Showing posts with label Salai Thant Zin. Show all posts
Showing posts with label Salai Thant Zin. Show all posts

ပုသိမ်မြို့မှာ ကျင်းပခဲတဲ့ မီးပုံးပျံလွှတ်ပွဲတော်

Monday, December 7, 2015 0 comments


ပုသိမ်မြို့ မီးပုံးပျံလွှတ်တင်ပွဲတော် မြင်ကွင်း(ဓာတ်ပုံ- ဆလိုင်းသန့်စင်/The Irrawaddy)

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး ပုသိမ်မြို့ မီးပုံးပျံလွှတ်ပွဲတော်ကို ကျောက်တိုင်ဘောလုံးအားကစားကွင်းအတွင်း၌ ဒီဇင်ဘာလ ၅ ရက်နေ့ ညပိုင်းက ကျင်းပခဲ့တာပါ။



ပုသိမ်မြို့တွင် ကျင်းပတဲ့ မီးပုံးပျံလွှတ်ပွဲတော်သို့ တောင်ကြီးတန်ဆောင်တိုင်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ရှမ်းတိုင်းရင်းသားမီးပုံးပျံပညာရှင်များကိုဖိတ်ခေါ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အလှပြ စိန်နားပန် မီးပုံးပျံ ၂ လုံးနဲ့ ညမီးကြည်မီးပုံးပျံတလုံး လွှတ်တင်ခဲ့ရာ ပုသိမ်မြို့ခံများ ထောင်နှင့်ချီ၍ လာရောက်အားပေးခဲ့ကြပါတယ်။




မီးပုံးပျံလွှတ်တင်ပွဲပြီးတဲ့နောက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ညမီးကြည်မီးပုံးပျံမှ လွင့်ကျခဲ့သည့် မီးစတချို့ေ ကြာင့် ကျောက်တိုင်ဘောလုံးအားကစားကွင်းအနီးရှိ Fancy Boys အထည်ဆိုင်ခေါင်မိုးပေါ်၌ အသေးစားမီးလောင်မှုတရပ် ဖြစ်ပွားခဲ့ပြီး ပုသိမ်မြို့ မီးသတ်ဌာနက အချိန်မီ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရှိရပါတယ်။





ဆလိုင်းသန့်စင်

ရေဘေးသင့်ပြည်သူများအတွက် ကဗျာဆရာတို့ရဲ့ ကဗျာဈေးဆိုင်

Monday, August 17, 2015 0 comments


ပုသိမ်မြို့ ရွှေမုဌော ဘုရားအနီးက ကဗျာဈေးဆိုင် (ဓာတ်ပုံ - ဆလိုင်းသန့်စင်/ The Irrawaddy)

ဧရာဝတီတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို ကူညီလှူဒါန်းဖို့အတွက် မြန်မာနိုင်ငံတ၀ှမ်းက ကဗျာဆရာတွေက ပုသိမ်မြို့မှာ ကဗျာဈေှးဆိုင်ဖွင့်ပြီး သူတို့ပိုင်ဆိုင်တဲ့ ကဗျာတွေကို ပန်းချီသရုပ်ဖော် ပုံတွေနဲ့တွဲဖက် ပြီး ပြန်လည်ရောင်းချကာ ရံပုံငွေ ရှာဖွေနေကြပါတယ်။


ပုသိမ်မြို့၊ ရွှေမုဌောဘုရားအနီးမှာ သြဂုတ်လ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ကဗျာဈေးဆိုင်မှာတော့ မောင်အောင်ပွင့်၊ အောင်ဝေး၊ မောင်သင်းမိုး၊ တိုးဝေ၊ မနော်ဟရီစတဲ့ မြန်မာပြည်ရဲ့ နာမည်ရ ကဗျာဆရာတွေအပါအ၀င် ကဗျာဆရာပေါင်း ၃၀ ကျော်ရဲ့ကဗျာပန်းချီတွေကို ခင်းကျင်းပြသထားပါတယ်။

“ပြည်သူတွေရေဘေးကြုံနေချိန်မှာ ကျနော်တို့လည်း တတပ်တအား ပါဝင်လှူဒါန်းချင်တယ်။ ဒါပေမယ့် တချို့ကျတော့လည်း လှူချင်ပေမယ့် ငွေကြေးပိုင်းအားနည်းချက်လေးတွေရှိကြတော့ ကျနော်တို့ ပိုင်ဆိုင်တဲ့  အနုပညာပစ္စည်းတွေကို တန်ဖိုးတခုသတ်မှတ်ပြီး ရောင်းချတာပါ။ ရောင်းလို့ရသမျှ အကုန်လှူဒါန်း သွားမှာပါ”လို့ ပုသိမ်မြို့မှ ကဗျာဆရာ လူဖန်ခါးက ဧရာဝတီကို ပြောပါတယ်။


ကဗျာဈေးဆိုင်တွေကို ရန်ကုန်မြို့မှာလည်း ဖွင့်လှစ်ထားပြီး ဧရာဝတီတိုင်းမှာတော့ ပုသိမ်မြို့မှာ ပထမဆုံး  ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ကဗျာပန်းချီတချပ်ကို ငွေကျပ် ၂ သောင်းနဲ့ ရောင်းချနေခဲ့ရာမှာ ပုသိမ်မှာ စရောင်းတဲ့နေ့မှာပဲ ကဗျာဆရာ မောင်အောင်ပွင့်နဲ့ အောင်ဝေးတို့ရဲ့ ကဗျာတွေကို အနုပညာမြတ်နိုးသူတချို့က လာရောက်ဝယ်ယူသွားခဲ့ကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ဇူလိုင်လကုန်ပိုင်းကတစင်ပြီး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေခဲ့ရာမှာ အိမ်ထောင်စုပေါင်း ၁ သိန်းကျော်က လူဦးရေ ၄ သိန်းခွဲကျော် ရေဘေးဒုက္ခ ရင်ဆိုင်နေရပြီး ဒေသအများစုမှာ စားနပ်   ရိက္ခာနဲ့ သောက်ရေသန့်တွေ လိုအပ်နေကြပါတယ်။


ဆလိုင်းသန့်စင်

၉ ကောင်မြောက် ဖမ်းမိခဲ့တဲ့ ဆင်ဖြူ မလေး ပိုလိမ္မာလာပြီ

Tuesday, March 3, 2015 0 comments



(ဓာတ်ပုံ - ဆလိုင်းသန့်စင်/ The Irrawaddy)

 မြန်မာနိုင်ငံရဲ့ ၉ ကောင်မြောက်ဖမ်းဆီးရမိခဲ့တဲ့ ဆင်ဖြူကို အခုအခါမှာ လေ့ကျင့်ပေးနေခဲ့တာ တနေ့တခြား ပိုမို လိမ္မာလာပြီလို့ သိရပါတယ်။

အသက် ၇ နှစ်အရွယ်ရှိတဲ့ အဲ့ဒီ ဆင်ဖြူမလေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သလပ်ခွာသစ်တောကြိုးဝိုင်းအတွင်း၌ သစ်တောဌာနမှ တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကာ လက်ရှိမှာ ရေသိုးကြီးဆင်စခန်းတွင် ထိန်းသိမ်းထားခဲ့တာပါ။

 “ဒီဆင်ဟာ ဆင်ဖြူတော်တွေရဲ့ ကြန်အင်လက္ခဏာဖြစ်တဲ့ နားကကြေးစည်ပုံပေါက်တယ်။ မျက်လုံးက ပုလဲရောင်ဖြစ်တယ်။ အာခေါင်နဲ့ လျှာတွေက ပန်းနုရောင်သမ်းတယ်။ ကျောကုန်းက ငှက်ပျောကိုင်း ဖြစ်တယ်။ အသားရောင်က ပန်းရောင်ဖြစ်တယ်။ အမွှေးက အဖြူရောင်ဖြစ်တယ်။ ဒီအချက်တွေ ကြောင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်ပါတယ်”လို့ ဆင်ဖြူဖမ်းဆီးရေးအဖွဲ့ ဦး ဆောင်သူတဦးဖြစ်တဲ့ မြန်မာ့သစ်လုပ်ငန်းမှ အကြံပေးပညာရှင် ဒေါက်တာ ၀မ်ထွန်းက ဧရာဝတီကို ပြောပါတယ်။

အဲ့ဒီ ဆင်ဖြူကို နာမည်မပေးရသေးပဲ ဆင်ဖြူဖမ်းဆီးရမိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မြန်မာ့သစ်လုပ်ငန်းဌာနမှ တင်ပြထားတယ်လို့လည်းသိရပါတယ်။




ဆင်ဖြူအား လိမ္မာယဉ်ကျေးစေရန်နှင့် လူတို့နှင့် ယဉ်ပါးစေရန် အတွက် ရေသိုးကြီးဆင်စခန်း၌ ၁ လခန့် လေ့ကျင့်သင်ကြားကာ ထိမ်းသိမ်းထားမှာဖြစ်ပြီး ယဉ်ပါးပြီးနောက် နေပြည်တော်၊ ရန်ကုန်နှင့် မြို့ကြီးတခုခု၌ အစိုးရအစီအစဉ်ဖြင့် ထားရှိသွားမှာပါ။

 ဧရာဝတီတိုင်း၌ ၂၀၁၁ ခုနှစ်အတွင်းက ဟေမာဝတီအမည်ရှိ ဆင်ဖြူတော်အမတစီး ဖမ်းမိခဲ့ပြီး အခုဆင်မလေးမှာလည်း ဟေမာဝတီဆင်မနှင့် ညီအစ်မဖြစ်နိုင်ကြောင်း ဆင်ဖမ်းအဖွဲ့က ပြောပါတယ်။

 အဲ့ဒီဆင်ဖြူဖမ်းမိရန်အတွက် ပုသိမ်ခရိုင် မြန်မာ့သစ်လုပ်ငန်းဌာနမှ လူပေါင်း ၄၅ ဦးပါအဖွဲ့နဲ့ ၃ လ ကြာအောင် ကြိုးပမ်းခဲ့ရပြီး ဆင်ဖြူဖမ်းဆီးစဉ်အချိန်၌ ဆင်ရိုင်းအုပ်တို့ရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲ့ ဦးဆောင်သူများက ပြောပါတယ်။

 မြန်မာပြည်တွင် ရန်ကုန်မြို့၌ ဆင်ဖြူ ၃ စီး၊ နေပြည်တော်၌ ဆင်ဖြူ ၅ စီး ထိမ်းသိမ်းထားပြီး ပုသိမ်၌ ဖမ်းဆီးရမိတဲ့ဆင်မလေးပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင် စုစုပေါင်း ဆင်ဖြူ ၉ စီး ဖြစ်ပါတယ်။ အဲ့ဒီ ဆင်ဖြူ ၉ စီးမှာ အထီး ၂ ကောင်နှင့် အမ ၇ ကောင် ပါဝင်ပါတယ်။


ဆလိုင်း သန့်စင်


ချောင်းသာကမ်းခြေတွင် ကားတစီးရေနစ်

0 comments




ချောင်းသာကမ်းခြေတွင် ဇိမ်ခံကားတစီး ပင်လယ်ထဲကျပြီးရေနစ်နေစဉ်(ဓာတ်ပုံများ-maung zaw facebook မှ)

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ချောင်းသာကမ်းခြေမှာ ဇိမ်ခံကားတစီး ပင်လယ်ထဲကျပြီး ရေနစ်သွားတဲ့ဖြစ်ရပ် မနေ့က ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ထိုင်ဝမ်နိုင်ငံသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား ဒရိုင်ဘာ ၁ ဦးတို့ဟာ သူတို့ စီးနင်းလာခဲ့တဲ့ကား (၆ယ/ ၃၉၂၃) ကို မနေ့က မနက်အစောပိုင်းမှာ ချောင်းသာကမ်းခြေတလျှောက် လှည့်ပတ်မှောင်းနှင်ရင်း ကားဘီးက သဲထဲကျွံကျပြီး နစ်သွားတာပါ။

သဲနစ်ပြီးတဲ့နောက်ပိုင်း ကားဆက်မောင်းလို့မရတော့တဲ့အချိန်မှာ ပင်လယ်ဒီရေ တက်လာခဲ့တော့ ကားသမားနဲ့ ထိုင်ဝမ်နိုင်ငံသား ၃ ဦးတို့ဟာ သူတို့အထုပ်အပိုးတွေကို ကားပေါ်က ဆွဲယူပြီး သောင်ပြင်ပေါ်မှာထိုင်ကာ သူတို့ကား ရေနစ်သွားတာကို ထိုင်ကြည့်ခဲ့ရတယ်လို့ ချောင်းသာ ကမ်းခြေက ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။

“ချောင်းသာမှာ ဧည့်သည်တွေ တအားလာတော့ အခန်းလွတ်တွေက မရှိဘူးဖြစ်နေတယ်။ အဲဒီမှာ သူတို့က အခန်းမရတော့ ကမ်းခြေတလျှောက် ကားလျှောက်မောင်းနေတာ။ အဲ့လိုမောင်းရင်းနဲ့ သဲထဲနစ်သွားတာပေါ့။ မနက် ၆ နာရီလောက်ကတည်းက နစ်နေတာ ဒီရေလည်းတက်လာရော ကားရေမြုပ်သွားတာပေါ့”လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ချောင်းသာကမ်းခြေမှ ဌာနဆိုင်ရာ ၀န်ထမ်း တဦးက ပြောပြပါတယ်။






ပင်လယ်ထဲမှာ ရေနစ်နေတဲ့ကားကို ညနေ ၅ နာရီလောက်မှသာ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေ အကူအညီနဲ့ သဲတွေပက်ထုတ်ပြီး ကုန်းပေါ်ဆွဲတင်ခဲ့ရကြောင်း ချောင်းသာကမ်းခြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အုန်းကျော်က ပြောပါတယ်။

 “မနက် ၆ နာရီလောက်က နစ်နေတာ ညနေ ၅ နာရီခွဲမှ ကားကို ကုန်းပေါ်တင်လို့ရတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ ၀ိုင်းလုပ်ပေးရတာပေါ့။ အခု သူတို့ကို ပုဒ်မ ၂၇၉ ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ မမောင်းရ သတ်မှတ်တဲ့နေရာမှာ မောင်းတဲ့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့က အရေးယူထားပါတယ်”လို့ သူက ပြောပါတယ်။

 လက်ရှိမှာ အဲ့ဒီ ထိုင်ဝမ်နိုင်ငံသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်းတို့ကို ချောင်းသာကမ်းခြေက တည်းခိုခန်းတခုမှာ တည်းခိုနိုင်အောင် တာဝန်ရှိသူတွေက စီစဉ်ပေးထားပြီး မကြာခင်မှာ သူတို့အမှုကို ပုသိမ်မြို့နယ်တရားရုံးကို တရားစွဲဆိုတင်ပို့သွားမယ်လို့ သိရပါတယ်။


ဆလိုင်းသန့်စင်

အင်းလေးဖောင်တော်ဦးဘုရား ဖောက်ထွင်းသူကို ဖမ်းမိပြီ

Saturday, November 29, 2014 0 comments


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်က အင်းလေးဖောင်တော်ဦးဘုရား
ရွှေဆိုင်းဌာနကို ဖောက်ထွင်းခဲ့သူကို
ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။






ဓာတ်ပုံ- ဆလိုင်းသန့်စင်


 အင်းလေးဖောင်တော်ဦးဘုရား ရင်ပြင်တော်ပေါ်မှာရှိတဲ့ ရွှေဆိုင်းဌာနဟာ
နိုဝင်ဘာ ၂၆ ရက်နေ့က ဖောက်ထွင်းခံခဲ့ရပြီး ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေနဲ့
ငွေစက္ကူတွေအပါအ၀င် ကျပ်သိန်း ၁၀၀ ကျော် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ ရွှေဆိုင်းဌာနဖောက်ထွင်းခဲ့သူကို
ဖမ်းမိနိုင်ရေး လှုပ်ရှားဆောင်ရွက်ခဲ့တာ နိုဝင်ဘာ ၂၇ ရက်နေ့ည ၁၁
နာရီမှာ ဖောက်ထွင်းသူကို ဖမ်းဆီးရမိခဲ့တယ်လို့ နန့်ပန်ရဲစခန်းက
တပ်ကြပ်ကြီး ခင်မောင်စီက ဧရာဝတီကို ပြောပါတယ်။

“ဖောက်ထွင်းတဲ့ကောင်လေးနာမည်က ကောင်းကောင်း ဖြစ်ပါတယ်။ မိတ္ထီလာကနေ
အင်းလေးက ဘုရားပွဲကို ဈေးလာရောင်းတဲ့ ၁၂ ပွဲဈေးသည်ပေါ့။ ကျနော်တို့လည်း
အစောပိုင်းကတည်းက သူ့တယောက်ထဲကို မသင်္ကာဖြစ်ထားတာနဲ့ မိတ္ထီလာ ရဲတပ်ဖွဲ့နဲ့
ချိတ်ဆက်ပြီး လှုပ်ရှားခဲ့ရာမှာ မိတ္ထီလာရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီး
ပေးခဲ့တာ ဖြစ်ပါတယ်။ ပါသွားတဲ့ပစ္စည်းတွေလည်း အများကြီးမလျော့ပဲ ပြန်လည်
သိမ်းဆည်းရမိထားပါတယ်”လို့ သူက ပြောပါတယ်။

ဖောက်ထွင်းသူဟာ အင်းလေးဖောင်တော်ဦးဘုရား ရွှေဆိုင်းဌာနရဲ့ သံဗီဒိုကို
သော့တူနဲ့ဖွင့်ပြီး ရွှေ၊ ငွေ၊ ရတနာပစ္စည်းနဲ့ ငွေကြေးတွေကို
ဖောက်ထွင်းသွားခဲ့ပြီး ညောင်ရွှေမြို့ကနေ မိတ္ထီလာမြို့ကို
ပြန်ရောက်တဲ့အချိန်မှာ မိတ္ထိလာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့
သိရပါတယ်။

“ဒီမှာက သီတင်းကျွတ်ပွဲတော်ပြီးရင် တန်ဆောင်တိုင်ပွဲတော်၊ အင်းသားများ
ဆုံဆည်းရာပွဲတော်၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော်ဆိုပြီး ပွဲတော်တွေက
ဆက်နေတယ်။ ဒီကောင်လေးက ဒီမှာဈေးရောင်းရင်း ပွဲတော်က မပြတ်ဖြစ်နေတော့
မပြန်ကြဘဲနေရင်းကနေ အခုလို လုပ်သွားတာပေါ့။ ပထမဆုံး သူက အလှူခံနေရာမှာ
ဝင်ရောတယ်။ နောက်တော့ ရွှေဆိုင်းဌာနကို ၀င်ရောပြီး လှုပ်ရှားသွားတာ”လို့
တပ်ကြပ်ကြီး ခင်မောင်စီက ပြောပါတယ်။

ပြည်တွင်းမှာသာမက ပြည်ပမှာပါ ကျော်ကြားတဲ့ အင်းလေးဖောင်တော်ဦးဘုရားမှာ
အခုဖြစ်သွားတဲ့ ဖောက်ထွင်းမှုဟာ ဘုရားသမိုင်းသက်တမ်းတလျှောက်
ပထမဆုံးဖြစ်ပွားခဲ့တဲ့ ဖောက်ထွင်းမှုဖြစ်ပါတယ်။


ဆလိုင်းသန့်စင်

မိုးဖျက်လို့ ပုသိမ်မီးမျှောပွဲကို ရက်ရွှေဆိုင်း

Thursday, November 6, 2014 0 comments


မိုးဖျက်လို့ ရွှေ့ဆိုင်းလိုက်ရတဲ့ ပုသိမ်မီးမျှောပွဲ (ဓာတ်ပုံ-ဆလိုင်းသန့်စင်/ဧရာဝတီ)


 ရာသီဥတုဆိုးဝါးနေလို့ ဧရာဝတီတိုင်းအစိုးရက ပုသိမ်မြို့မှာ ဒီကနေ့ကျင်းပဖို့စီစဉ်ထားတဲ့ ဆီမီးတသိန်းမျှောပွဲကို မကျင်းပတော့ပဲ ရာသီဥတုကောင်းမွန်တဲ့ နောက်ရက်မှသာ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။

 ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ရှင်ဥပဂုတ္တကိုယ်တော်ကို ပုသိမ်မြို့ င၀န်မြစ်အတွင်းမှာ ဆီးမီးတသိန်းမျှောပြီး ပူဇော်ဖို့ စီစဉ်ထားတာပါ။ ဒါ့အပြင်  မြန်မာ့ရိုးရာလှေပြိုင်ပွဲ၊ စတုဒီသာကျွေးပွဲနဲ့ မီးပုံးပျံလွှတ်ပွဲတွေ ကျင်းပဖို့ ကိုလည်း ဧရာဝတီတိုင်းအစိုးရအဖွဲ့က စီစဉ်ထားပါသေးတယ်။

 ဒါပေမယ့် ပုသိမ်မြို့မှာ နိုဝင်ဘာလ ၃ ရက်နေ့ကစလို့ ဒီကနေ့အထိ တောက်လျှောက်မိုးရွာနေတဲ့အတွက် ပွဲကျင်းပဖို့အချိန်ကို ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ဧရာဝတီကို ပြောပါတယ်။

 “မီးမျှောပွဲလုပ်ဖို့ ကျနော်တို့ အကုန်လုံးပြင်ဆင်ထားပြီးပါပြီ။ ဒါပေမယ့် မိုးကတောက်လျှောက်ရွာနေတော့ အဆင်မပြေဘူးဆိုပြီး ဒီကနေ့မနက်ပိုင်းမှာပဲ ပွဲကျင်းပမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ အခုက မိုးရွာနေတော့ မိုးလေကင်းလွတ်သွားချိန်ကျတော့ ပြန်ကျင်းပမှာပါ”လို့ သူက ပြောပါတယ်။

 ပုသိမ်မြို့မှာ ဆီးမီးမျှောပွဲကို ၂၀၁၁ ခုနှစ်ကတည်းက ကျင်းပလာခဲ့တာ အခုဆိုရင် စတုတ္ထအကြိမ်မြောက် ကျင်းပဖို့ ပြင်ဆင်ထားတာပါ။

အရင်နှစ်တွေကဆို ဆီမီးမျှောပွဲနဲ့အတူ ပုသိမ်မြို့က စေတနာရှင်တွေနဲ့ ဌာနဆိုင်ရာအသီးသီးက ကမ်းနားလမ်းမှာ စတုဒီသာကျွေးပွဲကိုပါ ပူးတွဲကျင်းပကာ ကရင်ဒုံးယိမ်းအက၊ ဆင်အက၊ ဗမာအကတွေနဲ့ ကပြဖျော်ဖြေလေ့ရှိလို့ မီးမျှောပွဲကျင်းပချိန်ဆို ပုသိမ်မြို့ ကမ်းနားလမ်းဟာ တိုးမပေါက်အောင် စည်ကားလေ့ရှိပါတယ်။

ဒီနှစ်မှာတော့ ခါတိုင်းနှစ်နဲ့မတူဘဲ အသက်အရွယ်မရွေး ၀င်ပြိုင်နိုင်တဲ့ အလွတ်တန်းလှေပြိုင်ပွဲနဲ့ တောင်ကြီးမြို့က မီးပုံပျံ ပညာရှင်တွေပါ ဖိတ်ခေါ်ပြီး မီးပုံးပျံလွှတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အခုကတော့ မိုးဖျက်လို့ ပွဲကို ရွှေ့ဆိုင်းခဲ့ရတာပါ။

ဒါ့ထက် နာမည်ကျော် ရွှေမန်းသား ဖိုးချစ်ဇာတ်အဖွဲ့ကို ဗလာပွဲအနေနဲ့ ကန်သုံးဆင့်ကွင်းထဲမှာ ဖိတ်ခေါ် ကပြခဲ့တာ မိုးရွာနေလို့ နိုဝင်ဘာ ၃ ရက်နေ့တညသာ ကပြနိုင်ခဲ့ပြီး ၄ ရက်နေ့ည ကမယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။


ဆလိုင်းသန့်စင်


မိုးရေထဲက ဖျော်ဖြေရေး မဏ္ဍပ် (ဓာတ်ပုံ- ဆလိုင်းသန့်စင်/ ဧရာဝတီ)

ရှင်ဥပဂုတ္တ ဖောင်တော်ကိုဆွဲမယ့် ဟင်္သာညီနောင် (ဓာတ်ပုံ- ဆလိုင်းသန့်စင်/ ဧရာဝတီ)

စစ်သား၊ မြေသိမ်း ယာသိမ်း နဲ့ HRWDN အဖွဲ့

Wednesday, November 5, 2014 0 comments





 
 ချောင်းသာကမ်းခြေမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့  လူ့အခွင့်အရေးအဖွဲ့ HRWDN ရဲ့  ၄ နှစ်ပြည့် အခမ်းအနားမှာ စကားပြောနေတဲ့  HRWDN အဖွဲ့ဝင် ဦးထွန်းရွှေ

လူငယ်တွေကို ပျော်ရွှင်စေတဲ့ ပုသိမ်မြို့က 3D ပန်းချီ

0 comments



ဆွဲလက်စ 3D ပန်းချီမြင်ကွင်း (ဓာတ်ပုံ- ဆလိုင်းသန့်စင်/ ဧရာဝတီ)


ပုသိမ်မြို့ရဲ့ ကမ်းနားလမ်းက View Point နေရာဟာ ဒီကာလမှာတော့ ခါတိုင်းထက်ကို ပိုပြီး လူစည်ကားနေပါတယ်။ အကြောင်းရင်းကတော့ ပန်းချီဆရာသက်နောင်ရဲ့ 3D ပန်းချီကို တအံတသြ လာရောက်ကြည့်ရှုကြတဲ့ ပရိတ်သတ်တွေကြောင့်ပါ။

 အရင်ကတော့ ပုသိမ်မြို့ ကမ်းနားလမ်းက မြို့တော်ခန်းမရှေ့နေရာဟာ လေညှင်းခံဖို့လောက်ပဲ လူတွေလာကြပေမယ့် အခုအခါမှာတော့ လေညှင်းခံရင်း 3D ပန်းချီကားကြည့်ကြသူတွေကြောင့် ညမှောင်ပြီ ဆိုတာနဲ့ မြို့တော်ခန်းမရှေ့မှာ လူစည်ကားနေပါတော့တယ်။

3D ပန်းချီလာကြည့်ကြသူတွေထဲမှာ လူကြီးပိုင်းတွေလည်း ပါသလို အများစုကတော့ အသက် ၂၀ ၀န်းကျင်အရွယ် လူငယ်တွေဖြစ်ကြပါတယ်။

ပန်းချီကားကိုကြည့်ရင်း ဓာတ်ပုံတွေရိုက်ကြ၊ ပြီးရင် Facebook လိုမျိုး လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ကြနဲ့ မြို့တော်ခန်းမရှေ့ဟာ လူငယ်တွေရဲ့ ရယ်မောပျော်ရွှင်စရာ နေရာတခု ဖြစ်လာခဲ့ပါတယ်။

“ဒီ 3D ပန်းချီကိုကြည့်ရတာ ပျော်တယ်ဗျ။ အရင်တုန်းက ဒါမျိုး တခါမှ မမြင်ဖူးဘူးလေ။ 3D ပန်းချီကားနဲ့ ဓာတ်ပုံအမျိုးမျိုးရိုက်ပြီး Facebook မှာ တင်ရတာလည်း ပျော်ဖို့ကောင်းတယ်။ ဒီနေရာမှာ အခုလို ပန်းချီဆွဲပေးတာတော့ အရမ်းကောင်းတယ်။ နောင်လည်း များများဆွဲပေးစေချင်တယ်”လို့ 3D ပန်းချီ လာကြည့်တဲ့ ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက်က လူငယ်တဦးက ပြောပါတယ်။

နိုင်ငံတကာမှာတော့ 3D ပန်းချီတွေကို အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ တွေ့ရတာ အထူးအဆန်း မဟုတ်ပေမယ့် မြန်မာနိုင်ငံမှာတော့ မြို့တော်ခန်းမရှေ့လို အများပြည်သူနဲ့ဆိုင်တဲ့ နေရာမျိုးမှာ 3D ပန်းချီကား တရားဝင်ရေးဆွဲခွင့်ရပြီး ပေါ်ပေါက်လာခဲ့တာဟာ ပထမဆုံးလို့ ဆိုနိုင်ပါတယ်။

 ဒါ့ထက် ပုသိမ်သား ပန်းချီဆရာ သက်နောင်အတွက်ကလည်း ဒီ 3D ပန်းချီကားဟာ သူ့ရဲ့ပန်းချီဆရာ သက်တမ်း နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံး ရေးဆွဲတဲ့ 3D ပန်းချီဖြစ်တယ်လို့ ဧရာဝတီကို ပြောပြပါတယ်။

“အရောင်တွေ၊ စုတ်ချက်တွေကို ကျနော် မစိုးရိမ်ဘူးဗျ။ အဓိကစိုးရိမ်တာက 3D ဖြစ်အောင် မြေကြီးကို အချိုင့်ကြီးဖြစ်သွားအောင်၊ အဖောင်းကြီးတွေဖြစ်သွားအောင် မျက်စိကိုလှည့်စားဖို့က ဖြစ်နိုင် မဖြစ်နိုင် ဆိုတာ စိုးရိမ်စိတ်တော့ ရှိတယ်။ ရေးနည်းစနစ်ကို လိုက်လေ့လာတော့လည်း မြန်မာပြည်မှာက ရေးတဲ့လူ သိပ်မတွေ့ဘူး။ အဲဒါနဲ့ တီထွင်ကြံဆပြီး အမျိုးမျိုးလုပ်ကြည့်တယ်။ ကဒ်ထူပေါ်မှာ ရေးကြည့်တယ်။ ဓာတ်ပုံရိုက် ကြည့်တယ်။ ဒါက ဖြစ်နိုင်တယ်ဆိုပြီးတော့ ဘုန်းကြီးကျောင်းတကျောင်းကို အကူအညီတောင်းပြီး အစမ်း ရေးကြည့်ပြီးတော့ ဓာတ်ပုံရိုက်ပြီး သက်ဆိုင်ရာကိုပြတော့ သူတို့ကလည်း ကြိုက်တယ်ဆိုတာနဲ့ ရေးဖြစ်သွားတာပါ”လို့ ပြောပါတယ်။

 ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့က ပုသိမ်မြို့တော်ခန်းမရှေ့နေရာကို အများပြည်သူ စိတ်လက် အပန်းဖြေဖို့ ပြန်လည်ပြင်ဆင်ရင်းကနေ ပန်းချီဆရာ သက်နောင်ကို 3D ပန်းချီ ရေးဆွဲဖို့ အပ်နှံခဲ့တာ ဖြစ်ပါတယ်။

 လက်ရှိမှာတော့ ပုသိမ်မြို့ View Point နေရာမှာ ချောက်ကမ်းပါးပုံ 3D ပန်းချီကားတခုနဲ့ 3D ဒီဇိုင်း ၂ ခု ရေးဆွဲပြီးစီးထားပြီး ရွှေအိုးကြီးတလုံး တူးဖော်နေတဲ့ 3D ပန်းချီကိုတော့ ပန်းချီသက်နောင်က ရေးဆွဲနေဆဲ ဖြစ်ပါတယ်။

 “ကိုယ်တွေစိတ်ကူးနဲ့ ဖန်တီးခဲ့တဲ့အရာတခုကို ပြည်သူတွေမြင်ပြီး ပျော်ရွှင်တာတွေ့ရတော့ ကျနော်တို့လည်း ကြည်နူးရပါတယ်။ အခုဆိုရင် လူတွေက ဒီနေရာမှာ စိတ်လက်အပန်းဖြေရုံတင်မကဘူး 3D ပန်းချီကိုပါ ခံစားနိုင်တယ်။ လူငယ်တွေဆိုလည်း အနုပညာတရပ်နဲ့ ပန်းချီဆရာတယောက်ရဲ့တန်ဖိုးကို ပိုနားလည်ကြလိမ့်မယ် ထင်မိတယ်”လို့ ပုသိမ်မြို့နယ် စည်ပင်သာယာဌာနက တာဝန်ခံအင်ဂျင်နီယာ ဦးရဲဝင့်အောင်က ပြောပါတယ်။

 တာဝန်ရှိသူတွေရဲ့ ဖော်ဆောင်ပေးမှုနဲ့ ပန်းချီဆရာရဲ့ ဖန်တီးအားထုတ်မှုကြောင့် ပုသိမ် View Point နေရာဟာ ယခင်ထက် လှပလာခဲ့ပေမယ့် ဒါတွေကို ရေရှည်ထိမ်းသိမ်းနိုင်ဖို့အတွက် အစီအမံကောင်းတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။


ဆွဲလက်စ 3D ပန်းချီမြင်ကွင်း (ဓာတ်ပုံ- ဆလိုင်းသန့်စင်/ ဧရာဝတီ)


 ပုသိမ် View Point နေရာမှာ ညနက်ပိုင်းရောက်တာနဲ့ လူတွေ ၀ိုင်းဖွဲ့ပြီး အရက်သောက်တာ၊ ရန်ဖြစ်တာတွေ ရှိတတ်ပြီး View Point က ဆိုင်းဘုတ်တွေ၊ မီးသီးမီးကြိုးတွေကို ဖျက်ဆီးတာတွေ ယခင်က ရှိခဲ့ပါတယ်။ ဒီလိုတွေ မဖြစ်အောင် ဘယ်လိုကိုင်တွယ်ထိမ်းသိမ်းမလဲဆိုတာတော့ စိန်ခေါ်မှုတရပ်အနေနဲ့ ရှိနေဆဲပါပဲ။


ဆလိုင်းသန့်စင်

စာသင်ကျောင်းကို မိုးကြိုးပစ်လို့ ကျောင်းသူ ၂ ဦး သတိလစ်

Wednesday, October 29, 2014 0 comments

-




ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ထဲက ကျေးလက် စာသင်ကျောင်းတခုမှာကို တနင်္လာ ညနေပိုင်း ကျောင်းဆင်းချိန်မှာ မိုးကြိုးပစ်ခဲ့တဲ့အတွက်  ကျောင်းသူ ၂ ဦး သတိလစ်သွားကြောင်း  သတင်းရရှိပါတယ်။

 

  စလူဆိပ်ကျေးရွာအုပ်စု ပိတောက်ကုန်းကျေးရွာမှာ တည်ဆောက်ထားတဲ့ မုန်တိုင်းဒဏ်ခံအဆောက်အအုံမှာ ဖွင့်ထားတဲ့ အလယ်တန်းကျောင်းခွဲမှာ ဖြစ်ခဲ့ခြင်းပါ။

“မိုးကြိုးပစ်လို့ ကျောင်းသူလေး ၂ ယောက် သတိလစ်သွားတယ်။ ကျောင်းလာကြိုတဲ့ အမျိုးသမီး တယောက်လည်း (လက်မောင်းမှာ) ဒဏ်ရာရသွားတယ်လို့ သိရပါတယ်” လို့ လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ဝင်းက ဧရာဝတီကို ပြောပါတယ်။

ဒဏ်ရာ ရသွားတာကတော့ ကျောင်းလာကြိုသူ အသက် ၅၂ နှစ်အရွယ် ဒေါ်မိမိကျော်ဖြစ်ကြောင်း သိရပါတယ်။

 မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မြောသွားတဲ့ အသက် ၁၁ နှစ်နဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေး ၂ ဦးကို တာဝန်ရှိသူတွေက စလူဆိပ် ကျေးလက်ကျန်းမာရေးဌာနကို ပို့ဆောင်ပေးခဲ့တယ်၊
အခုတော့  ကျန်းမာရေးပြန်လည်ကောင်းမွန်နေပါပြီ တဲ့။

 ဧရာဝတီတိုင်းမှာ ယခုနှစ် မိုးဦးကာလနဲ့ မိုးနှောင်းပိုင်းကာလတွေမှာ မိုးကြိုးပစ်မှုတွေ ဖြစ်ပွားနေခဲ့ပြီး ဒီလတတိယပတ်အတွင်းကလည်း ၀ါးခယ်မမြို့နယ်က တံငါသည်တဦးကို မိုးကြိုးပစ်ချခဲ့လို့ နေရာမှာတင်  ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဧရာဝတီတိုင်းမှာ ယခုနှစ်အတွင်း မိုးကြိုးပစ်လို့ လူ ၆ ဦးထက်မနည်း အသက်သေဆုံးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

 ဆလိုင်းသန့်စင်


http://blog.irrawaddy.org/2014/10/blog-post_213.html



 -

မော်လမြိုင်ကျွန်းမှာ ကလေး ၂ ဦး ဓာတ်လိုက်၊ ဝင်ဆွဲသူ လူကြီး ၄ ဦး သေဆုံး

Tuesday, October 28, 2014 0 comments

  -

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ  ဓာတ်ကြိုး ပျက်ကျလို့ လူ ၄ ဦး   ဓာတ်လိုက်ပြီး သေဆုံးခဲ့ကြောင်း  သတင်းရရှိပါတယ်။

  


ဧရာဝတီတိုင်းလွှတ်တော်အမတ်များလည်း ကန်ထရိုက်ဖြစ်ချင်

Friday, October 24, 2014 0 comments






ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ အမတ်မင်းများက သူတို့လည်း ဆောက်လုပ်ရေးကန်ထရိုက် ဖြစ်ချင်ကြကြောင်း ပြောကြပါတယ်။
ဒီအကြောင်း လွှတ်တော်ထဲ ရောက်ခဲ့တဲ့ သတင်းထောက် ဆလိုင်းသန့်စင်က အသေးစိတ် ပြောပြထားပါတယ် -



ဧရာဝတီတိုင်းလွှတ်တော်နဲ့ ဆီးသီးဗန်း

Wednesday, October 22, 2014 0 comments



 
ပွင့်လင်း မြင်သာမှု အားနည်းတဲ့အတွက် အစိုးရအသုံးစရိတ်တွေဟာ ဆီးသီးဗန်းမှောက် သလို ဖြစ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာလည်း ဆီးသီးဗန်းမှောက်တာမျိုး မဖြစ်စေဖို့ တိုင်းလွှတ်တော်က ကြိုးပမ်းနေတဲ့အကြောင်း သတင်းထောက်
 ဆလိုင်းသန့်စင်က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။


ငွေဆောင်ကမ်းခြေ ရေကူးသူများ ဘာတွေသတိထားရမလဲ

Saturday, October 18, 2014 0 comments


.



ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ငွေဆောင်ကမ်းခြေဟာ ယခင်ကတော့ ပြည်ပခရီးသွားတွေပဲ လာရောက်လည်ပတ်တာများပေမယ့်
အခုကတော့ ပြည်တွင်းခရီးသွားတွေပါ တိုးမြင့်ဝင်ရောက်လာပါပြီ။

 

 


ငွေဆောင်ကမ်းခြေသို့ ခရီးသွားဝင်ရောက်မှုမြင့်တက်

0 comments

.




ဧရာဝတီတိုင်း၊  ပုသိမ်မြို့နယ်မှာ တည်ရှိတဲ့ နာမည်ကျော်ငွေဆောင်ကမ်းခြေကို  ခရီးသွားဝင်ရောက်မှုဟာ ယမန်နှစ်ထက် ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။  

 


အမုန်းများရပ်ဖို့ ဦးဆောင်သူ ၃ ဦးကို ပုသိမ်မှာ အမှုဖွင့်

Tuesday, September 23, 2014 0 comments


 ~



 

 ပုသိမ်မြို့မှာ   ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် အမုန်းများရပ် ဆိုတဲ့ခေါင်းစဉ်နဲ့ လှုပ်ရှားမှုကို  ဦးဆောင်ခဲ့သူ ၃ ဦး တရားစွဲခံရပါပြီ။

 သက်ဆိုင်ရာ နယ်မြေခံရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့် တရားစွဲဆိုလိုက်ခြင်းပါ။

 စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးပွဲနဲ့ ပတ်သက်ပြီး တရားစွဲခံရသူတွေကတော့  နိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ယက်အဖွဲ့မှ မနန်း၊ ပုသိမ်ခရိုင်လူငယ်ကွန်ရက်မှ ကိုတင်ထွန်းနိုင်နဲ့ မြောင်းမြခရိုင်လူငယ်ကွန်ရက်မှ ကိုဘိုဘိုတို့ ဖြစ်ကြပါတယ်။

 သူတို့ ၃ ဦးကို နယ်မြေခံ ပုသိမ်မြို့ အသည်ကြီးရဲစခန်းက ပြစ်မှုအမှတ် ၂၀၁/၂၀၁၄။ ပုဒ်မ ၁၈ နဲ့ ရဲအရာရှိတဦးက တရားလိုပြုလုပ်ပြီး တနင်္ဂနွေနေ့က အမှုဖွင့်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

"ပြည်ထောင်စုအဆင့် ခွင့်ပြုချက်ပါတယ်ဆိုပေမယ့် လူအစုအဝေးနဲ့ ပွဲတခုလုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာဒေသရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။
 သူတို့က ဒေသရဲ့ခွင့်ပြုချက် မရရှိဘဲလုပ်ခဲ့တဲ့အတွက် အခုလို ဆောင်ရွက်ရတာ ဖြစ်ပါတယ်” လို့ အသည်ကြီးရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

 ပွဲစီစဉ်သူတွေကတော့ ငြိမ်းချမ်းရေးနေ့နဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုတွေကို ပြည်ထောင်စုအဆင့်ကနေ လွပ်လပ်စွာ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ စက်တင်ဘာ ၂၀ ရက်နေ့က ဧရာဝတီတိုင်းအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူနဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရုံးများကို အကြောင်းကြားပြီးမှ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ပွဲမစခင်မှာ ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးက ခေါ်ယူပြီး ခွင့်ပြုချက်တင်ဖို့ပြောတဲ့အတွက် ခွင့်ပြုမိန့် တင်ခဲ့ကြောင်း ပြောဆိုပါတယ်။

“ပုသိမ်ခရိုင် ရဲမှူးကြီးက ခွင့်ပြုမိန့် တင်ပြီးတာနဲ့ အစီအစဉ်တွေကို ဆက်လုပ်လို့ ရပါတယ်လို့ပြောလို့ လှုပ်ရှားမှုကို ဆက်လုပ်ခဲ့တာပါ။
 အဲဒီလိုပြောပြီးမှ အခုလို တရားစွဲတယ်ဆိုတော့ ကျမတို့လည်း နားမလည်နိုင်တော့ဘူး” လို့ နိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ယက်အဖွဲ့မှ မနန်းက ပြောပါတယ်။

 ပုသိမ်မြို့က  အမုန်းများရပ်လှုပ်ရှားမှုမှာ နိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ရက်၊ ဧရာဝတီလူငယ်ကွန်ရက်၊
 ပုသိမ်ပညာဒါနကျောင်းက လူငယ်တွေ၊ မြို့ခံကဗျာဆရာတွေနဲ့ ငြိမ်းချမ်းရေး လိုလားသူတွေ ပါဝင်ခဲ့ကြပြီး မြန်မာပြည် ငြိမ်းချမ်းရေး အတွက် ကဗျာများ ရွတ်ဆိုခြင်း၊
 ငြိမ်းချမ်းရေးသီချင်းများ ၀ိုင်းဖွဲ့သီဆိုခြင်းနဲ့ ငြိမ်းချမ်းရေးအတွက် ဗီနိုင်း ပိုစတာများ ကိုင်ဆောင်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ ဖော်ထုတ်ခဲ့ကြပါတယ်။

 ငြိမ်းချမ်းရေးနေ့မှာ အမုန်းများရပ် လှုပ်ရှားမှုကို ရန်ကုန်၊ ပြည်နဲ့ ပုသိမ်မြို့တွေမှာ အသီးသီး လုပ်ဆောင်ခဲ့ကြ ပေမယ့် တခြားမြို့တွေမှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုတဲ့သတင်းတွေ မတွေ့ရဘဲ ပုသိမ်တမြို့တည်းမှာသာ ငြိမ်းချမ်းရေးပွဲလုပ်ဆောင်သူ ၃ ဦး ပုဒ်မ ၁၈ ကျည်ဆန် ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။

 ဆလိုင်းသန့်စင်

ပုသိမ်မှာတွေ့ရတဲ့ အမုန်းများရပ် လှုပ်ရှားမှု
 http://blog.irrawaddy.org/2014/09/blog-post_362.html
 



.

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved