားမည်

Wednesday, August 19, 2015 0 comments




သြဂုတ်လ ၁၀ ရက်နေ့မှ စပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ GSM/ WCDMA ဖုန်း SIM ကတ်အသစ် စတင် ဝယ်ယူသုံးစွဲသူတိုင်း MPT ရဲ့ဆွေသဟာအစီအစဉ်ကို သီးသန့်လျှောက်ထားစရာ မလိုတော့ဘဲ အလိုအလျှောက် ရယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

ယခင်က MPT ရဲ့GSM/WCDMA SIM ကတ်သုံးစွဲသူများဟာ ဆွေသဟာအစီအစဉ် ရယူရန် အခမဲ့ မက်ဆေ့ခ်ျ ပေးပို့ လျှောက်ထားခဲ့ရပြီး ယခု ပြောင်းလဲထားသော နည်းပညာအသစ်အရ အခမဲ့စာတိုပေးပို့စရာမလိုဘဲ အလိုလျောက် ဆွေသဟာ အစီအစဉ်ကို ရရှိ သုံးစွဲနိုင်မှာ ဖြစ်ပြီး MPT သုံးစွဲသူများအကြား ဆွေသဟာကို သုံးစွဲသူ ပိုမို တိုးပွား လာခြင်းကြောင့် MPT အနေဖြင့် ဆွေသဟာအစီအစဉ်အပြင် တခြား အထူး        ဝန်ဆောင်မှုများကိုပါ ချက်ချင်း ရယူသုံးစွဲနိုင်တော့မယ်လို့ သိရပါတယ်။

“MPT အနေနဲ့ သုံးစွဲသူ မိဘပြည်သူအားလုံးကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့ အမြဲ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မှတ်ပုံတင်ကြေးကော၊ သုံးစွဲခွင့်၊ လျှောက်ထားကြေးတွေ ပေးစရာမလိုဘဲ တမိနစ်ကို ၂၃ ကျပ်နဲ့ ကျနော်တို့ရဲ့ ဖုန်းခေါ်ဆိုခ အသစ်ကို သုံးစွဲသူတွေ ပိုမိုများပြားလာပါတယ်။ အဲဒါကြောင့် အခု GSM/CDMA SIM ကတ် အသစ်တွေ ဝယ်ယူသုံးစွဲမယ့် မိဘပြည်သူတွေအတွက် အခုလို ဆွေသဟာ အစီအစဉ်ကို အလိုအလျောက်အသုံးပြုနိုင်အောင် လုပ်ပေးလိုက်တာပါ” လို့ MPT နှင့် လုပ်ငန်းတူပူးပေါင်းထားသော KSGM KSGM (KDDI Summit Global Myanmar Co., Ltd.) ရဲ့CEO ဖြစ်သူ Mr. Takashi Nagashima က ပြောပါတယ်။

ဆွေသဟာအစီအစဉ်ကို အသုံးပြုသူဟာ ဖုန်းခေါ်ဆိုခ တမိနစ် ၂၃ ကျပ်၊ မက်ဆေ့ခ်ျ တစောင် ၁၅ ကျပ်နှုန်း ကျသင့်မှာဖြစ်ပြီး မြန်နှုန်းမြင့်အင်တာနက်ကို 1 MB လျှင် ၇.၅ ကျပ်ဖြင့် သုံးစွဲနိုင်မှာပါ။ လက်ရှိအခြေခံ       ဖုန်းခေါ်ဆိုမှုစနစ်ကို သုံးစွဲနေသူများ ဆွေသဟာအစီအစဉ်ကို ရယူရန် 1332 သို့ “SWE” သို့မဟုတ် “POSTSWE” ဟု မက်ဆေ့ခ်ျပေးပို့ လျှောက်ထားရမှာဖြစ်ပါတယ်။

 MPT ရဲ့တခြား အဆင့်မြှင့်တင်မှုများတွင် အခြေခံဖုန်းခေါ်ဆိုစနစ် အသုံးပြုသူများအတွက်သြဂုတ်လ ၁၀ ရက်နေ့မှ စတင်ပြီး အင်တာနက် အခမဲ့ လျှောက်ထားခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ယခင်က အခြေခံဖုန်းခေါ်ဆိုစနစ်ကို သုံးစွဲသူများအနေဖြင့် အင်တာနက် အသုံးပြုခွင့်လျှောက်ထားရန် ငွေကျပ် တသောင်းကျပ် ပေးသွင်းခဲ့ရပါတယ်။

လက်ရှိအခြေခံဖုန်းခေါ်ဆိုစနစ်ကို အသုံးပြုနေသူများ အနေဖြင့် ဆွေသဟာအစီအစဉ်ကို ပြောင်းလဲ အ   သုံးပြုလိုပါက 1332 ကို “SWE” သို့မဟုတ် “POSTSWE” ဟု မက်ဆေ့ခ်ျ ပေးပို့ အခမဲ့ရယူသုံးစွဲနိုင်         မှာဖြစ်ကြောင်း သိရပါတယ်။

သုံးစွဲသူများအနေဖြင့် ဆွေသဟာအစီအစဉ်ကိုအသုံးမပြုလိုဘဲ အခြေခံဖုန်းခေါ်ဆိုစနစ်ကိုသာ သုံးစွဲလိုပါက 1332 သို့ “UNSUB SWE” သို့မဟုတ် “POSTUNSUB SWE” ဟု မက်ဆေ့ခ်ျ ပေးပို့ကာ ဆွေသဟာအစီ  အစဉ်ကိုအလွယ်တကူ ရပ်ဆိုင်းနိုင်မှာ ဖြစ်ပါတယ်။ ဆွေသဟာအစီအစဉ် ရပ်ဆိုင်းလိုက်သည့်သုံးစွဲသူများဟာ မူလ အခြေခံဖုန်းခေါ်ဆိုစနစ်တွင် အင်တာနက်လျှောက်ထားမှုမပြုလုပ်ခဲ့သည့်တိုင် အင်တာနက် ဆက်  လက်အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။


သီဟတိုး


Samsung Galaxy Note 5 ကို မြန်မာပရိတ်သတ်နဲ့ မိတ်ဆက်ပေးလိုက်ပြီ

Tuesday, August 18, 2015 0 comments


ဓာတ်ပုံများ - သီဟတိုး / The Irrawaddy

Samsung Galaxy Note Series ထဲက နောက်ဆုံးထွက် Samsung Galaxy Note 5 နဲ့  မြန်မာပရိတ်သတ်တွေကို သြဂုတ်လ ၁၇ ရက်နေ့က မိတ်ဆက်ပေးလိုက်ပါပြီ။

Galaxy Note 5 ဟာမျက်နှာပြင် အရွယ်အစားက ၅.၇ လက်မ Quad HD Super AMOLED မျက်နှာပြင်နဲ့ ထုတ်လုပ်ထားပြီးတော့ ဘက်ထရီအား ၃,၀၀၀ mAh ပမာဏ ပါဝင်တယ်လို့ သိရပါတယ်။


Galaxy Note 5 မှာ Samsung ရဲ့လျင်မြန်တဲ့ ကြိုးမဲ့ အားသွင်းမှုနဲ့ ကြိုးမဲ့ အားသွင်းစနစ် ပါဝင်ပြီး ဘယ်      ကြိုးမဲ့အားသွင်းပြားနဲ့မဆို တွဲဖက် အသုံးပြုနိုင်ပါတယ်။ ကြိုးနဲ့ အားသွင်းမယ်ဆို အနီးစပ်ဆုံး မိနစ် ၉၀ အတွင်းအားအပြည့် သွင်းနိုင်မှာဖြစ်ပြီး ကြိုးမဲ့စနစ်နဲ့ဆိုရင်တော့ မိနစ် ၁၂၀ အတွင်း အားအပြည့်သွင်းနိုင်မှာ    ဖြစ်ပါတယ်။ စက်လည်ပတ်မှုစနစ် Processor အရည်အသွေး 14 nm Octa (Quad 2.1 GHz+ Quad 1.5 GHz) ကို အသုံးပြုထားပါတယ်။

ကင်မရာ အရည်အသွေးပိုင်း အနေနဲ့က အနောက်ကင်မရာကို 16 Mega Pixel နဲ့ အရှေ့ဘက်ကင်မရာကို 5 Mega Pixel အသုံးပြုထားတာ တွေ့ရပါတယ်။

Note 5 မှာဆိုရင် 4K အရည်အသွေးရှိတဲ့ ဗီဒီယိုများရိုက်ကူးနိုင်ခြင်းနဲ့ သုံးစွဲသူတွေကို အရည်အသွေးမြင့် HD Video တွေကို ဖုန်းကနေတဆင့် contacts ထဲက သီးခြားအုပ်စုတွေကိုဖြစ်စေ၊ Youtube တို့လို Public Website တွေကနေ တိုက်ရိုက်ထုတ်လွှင့် ကြည့်ရှုနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်းပါဝင်ပါတယ်။


ဘယ်သူမဆို Galaxy Note 5 အသုံးပြုသူထံကနေ Youtube Link ကို လက်ခံရရှိပါက အသုံးပြုသူရဲ့ စမတ်ဖုန်း၊ ကွန်ပျူတာ ဒါမှမဟုတ် Smart TV တွေကနေ တဆင့် Youtube ချိတ်ဆက်မှုနဲ့အတူ live stream video တွေကို တိုက်ရိုက်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

Android OS Version 5.1 ကို အသုံးပြုထားပြီး သိမ်းဆည်းနိုင်မှု ပမာဏ 32GB နဲ့  RAM 4 GB တို့ ပါဝင်တယ်လို့ သိရပါတယ်။ Note 5 ကို သုံးစွဲသူတွေအကြိုက် ကလစ်တချက် အမြန်နှိပ်ရုံနဲ့ S-Pen ထွက်လာနိုင်တဲ့ S-Pen ကို နှိပ်နိုင်တဲ့ ခလုတ်လေး တပ်ဆင်ထားပြီးတော့ သုံးစွဲသူတွေအနေနဲ့ ဖုန်း Screen ပိတ်ထားသော်လည်း Unlock လုပ်စရာမလိုဘဲ အလွယ်တကူ မှတ်သားမှုတွေ ပြုလုပ်နိုင်ပါတယ်။ Samsung Galaxy Note 5 ကို မြန်မာနိုင်ငံမှာ သြဂုတ်လ (၂၃) ရက်နေ့မှာ စတင်ရရှိနိုင်မှာ ဖြစ်ပြီးတော့ အရောင်အနေနဲ့     အနက်ရောင် (Black Sapphire) နဲ့ ရွှေရောင် (Gold Platinum) တို့ကို 32GB Storage နဲ့ အရောင်နှစ်မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ သြဂုတ်လ (၂၃) ရက်နေ့ တရက်တည်းမှာ အထူးဈေးနှုန်း ၈၅၀,၀၀၀ ကျပ်နဲ့ ရရှိနိုင်မှာဖြစ်   ပြီး (၂၃) ရက်နေ့ နောက်ပိုင်းမှာတော့ ဈေးနှုန်း ၈၈၀,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Galaxy Note 5 ကို သြဂုတ်လ (၂၃) ရက်နေ့မှာ ရန်ကုန်မြို့၊ လှည်းတန်းစင်တာနဲ့ မန္တလေးမြို့ ဆီဒိုနားဟိုတယ်တို့မှာ စတင် ရောင်းချသွားမှာပါ။


သီဟတိုး


မရှိမဖြစ် Power Bank

Wednesday, August 5, 2015 0 comments






စမတ်ဖုန်းကိုနေ့စဉ် နည်းမျိုးစုံ အသုံးပြုလာတဲ့ ဒီနေ့ခေတ်မှာ ဖုန်းနဲ့အတူဖုန်းအားသွင်းဖို့ Power Bank တလုံးက မရှိမဖြစ်လိုအပ်လာပါတယ်။

စမတ်ဖုန်းတလုံးနဲ့ အင်တာနက်အသုံးပြုတာ၊ ဓာတ်ပုံရိုက်တာ၊ သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ စာဖတ်တာ၊ ဖုန်းပြောတာစတဲ့ ဖုန်းတလုံးမှာ ပါဝင်တဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုးကို အသုံးပြုလာတဲ့အတွက် စမတ်ဖုန်းကို တနေကုန် အကြာကြီး အသုံးပြုသူတွေအတွက် ဖုန်းမှာ နဂိုမူလပါဝင်တဲ့ Battery အားနဲ့တင် မလုံလောက် နိုင်တာကြောင့် အားပြန်သွင်းပေးဖို့ Power Bank ဆောင်ထားသင့်ပါတတယ်။

ဒီတပတ်မှာတော့ Power Bank အမျိုးမျိုးရှိတဲ့အထဲက Xiaomi တံဆိပ် 10400 mah ရှိတဲ့ Power Bank လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Power Bank က အားအပြည့်တခါ သွင်းပြီးသွားပြီဆိုရင် စမတ်ဖုန်းရဲ့ ဘက်ထရီ အမျိုးအစားပေါ်မူတည်ပြီး အနည်းဆုံး နှစ်ကြိမ်ကနေ သုံး၊ လေးကြိမ်အထိ အားပြန်သွင်းပေးနိုင်ပါတယ်။ Power Bank ရဲ့ ပြန်လည် အသုံးပြုနိုင်တဲ့ ဘက်ထရီအား ပမာဏများပြီး အရည်သွေးလည်းကောင်းတာကြောင့် လူကြိုက်များတယ်လို့ သိရပါတယ်။

အရောင်အားဖြင့် ရွှေရောင်နဲ့ ငွေရောင် နှစ်မျိုး ရရှိနိုင်ပြီးဈေးနှုန်းကတော့ ရွှေရောင်ကို  ၁၉၀၀၀ ကျပ်နဲ့ ငွေရောင်ကို ၁၇၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ်။


သီဟတိုး

Lenovo မှ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ယခင်ကထက် ပိုလုပ်မည်

Tuesday, July 28, 2015 0 comments



ကမ္ဘာတဝှမ်း ICT နည်းပညာလောကမှာ ဦးဆောင်လျက်ရှိတဲ့ Lenovo ကုမ္ပဏီ မှ ၂၀၁၅ ခုနှစ်အတွက် Lenovo ရဲ့သက်ဆိုင်ရာ စီးပွားရေး အစိတ်အပိုင်းများ အလိုက် မြန်မာနိုင်ငံမှာ ပိုမို လျင်မြန် တိုးတက်အောင်မြင်အောင် ရင်းနှီးမြှုပ်နှံမှုတွေ ယခင်ကထက်ပိုပြီး ပြုလုပ်သွားမယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ဈေးကွက်ကို ထိုးဖောက်ဦးဆောင်နိုင်ရန် ရည်ရွယ်ချက်နဲ့ Lenovo Channel Kick-off Ceremony ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာ Lenovo မှ မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ်မှ စပြီး တိုးတက် ပြောင်းလဲလာတဲ့ ကုမ္ပဏီရဲ့ စီးပွားရေးလမ်းစဉ်နဲ့ ဗျူဟာတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။


“လက်ရှိ မြန်မာနိုင်ငံမှာ ယေဘုယျအနေနဲ့ လူဦးရေ သန်း (၆၀) ရှိပြီး မြန်မာကွန်ပျူတာ ဈေးကွက်အနေနဲ့ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၁၀.၅၁ သန်းကျော်ကနေ နောင်လာမယ့် ၂၀၁၆ ခုနှစ်မှာ ကန်ဒေါ်လာ ၂၃၃.၅၆ သန်းအထိ Compound Annual Growth Rate (CAGR) အရ ၁၆.၁ ရာခိုင်နှုန်း မြှင့်တက်လာနိုင်တယ်လို့ ကြိုတင်တွက်ဆထားပါတယ်” လို့ Lenovo အရှေ့တောင် အာရှဒေသရဲ့ Vice President & General Manager ဖြစ်သူ Dr.Harray Yang က ဆိုပါတယ်။

Lenovo ကနေ အဓိက အချက်အချာကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့သက်ဆိုင်ရာ နေရာဒေသတွေကို ဈေးကွက်ထိုးဖောက် တိုးချဲ့ခြင်းများ၊ လက်လီရောင်းဝယ်များ တိုးချဲ့ခြင်း၊ သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံနှင့် ပိုမို သင့်တော်အကျိုးရှိစေမယ့် နည်းပညာသစ်များ ဆန်းသစ် တီထွင်ခြင်း စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Dr.Harray Yang က“ အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့အချက်အချာဖြစ်ပြီး လူဦးရေထူထပ်တဲ့ ရန်ကုန်နဲ့ မန္တလေး ဒေသတွေမှာ ပိုမို မြင့်မားလာနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကွန်ပျူတာ စီးပွားရေး ဈေးကွက်မှာဆိုရင် Lenovo က ၂၁ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရောင်းအား အကောင်းဆုံး ကွန်ပျူတာ အမှတ်တံဆိပ်အဖြစ်လည်း နေရာယူခဲ့ပါတယ်” လို့ ပြောပါတယ်။


“ကျနော်တို့ အနေနဲ့က မြန်မာနိုင်ငံ ဈေးကွက်မှာ ထိုးဖောက်နိုင်မယ့် အခွင့်အလမ်းတွေ မြင့်တွေ့နေရပြီး   အထူးသဖြင့် ဒီနှစ် ASEAN Economic Community အဖွဲ့အစည်းတွေအတွင်း ပိုမို ထိုးဖောက်နိုင်ဖို့ မျှော် လင့်ထားပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရပ်ခြားက နည်းပညာတွေကို လျှင်မြန်စွာ လက်ခံနိုင်တဲ့  နိုင်ငံဖြစ်တာကြောင့် ဈေးကွက်အခွင့်အလမ်းတွေ ပိုမိုရရှိစေမယ့်လို့ မျှော်လင့်ပါတယ်” လို့ အင်ဒိုချိုင်းနားရဲ့Country General Manager ဖြစ်သူ Roland Chew က ပြောပါတယ်။

ဆက်ပြီး သူက “ကျနော်တို့ရဲ့ အဓိက ပန်းတိုင်က ၂၀၁၅ ခုနှစ် စီးပွားရေးနှစ်အကုန်မှာ မြန်မာနိုင်ငံရဲ့ ICT စီးပွားရေးဈေးကွက်ကို ၂၈ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံရဲ့နံပါတ် (၁) နေရာမှာ အခိုင်အမာ ရပ်တည် ဦးဆောင်သွားဖို့ပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

Lenovo ကုမ္ပဏီက သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများနဲ့ စီမံကိန်းလုပ်ငန်းတွေအတွက် နည်းပညာနယ်ပယ်တွေမှာ ပြောင်းလဲ ဆန်းသစ်မှုများနဲ့ နိုင်ငံတကာမှာ ဦးဆောင်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၄၆၀၀ သန်းကျော် တန်ဖိုးရှိ ကုမ္ပဏီပေါင်း ၅၀၀ ပါဝင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ Lenovo အနေနဲ့ PC နဲ့ Laptop Computer များ၊ Workstation, Server, Storage, Smart TV နဲ့ Smartphone များ၊ Tablet နဲ့ Application များကို ကမ္ဘာတဝှမ်းမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါတယ်။


သီဟတိုး

Huawei P7 နဲ့ရိုက်ပြီး လူအများဆုံးပါဝင်တဲ့ Selfie ဂင်းနစ် စံချိန်ချိုး

Monday, July 27, 2015 0 comments




တောင်အမေရိကတိုက်၊ ဘိုလီဗီးယားနိုင်ငံမှာ Huawei (ဘိုလီဗီးယား) မှ Selfie ဓာတ်ပုံ ရိုက်ကူးရာမှာ လူအများဆုံး ပါဝင်နိုင်ခဲ့တာကြောင့် ဇူလိုင်လ ၁၈ ရက်နေ့က ကမ္ဘာ့ဂင်းနစ်မှတ်တမ်းမှာ ဂင်းနစ်စံချိန်ချိုးနိုင်ခဲ့ပါတယ်။ အဲဒီ Selfie ဓာတ်ပုံကို Huawei P7 စမတ်ဖုန်းရဲ့ အရှေ့ဖက်ကင်မရာနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ဓာတ်ပုံမှာ လူအယောက် (၂၆၈) ယောက် ပါဝင်ရိုက်ကူးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံအတွင်းမှာ ဘိုလီဗီးယားနိုင်ငံမှ တရုတ်သံအမတ်၊ မြို့တော်ဝန်၊ လားပါ့(ဇ်)မြို့ရဲ့ ယဉ်ကျေးမှုဝန်ကြီး၊ ဘိုလီဗီးယား ဘောလုံးအသင်းမှ မန်နေဂျာများ၊ ဘောလုံးသမားများနဲ့ ဘိုလီဗီးယား မြို့သူမြို့သားတွေ ပါဝင်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ရှိတဲ့ ဂင်းနစ်စံချိန်ရဲ့ တာဝန်ရှိသူတွေကနေ ဘိုလီဗီးယားမှာရှိတဲ့ Huawei  ရုံးကို လာပြီးတော့ ဂင်းနစ်မှတ်တမ်း လက်မှတ်ကို ချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။


သီဟတိုး


မိုဘိုင်းနဲ့ကွန်ပြူတာသုံးသူတွေရဲ့ အချက်အလက်များ ခိုးယူနိုင်တဲ့ ဆော့ဖ်ဝဲလ် မ၀ယ်ခဲ့ဘူးလို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ငြင်းဆို

Wednesday, July 22, 2015 0 comments




မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုသူများရဲ့ကိုယ်ရေး အချက်အလက်တွေကို ကြားဖြတ် ခိုးယူနိုင်တဲ့ ဆော့ဖ်ဝဲ လ် ၀ယ်ယူခဲ့ခြင်း မရှိကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ငြင်းဆိုလိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ ကိုယ်ရေးအချက်အလက်များ ခိုးယူနိုင်တဲ့ အဲဒီလို ဆော့ဖ်ဝဲကို ပြစ်မှုကြောင်းအရ ဘယ်လို ရှိမယ်ဆိုတာ ဆန်းစစ် လေ့လာတာမျိုး ရှိနိုင်ပေမယ့် ၀ယ်ယူခဲ့တာတော့ လုံးဝ မရှိပါဘူး” လို့ တော်ဝင်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖရာဝတ် သာဝန်ဆရီ (Prawut Thawornsiri) က ပြောပါတယ်။

ဒါဟာ အီတလီလူမျိုး ကြားဖြတ်စောင့်ကြည့်ရေး ဆော့ဖ်ဝဲရောင်းချတဲ့အဖွဲ့ (Hacking Team -HT) ထံမှ ထိုင်းဘတ် ဆယ်သန်းကျော်ဖြင့် ၀ယ်ယူခဲ့တာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပြီးနောက် အခုလို ရှင်းလင်း ပြောဆိုမှုတွေ ဖြစ်ပေါ်လာတာပါ။

ဒုတိယရဲဗိုလ်မှူးကြီး ဖရာဝတ်က ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ အနေနဲ့ အများပြည်သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စောင့်ကြည့်စုံစမ်းဖို့ မူဝါဒ မရှိကြောင်းလည်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ အနေနဲ့လည်း လူမှုမီဒီယာများအပေါ် စောင့်ကြည့်ဆန်းစစ်နိုင်တာကြောင့် အခုလို ကြားဖြတ်ခိုးယူနိုင်တဲ့ ဆော့်ဖ်ဝဲလ်မျိုး ၀ယ်ယူဖို့ မလိုအပ်ဘူးလို့လည်း ပြောပါတယ်။

ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားတာကတော့ ပြီးခဲ့သော ဇူလိုင် ၈ ရက်နေ့က ပေါက်ကြားခဲ့တဲ့ HT ရဲ့ emails and documents ကို အခြေခံထားတယ်လို့ ဆိုပါတယ်။ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့နဲ့ ထိုင်းတော်ဝင် စစ်တပ်တို့ရဲ့ ၀ယ်ယူသူ အမည်ကို ဂယ်လီလီယိုနဲ့ ဒါဗင်စီ စသဖြင့် ပေးထားတယ်လို့ ဆိုပါတယ်။

အီးမေးလ် တစောင်မှာတော့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ၂၀၁၃ ခုနှစ်အတွင်း ယူရိုငွေ ၂၈၆၄၈၂ (ထိုင်းဘတ် ၁၀ ဒသမ ၇ သန်း) ဖိုး ၀ယ်ယူခဲ့သလို ထိုင်းတော်ဝင်စပ်တပ်ကလည်း ၂၀၁၄ ခုနှစ်အတွင်း ယူရို ၃၆၀၀၀၀ တန်ဖိုး သုံးစွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။



ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/security/628636/


Line App တရားဝင်မိတ်ဆက်ပွဲ ကျင်းပ

Friday, July 10, 2015 1 comments



စမတ်ဖုန်း အသုံးပြုသူတွေကြားမှာ ရေပန်းစားတဲ့ တဦးနဲ့တဦး မက်ဆေ့ခ်ျပေးပို့၊ အပြန်အလှန် Chatting ပြုလုပ်၊ Video Calls၊ တွေပြုလုပ်နိုင်တဲ့ Mobile Application တွေထဲက တခုဖြစ်တဲ့ LINE Application ကို   မြန်မာနိုင်ငံမှာ တရားဝင် စတင် မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင် ၃ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က Novotel Max ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ မြန်မာနိုင်ငံရဲ့ LINE Ambassador အဖြစ် ခန့်အပ်ထားတဲ့ ပြည်သူချစ် အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ အလှမယ် ခင်ဝင့်ဝါတို့ကိုလည်း တရားဝင် မိတ်ဆက်ခဲ့ပြီး သူတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ LINE Application TV ကြော်ငြာကိုပါ မိတ်ဆက်ပြသခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ LINE Ambassador အောင်ရဲလင်းနဲ့ခင်ဝင့်ဝါတို့ရဲ့ တရားဝင် Official Account တွေနဲ့ပါ မိတ်ဆက်ပေးခဲ့ပြီး အဲဒီအကောင့်နှစ်ခုကို Add လုပ်ထားမယ်ဆိုရင် သူတို့ရဲ့ အနုပညာလှုပ်ရှားမှု သတင်းအချက်အလက်တွေကို LINE Timeline မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် LINE Application အသုံးပြုသူတွေ အချင်းချင်း အပြန်အလှန် မက်ဆေ့ခ်ျပေးပို့ စကားပြောတဲ့အခါ ပိုမို အသက်ဝင်ပြီး ချစ်စရာကောင်းမယ့် အောင်ရဲလင်းနဲ့ ခင်ဝင့်ဝါတို့ရဲ့ မျက်နှာပုံနဲ့ ပြုလုပ်ထားတဲ့ ရယ်စရာကောင်းတဲ့ LINE Stickers တွေကိုလည်း အခမဲ့ ဒေါင်းလုပ်ဆွဲယူပြီး အသုံးပြုသွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။



 “LINE Application ကို ကျနော်  စသုံးဖြစ်ခဲ့တာတော့ ထိုင်းမှာရှိ  တဲ့ သူငယ်ချင်းဆီကနေတ    ဆင့်ပေါ့။ အဲဒီမှာ စသုံးရင်းနဲ့   ကျနော် LINE မှာ သဘောကျမိတာက  ချစ်စရာကောင်းတဲ့ Stickers   လေးတွေပါ။ ဒီစတစ်ကာလေးတွေက ကျနော်တို့ရဲ့  စိတ်ခံစားချက်တွေကိုဖော်ပြပေးပါတယ်။ အထူးသဖြင့် Brown

ဆိုတဲ့ ဝက်ဝံလေးရဲ့Character ကို ကြိုက်ပါတယ်။ ဒီကောင်လေးရဲ့Character က ကျနော်တို့လို ယောက်ျားလေးတွေကို ကိုယ်စားပြုတယ်လို့ထင်ပါတယ်” လို့ အောင်ရဲလင်းက ပြောပါတယ်။

အလှမယ် ခင့်ဝင်ဝါကလည်း “ညီမကတော့ စတစ်ကာတွေထဲမှာ အကြိုက်ဆုံးက Cony ပါ။ သူက ချစ်စရာကောင်းပြီး မိန်းကလေးတွေကို ကိုယ်စားပြုတဲ့ Character ရှိတယ်လို့ ထင်ပါတယ်။ ညီမက LINE အသုံးပြုရတာကို ကြိုက်တယ်။ ဘာကြောင့်ကြိုက်လဲဆိုတော့ သူက ဖုန်းပြောတာ၊ မက်ဆေ့ခ်ျ ပို့တာ Free Call တွေ အပြင်ကို ကိုယ့်ရဲ့Timeline မှာလည်း ဓာတ်ပုံတွေတင်ပြီး သူငယ်ချင်းတွေကို ဝေမျှနိုင်တယ်။ ချစ်စရာကောင်းတဲ့ စတစ်ကာလေးတွေနဲ့လည်း Comment ပေးနိုင်တယ်။ အခုဆိုရင် ညီမတို့ ရုပ်ပုံနဲ့ စတစ်ကာလေးတွေပါ သုံးနိုင်တော့မယ်” လို့ ဆိုပါတယ်။

LINE Application အနေနဲ့မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကုမ္ပဏီ MPT နဲ့ ချိတ်ဆက်လက်တွဲပြီး အကျိုးတူပူးပေါင်းမှု လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ရှိသလို မြန်မာနိုင်ငံမှာလည်း LINE ကုမ္ပဏီရဲ့ ရုံးခန်းတွေ လာရောက်ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေ ရှိတယ်လို့ သိရပါတယ်။

LINE က Samsung နဲ့လည်း ပူးပေါင်းပြီးတော့ပထမဆုံး လှုပ်ရှားမှု အနေနဲ့ “LINE Lucky Chance” အစီအစဉ်အဖြစ် ဇွန်လအတွင်းက ရက် (၃၀) တိတိ၊ ဖုန်းအလုံး (၃၀) ကို တရက်တလုံး LINE Application အသုံးပြုသူတွေကံစမ်းမဲ ဖောက်ပေးခဲ့ပါတယ်။ အခုအချိန်မှာဆိုရင်လည်း LINE FUN Official အကောင့်ကို ဇူလိုင်လ ၂ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး အဲဒီမှာလည်း Samsung Galaxy S6 အလုံး (၃၀) ကို တရက်တလုံး ကံစမ်းနိုင်ပြီလို့ သိရပါတယ်။

LINE မှာဆိုရင် Corporate brand တွေ၊လူထုရုပ်ပုံတွေ၊ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ တရားဝင်အကောင့်တွေနဲ့ Facebook လိုပဲ တည်နေရာ၊ သတင်းအချက်အလက်တွေ၊ ဗီဒီယို၊ ရုပ်ပုံတွေကို တင်ပြီး မိမိဘဝမှတ်တမ်းတွေကို Share လုပ်နိုင်တဲ့ ကိုယ်ပိုင်နေရာ Home နဲ့ Timeline ဆိုပြီး Social Communication Feature တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Smartphone Life Platform တခုကို ဖြစ်ပေါ်လာစေတဲ့ LINE Games တွေနဲ့ Selfie Stickers, LINE Camera စတဲ့ Application တွေလည်း များစွာပါဝင်ပါတယ်။

ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ထိုင်ဝမ်နဲ့ စပိန် နိုင်ငံတွေမှာ အသုံးများ ရေပန်းစားတဲ့ LINE App ဟာ အွန်လိုင်းရှိရုံနဲ့ အခမဲ့ မက်ဆေ့(ခ်ျ)ပေးပို့ခြင်း၊ Voice calls ၊ Video calls နဲ့ ပြည်တွင်းပြည်ပ အဖွဲ့လိုက် စကားပြော  ဆိုခြင်း၊ Chatting လုပ်ခြင်းများပြုလုပ်နိုင်တဲ့ Mobile Application တခုဖြစ်ပြီး LINE ကို စမတ်ဖုန်းတွေမှာသာမက ကွန်ပျူတာနဲ့ Tablet တွေမှာလည်း အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်တယ်လို့သိရပါတယ်။


သီဟတိုး


အလှအပတစ်ခုတည်းအတွက်မဟုတ်ဘဲ စိတ်ဝင်စားစရာ၊ အံသြမှုတွေနဲ့ LED စကတ်

0 comments


photo -aplus.com

အ၀တ်အစား စတိုင်များကတော့ တစ်မျိုးနဲ့တစ်မျိုး မရိုးအောင် အဆက်မပြတ် ပေါ်ထွက်လာတတ်ကြတာချည်း ပါပဲ။ ဒါပေမယ့် အခုမှာတော့ စတိုင်ကျတဲ့ အ၀တ်အစားတွေဟာ နည်းပညာနဲ့အတူ ယှဉ်တွဲလို့ ပေါ်ထွက်လို့ လာပါပြီ။

Apple နာရီကဲ့သို့ touchscreen ပါရှိတဲ့ လက်ပတ်တွေဟာလည်း နည်းပညာနဲ့ ၀တ်စားဆင်ယင်မှုဆိုတာကို ရောနှောလို့ ထွက်ပေါ်လာတဲ့ အသုံးအဆောင်တခုလို့ ဆိုရမှာပါ။ အဲဒီလိုပဲ အသုံးအဆောင်တွေကိုလည်း နေရာအတော်များများမှာ တွေ့နေရပြီဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ နည်းပညာဟာ လူတို့အတွက် အသုံးပြုရန် သီးသန့်သာ မဟုတ်တော့ဘဲ စတိုင်တစ်ခုရှိစေဖို့ ဖြစ်လာပါပြီ။ အဲ့ဒီအတွက် LED စကတ်ဆိုတာကို လေ့လာ ကြည့်ရအောင်ပါ။ LEDစကတ် ကိုကြည့်လိုက်ရင် ရိုးရှင်းပြီး စတိုင်ကျတယ်လို့ သတ်မှတ်ကြပေမယ့် အဲ့ဒီထက် ပိုတဲ့ အရည်အသွေးတွေကိုလည်း ဒီစကတ်မှာ တွေ့ရမှာပါ။



SexyCyborg လို့ အမည်ရတဲ့ တရုတ်နိုင်ငံ Internet Sensation မှ LED စကတ်ကို တီထွင်သူ အမျိုးသမီးလေး ကတော့ ဒီစကတ်ဟာ ထိန်းချုပ်မှုနည်းပြီး သက်သောင့်သက်သာလည်း  သိပ်မရှိလှဘဲ LED တပ်ဆင်ထားတဲ့ ၀တ်စားဆင်ယင်မှုများကို  ပြန်လည်ပြုပြင်၊ ပြင်ဆင်ပြီး တီထွင်ထားတာဖြစ်တယ်လို့ သူမရဲ့ ကိုယ်ပိုင် စာမျက်နှာတခုပေါ်မှာ ဖော်ပြထားပါတယ်။ လက်ရှိ ဒီဇိုင်းရဲ့ ပြဿနာကတော့ လှုပ်ရှားမှုရှိလာမှ LED မီးတွေက တုန့်ပြန်မှုပေးနိုင်တယ်ဆိုတဲ့ အကန့်အသတ်တွေရှိပြီး ဇာအနားတွန့်တွေ ပါနေတာကြောင့် အသက်(၈) နှစ် အထက်အရွယ်တွေအတွက်လောက်ပဲ အဆင်ပြေတာကို တွေ့နေရပါတယ်။ ဒါကြောင့်မို့ ပြုပြင်ရတာပါလို့ ထပ်လောင်းဖော်ပြထားပါသေးတယ်။

သို့ပေမယ့် အဲဒီစကတ်ဟာ အများသူငါ စိတ်ဝင်စားလာအောင် ဖမ်းစားနိုင်တဲ့ အ၀တ်အစား တစ်ခုဖြစ်ပါတယ်။ ဒီလို စကတ်တစ်ထည် တီထွင်ရရှိဖို့ကတော့ မလွယ်ကူတာ အမှန်ပါ။ SexyCyborg အနေနဲ့ မှန်ကန်ပြီး သင့်လျော်တဲ့ ဒီဇိုင်းကို ရရှိလာဖို့ အတွက် ကွဲပြားတဲ့ နည်းလမ်းတချို့ကို ရှာဖွေအသုံးပြုခဲ့ရပါတယ်။ SexyCyborg အနေနဲ့  ဒီ အံ့သြဖွယ်ကောင်းလှတဲ့ လက်ရာရဲ့နောက်ကွယ်က ဖန်တီးရှင်ဟာ သူမသာဖြစ်ကြောင်း Selfie ရိုက်ပြီး အတည်ပြုခဲ့ရပါသေးတယ်။


 “ဒီလို မှတ်တမ်းတင် ဓါတ်ပုံရိုက်ထားဖို့လည်း လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ နောက်ဆုံးပရောဂျက်တုန်းက ကျွန်မကိုယ်တိုင် တီထွင်ခဲ့တာပါဆိုတာကို ဘယ်သူ့မှ မယုံခဲ့ကြဘူးလေ။ လူတွေဆိုတာက တစ်ခုလောက်ချပြလိုက်ရင် ဦးနှောက်ဖောက်စား သွားကြချည်းပဲလေ။ ” လို့ သူမက ဆိုထားပါသေးတယ်။

မူရင်းပုံကို ပုံဖော်ပြီးတဲ့နောက်မှာတော့ အခြားစိတ်လှုပ်ရှားစရာ မွမ်းမံမှုများဖြစ်တဲ့ အသုံးပြုနိုင်မယ့် အစိတ်အပိုင်းလေးတွေကို စကတ်မှာ ဆင်မြန်းခဲ့ပါတယ်။


အခုဆိုရင် အကျီင်္ အရောင်နဲ့လိုက်ဖက်တဲ့ စကတ်အရောင်ကို ချိန်ဆနိုင်ပြီး LEDပါရှိတာမို့ အကျီ င်္အရောင်စုံနဲ့ လိုက်ဖက်တဲ့ စကတ်အရောင်ကို ပြောင်းလဲနိုင်ပါပြီ။

ဒါ့အပြင် ရာသီဥတု ပွဲလမ်းသဘင်နဲ့ လိုက်ဖက်တဲ့ အရောင်ကိုလည်း စကတ်မှာ အပြောင်းအလဲ ပြုလုပ်နိုင်ပါတယ်။ ဥပမာ- တရုတ်နှစ်ကူးအတွက် အနီနဲ့ အ၀ါပါဝင်တဲ့ စကတ်အရောင်မျိုးတွေ၊ တရုတ် တွေအတွက် ကံကောင်းစေတဲ့ နံပတ်များကိုလည်း စကတ်မှာ မီးအရောင်နဲ့ ပုံဖော်နိုင်ပါပြီ။ ဒါမှမဟုတ် အမေရိကရဲ့လွတ်လပ်ရေးနေ့ ဖြစ်တဲ့ ဇူလိုင် (၄)ရက်လိုနေ့မျိုးမှာ လူမျိုးခြား သူငယ်ချင်းတွေနဲ့ အသားကင် ထွက်စားကြမယ်ဆိုရင်လည်း အနီ၊ အဖြူ၊ အပြာပါတဲ့ အရောင်တွေကို စကတ်မှာ ပုံဖော်နိုင်ပါတယ်။ သို့မဟုတ် အားကစားပြိုင်ပွဲတွေမှာလည်း မိမိအားပေနေတဲ့ အသင်းရဲ့ အရောင်ကိုလည်း ပြောင်းနိုင်ပါသေးတယ်တဲ့။

တယ်လီဖုန်း ကနေလည်း ကြိုးမဲ့ အင်တာနက် ဆက်သွယ်ရေးစနစ်ကို ဖွင့်ထားပြီး စကတ်မှာပါတဲ့ စနစ်တွေနဲ့ ချိတ်ဆက်လို့ စကတ်ရဲ့အရောင်ကို ပြောင်းလဲနိုင်ပါတယ်။ အဲဒီအခါမှာဆို စကတ်ရဲ့အရောင်ဟာ ဖုန်း အင်တာနက်ကို လာရောက်ချိတ်ယူကာ သုံးစွဲတဲ့သူပမာဏအပေါ် မူတည်ပြီး အရောင်ပြောင်းခြင်း ၊ ဒါမှမဟုတ် အရောင်ပိုတောက်ပလာခြင်း စတဲ့ အရောင် အပြောင်းအလဲလေးတွေ ဖြစ်လာအောင်လည်း ပြုလုပ်လို့ ရပါတယ်။



တရုတ်လူမျိုး မိန်းကလေးတွေကတော့ ဒီစကတ်ကို သူတို့ရဲ့ အမျိုးသမီး သူငယ်ချင်းများနဲ့ အပြင်မှာ တွေ့ဆုံကြတဲ့အခါမှာ နှစ်သက်စွာ ၀တ်ဆင်တတ်ကြပါတယ်။ စကတ်ရဲ့အရောင်ကို အခြားအရောင်များနဲ့ လိုက်ဖက်အောင် ပြောင်းလဲနိုင်ရုံမက ရှုပ်ထွေးတဲ့ ပြိုးပြိုးပြက်ပြက် ပုံစံများကိုလည်း လိုက်ဖက်ညီအောင် ပုံဖော် ပြောင်းလဲပေးနိုင်ပါတယ်။ အထူးသဖြင့် အဖွဲ့လိုက် ကပြတဲ့  ကကွက်ဆန်းတွေကို ပုံဖော်ရာမှာပဲ ဖြစ်ဖြစ်၊ ဗြိတိသျှနိုင်ငံရဲ့ ကစားနည်းတစ်ခုဖြစ်တဲ့ Game of Tag ကစားနည်းတွေမှာ ပါ ဒီစကတ်ကို အသုံးပြု နိုင်ပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ အမျိုးသား၊ အမျိုးသမီးတွေ တစ်ဦးနဲ့ တစ်ဦး ချိန်းတွေ့တဲ့ အခါမှာလည်း ဒီစကတ်လေးဟာ အသုံးဝင်ပါတယ်။ အကယ်လို့ အမျိုးသားတစ်ဦးဟာ သူနှစ်သက်ပြီး ချဉ်းကပ်နေတဲ့ မိန်းကလေးဟာ သူနဲ့ စိတ်တူကိုယ်တူ၊ အကြိုက်တူတွေ ရှိမရှိ သိရှိနိုင်ပါတယ်။ အကယ်လို့ အဲဒီ အမျိုးသမီးလေးဟာ ကိုယ်နဲ့ အကြိုက်အလိုက်ချင်း၊ စိတ်ဝင်စားမှုခြင်း တူတာများလာခဲ့ရင် သူမရဲ့ စကတ်အရောင်ဟာ အစိမ်းရောင်သန်းလာမှာဖြစ်ပြီး သူမရဲ့ စိတ်ဝင်စားမှုတွေဟာ ဆန့်ကျင်ဖက် ဖြစ်နေခဲ့မယ်ဆိုရင်တော့ သူမရဲ့ စကတ်ဟာ အနီရောင်သန်းလာမှာဖြစ်ပါတယ်။ စကတ်က ဖော်ပြလာတဲ့ အရောင်အပြောင်းအလဲကို ကြည့်ပြီး အရှက်တကွဲ မဖြစ်စေဘဲ သူမနဲ့ စိတ်ဝင်စားမှုချင်း တူညီနိုင်တဲ့ အကြောင်းအရာလေးများကို ရွေး ချယ်ပြောဆိုနိုင်ပါတယ်တဲ့။

ကဲ..စိတ်ဝင်စားဖို့၊ စိတ်လှုပ်ရှားဖို့ မကောင်းပေဘူးလား။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://aplus.com/b/LED-skirt-sexycyborg?fbp=1 

WeChat App ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်

Monday, June 29, 2015 0 comments




တရုတ်နိုင်ငံရဲ့လူသုံးများတဲ့ အကြီးဆုံး လူမှုကွန်ရက် Application တခုဖြစ်တဲ့ WeChat Messaging App  မြန်မာနိုင်ငံမှာ တရားဝင် စတင်မိတ်ဆက်တဲ့ ပွဲအခမ်းအနားကို အခုလ ၂၃ ရက်နေ့က ရန်ကုန်မြို့ Sule-Shangrila Hotel မှာကျင်းပ ပြုလုပ်ခဲ့ပါတယ်။

WeChat App အသုံးပြုသူများအနေနဲ့ WeChat Account ကို မြန်မာနိုင်ငံ ဖုန်းနံပါတ်နဲ့ Register ပြုလုပ်ထားသူများ အတွက် WeChat မှာ Huawei နဲ့ ပူးပေါင်းပြီး ခဲခြစ်ကံစမ်းမဲ ကံစမ်းနိုင်ပြီ ဖြစ်ပါတယ်။

Huawei ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တဲ့ Huawei P8 အလုံး (၉၀) နဲ့ Huawei Bluetooth Speaker ၊ Huawei Sport Water Bottle နှင့် Huawei ထီး စတဲ့ ဆုလက်ဆောင်ပေါင်း  ငါးသောင်းကျော်ကို ကံစမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ ကံစမ်းမဲကို ဇွန်လ ၁၆ ရက်နေ့ကနေ စတင်ပြီး ကံစမ်းကာလ (၄၅) ရက်တိတိကြာမြင့်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဖုန်းနံပါတ်နဲ့ WeChat Account ဖွင့်ထားတဲ့ ဘယ်သူမဆို ဒီကံစမ်းမဲကို ကံစမ်းလို့ရပါတယ်။ ကံစမ်းဖို့အတွက် WeChat အကောင့်ထဲမှာရှိတဲ့ WeChat team ထဲကိုဝင်ပြီး “ဆုယူ” ဆိုတဲ့ Tab ကိုနှိပ်ကာ “Free P8” ဆိုတဲ့ Tab ကိုထပ်မံနှိပ်ပြီး မိမိရဲ့ စမတ်ဖုန်းအတွင်းမှာတင် ခဲခြစ်ကံစမ်းရမှာ ဖြစ်ပါတယ်။

Huawei P8 ကံထူးသူတွေကတော့ ဇွန်လကုန်ကနေ စတင်ပြီး ရန်ကုန်မြို့Huawei Showroom (မြေနီ   ကုန်း)၊ Huawei Showroom (သီတာလမ်း)၊ Huawei Branded Shop (၇၈၊ ၃၃x၃၄ကြား၊ မန္တလေး)၊ Huawei Branded Shop (ပျဉ်းမနား)၊ Huawei Branded Shop (ပြည်)၊ Cinderella Mobile (တောင်      ကြီး)၊ Kyaw Mobile (မော်လမြိုင်)၊ MK (မြစ်ကြီးနား)၊ Aitek Mobile (လားရှိုး) စတဲ့ ဆိုင်တွေမှာ ထုတ် ယူနိုင်မှာပဲ ဖြစ်ပါတယ်။

တခြားဆုမဲ ကံထူးသူတွေကတော့ လက်ဆောင်ဆုမဲတွေကို ထုတ်ယူနိုင်မယ့် ဆိုင်လိပ်စာတွေကို ပေါက်မဲ အောက်ရှိ (Huawei Store များကို ကြည့်ရန် ဤနေရာကိုနှိပ်ပါ) ဆိုတဲ့ နေရာမှာ ကြည့်ရှု ထုတ်ယူနိုင်တယ်လို့သိရပါတယ်။

Huawei ရဲ့ သတင်းများ၊ Promotion များကိုလည်း အချိန်နဲ့ တပြေးညီသိရှိလိုတယ်ဆိုရင်တော့ WeChat မှာ Huawei Device Myanmar Account ကို Search လုပ်ပြီး Follow လုပ်နိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအင်တာနက် အသုံးပြုသူများအကြားမှာတော့ Viber Messaging App ကို လူသုံးများပြီး အခု နောက်ပိုင်းမှာတော့ LINE, WeChat စတဲ့ App တွေပါ အသုံးပြုလာကြပြီး LINE မှာလည်း LINE အသုံးပြုသူတွေကိုဇွန်လ ၃၀ ရက်နေ့ အထိ Sumsung Galaxy Note 4 တနေ့တလုံး ဖောက်ပေးတဲ့ အစီအစဉ်ရှိ တယ်လို့သိရပါတယ်။


သီဟတိုး


ကြက်ဥအချောင်းလိုက်ကြော်တဲ့ စက်

Friday, June 26, 2015 0 comments




ထူးထူးခြားခြားဖြစ်သွားအောင် မီးဖိုချောင်သုံး Kitchen Gadget ပစ္စည်းတမျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။  အဲဒါကတော့ ကြက်ဥကို အချောင်းလိုက်ကြော်တဲ့စက်လေးပါ။ ဒီစက်လေးက ကြက်ဥကို သာမန်အတိုင်းကြော်မစားချင်သူတွေ၊ သာမန် ကြက်ဥကြော်ကို ဒီအတိုင်း ကြော်စားရတာရိုးအီလာလို့ ပုံစံတမျိုးပြောင်းပြီး တီထွင်ဖန်တီးကြော်စားချင်သူတွေ အတွက် အထူးဖန်တီးပြုလုပ်ထားတဲ့ စက်လေးပါ။

အသုံးပြုပုံက လွယ်ကူပါတယ်။ စက်လေးထဲကို ဆီအနည်းငယ်ဆွတ် (Spray ဆီဘူးနဲ့ ဖြန်းပေးရင် ပိုအဆင်ပြေ)၊ စက်မီနီကို မီးစိမ်းတဲ့အထိစောင့်၊ မီးစိမ်းလာတာနဲ့ ကြက်ဥတလုံးထည့်၊ အဆာပလာကြိုက်သူတွေက မိမိနှစ်သက်ရာ အဆာပလာတွေကို ကြက်ဥနဲ့အတူ ရောမွှေထည့်လို့ ကြော်နိုင်ပါတယ်။ ကြက်ဥ အချောင်းလေးက တဖြည်းဖြည်း အပေါ်ကို တက်လာတဲ့အခါတုတ်ချောင်းလေးနဲ့ ထိုးလို့ အချဉ်နဲ့တို့ပြီး အဆင်သင့်စားသုံးလို့ရပါပြီ။

ဒီစက်လေးက Facebook Online Shopping တွေမှာ အိမ်ရှင်မတွေ အကြိုက်အဝယ်များတဲ့ စက်လေးပါ။ စက်ရဲ့ ဈေးနှုန်းက တံဆိပ်အမျိုးအစားပေါ်မူတည်ပြီး တသောင်းခွဲ၊ နှစ်သောင်း၊ နှစ်သောင်းခွဲထိ အစားစားရှိတယ်လို့ သိရပါတယ်။


သီဟတိုး


ဂူဂဲလ်ရဲ့ Android One ပရိုဂရမ် မြန်မာနိုင်ငံမှာ သုံးစွဲနိုင်ပြီ

Thursday, June 25, 2015 0 comments



Google က စမ်းသပ်တီထွင်လိုက်တဲ့ Android One ပရိုဂရမ်ကို မြန်မာနိုင်ငံမှာလည်း အသုံးပြုနိုင်ပြီလို့ ဂူဂယ်က ၂၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ချယ်ရီမိုဘိုင်းနဲ့ ဂူဂယ်တို့ ပူးပေါင်းပြီး Android One သုံးစွဲနိုင်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်လာတာကို အားရမိတယ်လို့ ဆိုပါတယ်။

ချယ်ရီမိုဘိုင်းဝမ်းသုံးစွဲသူတွေဟာ တခြား android one ဖုန်းတွေလိုမျိုးပဲ ဂူဂယ်က နောက်ဆုံးထွက်တဲ့ android ဗားရှင်း (Lollipop 5.1.1) ရဲ့ စွမ်းဆောင်ရည်တွေ အစုံအလင် ပါဝင်ပြီး အရည်အသွေးကောင်းတဲ့ ဟာ့ဒ်ဝဲ အစိတ်အပိုင်းတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဂူဂယ်ရဲ့ အရာဝတ္ထု မြင်ကွင်း ဒီဇိုင်းဆန်းတွေ၊ ၂ ဆ ပိုကောင်းတဲ့ စွမ်းဆောင်ရည်၊ ဖုန်းဘက်ထရီ ပိုမိုချွေတာနိုင်တာ၊ ပိုမိုတိကျတဲ့ အသိပေးချက်တွေ ပါဝင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် Android One ဖုန်းတွေဟာ နောင် Android ဗားရှင်းအသစ်တွေကိုလည်း အလိုလို ရရှိသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စမတ် ဖုန်း သုံးစွဲသူ များပြာလာတယ်လို့လည်း ဂူဂယ်က သတ်မှတ်ထားပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကစပြီး ချယ်ရီမိုဘိုင်းဝမ်းကို မြန်မာနိုင်ငံအနှံ့က ဖုန်းအရောင်းဆိုင်တွေမှာ ကျပ်ငွေ ၁၀၉,၀၀၀ နဲ့ ဝယ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။ အိန္ဒိယမှာ ပထမဆုံး စတင်ဖြန့်ချိခဲ့ပြီး ကိုးလ     အကြာမှာ ဘင်္ဂလားဒေရှ့်၊ နီပေါ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ တူရကီ နိုင်ငံတွေမှာ ဖြန့်ချီခဲ့ပြီး အခုတော့ မြန်မာနိုင်ငံမှာ ချယ်ရီမိုဘိုင်းနဲ့ ပူးပေါင်းကာ စတင်ဖြန့်ချိလာတာ ဖြစ်ပါတယ်။



Ref: Google Asia Pacific Blog


iOS အသုံးပြုသူများအတွက် Kaymu.com.mm APP

Friday, June 19, 2015 0 comments




မြန်မာနိုင်ငံရဲ့ အွန်လိုင်းဦးဆောင်ဈေးကွက်တခုဖြစ်တဲ့ Kaymu.com.mm ဟာ မိုဘိုင်း ဈေးကွက်ချဲ့ထွင်တဲ့အနေနဲ့ iOS အသုံးပြုသူများအတွက် မိုဘိုင်း App ကို အခမဲ့ ဖြန့်ချိပေးလိုက်တဲ့ မိတ်ဆက်ပွဲကျင်းပခဲ့ပါတယ်။

အဲဒီမိတ်ဆက်ပွဲကိုဇွန် ၁၁ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာရှိတဲ့ စင်ထရယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မိုဘိုင်း App ရှိခြင်းအားဖြင့် အွန်လိုင်းရှော့ပင်း အသုံးပြုသူတွေအတွက် ပိုမိုလွယ်ကူအဆင်ပြေစေပြီး အခု Kaymu iOS App မှာ ကုန်ပစ္စည်းတွေရွေးချယ်ခြင်း၊ အသုံးပြုရလွယ်ကူခြင်း၊ ရောင်းချသူနဲ့ ဝယ်ယူသူတို့က မိမိကိုယ်ပိုင် Account ကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခြင်း စတာတွေကိုပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

"အခုမိတ်ဆက်လိုက်တဲ့ iOS မိုဘိုင်း App ကြောင့် အခုဆို iOS သုံးစွဲသူတွေဟာ ကျနော်တို့ Kaymu မှာ ပိုမိုလွယ်ကူစွာနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒေတာကုန်ကျမှု အသက်သာဆုံးနဲ့ Quality မြင့်မားကောင်းမွန်တဲ့ မိုဘိုင်း App ကို သုံးစွဲသူတွေဆီ အရောက်ပို့လိုက်ပါပြီ။ အခုဆို ကျနော်တို့က iOS၊ Android နဲ့ Blackberry App တွေကို အခမဲ့ ထုတ်လုပ်နိုင်ခဲ့ပါပြီ။ အခု ထုတ်လုပ်ဖြန့်ချိထားတဲ့မိုဘိုင်း App အကုန်လုံးကို မြန်မာဘာသာနဲ့ သုံးစွဲနိုင်အောင် ပြုလုပ်ထားပါတယ်" လို့ Kaymu Myanmar ရဲ့ Country Manager ဖြစ်သူ Max Langer က စာနယ်ဇင်းတွေကို ပြောပါတယ်။

Kaymu အနေနဲ့မြန်မာနိုင်င်ငံကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်ဝင်ရောက်ခဲ့ပြီး Desktop Version နဲ့ Mobile Version နှစ်မျိုး အသုံးပြုနိုင်တဲ့ အထက်ပါ အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုက်Android မိုဘိုင်း App ကို ယခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က အခမဲ့ ထုတ်လုပ်ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။
၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၆၀ ကျော်ရဲ့အွန်လိုင်းဈေးကွက်မှာ ဦးဆောင်လျက်ရှိတဲ့၊ ကုမ္ပဏီ (၁၀၀) ကျော်ကို အခြေပြုစွန့်ဦးတည်ထောင်ပေးခဲ့တဲ့ Kaymu ဟာ ဘာလင်မြို့မှာ ဌာနချုပ်တည်ရှိပြီး ကမ္ဘာ့တိုက်ကြီး ၅ ခု ရှိ နိုင်ငံ အသီးသီးမှာ ရုံးခန်းပေါင်း ၂၅ ခု ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။


သီဟတိုး


စမတ်ဖုန်းနဲ့ တွဲသုံးလို့ရတဲ့လက်ပတ်နာရီ

Friday, June 12, 2015 0 comments




စမတ်ဖုန်းနဲ့ တွဲသုံးလို့ရတဲ့ Wearable Device တမျိုးနဲ့ ဧရာဝတီ ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါ တယ်။ လက်ပတ်နာရီအဖြစ်လည်း ဝတ်ဆင်လို့ရ၊ စမတ်ဖုန်းနဲ့တွဲပြီးဖုန်းပြောတာ၊ သီချင်းနားထောင်တာတွေအပြင်၊ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အိပ်စက်ချိန် ဖော်ပြပေးတာ၊ ကယ်လိုရီလောင်ကျွမ်းမှုပမာဏ တွက်ချက်ပေးတာစတဲ့ လုပ်ဆောင်ချက်ပေါင်းစွာကို ဆောင်ရွက်ပေးနိုင်တာကတော့ Smart Watch TalkBand နာရီပါ။

Huawei B2 Smart Watch က Display 0.73 inch PMOLED Touch Screen နဲ့ ပြုလုပ်ထားပြီး ရေစိုခံ Water-proof Micro USB charging အမျိုးအစားဖြစ်ပါတယ်။  Bluetooth 4.1 ပါဝင် အသုံးပြုထားပြီး OS Compatibility Require-ments ကတော့Android 4.0+ ဖုန်းတွေနဲ့ iOS 7.0+ဖုန်းတွေနဲ့ အသုံးပြု နိုင်ပါ တယ်။ ဈေးနှုန်းအားဖြင့် Gold ကို ကျပ်၂ သိန်း ၈ ထောင်၊ Whiteကို ကျပ် ၁ သိန်း၇ သောင်း ၂ ထောင် ရှိတယ်လို့ သိရပါတယ်။


သီဟတိုး


အွန်လိုင်းကနေ ကားလက်မှတ်ဖြတ် ခရီးသွားလို့ရမယ့် BNF Express Bus Ticket System

Monday, June 8, 2015 0 comments


BNF Express ရဲ့ သတင်းစာရှင်းလင်းပွဲမြင်ကွင်း (ဓာတ်ပုံ - သီဟတိုး / The Irrawaddy)

မြန်မာတပြည်လုံးမှာရှိတဲ့ အဝေးပြေးကားလိုင်းတွေရဲ့ up-to-date သတင်းအချက်အလက်တွေ (အချိန်၊
 ဈေးနှုန်း) တွေကို Online Website ပေါ်မှာ တစုတစည်းတည်း ဖော်ပြထားပြီး ကားလက်မှတ်တွေကို အ
ချိန်တိုအတွင်း ဝယ်ယူနိုင်ဖို့ ဝယ်ယူသူရဲ့E-mail သို့မဟုတ် မိုဘိုင်းဖုန်းထဲသို့ SMS Message တိုက်ရိုက်
 ပေးပို့ပေးမယ့် BNF Express Bus Ticket System ကို မြန်မာနိုင်ငံမှာ စတင်လိုက်ပါပြီ။

ကားခတွေကို ဂိတ်ရင်းဈေးနှုန်းအတိုင်း ရောင်းချပေးမယ့် BNF Express က Payment (ငွေပေးချေမှု) အပိုင်းကို လွယ်ကူအောင် MPU (ATM) ကဒ်နဲ့ ငွေပေးချေစနစ်၊ ဘဏ်လွှဲငွေစနစ်၊ မိမိ Account ထဲ ကြိုတင်ငွေ (Deposit) နဲ့ Book Now Pay Later Payment စတဲ့ စနစ်တွေနဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။

“ကျနော်တို့ GMBF Group က မြန်မာလူငယ် Founder သုံးဦးနဲ့ လုပ်ခဲ့တာပါ။ အဓိကက ကျနော်တို့ BNF Express.com ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က မြန်မာတပြည်လုံးရဲ့ ကားဂိတ် up-to-date Information တွေကို မြန်မာနိုင်ငံသားတွေအတွက် တနေရာတည်းကနေ ရှာဖွေလို့ရအောင်ရယ်၊ နောက်တခုက Payment တွေကို လွယ်လွယ်ကူကူနဲ့ ပေးချေလို့ရအောင်ရယ် စတင်ပြုလုပ်ခဲ့တာပါ” လို့ GMBF Group ရဲ့ Co-founder တဦးဖြစ်သူ ကိုဖြိုးဇော်က ဧရာဝတီကို ပြောပါတယ်။



GMBF Group အနေနဲ့ ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသည်တွေကို MyanmarBusTicket.com ဆိုပြီး Express ကားလက်မှတ်တွေ ၂၀၁၃ ခုနှစ် အစပိုင်းလောက်က စတင်ရောင်းချပေးခဲ့တာဖြစ်ပြီး ပြည်ပက Whatanadventure Magazine, Trip Advisor နဲ့ Lonely Planet စတဲ့ Travel Forum တွေမှာ ချီးကျူး     ဖော်ပြထားခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံကို အလည်လာတဲ့ ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသည်တွေကို အဓိက ရောင်းချပေးခဲ့တာတော့ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေးစတဲ့ နေရာတွေကို ကုမ္ပဏီစဖွင့်ချိန်ကတည်းကနေ ခုချိန်ထိ ရောင်းချ
ပေးလျက်ရှိတယ်လို့ ကိုဖြိုးဇော်က ဆက်ပြောပါတယ်။

အခု ထပ်မံမိတ်ဆက်လိုက်တဲ့ BNF Express Ticketing System က ပြည်သူတွေကြား ဘယ်လောက် အတိုင်းအတာထိ ပျံ့နှံ့သွားမလဲဆိုတာကိုတော့ ကိုဖြိုးဇော်က “ဒါကတော့ ကျနော်တို့ Customer တွေရဲ့ Feedback ကို ပြန်ကြည့်ပြီးမှ ပြောလို့ရမှာပါ။ ဒါပေမဲ့ ကျနော်တို့ ဒီအတိုင်း System ကြီးကို စပြီး သုံးမယ်ဆိုပြီး လုပ်ခဲ့တာမျိုး မဟုတ်ဘူး။ သေချာ Research လုပ်တယ်။ နိုင်ငံခြားသားတွေကို ပေးနေကျအတိုင်း E-mail Ticket ပေးမလားဆိုပြီး လုပ်တယ်။ ဒီမှာက လူတိုင်း E-mail မရှိဘူး။ အင်တာနက်ဖွင့်မှ ဆိုတော့ ကျနော်တို့ SMS Ticket ပေးမလား ဆိုပြီး ပြောင်းပေးတယ်။ အဲဒီလောက်ထိ ကျနော်တို့ လုပ်ထားပေးတယ်ဆိုတော့ အကုန်လုံးအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

BNF Express မှ ချိတ်ဆက်ထားတဲ့ ယာဉ်လိုင်းတွေက Express ယာဉ်လိုင်း ပေါင်းစုံဖြစ်ပြီး JJ Express, Boss၊ စေတမန်၊ လုမ္ဗနီ၊ မန္တလာမင်း၊ ရွှေမန္တလာ စတဲ့ ယာဉ်လိုင်းတွေနဲ့ ချောင်းသာ ကမ်းခြေဘက်သွားတဲ့ Asia Dragon, Golden Star၊ ပုဂံဘက်သွားတဲ့ ပုဂံမင်းသား အစရှိတဲ့ Express ယာဉ်လိုင်းတွေ အကုန်ပါ ဝင်တယ်လို့ သိရပါတယ်။

အင်တာနက် အသုံးမပြုတဲ့သူတွေအတွက် BNF Express ရဲ့ Hot Line ဖုန်းနံပါတ် (09-254898255) ကို ဆက်သွယ်ပြီး အချက်အလက်တွေကို ၂၄ နာရီ စုံစမ်းမေးမြန်းနိုင်ပြီး ဒီ ဝန်ဆောင်မှုက ခရီးသည်တွေ   အတွက် အခမဲ့ ဝန်ဆောင်မှုဖြစ်ပြီး အကျိုးအမြတ်ကိုတော့ Express ယာဉ်လိုင်းတွေဆီက ရယူတယ်လို့ သိရပါတယ်။

“ကျနော်တို့ရဲ့ BNF Express Bus Ticket System ကို သုံးခြင်းအားဖြင့် နံပါတ်တစ်က ဖုန်းနဲ့ အချိန်တွေ   မေးတဲ့အတွက် Human Mistake ဖြစ်နိုင်တယ်။ ကျနော်တို့က System ဖြစ်တဲ့အတွက် up-to-date Information တွေ၊ အချိန်တွေ၊ ဈေးနှုန်းတွေက System ပေါ်မှာဆိုတော့ မှားဖို့ ရာခိုင်နှုန်း နည်းသွားမယ်။  ပြီးတော့ လက်မှတ်ဝယ်တဲ့အခါလည်း ဟိုဟိုဒီဒီ သွားစရာမလိုဘဲ Traffic ရှောင်လို့ရတာပေါ့” လို့         ကိုဖြိုးဇော် က ဧရာဝတီကို ပြောပါတယ်။

သူကဆက်ပြီး “ကျနော်တို့ အဓိကပြောချင်တာက ဒီ Sysrtem ကို လုပ်ခဲ့ရတာ မလွယ်ကူပါဘူး။ အင်တာနက် ကော်နက်ရှင်တွေရယ်၊ ဘတ်စ်ကားလိုင်းတွေကို Training ပေးခဲ့ရတာတွေရယ် အခက်အခဲတွေ အများ ကြီးပါ။ ကျနော်တို့ ကြိုးစားထားတာ အများကြီးပါ။ အဲဒီတော့ သုံးကြည့်ပါ၊ အဆင်မပြေတဲ့ အပိုင်းတွေကို ပြန်ပြောပြမှ ကျနော်တို့ ပြင်ဆင်ပြီး ကြိုးစားလို့ရမှာပါ” လို့ ပြောပါတယ်။

BNF Express ဟာ  မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ပြီး UK နိုင်ငံမှ ဘွဲ့ရရှိထားတဲ့ International Travel & Tours အတွေ့အကြုံရှိတဲ့ မြန်မာလူငယ် (၃)ဦး ကိုဖြိုးဇော်၊ ကိုသက်ဟိန်းနဲ့ ကိုရဲကျော်တို့ စတင်တည်        ထောင်ထားတဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။


သီဟတိုး 



ဈေးသက်သာပြီး နောက်ဆုံးပေါ် Function တွေပါဝင်တဲ့ Huawei G Play Mini

Monday, June 1, 2015 0 comments






ဈေးနှုန်း ကျပ် ၂ သိန်း ဝန်းကျင်နဲ့ မျက်နှာပြင်အရွယ်အစား ၅ လက်မ အကျယ်ရှိပြီး စက်လည်ပတ်မှုစနစ်ကို Octa Core 1.2 GHz Processor ပါဝင် အသုံးပြုထားတဲ့ တန်ဖိုးနည်း Function မြင့် စမတ်ဖုန်း Huawei G Play Mini ကို Huawei ကုမ္ပဏီက ထပ်မံ ထုတ်လုပ် တင်သွင်းလိုက်ပါပြီ။ 1.2GHz Process (၈) လုံး ပါဝင်တာကြောင့် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်မြန်ဆန်နေမှာ အသေချာပါပဲ။ နောက်ဆုံးပေါ် တန်ဖိုးကြီး High End စမတ်ဖုန်းတွေမှာသာ ပါဝင်တတ်တဲ့ Full HD ကို ထည့်သွင်းပေး ထားတာကြောင့်လည်း Huawei G Play Mini စမတ်ဖုန်းက တန်ဖိုးနည်းပြီး အရည်သွေးမြင့်တဲ့ ထူးခြားချက်တစ်ခုလို့ ပြောလို့ရပါတယ်။ Full HD ပါဝင်လို့ ၅ လက်မ အကျယ်ရှိတဲ့ မျက်နှာပြင်အရွယ် စမတ်ဖုန်းမှာ ဓာတ်ပုံပဲကြည့်ကြည့်၊ ဗီဒီယိုပဲ ကြည့်ကြည့် ကြည်လင်ပြတ်သားနေမယ့်အပြင် မျက်နှာပြင်က ဓာတ်ပုံရိုက်ဖို့၊ ဗီဒီယိုကြည့်ဖို့အတွက် လုံလောက်တဲ့ မျက်နှာပြင်လို့ ပြောလို့ရပါတယ်။

အနောက်ကင်မရာ 13MP ပါရှိတာကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံကို ရရှိစေမှာ အသေအချာပါပဲ။ တဦးချင်း Selfie နဲ့ အဖွဲ့လိုက် Groufie ဓာတ်ပုံတွေ ရိုက်တဲ့အခါမှာလည်း စိတ်တိုင်းကျမှု အပြည့်အဝပေးမယ့် ကင်မရာအရည်အသွေး အရှေ့ကင်မရာ 5 Mega Pixel Resolution နဲ့ အနောက်ကင်မရာ 13 Mega pixel တို့ ပါဝင်အသုံးပြုထားပါတယ်။  RAM က 2GB ပါဝင်ပြီး Storage က 8 GB ပါ။ Android OS Version က နောက်ဆုံးထွက် Lollipop (5.0) ကို အသုံးပြုထားပြီး GSM ဆင်းမ်ကတ် နှစ်ကတ်ထိုး စမတ်ဖုန်း အမျိုးအစား ဖြစ်ပါတယ်။ နောက်ဆုံးပေါ် High End စမတ်ဖုန်းတွေမှာပဲ ပါဝင်လေ့ရှိတဲ့ နောက်ဆုံးပေါ် Function တွေကို သက်သာတဲ့ ဈေးနှုန်း ကျပ် (၂) သိန်းဝန်းကျင်နဲ့ Huawei G Play Mini ကို ဝယ်ယူ ရရှိနိုင်တဲ့ကြောင့် Middle End စမတ်ဖုန်း အနေနဲ့ ဝယ်ယူသင့်တဲ့ဖုန်း ဖြစ်ပါတယ်။


သီဟတိုး 


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved